စတင်ခြင်း
Vol. 71 Ch. 994
ထာဝရကောင်းကင်၏ ဂြိုဟ်မျက်နှာပြင်ထက်၌ အလွန် ရှည်လျားလှသည့် မျှော်စင်ကြီး တစ်ခု ရှိ၏။ ထိုမျှော်စင်ကြီး ထက်တွင်တော့ အဖြူရောင် ဆံပင်ရှည်များနှင့် ပုံရိပ် တစ်ခုမှာ ကောင်းကင်အလွှာထက်ရှိ အဆုံးမဲ့ အလင်းများကို မျှော်ကြည့်နေခဲ့သည်။ ၎င်းက အသက်ရှူ မှားလောက်အောင်ပင် လှပလွန်းလှကာ လူတိုင်း အသက်နှင့် တစ်ကိုယ် မမြင်ဖူးမည့် မြင်ကွင်းမျိုး ဖြစ်ပေသည်။
အနက်ရောင် ဝတ်စုံနှင့် အတူ သူမ၏ သွေးရောင် မျက်ဝန်းများမှာ ပတ္တမြား ရတနာ တစ်ခုနှယ် တဖိတ်ဖိတ် တောက်ပနေခဲ့၏။ ဝတ်စုံအောက်မှ သူမ၏ ခန္ဓာကိုယ်ကတော့ အချိုးအစား ကျနကာ အလွန်ပင် လှပလှသည်။ အကယ်၍ ဤလောကတွင် မိန်းမတစ်ယောက်ကြောင့် စစ်ဖြစ်ရမည် ဆိုလျှင် သူမက တရားခံဖြစ်မှာ မလွဲမသွေပင် ဖြစ်လေသည်။
“အားလုံးက ဒီလောက်တောင် ပြောင်းလဲ သွားတာပဲ...”
စန်းယွန်းလီက တီးတိုး ရေရွတ်လိုက်၏။ သူမ ပြန်ရောက်လာသည်မှာ ဆယ်စုနှစ် တစ်ခုခန့်သာ ရှိသေးသည့်တိုင် မဟာစက်ဝန်း ကြယ်ကွင်းပြင် တစ်ခုလုံးကတော့ အကြီးအကျယ်ပင် ပြောင်းလဲ သွားခဲ့ပြီ ဖြစ်သည်။ ထိုအထဲ၌ အထင်ရှားဆုံးက ဒြပ်စင်နယ်မြေ ကပ်ပါး မျိုးနွယ်များ၏ ကျရှုံးမှု၊ ထန်းလန် ကြယ်တာရာ နယ်မြေ ပျက်စီးမှုနှင့် ရွှေရောင် အသက်နန်းတော် သခင် ရှန်းကျီးကျိတို့၏ ရှုံးနိမ့်မှုများပင် ဖြစ်သည်။
စန်းယွန်းလီ၏ စိတ်များမှာ ရှုပ်ထွေး နောက်ကျိ နေခဲ့၏။ သူမ ပြန်လည် မွေးဖွားလာခြင်းကြောင့် ထိုအရာ အားလုံးက ပြောင်းလဲ သွားရသလော။ ကြီးမားသည့် ပြောင်းလဲမှုများ မဖြစ်ပေါ်စေဖို့ သူမ အတတ်နိုင်ဆုံး ကြိုးစားခဲ့သည်သာ ဖြစ်သည်။
သို့သော်လည်း... ရယ်စရာ ကောင်းစွာပင် အတိတ်ဘဝ၌ တစ်ခါမှ မပေါ်ပေါက်ခဲ့ဖူးသည့် ဆေးလုံးတစ်လုံးပင် ထွက်ပေါ်လာခဲ့သေးသည်။
ထိုအပြောင်းအလဲ အားလုံးက ဝေ့ဝူယင် ဆိုသည့် ပုဂ္ဂိုလ် တစ်ယောက်တည်းကြောင့် ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ အံ့သြဖို့ ကောင်းတာ တစ်ခုက အတိတ်ဘဝ၌ ထိုနာမည်ကို သူမ တစ်ခါမှ မကြားခဲ့ဖူးခြင်း ဖြစ်သည်။ ဝေ့ဝူယင် ဆိုသည့် တည်ရှိမှုက သူမ၏ မှတ်ဉာဏ်များထဲတွင် ပျောက်ကွယ်နေသည်။ ထိုလူငယ်ကရော လောကီ ပြန်လည် မွေးဖွားသူ တစ်ယောက်လော။
ဖျပ်... ဖျပ်... ဖျပ်...
ရုတ်တရက် နောက်မှ ခြေသံများ ထွက်ပေါ်လာ၏။ စန်းယွန်းလီ၏ အတွေးရထားက ရပ်တန့်သွားကာ နောက်ကို လှည့်ကြည့်လိုက်သည်။
“ညီလာခံ အတွက် အဆင်သင့် ဖြစ်နေပြီလား...”
စန်းလော့ယန်က မေးလိုက်၏။ စန်းယွန်းလီက ပြုံးကာ ခေါင်းညိတ် ပြလိုက်သည်။ ထို့နောက် သူမက ကောင်းကင်ကို ပြန်လည် မော့ကြည့်လိုက်၏။ သူမ၏ မျက်ဝန်းများက တစ်စုံတစ်ရာကို ရှာဖွေနေဟန် ရလေသည်။
“သူရော ဒီနေရာကို လာမှာလား...”
...
ညီလာခံ စတင်ရန် နာရီပိုင်းမျှသာ လိုတော့၏။ မရေမတွက်နိုင်သည့် လူများ၏ အာရုံက ထာဝရ ကောင်းကင် ဆိုသည့် ဂြိုဟ်တစ်ခုတည်း အပေါ်ကို စုပြုံကျရောက် နေခဲ့လေသည်။
သိန်းနှင့်ချီသည့် ဟင်းလင်းပြင် သင်္ဘောများမှာ အမှောင် ဟင်းလင်းပြင် တစ်ခုလုံးကို ပြည့်နှက်နေ၏။ ၎င်းတို့၏ ထူးခြား ဆန်းပြားသော အရောင်များက ထာဝရ နယ်မြေ အတွင်းရှိ ဂြိုဟ်ပေါင်းများစွာ၏ ကောင်းကင်များကို ဆေးခြယ် နေကြလေသည်။
အချိန်များမှာ အလျှင်အမြန်ပင် ဖြတ်ကျော်နေ၏။ ညီလာခံ စတင်မည့် အချိန်က အရှိန်အဟုန်ဖြင့် ဖြတ်ကျော်ကာ နီးကပ်လာနေခဲ့သည်။
သုံးမိနစ်...
သူတို့ လပေါင်းများစွာ စောင့်ဆိုင်းခဲ့ရသော အချိန်ကို ရောက်ရှိရန် သုံးမိနစ်မျှသာ လိုပေတော့သည်။ အားလုံးမှာ ရင်တဒိတ်ဒိတ် တုန်လာခဲ့ကြ၏။ စက္ကန့်များက ဆက်လက် ရွေ့လျားနေ၏။
သုံးဆယ် စက္ကန့်...
ဆယ့်ငါးစက္ကန့်...
တစ်စက္ကန့်...
နောက်ဆုံး၌ အချိအခါကား ကျရောက်လာခဲ့ပြီ ဖြစ်သည်။
ဘုန်း...
ထာဝရ ကောင်းကင်ဆီမှ အလင်းတန်းများ ပေါက်ကွဲ ထွက်ပေါ်လာကာ အလွန် ကြီးမားလှသည့် အလင်းမျက်နှာပြင်ကြီး နှစ်ခု အဖြစ် ဖွဲ့စည်း သွား၏။ ထာဝရ နယ်မြေ အတွင်းရောက်ရှိနေသည့် လူများမှာ ထိုမျက်နှာပြင်ကြီးကို ရှင်းလင်းစွာပင် မြင်တွေ့ နေရပေသည်။
အလင်း မျက်နှာပြင်ထက်တွင်တော့ ပုံရိပ် သုံးခု ရှိနေခဲ့၏။ သူတို့၏ မျက်လုံးများက ညီလာခံသို့ တက်ရောက်လာသည့် လူတစ်ဦး တစ်ယောက်ချင်းစီကို စိုက်ကြည့်နေသလို ထင်မှတ်ရလေသည်။
ပုံရိပ် သုံးခု၏ အလယ်တည့်တည့်၌ ရပ်နေသူက အသက်လတ် အရွယ် ယောက်ျား တစ်ယောက် ဖြစ်ကာ ရွှေရောင် ဝတ်စုံကို ဝတ်ဆင်ထား၏။ သူ၏ ခါးတွင်တော့ ခုနစ်ရောင်ခြယ် ခါးပတ်ကို ဝတ်ဆင်ထားသည်။ သူက အလွန်ပင် ခန့်ညား ထည်ဝါလှကာ တစ်လောကလုံးကို အမိန့်ပေးနိုင်သည့် အော်ရာမျိုးကို ပိုင်ဆိုင်ထား၏။
ထိုပုဂ္ဂိုလ်ကြီးမှာ ကြယ်ကွင်းပြင်၏ အဂ္ဂိရတ် ရှန့်ထို သုံးယောက် အနက် တစ်ယောက် တစ်ဖြစ်တည်း၊ ထာဝရ အစည်းအရုံး၏ လက်ထောက် ခေါင်းဆောင် မြေကြီး ရှန့်ထို ထာဝရ နတ်ဘုရားမှ လွဲ၍ မည်သူ ဖြစ်နိုင်ပါမည်နည်း။ သူက ဤမဟာစက်ဝန်း ရှန့်ထို ညီလာခံ၏ အိမ်ရှင်လည်း ဖြစ်ပေသည်။
သို့သော်လည်း အားလုံး၏ အာရုံ၏ အာရုံများက ထာဝရ နတ်ဘုရား အပေါ်တွင် မရှိပါချေ။ သူ၏ ညာဘက်ရှိ ပုံရိပ်ပေါ်တွင်သာ ကျရောက်နေ၏။
အထူးသဖြင့်... မရေမတွက်နိုင်သည့် အမျိုးသား ကျင့်ကြံသူများမှာ သူမကို တွေ့မြင်ရုံဖြင့်ပင် စကြဝဠာ တစ်ခုလုံး လင်းလက်သွားသလို ခံစားလိုက်ရသည်။ သူမက ကြယ်တာရာ နယ်မြေ တစ်ခုလုံးတွင် အမှတ်မိလွယ်ဆုံး ပုံရိပ် ဖြစ်သည့် အပြင် ကြယ်ကွင်းပြင်တွင် အထင်ရှားဆုံး မိန်းကလေး တစ်ယောက်လည်း ဖြစ်သည်။
အဘယ်ကြောင့်နည်း။ သူမက မဟာစက်ဝန်း ကြယ်ကွင်းပြင်၏ နံပတ်တစ် အလှမယ် အဆုံးမဲ့ ကောင်းကင် ဧကရီ ရှောင်ချွမ်း ဖြစ်နေသောကြောင့်ပင်။
ဇင်ယော်တောင် မျက်ခုံးများမှ အစ နီရဲရဲ နှုတ်ခမ်းလေးများ အဆုံး ရှောင်ချွမ်းမှာ မည်သည့် နေရာတွင်မှာမှ သာမန် ဟု မခံစားရချေ။ သူမ၏ခန္ဓာကိုယ် အစိတ်အပိုင်း တစ်ခုချင်းတိုင်းမှာ မြင်သူတိုင်းကို အသက်ရှူ မှားလောက်အောင် ဆွဲဆောင်နိုင်သည်ချည်း ဖြစ်သည်။
အချောဆုံး အလှဆုံး ဆိုသည့် မိန်းမလှများ အကြား သူမကို ပို့လိုက်လျှင်ပင် နတ်မိမယ်လေး လူ့ပြည်လူ့လောက ဆင်းလာသည်နှင့် တူနေလိမ့်ဦးမည် ဖြစ်သည်။ ရှောင်ချွမ်းမှာ သံသယ ရှိစရာ မလိုလောက်အောင်ပင် အလှတရား၏ စံပြ ဖြစ်သည်။
ထာဝရ နတ်ဘုရား၏ ဘယ်ဘက်၌ ရပ်နေသူကတော့ သွေးနီရောင် ဝတ်စုံ ဝတ်ဆင်ထားသည့် လူအိုကြီး တစ်ယောက် ဖြစ်သည်။ သူ၏ နဖူးထက်၌ နေကြယ်ပုံ တက်တူး တစ်ခု ရှိနေခဲ့ကာ ၎င်းမှာ အစစ်အမှန် နေကြယ် တစ်စင်းအလား ဝင်ရိုးပေါ်တွင် လှည့်ပတ် နေ၏။ သူက ထာဝရနတ်ဘုရားနှင့် အဆုံးမဲ့ ကောင်းကင် ဧကရီတို့လောက် ကျော်ကြားချင်မှ ကျော်ကြားမည် ဖြစ်သော်လည်း အဆင့်အတန်းအားဖြင့် နည်းနည်းလေးမျှ နိမ့်ကျခြင်း မရှိပါချေ။
သူက မီးတောက်ခြောက်ခု ကြယ်တာရာ နယ်မြေ၏ အသန်မာဆုံး မြေကြီး ရှန့်ထို တစ်ယောက်ဖြစ်လည်း အင်ဖာနိုနေမီးတောက် ဘုရားကျောင်း၏ ပုပ်ရဟန်းမင်းကြီးပင် ဖြစ်လေသည်။
“ဧည့်သည်တော်တို့...”
ထာဝရနတ်ဘုရားက သူ၏ လက်ကို မြှောက်ကာ ဧကရီ ရှောင်ချွမ်းထံ ရောက်ရှိနေသည့် အာရုံစူးစိုက်မှုများကို ပြန်လည် ရယူလိုက်၏။
“ဒီနေ့ ဒီအချိန်မှာ ဧကရီ ရှောင်ချွမ်း၊ ပုပ်ရဟန် ဟုန်ယန်တို့နဲ့ အတူ ကျုပ် ထာဝရ နတ်ဘုရားက မဟာ စက်ဝန်း ရှန့်ထို ညီလာခံကြီးစတင်ကြောင်း ကြေညာလိုက်တယ်”
“အားလုံးကို ကြိုဆိုပါတယ်”
အားလုံးမှာ ရှင်းလင်းစွာပင် သူ၏ အသံကို ကြားလိုက်ရ၏။ ညီလာခံကား စတင်ခဲ့ပြီ ဖြစ်လေသည်။
ဟူး... ဟူး...
ထူးဆန်းသည့် ဖိအား တစ်ခုမှာ ကောင်းကင်မှ သက်ဆင်းလာကာ မဟာစက်ဝန်း ကြယ်ကွင်းပြင် တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့၏။
ယာယီ ငြိမ်းချမ်းရေး လျှို့ဝှက်ကျိန်စာမှာ အသက်ဝင် လာခဲ့ပြီ ဖြစ်လေသည်။
***