နှစ်ရက်အလို
Vol. 71 Ch. 992
မဟာစက်ဝန်း ရှန့်ထို ညီလာခံ စတင်ရန် နှစ်ရက်သာ လိုပေတော့သည်။ ထာဝရ နယ်မြေ အတွင်း၌ ထောင်ပေါင်း များစွာသော ဟင်းလင်းပြင် သင်္ဘောများမှာ ထောင့်တိုင်း၊ ထောင့်တိုင်း၌ ပျံသန်း နေကြ၏။ အချို့က ထာဝရ နယ်မြေကို ဖြတ်သန်း၍ လည်ပတ်နေကြကာ အချို့မှာလည်း ရောင်းဝယ် ဖလှယ်မှုများ ပြုလုပ် နေကြသည်။
အဝေးမှ ကြည့်ရုံဖြင့်ပင် ထိုဟင်းလင်းပြင် သင်္ဘောများမှာ ခြားနားသည့် အင်အားစုများ ပိုင်ဆိုင်ကြောင်း ပြောနိုင်လိမ့်မည် ဖြစ်သည်။ သို့သော်လည်း... ထူးခြားချက် တစ်ခု အနေဖြင့် မတူကွဲပြားသည့် သင်္ဘောများမှာ မဟာမိတ်များ သဖွယ် ပြုကာ စုပေါင်း၍ ပျံသန်း နေကြ၏။
ဥပမာအားဖြင့် ပြည်ထောင်စု ရင်းမြစ် ကြယ်တာရာ နယ်မြေ၏ အင်အားစု သုံးခု ဖြစ်သည့် တိမ်တိုက်ကျယ် နန်းတော်၊ ခွန်ကလန်နှင့် ရိတ်သိမ်းခြင်းဓားတို့မှာ အတူတကွပင် ချီတက်လာကြ၏။ စုစုပေါင်း သင်္ဘော ဆယ့်သုံးစင်းနှင့် အတူ သူတို့မှာ အထင်ကြီးဖွယ်ရာ မြင်ကွင်းတစ်ခုကို သိမ်းပိုက်ထားပေသည်။ ထိုအုပ်စု၏ ရှေ့ဆုံးမှ ချီတက်လာသည်ကတော့ အလွန်ကြီးမားသည့် စစ်သင်္ဘောကြီး သုံးစင်းပင် ဖြစ်လေသည်။
ခွန်မျိုးနွယ်၏ အဓိက သင်္ဘောထက်တွင်တော့ ပုံရိပ် သုံးခုမှာ အတူတကွ စုစည်းကာ အမျိုးမျိုးသော အကြောင်းအရာများကို ဆွေးနွေး နေခဲ့ကြ၏။
“မင်းက တကယ် ထူးချွန်တဲ့ ကောင်မလေးကို ရထားတာပဲ... ဟဟ...”
တိမ်ပြာက ခုတ်ပိုင်းခြင်းဓား၏ ပခုံးကို ပုတ်ရင်း ပြုံးရယ်ကာ ပြောလိုက်၏။ ခုတ်ပိုင်းခြင်းဓား၏ အမူအရာက အနည်းငယ် ရှက်နေပုံ ရသည်။ သူက ခွန်ရီမင်ကို တစ်ချက် လှမ်းကြည့်ကာ အဖြေပေးလိုက်သည်။
“ကျေးဇူးပါပဲ... အဘိုးကြီး...”
သူ၏ လေသံက ခါတိုင်းနှင့် မတူပဲ အနည်းငယ် နူးညံ့နေ၏။
“မင်းကံကောင်းတယ်...”
တိမ်ပြာက ပြုံးလိုက်၏။ သူ၏ မျက်လုံးများက အတိတ်ကို ပြန်လည် သတိရဟန်ဖြင့် ဆွေးမြေ့သွားသည်။ ငယ်ရွယ်၍ အခါက သူက မည်မျှ ကျော်ကြားကာ သန်စွမ်းလိုက်သနည်း။ သို့သော်လည်း.. နောက်ဆုံးတွင်တော့ သူ့ရိုင်းစိုင်းမှုကို အပြည့်အဝ ထိန်းချုပ်မည့် ကျားမတစ်ကောင်နှင့်သာ အဆုံးသတ်ခဲ့ရသည်။ မိန်းမ တစ်ယောက်၏ ရယ်သံကို သူ ပြန်လည် ကြားယောင် လာခဲ့မိ၏။
ခုတ်ပိုင်းခြင်းဓားက ပြုံးကာ ခေါင်းညိတ်လိုက်သည်။
“ကျုပ် ကံကောင်းတယ်...”
ခွန်ရီမင်ဘက်ကို လှည့်ကြည့်လိုက်သော အခိုက်တွင်တော့ သူ့ မျက်လုံးများက ပိုမို၍ပင် နူးညံ့သွား၏။
“တကယ်ကို ကံကောင်းတယ်...”
ကြယ်တာရာ အသိုက် ရှာဖွေရေး ခရီးစဉ်တွင် သေမင်း ထောင်ချောက်ထဲကို ကျဆင်းပြီးနောက် သူတို့ နှစ်ယောက်မှာ အတူတူ ရှိဖို့ ဆုံးဖြတ် ခဲ့ကြသည်။ ခွန်ရီမင်က ယခုဆိုလျှင် သူ့ဇနီးကလေး ဖြစ်သွားခဲ့ပြီ ဖြစ်သည်။ အမျိုးမျိုးသော အခြေအနေများကြောင့် မိန်းကလေးနှင့် လက်ထပ်ပြီး နောက်တွင် သူက ခွန်မျိုးနွယ်ကို ယူဖို့ ဆုံးဖြတ်ခဲ့သည်။ သူ့တွင် ကိုယ်ပိုင် မျိုးနွယ် တစ်ခု ရှိသည့်တိုင် ၎င်းနှင့် ဘယ်တုန်းကမှ မအပ်စပ်ဟု သူ ခံစားခဲ့ရသည်။
မဟုတ်ပါက... သူ အာကာသ မုဆိုး တစ်ယောက် တစ်ယောက် ဖြစ်လာစရာ အကြောင်း မရှိသလို ရိတ်သိမ်းခြင်းဓားဟု ခေါ်သည့် ကိုယ်ပိုင် အဖွဲ့တစ်ခု တည်ဆောက်စရာ အကြောင်းလည်း မရှိပါချေ။ သူက ခွန်ရီမင်ကို ချစ်မြတ်နိုးစွာ ကြည့်ရင်း လက်ကလေးကို ဆုပ်ကိုင်လိုက်၏။
“ဟား... ဟား... ကောင်းတယ်... ကောင်းတယ်...”
တိမ်ပြာ၏ အပြုံးက နားရွက်ကို တက်ချိတ်လုမတတ် ဖြစ်နေခဲ့ပြီ ဖြစ်သည်။ ကလေး နှစ်ယောက်၏ မျက်ဝန်းများထဲမှ တစ်ယောက် အပေါ် တစ်ယောက် ခံစားချက်ကို သူ ရှင်းလင်းစွာ မြင်နိုင်ပေသည်။ အထူးသဖြင့် ခွန်ရီမင် ထိုကောင်လေး အပေါ် မည်ကဲ့သို့ သဘောထားကြောင်း အစောကြီး ကတည်းက သူ သိထားသည်။
သူတို့ သုံးယောက်မှာ ရောက်တတ်ရာရာများကို ဆက်လက် ပြောဆို နေကြ၏။ ထိုအတောအတွင်းမှာပင် များလှစွာသော ဟင်းလင်းပြင် သင်္ဘောများမှာ တစ်စင်းပြီး တစ်စင်း ဆိုက်ရောက် နေခဲ့လေသည်။ ထိုအတွင်း၌ မြေကြီး ရှန့်ထိုများ အပြင် ကြယ်တာရာ နယ်မြေ ခေါင်းဆောင်များပင် ပါဝင်နေသည်။
လျှို့ဝှက် အာဏာရှင် အဆင့်များ အနေဖြင့်ပင် သူတို့၏ တည်ရှိမှုက ဤနေရာ၌ သေးသိမ် နေသလို ခွန်ရီမင်နှင့် ခုတ်ပိုင်းခြင်းဓားတို့မှာ ခံစားလိုက်ကြရ၏။
“ညီလာခံက တကယ် ကြီးကျယ်တာပဲ... တို့သခင်လေး တစ်ယောက်တော့ ဘယ်နေရာ ရောက်နေလဲ မသိဘူး...”
တိမ်ပြာက မေးစေ့ကို ပွတ်သပ်ရင်း ပြောလိုက်၏။ တစ်ချိန်တည်း၌ သူတို့ ပိုင်ဆိုင်ထားသည့် နောက်ခံက မည်သူ ဖြစ်ကြောင်း သတိပေးလိုက်ခြင်းလည်း ဖြစ်သည်။ သူတို့ သုံးယောက်စလုံးမှာ သေမျိုး အဂ္ဂိရတ် အာဏာရှင် တစ်ယောက်နှင့် မြေကြီး ရှန့်ထို တစ်ယောက်ကို ဗဟိုပြုထားကြသူများ ဖြစ်သည်။ လူငယ်မှာ နောင်တစ်ချိန်တွင် ဒုတိယမြောက် ထာဝရ ဧကရာဇ် ဖြစ်လာနိုင်သည့် အလားအလာ များစွာကို ပိုင်ဆိုင်ထားသည်။
သို့ဖြစ်လေရာ သူတို့က အခြား လျှို့ဝှက် အာဏာရှင် အဆင့်များလို မထင်မရှား တည်ရှိမှုများ မဟုတ်ပါချေ။
ဝေ့ဝူယင်ကို ပြန်လည် သတိရသွားသည်နှင့် ခုတ်ပိုင်းခြင်းဓားနှင့် ခွန်ရီမင်တို့သာ စိတ်သက်သာရာ ရသွားခဲ့ကြ၏။ မဟာစက်ဝန်း ရှန့်ထို ညီလာခံ ဖြစ်ပေါ်လာရသည့် အကြောင်းရင်းတွင် ဝေ့ဝူယင်မှာ ပမာဏများစွာ သက်ရောက်နေကြောင်း သူတို့ သိရှိပြီး ဖြစ်သည်။ ၎င်းက ဝေ့ဝူယင် မပါပဲ အဆုံးသတ်ဖို့ မဖြစ်နိုင်သလောက်ပင် ဖြစ်သည်။
“ကျုပ်တော့ မစောင့်နိုင်တော့ဘူး...”
ခုတ်ပိုင်းခြင်းဓားက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်လေ၏။
...
အလွန့်အလွန် များပြားလှသည့် ဟင်းလင်းပြင် သင်္ဘောများ အကြားတွင် ရွှေအဆင့်၊ ငွေအဆင့် အင်အားစုများ ဝန်းရံနေသည့် သင်္ဘောတစ်စင်းလည်း ရှိနေခဲ့လေ၏။ ၎င်းက အလွန်တရာ ကျော်ကြားကာ လူတိုင်း၏ အာရုံစိုက်မှုကို ရရှိထားကြောင်း ရှင်းလင်းပေသည်။ ထိုသင်္ဘော၏ ကိုယ်ထည်ထက်တွင်တော့ “အမှောင်ယင် နန်းတော်” ဆိုသည့် စကားလုံးကို ဝိညာဉ် သင်္ကေတများဖြင့် ရေးထိုးထားလေသည်။
သင်္ဘောထက်ရှိ တစ်နေရာတွင်တော့ ကြည်လင် တောက်ပသည့် မျက်ဝန်းများနှင့် မီးခိုးရောင် ဝတ်စုံကို ဝတ်ဆင်ထားသည့် မိန်းမငယ်လေး တစ်ယောက်မှာ မတ်တပ်ရပ်ကာ အဝေးကို ငေးကြည့် နေခဲ့၏။ သူမက အမှောင်ယင် နန်းတော်၏ ရွေးချယ်ခံ အစွန်းရောက် ယင်နတ်မိမယ် တစ်ဖြစ်လည်း နာ့ရှင်းရီပင် ဖြစ်လေသည်။
သူမက ဖြည်းညင်းစွာပင် လက်သူကြွယ်၌ စွပ်ထားသည့် လက်စွပ်ကို ငုံ့ကြည့်လိုက်၏။ ထိုအရာက ဝေ့ဝူယင် သူမ အတွက် ပေးထားခဲ့သည့် လက်စွပ်ပင် ဖြစ်သည်။
“ငါ့နာမည်ကို အားလုံးသိအောင် လုပ်ရမယ်...”
ဝေ့ဝူယင် အမှာပါးခဲ့သည့် စကားများကို ပြန်လည် ကြားယောင်ရင်း နာ့ရှင်းရီက တိတ်တဆိတ်ပင် ကျိန်ဆိုလိုက်၏။ သူမက နာ့ရှင်းရီသာ ဖြစ်သည်။ ဝေ့ဝူယင်၏ ဇနီးမယား တစ်ယောက် အနေဖြင့် မဟုတ်ပဲ နာ့ရှင်းရီ ဆိုသည့် နာမည်ကို သူမ ကိုယ်တိုင် ကျော်ကြားအောင် လုပ်ဆောင်ရပေလိမ့်မည်။
ထိုအတွက် ဤနေရာက အသင့်တော်ဆုံး ဖြစ်သည်။ မည်သို့ပင် ဆိုစေ... ပရိသတ်မှာ ကြယ်ကွင်းပြင် တစ်ခုလုံး ဖြစ်နေသည် မဟုတ်ပါလား...။
...
အလွန် သေးငယ်သည့် သင်္ဘောကလေး တစ်စင်းမှာ အခြား သင်္ဘောများ၏ အရိပ်ထဲတွင် ပုန်းကွယ်ကာ တိတ်တဆိတ် လွင့်မြော နေခဲ့၏။ ၎င်းကို ရှာဖွေ တွေ့ရှိရန်၊ အာရုံခံမိရန် အလွန်ပင် ခက်ခဲလိမ့်မည် ဖြစ်သည်။ သင်္ဘောထက်တွင်တော့ အနက်ရောင် ဝတ်ဆင်ထားသည့် ပုံရိပ် တစ်ခုမှာ တိတ်တဆိတ် တရားထိုင် နေခဲ့၏။
ပုံရိပ်က မျက်လုံးများကို ဖွင့်လိုက်၏။ သို့သော်လည်း ဆန်းကြယ်စွာပင် သူ့မျက်သားများက အဖြူရောင် မဟုတ်ပဲ အနက်ရောင် ဖြစ်နေပေသည်။ သူက တိတ်တဆိတ်ပင် ထာဝရ ကောင်းကင်ကို ငေးမော နေခဲ့လေ၏။
...
ဒုတိယမြောက်နေ့ အဆုံးသတ်ခါနီး၌... အလွန်တရာ ကြီးမားလှသော ဟင်းလင်းပြင် သင်္ဘောကြီး တစ်စင်းမှာ ထာဝရ နယ်မြေနားသို့ ချဉ်းကပ်လာခဲ့လေသည်။ ၎င်းက အားလုံးထဲတွင် အကြီးဆုံး သင်္ဘောကြီး ဖြစ်ကာ ပုံမှန် တိုက်တန် သင်္ဘောများထက် အဆငါးဆယ် ပိုမို ကြီးမားလှ၏။ ၎င်းမှာ အသေးစားဂြိုဟ်ကလေးများနှင့်ပင် နှိုင်းယှဉ်နိုင်လိမ့်မည် ဖြစ်သည်။
ထိုသင်္ဘောကြီး ချဉ်းကပ်လာသည်နှင့် အမျှ ပြင်းထန်သော လှိုင်းများမှာ လွင့်ပျံလာလေရာ သင်္ဘောငယ်လေး များစွာမှာ လွင့်လွင့်လူး သွားကြ၏။ သူတို့က ကြောက်ရွံ့ ထိတ်လန့်စွာပင် ဘေးနေရာများသို့ ဖယ်ပေးလိုက်ကြ၏။
သင်္ဘောကြီးမှာ အဇူရာနှင့် ရွှေရောင် အဆင်းကို ပိုင်ဆိုင်ထားကာ ဘေးနှစ်ဖက် ကိုယ်ထည်များတွင် လက်သီး သဏ္ဌာန် ပုံရိပ်ကြီးကို ရေးခြယ်ထားသည်။ ထိုလက်သီးကြီးထက်တွင်တော့ “သိုင်း” ဆိုသည့် စာလုံးကြီးကို ရေးထား၏။
သင်္ဘောကြီးကို မြင်သည်နှင့် လူတိုင်းမှာ ၎င်း၏ ဇစ်မြစ်ကို တန်းကာ သိလိုက်ကြ၏။
“အဆုံးမဲ့ သိုင်းဂိုဏ်း...”
၎င်းက အဆုံးမဲ့ ကောင်းကင်၏ ကောင်းကင်၏ လောကဂိုဏ်းကြီး သုံးဂိုဏ်း အနက်မှ တစ်ဂိုဏ်း ဖြစ်ကာ ကြယ်ကွင်းပြင် တစ်ခုလုံးတွင် တတိယမြောက် အင်အား အကြီးဆုံး အင်အားစုကြီး ဖြစ်သည်။ ၎င်းထက် သာလွန်တာ ဆို၍ အင်ပါယာ ထျန်းမျိုးနွယ်နှင့် ကြယ်ကိုးပွင့် ရှန့်ထို ခန်းမတို့သာ ရှိပေသည်။
“အဆုံးမဲ့...”
၎င်းက ဤသင်္ဘောကြီး၏ နာမည်ပင် ဖြစ်သည်။ အဆုံးမဲ့မှာ ကြယ်ကွင်းပြင် တစ်ခုလုံးတွင် အကြီးမားဆုံး သင်္ဘောကြီး ဖြစ်၏။ သူတို့က ရှန့်ထို ညီလာခံကို ထိုကဲ့သို့ ကြီးကျယ် ခမ်းနားမှုမျိုးဖြင့် တက်ရောက် လာခဲ့ခြင်း ဖြစ်ပေသည်။
သင်္ဘောကြီးအား လေ့လာ နေကြသည့် လူတိုင်းမှာ အံ့သြတကြီး ဖြစ်သွားခဲ့ကြ၏။ အဆုံးမဲ့မှာ လျှို့ဝှက် နယ်မြေ ကိုးဆယ့်ကိုးခုကို ပိုင်ဆိုင်ထားသည်ဟု ပြောစမှတ် ပြုကြသည်။ လျှို့ဝှက် နယ်မြေ တစ်ခုချင်းစီကလည်း ထိပ်သီး ပါရမီရှင်များကို ပြုစု ပျိုးထောင်ပေးရန် ဖန်တီးထားခြင်း ဖြစ်သည်။ ထိုအထဲ၌ အင်အားကြီး လက်နက်ကြီးများကို သယ်ဆောင်ထားသည့် လျှို့ဝှက်နယ်မြေများပင် ပါဝင်သည်ဟု ဆိုကြသည်။
လျှို့ဝှက်နယ်မြေ ၉၉ အနက် တစ်ခု ဖြစ်သည့် ကောင်းကင်မြေကြီးဆွဲအား နယ်မြေ၌ ပုံရိပ် တစ်ခုမှာ စစ်တူကြီးကို ဝှေ့ယမ်းရင်း လေ့ကျင့် နေခဲ့သည်။ သူ၏ လှုပ်ရှားမှုများက အလွန်ပင် လျှင်မြန်လွန်းလှရား သဲသဲကွဲကွဲ မြင်ဖို့ပင် ခက်ခဲလှသည်။
အဖြူရောင် စကပ်ကလေးနှင့် မိန်းမငယ်လေး တစ်ယောက်မှာ လက်နှစ်ဖက်ကို ပိုက်ကာ ရပ်ရင်း ထိုမြင်ကွင်းကို ကြည့်နေခဲ့၏။ သူမက အသက်ဆယ်နှစ်ပင် ကျော်ပုံ မရသေးကာ အရုပ်ကလေး တစ်ရုပ်အလား လှပ ချစ်စရာ ကောင်းလွန်းလှသည်။ သူမက ပန်းရောင် ဆံပင်များကို နောက်တွင် နှစ်ဖက်ခွဲ၍ စည်းထား၏။ ဆံနွယ်စ အချို့ကိုတော့ နဖူးထက်တွင် ဆံမြိတ်ချထားသည်။
ရုတ်တရက်... မိန်းမငယ်လေး၏ လက်စွပ်မှာ ဝိညာဉ်အလင်းများဖြင့် လင်းလက် သွားခဲ့၏။ သူမက လက်စွပ်ကို ငုံ့ကြည့်ကာ လေ့ကျင့်နေသည့် ပုံရိပ်ကို လှမ်းပြောလိုက်သည်။
“ငါတို့ ရေက်ပြီ... နင် ဆက်ပြီး ဟန်ဆောင်ထားဦးမှာလား...”
ဘုန်း...
ပုံရိပ်က လက်ထဲရှိ စစ်တူကို မြေပြင်ပေါ် ပစ်ချလိုက်၏။ သူ၏ လှုပ်ရှားမှုများမှာလည်း ရပ်တန့် သွားကာ ခန္ဓာကိုယ်မှာ ထင်ရှားစွာ ပေါ်လွင်လာခဲ့၏။ သူမက ကြံ့ခိုင် သန်စွမ်းသည့် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည့် မိန်းကလေး တစ်ယောက်ပင် ဖြစ်သည်။
“ဆရာ... ကျွန်မ မလိမ်ဘူး ဆိုတာ သက်သေပြမှာပါ...”
သူမက အသံသြသြကြီးဖြင့် ပြောလိုက်၏။ မိန်းမငယ်လေးက နှုတ်ခမ်းလေးကို စူလိုက်သည်။
“အတော်ခေါင်းမာတာပဲ... ကောင်းပြီလေ... သူ့ကို နင် တကယ် သိလား မသိလား ကြည့်ရသေးတာပေါ့”
“ကောင်းပြီလေ... ကျွန်မတို့ မြင်ရမှာပါ...”
မိန်းကလေးက ပြောလိုက်ရင်း စစ်တူကြီးကို ပြန်လည် ကောက်ယူလိုက်၏။ အလေးချိန်ကြောင့် သူမ၏ ပခုံး တစ်ဖက်က အနည်းငယ် နိမ့်ကျလု မတတ် ဖြစ်သွားသည်။ သို့သော်လည်း သူမ အတွက် ဟန်ချက် ထိန်းရန် မခက်လှပါချေ။
“ကျွန်မတို့ မြင်ရမှာပါ...”
မိန်းကလေးက နောက်တစ်ကြိမ် ရေရွတ်လိုက်၏။ ယခုတစ်ကြိမ်တွင်တော့ သူမ၏ လေသံက နူးညံ့နေကာ ခံစားချက်များနှင့် ပြည့်နှက် နေခဲ့လေသည်။
***