သုံးရက်အလို
Vol. 71 Ch. 991
သုံးရက် ကြာပြီးနောက်...
မဟာစက်ဝန်း ရှန့်ထို ညီလာခံမှာ နောက်သုံးရက် အတွင်း ကျင်းပမည် ဖြစ်ကြောင်းထာဝရ နတ်ဘုရားထံမှ ကြေညာချက် ထွက်ပေါ်လာခဲ့၏။ ယင်းနောက်... ယာယီ ငြိမ်းချမ်းရေး လျှို့ဝှက် ကျိန်စာမှာ အသက်ဝင် လာလိမ့်မည် ဖြစ်သည်။ ထိုအတောအတွင်း တိုက်ခိုက်ရန် ကြိုးစားသည့် မည်သည့် အင်အားစု မဆို မဟာ စက်ဝန်း ကြယ်ကွင်းပြင် တစ်ခုလုံး၏ စုပေါင်းချေမှုန်းခြင်းကို ခံရလိမ့်မည် ဖြစ်သည်။
သို့သော်လည်း... ထိုယာယီ ငြိမ်းချမ်းရေး လျှို့ဝှက်ကျိန်စာမှာ မဟာ စက်ဝန်း ရှန့်ထို ညီလာခံ ပြီးဆုံးသည်နှင့် အလိုအလျောက် ပျက်ပြယ်သွားလိမ့်မည် ဖြစ်သည်။
ညီလာခံ ပိုမို နီးကပ်လာသည်နှင့် အမျှ လူတိုင်း လူတိုင်း၏ နှလုံးသားများမှာ ပိုမို ခုန်လာခဲ့ကြ၏။ တန်ခိုးရှင် နတ်မိမယ်နှင့် သူရဲကောင်း စာရင်းဝင်များ၊ လျှို့ဝျက် အင်အားစု အသီးသီး၏ ရွေးချယ်ခံများ၊ နာမည်ကျော် လျှို့ဝှက် အာဏာရှင် အဆင့်များ၊ ကြယ်တာရာ နယ်မြေနှင့် သီးခြား နယ်မြေ ခေါင်းဆောင်များ၊ ရှေးဟောင်း အင်အားစုများ အပါအဝင် မရေမတွက်နိုင်သည့် ကျင့်ကြံသူများမှာမှာ “ရွေးချယ်ခံ” ဆိုသည့် အဓိပ္ပာယ် တစ်ခု သတ်မှတ်ရန် ဤနေရာတွင် စုစည်းလာကြလိမ့်မည် ဖြစ်သည်။ ရွေးချယ်ခံ ဧကရာဇ် ပင်လျှင် ပေါ်ကောင်းပေါ်လာနိုင်ပေသည်။
...
“မေမေ... ဟိုမှာ ဥက္ကာပျံတွေ...”
အသက် ငါးနှစ်အရွယ် ကောင်လေး တစ်ယောက်က မိခင် ဖြစ်သူ၏ လက်ကို ဆွဲကာ ခုန်ပေါက်ရင်း ကောင်းကင်ကို လက်ညိုးထိုးပြလိုက်၏။
ငယ်ရွယ်ပုံ ရသည့် မိခင်ကလည်း စိတ်လှုပ်ရှားစွာဖြင့် ကောင်းကင်ကို မော့ကြည့်နေသည်။ သူတို့မှာ ထာဝရ နယ်မြေ အတွင်းရှိ ဂြိုဟ်ငယ်လေးတစ်ခုမှ ဒေသခံများ ဖြစ်သည်။ မိန်းကလေးမှာ သူမ အသက်ရှင်သန်ခဲ့သည့် နှစ်နှစ်ဆယ် အတွင်းတွင် ထိုမျှ များပြားသည့် ဥက္ကာပျံများကို တစ်ခါမှ မမြင်ဖူးပါချေ။
အလားတူ ဖြစ်စဉ်မျိုးကို မြင်တွေ့နေရသည်မှာ သူမတို့ သားအမိ နှစ်ယောက်တည်းသာ မဟုတ်ပါချေ။ ထာဝရ နယ်မြေ အတွင်းရှိ လူတိုင်းလိုလိုပင် မြင်တွေ့ နေရခြင်းဖြစ်ပေသည်။ သို့သော်လည်း များစွာသော လူများမှာ အားနည်းလွန်းရကား မည်သည့် အရာ ဖြစ်ကြောင်းကိုပင် သိရှိခြင်းမရှိကြပါချေ။
မည်သို့ပင် ဆိုစေကာမူ... ရှန့်ထို ညီလာခံမှာ မကြာခင် စတင်တော့မည် ဖြစ်သည်။ ၎င်းကို ထာဝရ နယ်မြေ၏ မြို့တော် ဖြစ်သည့် ထာဝရ ကောင်းကင်ဂြိုဟ်ထက်တွင် ကျင်းပမည် ဖြစ်သည်။ ၎င်းက အနာဂတ် ကျင့်ကြံခြင်း လောက အတွက် ရွေးချယ်ခံ စံနှုန်း အသစ် တစ်ရပ်ကို သတ်မှတ်ပေးလိမ့်မည် ဖြစ်သည်။
နောက်ထပ် သုံးရက် အတွင်းမှာပင်... ထာဝရ နယ်မြေ တစ်ခုလုံးမှာ ဟင်းလင်းပြင် သင်္ဘောများဖြင့် ပြည့်လျှံ လာခဲ့၏။ အသေးစား အရွယ် သင်္ဘောလေးများမှ အစ အလယ်အလတ်စား၊ အကြီးစား၊ ဧရာမ တိုက်တန် သင်္ဘောကြီးများ အဆုံး ထိုနေရာတွင် စုံလင် နေကြပြီ ဖြစ်သည်။
“အားလုံးက အထင်မသေးသင့်တဲ့ လူတွေချည်းပါလား စီနီယာ အမလင်း...”
သင်္ဘောတစ်စင်းထက်၌ ချောမောသည့် လူငယ်လေး တစ်ယောက်က အပြင်ဘက်ရှိ မရေမတွက်နိုင်သော လူများကို ငေးမောကြည့်ရင်း ပြောလိုက်သည်။ ညီလာခံ မစသေးသည့်တိုင် ကြီးမားသည့် ဖိအားများကို သူ ခံစား နေရပြီ ဖြစ်လေသည်။ ထိုလူငယ်လေးကတော့ လင်းမင်ပင်။
လင်းမင်၏ နံဘေးတွင်တော့ ရွှေရောင် ဆံပင်ရှည်များနှင့် ချောမောသည့် မိန်းကလေး တစ်ယောက် ရှိနေခဲ့၏။ ထိုမိန်းကလေးမှာ လင်းရှန်းရှဲ့မှ လွဲ၍ မည်သူ ဖြစ်နိုင်ပါမည်နည်း။ သူမသည်လည်း လင်းမင် ကဲ့သို့ပင် အပြင်ဘက်ရှိ လူများကို ငေးကြည့် နေခဲ့ခြင်း ဖြစ်သည်။
“ထာဝရ အစည်းအရုံးက တန်ခိုးရှင် သတ်မှတ်ချက်ဝင်တွေနဲ့ သေမျိုး အဂ္ဂိရတ် အာဏာရှင်တွေကိုပါ ဖိတ်ထားတာ... ငါတို့ ခုမြင်နေရတာထက် အများကြီး ပိုများမှာ သေချာတယ်... နောက်ပြီး ညီလာခံက ထင်သလောက် မရိုးရှင်းလောက်ဘူး... နောက်ကွယ်မှာ အန္တရာယ်တွေ ရှိနေနိုင်တယ်...”
လင်းရှန်းရှန့်က ပြောလိုက်၏။ လင်းမင်က ခေါင်းတစ်ချက် ညိတ်ကာ အားလုံး၏ အာရုံစိုက်မှု အလယ်၌ ရှိနေသည့် ထာဝရ ကောင်းကင်ကို လှမ်းကြည့်လိုက်သည်။ ထာဝရ ကောင်းကင်မှာ အကြီးစား ဂြိုဟ်တစ်ခု ဖြစ်ကာ အလွန်တရ လှပသည့် အပြာရောင် မျက်နှာပြင်ကို ပိုင်ဆိုင်ထားသည်။
‘သူရော ဒီနေရာကို လာမှာလား...’
လင်းရှန်းရှဲ့ ခပ်တိုးတိုး ရေရွတ်လိုက်၏။ သူမ၏ မျက်ဝန်းများထဲ၌ ငွေရောင် မျက်လုံးများနှင့် လူငယ်၏ ပုံရိပ်က ပြန်လည် ပေါ်လာခဲ့သည်။
လင်းမင်မှာ ရုတ်တရက် တစ်စုံတစ်ရာကို ခံစားမိဟန်ဖြင့် မိန်းကလေးကို လှည့်ကြည့်လိုက်၏။ သက်တောင့်သက်သာ မရှိသည့် ခံစားချက် တစ်ခုက သူ့နှလုံးသား အတွင်း ဖြစ်ပေါ်လာသည်။ သူ ချက်ချင်းပင် မိန်းကလေး၏ အာရုံကို ဆွဲဆောင်ဖို့ ကြိုးပမ်းလိုက်၏။
“စီနီယာ အမလင်း... ရွေးချယ်ခံ စံနှုန်းနဲ့ ပတ်သက်ပြီး ဘာတွေ ပြောင်းလဲ သွားမယ် ထင်လဲ...”
“ဟမ်...”
လင်းရှန်းရှဲ့မှာ အတွေးအတွင်းမှ ပြန်လည် နိုးထလာခဲ့၏။ သူမ၏ မျက်ခုံးများက စဉ်းစားရခက်ဟန်ဖြင့် အနည်းငယ် ကျုံ့သွားခဲ့သည်။ ထိုအရာက လူတိုင်း သိချင်နေသည့် မေးခွန်းလည်း ဖြစ်ပေသည်။
“အရာအားလုံးပေါ့လေ... ပြီးခဲ့တဲ့ ကာလ တစ်လျှောက်လုံး မဟာစက်ဝန်း ကြယ်ကွင်းပြင်မှာ ရွေချယ်ခံ အတွက် လိုအပ်ချက်တွေကို ရေရေရာရာ သတ်မှတ်ထားတာ မရှိခဲ့ပါဘူး... လွန်ခဲ့တဲ့ နှစ်ထောင်ဂဏန်းလောက် တုန်းကဆိုရင် ထာဝရ ဧကရာဇ်က အချက်တစ်ချက်ကိုပဲ အတည်ပြုခဲ့တာ...”
“ရေရေရာရာ မရှိဘူး...”
လင်းမင်မှာ အံ့သြသွားခဲ့၏။ သူ တုန်းကဆိုလျှင် အစစ်အမှန် ဒြပ်စင်ဂိုဏ်း၏ ရွေးချယ်ခံ တစ်ယောက် ဖြစ်ဖို့ အဆင့် သုံးဆင့်ကို ခက်ခက်ခဲခဲ ကျော်ဖြတ် ခဲ့ရသည်။ အဆုံးသတ်၌ သူ အချိန်သခင် တစ်ယောက်နှင့်ပင် တိုက်ခိုက်ခဲ့ရသည်။ ထိုအရာ အားလုံးက အစစ်အမှတ် ဒြပ်စင်ဂိုဏ်း၏ သတ်မှတ်ချက် သက်သက်လော။ သို့မဟုတ် မည်ကဲ့သို့နည်း။
“ထာဝရ ဧကရာဇ် သတ်မှတ်ခဲ့တာက ဘာလဲ...”
သူ မေးလိုက်၏။ လင်းရှန်းရှဲ့က အနည်းငယ် ပြုံးကာ လက်ငါးချောင်း ထောင်ပြလိုက်သည်။
“အသက်ငါးရာ မကျော်ရဘူး... အဲဒီ တစ်ခုတည်းပဲ... အသက်ငါးရာ မကျော်တဲ့လူတိုင်း ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲကို ဝင်နွှဲနိုင်တယ်...”
သူမက လက်ကိုချကာ ဆက်ပြောလိုက်၏။
“ဒါပေမဲ့ ထာဝရ ဧကရာဇ် ထွက်သွားပြီးတဲ့ နောက်မှာ ကြယ်တာရာ နယ်မြေတွေရဲ့ ခေါင်းဆောင်တွေက ရွေးချယ်ခံ ဖြစ်လာဖို့ စမ်းသပ်မှု သုံးခုကို အတည်ပြုခဲ့ကြတယ်... အဲဒီ သုံးခုက မင်းကိုယ်တိုင် ဖြတ်ကျော်ခဲ့တဲ့ သုံးခုပဲ”
“မဟာစက်ဝန်း ကြယ်ကွင်းပြင် တစ်ခုလုံးရဲ့ အတိုင်းအတာ အနေနဲ့ ရွေးချယ်ခံ သတ်မှတ်မှုက တည်မြဲတယ်... ငွေအဆင့် အင်အားစု ဖြစ်ဖြစ်၊ ရွှေအဆင့် အင်အားစု ဖြစ်ဖြစ် ရွေးချယ်ခံ တစ်ယောက် ဖြစ်လာချင်ရင် အဲဒီ အဆင့်သုံးဆင့်ကို ဖြတ်ကျော်ရတာပဲ...”
“ဒါပေမဲ့ အခုကျ အခြေအနေတွေက လုံးဝ ပြောင်းလဲ သွားပြီ... ရတနာတွေ၊ အစီအရင်တွေ၊ ပြိုင်စံရှား နည်းလမ်းတွေ အားလုံးနဲ့ ဝိညာဉ်ဆင်းတု အဆင့်တွေက လောကသခင် အဆင့်တွေနဲ့တောင် ယှဉ်တိုက်လာနိုင်ကြပြီ... ဥပမာ ပြောရရင် အင်ပါယာ ကလန်ရဲ့ မင်းသား ထျန်းရီဝူကိုပဲကြည့်... သူက ကောင်းကင် အုပ်စိုးသူ အဆင့်တည်းက လောကသခင် အဆင့်ကို အနိုင်ယူနိုင်နေတာ... ယှဉ်တိုက်နိုင်တာနဲ့ အနိုင်ယူနိုင်တာကြား ခြားနားချက်ကို နင်လည်း သိမှာပေါ့...”
လင်းမင်က ခေါင်းညိတ်လိုက်၏။ ထျန်းရီဝူနှင့် ပတ်သက်သည့် ဒဏ္ဍာရီများစွာကို သူ ကြားဖူးသည်။ သူကိုယ်တိုင်ပင်လျှင်... ကြယ်တာရာ အမြုတေ အဆင့်ငါးသို့ ရောက်မှသာ လောကသခင်များနှင့် ယှဉ်တိုက်လာနိုင်ခြင်း ဖြစ်သည်။
“မဟာစက်ဝန်း ကြယ်ကွင်းပြင်မှာ အဲဒီလို ထူးချွန်တာ ထျန်းရီဝူ တစ်ယောက်တည်းတော့ မဟုတ်ဘူး... သူ့လို မွန်းစတားတွေ ရှိသေးတယ်... ဒါပေမဲ့ အဲဒီ အခြေအနေကို အဓိက တွန်းအားပေးခဲ့တာကတော့ အာရုဏ်ဦး နေမီးတောက် ဆေးလုံးပဲ... အတုအယောင် လောကနယ်မြေ တစ်ခုက ဘယ်လို အကျိုးသက်ရောက်နိုင်တယ် ဆိုတာ နင်က ပိုပြီး သိမှာပါ”
လင်းရှန်းရှဲ့ ပင့်သက်တစ်ချက် ရှိုက်လိုက်၏။ ထို့နောက် သူမက အဝေးရှိ ရွှေအဆင့်နှင့် ငွေအဆင့် အင်အားစုများ၏ သင်္ဘောများကို လှမ်းကြည့်လိုက်သည်။
“ဒါပေမဲ့ ငါအထင် ပြောရရင် အချို့လူတွေအတွက်တော့ အဓိက ပြဿနာက ရွေးချယ်ခံ အဆင့်အတန်း မဟုတ်လောက်ဘူး”
“ရွေးချယ်ခံ အဆင့်အတန်း မဟုတ်ဘူး...”
လင်းမင်မှာ အံ့သြသွားသလို နားမလည်နိုင်လည်း ဖြစ်သွား၏။
“ဒါဆို ဘာလဲ...”
“အင်အားစု အဆင့် သတ်မှတ်ချက်...”
ဖြေလိုက်သူက လင်းရှန်းရှဲ့ မဟုတ်ပါချေ။ သူတို့ အနားသို့ တရွေ့ရွေ့ လျှောက်လာခဲ့သည့် အခြား မိန်းကလေး တစ်ယောက်ပင်။ သူမက လင်းရှန်းရှဲ့နှင့် ဆင်တူသော်လည်း ပိုမို ရင့်ကျက်ကာ သိမ်မွေ့သည့် အလှတရား တစ်ခုကို ပိုင်ဆိုင်ထား၏။
ထိုမိန်းကလေးမှာ အစစ်အမှန် ဒြပ်စင်ဂိုဏ်းချုပ် လင်းရှန်းရှန်းပင်မှ တစ်ပါး မည်သူ ဖြစ်နိုင်ပါမည်နည်း။
“ရွေးချယ်ခံ အဆင့်အတန်း ပိုမြင့်မားသွားတာနဲ့ သူတို့ရဲ့ အဆင့်အတန်းတွေက ပြုတ်ကျသွားနိုင်ချေ မြင့်မားတယ်... ငွေအဆင့် အင်အားစုတွေက ကြေးအဆင့် အင်အားစုတွေ အဖြစ် လျော့ကျသွားလိမ့်မယ်... ရွှေအဆင့် အင်အားစုတွေက ငွေအဆင့် ... အဲဒါက ငါတို့ လျှို့ဝှက် အင်အားစုကြီးတွေကိုရော သက်ရောက်နိုင်မလား ဆိုတာ ဘယ်သူမှ မသိဘူး”
“...”
လင်းမင်မှာ တိတ်ဆိတ်သွား၏။ သူ၏ မီးခိုးရောင် မျက်လုံးများက အဝေးရှိ ငွေအဆင့်နှင့် ရွှေအဆင့် အင်အားစုများကို လှမ်းကာ ကြည့်လိုက်မိလေသည်။ သူတို့က သူတို့၏ ရွေးချယ်ခံများ အတွက် ဤနေရာကို ရောက်ရှိလာခြင်း မဟုတ်ချေ။ သူတို့ ကိုယ်တိုင်၏ ကံကြမ္မာ အတွက် ရောက်ရှိလာကြခြင်းသာ ဖြစ်ပေသည်။
အံ့အားသင့်စရာ မရှိတော့...။
***