← Chapters

တစ်ရက်အလို

Vol. 71 Ch. 993

တစ်ရက်အလို

Vol. 71 Ch. 993

“တစ်ရက်ပဲ ကျန်တော့တယ်...”

အဆုံးမဲ့ ဧရာမ သင်္ဘောကြီးအတွင်းရှိ လျှို့ဝှက်နယ်မြေ ကိုးဆယ့်ကိုးခု အနက် တစ်ခုတွင် ငါးယောက် ပါဝင်သည့် လူအုပ်စု တစ်ခုမှာ စုစည်း နေခဲ့လေ၏။

ထိုလျှို့ဝှက်နယ်မြေမှာ တင်းကြပ်ခြင်း မရှိလှပဲ တရားမဝင် ရွေးချယ်ခံများ အပါအဝင် ဂိုဏ်း၏ အတွင်းစည်း တပည့်များ လေ့ကျင့်ရာ နေရာလည်း ဖြစ်သည်။ သို့ဖြစ်လေရာ... လူငါးယောက် အုပ်စုမှာ လျှို့ဝှက် နယ်မြေ အတွင်း ရှိနေခဲ့သည့် တစ်ခုတည်းသော အုပ်စု မဟုတ်ပါချေ။

ထောင်ပေါင်းများစွာသော အဆောက်အဦများ၊ နန်းတော်များမှာ လျှို့ဝှက် နယ်မြေ၏ နေရာ အနှံ့အပြား၌ ပြန့်ကျဲနေကာ တူရာတူရာ အုပ်စုများမှာ စုစည်း နေခဲ့ကြ၏။ အကျယ်အဝန်း သက်သက်ပင် လျှို့ဝှက်နယ်မြေမှာ မိုင်ရာပေါင်းများစွာတိုင် ရှိလိမ့်မည် ဖြစ်သည်။

ထိုနေရာရှိ ပတ်ဝန်းကျင်က အလွန် သန့်စင် ထူထပ်သည့် ကြယ်တာရာ အမတေများဖြင့် ပြည့်နှက် နေ၏။ ၎င်းက စုပ်ယူရန် အလွန်ပင် လွယ်ကူလှကာ သေမျိုး ကျင့်ကြံသူများ အထူးသဖြင့် ကြယ်တာရာ အမြုတေ အဆင့်များနှင့် အလွန် သင့်တော်ပေသည်။ လျှို့ဝှက် နယ်မြေ အတွင်း၌ ကုန်းမြေတိုက်ကြီး တစ်နှင့် ဆင်တူသည့် တောင်တန်းများ၊ သစ်တောများ၊ ရေကန်များပင် ပါရှိသည်။

ငါးယောက် အုပ်စုထဲ၌ တောက်ပစွာ ပြုံးနေသည့် လူချောလေး တစ်ယောက်လည်း ပါရှိ၏။ သို့သော်လည်း သူ၏ မျက်လုံးများကတော့ မြင့်မားသည့် ဉာဏ်ရည်ဉာဏ်သွေးများနှင့် ပြည့်နှက်နေသည်။ စော‌စောပိုင်းက ညီလာခံ စတင်မည့်ရက်ကို တက်တက်ကြွကြွ ကြေညာလိုက်သူမှာလည်း ထိုလူငယ်လေးပင် ဖြစ်သည်။

အတွင်းစည်း တပည့်များ အနေဖြင့် သူတို့မှာ ညီလာခံကို တိုက်ရိုက် ပါဝင်ခွင့်ရရန် အလွန် အခွင့်အရေး နည်းပေသည်။ ဘယ်လိုပဲ ဖြစ်ဖြစ်... သူတို့မှာ ထာဝရ နယ်မြေ အထိ ရောက်ရှိခဲ့ပြီ ဖြစ်လေရာ ဤအထင်ကရ အဖြစ်အပျက်ကို ကျိန်းသေ မျက်မြင် တွေ့ခွင့်ရလိမ့်မည် ဖြစ်လေသည်။

“မောင်လေးရီ... တကယ်လို့ ကံကောင်းရင် ငါတို့ ညီလာခံကို ပါဝင်ခွင့် ရလိမ့်မယ် ထင်လား...”

ကလေးမျက်နှာနှင့် ကောင်မလေး တစ်ယောက်က မေးလိုက်၏။ သူမက အပြာရောင် ဆံပင်ရှည်များနှင့် ဝိုင်းစက်ကာ တလက်လက် တောက်ပနေသည့် မျက်ဝန်းများကို ပိုင်ဆိုင်ထားသည်။ တရားဝင် ကြေညာချက် အရဆိုလျှင် ညီလာခံတွင် ပါဝင်ခွင့်မှာ ရွေးချယ်ခံများ အတွက်သာ ဖြစ်ပေလိမ့်မည်။ အကယ်၍ သူတို့သာ ဝင်ပါခွင့် ရမည် ဆိုပါက ဂုဏ်ယူစရာ ဖြစ်ပေလိမ့်မည်။

အရပ်ရှည်ရှည် ခပ်ပိန်ပိန်နှင့် ကျောင်းတော်သား ဝတ်စုံကို ဝတ်ဆင်ထားသည့် လူငယ်က ဖြူရော်စွာ ပြုံးလိုက်၏။

“ညီမလေးဝမ်... အဲဒီလို စိတ်ကူးယဉ်တာက နည်းနည်း ချဲ့ကားလွန်းတယ်လို့ မထင်ဘူးလား”

သူတို့အားလုံးမှာ အသက် တစ်ရာ မကျော်သေးသည့် လူငယ် ကျင့်ကြံသူကလေးများ ဖြစ်ကြပေသည်။ သို့ဖြစ်လေရာ သူတို့ အတွက် ညီလာခံတွင် ပါဝင်ခွင့်ရရန် ခက်ခဲလှပေသည်။

“...”

မိန်းမငယ်လေးက သူ့ကို ပြန်စောင်း မကြည့်ပါချေ။ ချောမောသည့် လူငယ်လေးထံမှ အဖြေကိုသာ မျှော်လင့်သည့် အလား စောင့်ဆိုင်း နေခဲ့၏။ ကျောင်းတော်သား လူငယ်မှာ လျစ်လျူ ခံရမှုကြောင့် ဒေါသထွက် သွားခဲ့သည်။

ချောမောသည့် လူငယ်လေးက အနည်းငယ် ရယ်မောလိုက်၏။

“ကျွန်တော်တို့ စောင့်ကြည့်ကြတာပေါ့... မမဝမ်”

စကားလုံးများက ပေါ့ပေါ့ဆဆနိုင်သည့်တိုင် လူငယ်လေး၏ မျက်လုံးများကတော့ ပြင်းထန်သည့် ဆန္ဒများနှင့် အတူ လောင်မြိုက် နေခဲ့သည်။ သူ၏ ရည်ရွယ်ချက်က ထိုညီလာခံတွင် ပါဝင်ရန် တစ်ခုတည်း မဟုတ်ချေ။

သူတို့၏ နံဘေးတွင်တော့ အသားကင်ကို အားရပါးရ စားနေခဲ့သည့် ဝတုတ်တုတ် လူငယ်လေး တစ်ယောက် ရှိနေခဲ့၏။ သူက ပလုတ်ပလောင်းဖြင့် ဝင်ပြောလိုက်သည်။

“ညီမလေးအိသာ သူ့ကောင်လေးနဲ့ အဆက်အသွယ် ရရင် ငါတို့ ပါဝင်ခွင့် ရလောက်မှာပါ”

အားလုံး၏ မျက်လုံးများက တစ်ချိန်လုံး ငြိမ်သက်နေသည့် ကြေးဝါရောင် အသားအရေနှင့် မိန်းကလေး အပေါ်သို့ ကျရောက် သွားသည်။ သူမက ရှားရှားပါးပါးပင် အယ်ဗန်မျိုးနွယ် တစ်ယောက် ဖြစ်၏။

ညီမလေးအိမှာလည်း အခြားလူများ ကဲ့သို့ပင် အဆုံးမဲ့ သိုင်းဂိုဏ်း၏ အတွင်းစည်း ဝတ်စုံကို ဝတ်ဆင်ထား ထားခဲ့သည်။

ကျောင်းတော်သား လူငယ်က ထောက်ခံဟန်ဖြင့် ခေါင်းညိတ်လိုက်၏။

“ဟုတ်တယ်... ညီမလေးအိသာ သူ့ကောင်လေးနဲ့ ဆက်သွယ်နိုင်ရင် ညီလာခံကို ဝင်ပါခွင့် မပြောနဲ့... သူတို့က ငါတို့ကို အထူးဧည့်သည်တွေလို ဧည့်ခံကြမှာ ကျိန်းသေတယ်... ငါတို့ အကြီးအကဲတွေကတောင် ငါတို့ကို လေးလေးစားစား ဆက်ဆံလာကြမှာ”

ညီမလေးအိက ပြုံးလိုက်၏။ သူမ၏ အလှတရားက နောက်တစ်ဆင့်သို့ မြင့်တက်သွားသည်။ ဝတုတ်တုတ် လူငယ်နှင့် ကျောင်းတော်သား လူငယ်တို့မှာ တဒင်္ဂမျှ ဆွံ့အသွားကြ၏။ မဟာစက်ဝန်း ကြယ်ကွင်းပြင်တွင် အယ်ဗန်များမှာ အလွန်ရှားပါးသည့် သက်ရှိများ ဖြစ်သည်။သူတို့က ထာဝရ နယ်မြေထဲတွင်သာ သီးခြား နေထိုင်ကြသည်။

ညီမလေးအိက လက်၌ စွပ်ထားသည့် လက်စွပ်ကလေးကို လက်ဖြင့် ပွတ်သပ်လိုက်၏။ ၎င်းက သူ့အတွေးများထဲတွင် သူမ ရှိနေသးသည့် သက်သေပင် ဖြစ်သည်။ သူ၏ အထိအတွေ့များနှင့် ကင်းမဲ့ခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ပြီ ဖြစ်သည်။

“ငါ မစောင့်နိုင်တော့ဘူး...”

သူမက စိတ်ထဲမှ ခပ်တိုးတိုး ရေရွတ်လိုက်လေ၏။

...

“ဗိုလ်ချုပ်...သခင်လေးနဲ့ အဆက်အသွယ် ရသေးလား...”

ကတုံးပြောင်ပြောင်နှင့် လူငယ် တစ်ယောက်က သူ့ကတုံးကို ပွတ်သပ်ရင်း မေးလိုက်၏။ သူက ဖြူဖပ်ဖြူ‌ရော် အသားအရည်ကို ပိုင်ဆိုင်ထားကာ ရင်ဘတ်၊ မေးစေ့နှင့် လည်ပင်းတို့တွင် မျိုးနွယ်စု တက်တူးများကို ထိုးထားခဲ့၏။ သူ၏ မျက်လုံးများကတော့ မီးခဲတစ်စ အလား ရဲရဲနီနေသည်။ သူက နတ်ဆိုး တစ်ယောက်ပင် ဖြစ်လေ၏။

“ဦးနှောက်မရှိတဲ့ မြည်းကောင်... အဆက်အသွယ် မရှိပဲ နေမလား... မင်း သေချာစဉ်းစားလေ”

ဟင်းလင်းပြင် လက်စွပ်များကို သီကာ ဆွဲကြိုးသဖွယ် ဝတ်ဆင်ထားသည့် လူသား ယောက်ျားက နှာခေါင်းတစ်ချက် ရှို့ရင်း ပြောလိုက်သည်။

“မင်းသာမြည်း... ငါက သိပြီးသား... အတည်ပြုချက် ယူနေတာကွ”

ကတုံးနတ်ဆိုးက ဒေါသမီးတောက် တဝင်းဝင်းနှင့် ပြန်လည် ချေပလိုက်၏။ ဆွဲကြိုးနှင့် ယောက်ျားက လှောင်ပြောင်ဟန်ဖြင့် ခပ်ထေ့ထေ့ ရယ်မောလိုက်သည်။

“အတည်ပြုချက် ယူတယ်ပဲ ဖြစ်ရသေး... ဘာကို အတည်ပြုချက်လဲ... ပညာရှိတွေ တွေးကြည့်ရင် ပြေးကြည့်တာထက် သိရမှာ... ဒါကြောင့် မင်း မတိုးတက်တာ”

မကြာခင်မှာပင် သူတို့ နှစ်ယောက်မှာ တစ်ယောက်ကို တစ်ယောက် လက်ညိုးထိုးကာ ဆက်လက် ရန်တွေ့ နေကြပြီ ဖြစ်လေသည်။ မသိပါက သူတို့၏ ပုံံစံများမှာ ကျင့်ကြံသူများနှင့် မတူပဲ သေမျိုး မိန်းမ နှစ်ယောက် အချေအတင် ငြင်းခုန် နေကြသလိုပင်။

သူတို့ နှစ်ယောက်နှင့် ခပ်လှမ်းလှမ်း တစ်နေရာတွင်တော့ အယ်ဗန်မျိုးနွယ် မိန်းကလေး တစ်ယောက်မှာ စိတ်ပျက်လက်ပျက်ဖြင့် ထိုင်ကြည့် နေ၏။

“ကဲ... ကျူးကျွင်းနဲ့ ပိုင်ယွင်ဟန်... တော်တော့... ”

ရုတ်တရက်... စိတ်မရှည်သည့် အသံတစ်ခု ထွက်ပေါ်လာခဲ့၏။ ထိုအသံ ပိုင်ရှင်ကတော့ ပိန်ပိန်ပါးပါးနှင့် ဓားတစ်စင်း အလားထက်ရှသည့် မိန်းကလေး တစ်ယောက် ဖြစ်သည်။ ခန္ဓာကိုယ်နှင့် ဆန့်ကျင်ဘက်ပင် သူမ၏ အော်ရာမှာ ပြင်းထန်သည့် သြဇာအာဏာများနှင့် ပြည့်နှက်နေ၏။

ကတုံးနတ်ဆိုးနှင့် လူသား ယောက်ျားတို့မှာ တစ်ယောက်ကို တစ်ယောက် တစ်စောင်းမည်းမည်း ကြည့်ရင်း ငြိမ်သက် သွားကြသည်။

"နင်တို့ ရောက်နေတဲ့ နေရာကို ကြည့်ဦး...”

မိန်းကလေးက အဝေးရှိ ဂြိုဟ်ကို လက်ညိုး ထိုးပြရင်း ပြောလိုက်၏။ ၎င်းက ထာဝရ နယ်မြေ၏ မြို့တော်ဂြိုဟ် ဖြစ်သည့် ထာဝရကောင်းကင်ပင် ဖြစ်လေသည်။

ထိုအခိုက်၌ သူတို့ အုပ်စုမှာ အမှောင် ဟင်းလင်းပြင် အတွင်းရှိ မရေမတွက်နိုင်သော သင်္ဘောများအနက် တစ်စင်းထက်၌ ရှိနေခြင်းဖြစ်သည်။ ၎င်းက အသေးစား သင်္ဘောကလေးသာ ဖြစ်သည့်တိုင် အယ်ဗန်မျိုးနွယ်များမှ အစ နတ်ဆိုးနှင့် ရှို့ရန်များ အဆုံး မတူကွဲပြားသည့် မျိုးနွယ်များစွာ လိုက်ပါ လာခဲ့သည်။

သူတို့အားလုံးက အာဏာရှင် အဖွဲ့ဝင်များပင် ဖြစ်လေသည်။ ပထမ၌ အာဏာရှင် အဖွဲ့သားများမှာ တစ်ကွဲတစ်ပြားစီ ရှိနေခဲ့ကြသော်လည်း လွန်ခဲ့သည့် တစ်လ အတွင်းမှာပင် ပထမ ဗိုလ်ချုပ်က သူတို့ကို ဆက်သွယ်လာကာ ပြန်လည် စုစည်း စေခဲ့ခြင်း ဖြစ်သည်။

အားလုံးငြိမ်သက်သွားပြီးနောက် ဟုန်ချွင်းဟွာက စတင်ကာ စကားပြောလိုက်၏။

“လွန်ခဲ့တဲ့ တစ်လလောက်တုန်းက သခင်လေး ငါ့ကို ဆက်သွယ်လာတယ်... ဒီညီလာခံက ငါတို့ အတွက် အခွင့်အရေးတဲ့... ငါတို့ အဲဒါကို ရအောင် ယူရမယ်”

“အခွင့်အရေး...”

အားလုံး၏ အမူအရာများက လေးနက်သွား၏။ ဟုန်ချွင်းဟွာက ခေါင်းတစ်ချက် ညိတ်ကာ အစီအစဉ်များကို ရှင်းပြလိုက်သည်။

“ဒါပေမဲ့ ဗိုလ်ချုပ်... ကျုပ်တို့ သူတို့ကို ဘယ်မှာ ရှာရမှာလဲ...”

ရှင်းပြမှု အဆုံးသတ်သို့ အရောက်၌ ကျူးကျွင်းက မျက်မှောင်ကြုတ်ရင်း မေးလိုက်၏။

ဟုန်ချွင်းဟွာက အသာအယာပင် ပြုံးလိုက်သည်။ ထိုအခိုက်တွင်ပင် အရိပ်ကဲ့သို့ သင်္ဘော တစ်စင်းမှာ သူတို့အားလုံး၏ နံဘေးတွင် ဖြည်းညင်းစွာ ပေါ်လာခဲ့၏။ အားလုံး၏ နှလုံးသားများက တုန်လှုပ် ချောက်ချားမှုများနှင့် ပြည့်နှက် သွားခဲ့သည်။

“သခင်လေးမှာ အစီအစဉ် ရှိပါတယ်”

***

All Chapters