အင်မော်တယ်ကမ္ဘာ
Vol. 92 Ch. 1282
အင်မော်တယ်ကမ္ဘာရှိ မြစ်ကောင်းကင်အပြင်ခြမ်းပိုင်နက်၏ တစ်နေရာရာတွင်။
အမှောင်ထုကမ္ဘာအလယ်တွင် လျှပ်စီးများလက်ကာ မိုးကြိုးများက ထစ်ချုန်း ဟိန်းဟောက်လျက်ရှိသည်။ ဂြိုလ်က အနည်းငယ်တုန်ခါသွားပြီး လှိုင်းများက လေဆင်နှာမောင်းအသွင်ဖွဲ့ကာ ဉက္ကာပျံအပျက်အစီးများနှင့်အတူ ဂြိုလ်ကို ရိုက်ခတ်သွား၏။ အလင်းစက်တစ်ခုက ရုတ်တရက် ထွက်ပေါ်လာပြီး လွန်းပြန်ယာဉ်အင်မော်တယ်ဓားတစ်လက်က ထွက်ပြူလာလေ၏။
ကီလိုမီတာများစွာ ရှည်လျားသော အင်မော်တယ်ဓားက ဂြိုလ်အနီးနားတွင် ဆိုင်းငံရစ်ခိုသွားသည်။ ထို့နောက် ကောင်းကင်နှင့်မြေကြီးအဖြစ်အပျက်များက တဖြည်းဖြည်း ပပျောက်သွား၏။ လွန်းပြန်ယာဉ်၏တံခါးပေါက်က ပွင့်သွားကာ ပုံရိပ်နှစ်ခုက အပြင်ဘက်သို့ လျင်မြန်စွာ ထွက်ပေါ်လာလေသည်။
“ဒါက ဘယ်နေရာလဲ…”
ကူးယန်အာက အနည်းငယ်မျက်မှောင်ကြုတ်သည်၊ စိတ်ရှုပ်သွားဟန်တူသည်၊ သူမက ပတ်ပတ်လည်ကို လှည့်ပတ်ကြည့်၏။ အင်မော်တယ်ကမ္ဘာတွင် ရှိစဉ်တုန်းက သူမက နေရာမရေမတွက်များစွာ ရောက်ရှိဖူးသည်၊ သို့သော် ဤနေရာအား မရောက်ရှိခဲ့သည်တော့ သေချာ၏။
ထန်ရှု၏အမူအရာက တည်ငြိမ်လျက်သာပင်၊ သို့သော် သူ၏ရှုပ်ထွေးသောအတွေးခံစားချက်များကိုမူ သူ့မျက်လုံးများက မဖုံးကွယ်နိုင်ပေ။ ပတ်ဝန်းကျင်တွင် ကြွယ်ဝသောအင်မော်တယ်စွမ်းအားရှိသည်ကို သူက ခံစားသိရှိနိုင်ကာ ရုတ်တရက် ပြောလိုက်၏ “ဒီနေရာက မြစ်ကောင်းကင်အပြင်ဘက်ခြမ်းပိုင်နက်ပဲ”
မြစ်ကောင်းကင်အပြင်ဘက်ခြမ်းပိုင်နက်လား။
ကူးယန်အာက အံ့အားသင့်သွားသည်။ “ဘယ်လိုလုပ်ပြီး မြစ်ကောင်းကင်အပြင်ဘက်ခြမ်းပိုင်နက်ကို ရေက်လာတာလဲ။ အင်မော်တယ်ကမ္ဘာက ကြီးမားကျယ်ပြန့်တယ်ဆိုတာ ငါ သိပါတယ်။ ဒါပေမယ့် မြစ်ကောင်းကင်အပြင်ဘက်ခြမ်းပိုင်နက်က ငါတို့ရဲ့အရင်နေရာနဲ့ အရမ်းဝေးတယ်လေ။ ဒီနေရာကို တစ်ခါမှ မရောက်ဖူးဘူး။ အာကာသတည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ကို မရှာနိုင်ရင်တော့ အင်မော်တယ်လွန်းပြန်ယာဉ်နဲ့ပဲ ပျံသန်းသွားမယ်ဆိုရင် အင်မော်တယ်လိုင်ဇီယန်ပိုင်နက်ကို ရောက်ဖို့ နှစ်ထောင်ချီကြာသွားမှာ”
ထန်ရှုက ပြန်ဖြေ၏ “တကယ်တော့ လက်ရှိအချိန်မှာ ငါတို့က အင်မော်တယ်လိုင်ဇီယန်ပိုင်နက်ကို တန်းသွားလို့မရနိုင်ဘူး။ ပြီးတော့ အဲကို သွားတဲ့လမ်းမှာ ပြဿနာတွေ အများကြီး ရင်ဆိုင်ရနိုင်တယ်။ နည်းနည်းလေးသတိလျော့သွားတာနဲ့ ငါတို့ရဲ့လူတွေအားလုံး လမ်းမှာပဲ သေသွားမှာ”
“ဒါဆို ဘာဆက်လုပ်ကြမလဲ၊ ဆရာသခင်”ကူးယန်အာက အားတင်းပြုံးလိုက်သည်။
“ငါတို့လုပ်နိုင်တာ ဘာမှ မရှိသေးဘူး၊ ဒါပေမယ့် လမ်းကြောင်းအချို့ကိုတော့ ရှာရမှာပေါ့”ထန်ရှုက ပြန်ပြော၏ “ငါတို့ ခဏမရှိတဲ့အတောအတွင်း ငါတို့ရဲ့လူတွေ အခြေချဖို့ နေရာတချို့ ရှာရအောင်”
“ငါတို့တွေ ဘယ်ကို သွားမှာလဲ”ကူးယန်အာက မေးလိုက်သည်။
“ငါလဲ အရင်က ဒီနေရာကို မရောက်ဖူးဘူး၊ ဒါပေမယ့် ဒီနေရာမှာ အာကာသတည်နေရာရွှေ့ပြောင်းခြင်းအစီအရင်တစ်ခုကို ဘယ်နေရာမှာ ရှာလို့ရမလဲဆိုတာတော့ ငါ သိတယ်။ ဒါပေမယ့် အဲဒါကို အသုံးပြုဖို့ဆိုရင် အင်မော်တယ်ကျောက်တုံးတွေ အများကြီး ပေးချေရမယ်။ ဒီတော့ ငါတို့တွေ လုယက်ရမယ်။ အနီးနားက လူတွေဆီက လုယက်ရမှာပေါ့။ အင်မော်တယ်ပုံဆောင်ခဲအချို့ကို လုယက်နိုင်မယ်ဆိုရင်တော့ အံ့ဖွယ်ပဲပေါ့”
လုယက်ရမှာလား။
ကူးယန်အာက ရှုံ့မဲ့ကာ ပြုံးရပြန်သည်။ သူမဆရာသခင်၏အဆင့်အတန်းအရ ဒီလိုအနေအထားထိ နိမ့်ကျသွားရလိမ့်မည်ဟု မမျှော်လင်ထားပေ။ ဆရာသခင်ရဲ့သရုပ်မှန်ကို သိတဲ့လူတစ်ယောက်သာ ဒါကို ကြားလိုက်ရရင်တော့ သူတို့က အံ့ဩတုန်လှုပ်သွားကြမှာ သေချာသလောက်ပဲ။
ရက်အနည်းငယ်ကြာပြီးနောက် လွန်းပြန်ယာဉ်က ဂြိုလ်တစ်ခုပေါ်သို့ ဆင်းသက်သွားသည်။ သက်ရှိတစ်ယောက်မှ မရှိသောကြောင့် ဤဂြိုလ်က တိတ်ဆိတ်ခြောက်ကပ်လျက်ရှိ၏။
လူနှစ်သိန်းကျော်က လွန်းပြန်ယာဉ်မှ ထွက်လာပြီး စတင်အခြေချရန် ပြင်ဆင်လိုက်ကြသည်။
ဝှီ…
ဝှီ…
ဝှီ…
သူတို့က မဟာထန်အင်ပါယာ၏အဆင့်မြင့်အဖွဲ့ဝင်များဖြစ်စေ၊ စစ်တပ်လေးခု၏တပ်သားများဖြစ်စေ၊ သို့မဟုတ် လိုက်ပါလာသည့် မိသားစုဝင်များပင်ဖြစ်စေ၊ အင်မော်တယ်စွမ်းအင်ကို အဆက်မပြတ် စုပ်ယူပြီးနောက် လူများစွာက ကျင့်ကြံခြင်းအဆင့် စတင်ချိုးဖြတ်လာကြသည်။
ဤဂြိုလ်ပေါ်တွင် လဝက်ခန့် အခြေချပြီးနောက် လူတိုင်းနီးပါး အဆင့်ချိုးဖြတ်ခဲ့ကြသည်။ အလွန်ပါရမီပါသောသူအချို့ဆိုလျှင် တစ်ဆင့်ပြီးတစ်ဆင့် အဆက်မပြတ် ချိုးဖြတ်ခဲ့ကြ၏။ လဝက်မျှအတွင်း မဟာထန်အင်ပါယာ၏အလုံးစုံခွန်အားက အနည်းဆုံးတစ်ဆင့်လောက် မြင့်တက်လာသည်ဟု ပြောနိုင်ပေသည်။
ဤလဝက်အတွင်း ကူးယန်အာက ဂြိုလ်ပေါ်တွင် အစီအရင်လေးခု ခင်းကျင်းခဲ့ပြီဖြစ်သည်။ အလွှာတစ်ခုစီက နီးကပ်စွာ ချိတ်ဆက်နေပြီး ရွှေအင်မော်တယ်အဆင့်မရှိလျှင် မည်သူမှ မဟာထန်အင်ပါယာသားများကို မထိခိုက်စေနိုင်ပေ။
“ငါတို့လဲ သွားကြစို့”
အရာအားလုံးစီစဉ်ပြီးနောက် ထန်ရှုနှင့်ကူးယန်အာက အဝေးသို့ ပျောက်ကွယ်သွားလေသည်။
အင်မော်တယ်ကမ္ဘာက ကျယ်ပြန့်သလို ကောင်းကင်မြစ်အပြင်ဘက်ခြမ်းပိုင်နက်ကလည်း ကျယ်ပြန့်သည်။ ပိုင်နက်၏အဆုံးမှ အခြားနယ်နိမိတ်သို့ ပျံသန်းရန် ရွှေအင်မော်တယ်အဆင့်ရှိသူများလျှင်ပင် အနည်းဆုံး ရာစုနှစ်တစ်ခု လိုအပ်သည်။ ကြီးမားသောဧရိယာနှင့်အတူ အရေအတွက်မတိုင်းတာနိုင်လောက်သော အင်မော်တယ်များနှင့် မော်တယ်သေမျိုးများက ဆယ်သန်းချီ ရှိသည်။
နှစ်ရက်ကြာပြီးနောက် သူတို့နှစ်ယောက်က ပထမဆုံးအင်မော်တယ်နှင့် တွေ့ဆုံမိသည်။ ဤလူသားအင်မော်တယ်က အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ကျောင်းတော်သားတစ်ယောက်နှင့် တူသည်။ သူ၏ကျင့်ကြံခြင်းအဆင့်က မမြင့်မားလှပေ၊ ကပ်ဘေးအင်မော်တယ်အဆင့်သာ ရှိသည်။ သို့သော် စစ်ရထားနှစ်စီးဖြင့် သူ့နောက်လိုက်လာနေသော လူအများစုက သူနှင့် အဆင့်တူသည်၊ သူတို့ထဲမှ မုတ်ဆိတ်ဖြူလူအိုကြီးတစ်ယောက်ပင် နက်နဲသိမ်မွေ့ခြင်းအင်မော်တယ်စဉီးအဆင့်အရှိန်အဝါကို ထုတ်လွှတ်နေပေလေ၏။
“ရပ်စမ်း…”
ထန်ရှုနှင့်ကူးယန်အာတို့က အဖြူဝတ်အင်မော်တယ်၏လမ်းကို ပိတ်တားလိုက်သည်။
ဤအင်မော်တယ်၏နာမည်က ယိုကျုံး၊ မြစ်ကောင်းကင်အပြင်ခြမ်းပိုင်နက်ရှိ ခရုဘုတ်အင်မော်တယ်ဒေသခံသား။ သူ့ကလန်က ဒေသတွင် ကြီးမားသောလွှမ်းမိုးမှုရှိပြီး သူက ကလန်လက်ထောက်ခေါင်းဆောင်၏တရားမဝင်သားတစ်ယောက်ဖြစ်သည်။ သို့သော် သူ့အဖေအား အခြားအင်မော်တယ်ပိုင်နက်တစ်ခုကို စီမံခန့်ခွဲ့ရန် တာဝန်ပေးအပ်ပြီးနောက် သူ့အဖေ၏ယခင်ဇနီးက သူ့အား အခက်အခဲဖြစ်စေရန် အမြဲတမ်းကြိုးပမ်းနေခဲ့ပြီး သူ့အား သုတ်သင်ရန်အတွက် လူအချို့ကိုပင် စေလွှတ်ခဲ့သည်။
သို့သော် သူက အသည်းအသန်ထွက်ပြေးနေစဉ်မှာပင် စွမ်းအားရှင်အချို့က သူ့လမ်းကြောင်းကို တားဆီးခဲ့သည်။ မီးထဲသို့ ဆီထည့်လိုက်သလိုပင်၊ လက်ရှိအချိန်တွင် သူ့နှလုံးသားက ချိုင့်ဝှမ်းအောက်ခြေသို့ ပြုတ်ကျသွားသည့်ပမာ ဖြစ်ခဲ့ရသည်။
“ကျေးဇူးပြုပြီး ငါ့အသက်ကို ချမ်းသာပေးပါ၊ စီနီယာတို့”
ကူးယန်အာထံမှ အားကောင်းသောအရှိန်အဝါကို မြင်ပြီး ယိုကျုံးက ချက်ချင်းဒူးထောက်တောင်းပန်လိုက်၏။
ထန်ရှုက သူ့အား တစ်ချက်ကြည့်လိုက်သည်၊ ထို့နောက် သူ့အကြည့်အား နီးကပ်လာသော စစ်ရထားနှစ်စီးထံ ပြောင်းလိုက်၏။ ရောက်ရှိလာပြီးနောက် စစ်ရထားပေါ်ရှိ လူအချို့က လျင်မြန်စွာ ချဉ်းကပ်လာခဲ့သည်။
“အင်မော်တယ်ကမ္ဘာက အရင်ကလို ရက်စက်ကြမ်းတမ်းနေစမြဲပါလား…”တောက်ပသောအပြုံးတစ်ခုက ထန်ရှု၏ချောမောခန့်ညားသောမျက်နှာပေါ်တွင် ထွက်ပေါ်လာလေတော့၏။
ထိုလူများကို ဉီးဆောင်လာသည့် လူအိုကြီးက မျက်မှောင်ကြုတ်လျက် ထန်ရှုကို စိုက်ကြည့်လိုက်သည်။ ထို့နောက် သူ့မျက်လုံးများက ကူးယန်အာပေါ်သို့ ကျရောက်သွားကာ ပြောလိုက်လေ၏ “ဒီငမိုက်သားကို တားဆီးပေးတဲ့အတွက် မိတ်ဆွေနှစ်ယောက်ကို ကျေးဇူးတင်ပါတယ်”
“မင်းတို့ရဲ့ကိစ္စကို ငါ စိတ်မဝင်စားဘူး။ ဒါပေမယ့် မင်းတို့မှာ အသိစိတ်နည်းနည်းရှိရင်တော့ ငါ့ကို မင်းတို့ရဲ့အင်မော်တယ်ကျောက်တုံးနဲ့ပုံဆောင်ခဲတေါ လွှဲပေးလိုက်စမ်း။ ငါ သွေးကြောင်းစီးတာကို မမြင်ချင်ဘူးနော်”
“ဒါက လုယက်ဖို့အတွက် ငါတို့ရဲ့လမ်းကို ပိတ်ထားတာလို့ ဆိုလိုတာလား၊ မစ္စတာ”လူအိုကြီးက ဒေါသတကြီး အော်ပြော၏ “ငါတို့ဝတ်ထားတဲ့တံဆိပ်ကို မမြင်ဖူးဘူးလို့တော့ မပြောဘူးမလား”
“ဒီတံဆိပ်က ဘာဖြစ်လို့လဲ။ မင်းတို့မှာ ကြီးမားတဲ့နောက်ခံအချို့ ရှိနေလို့လား”ထန်ရှုက ပြုံးကာ ပြန်ပြောသည်။
“ဟမ့်၊ ဒီအင်မော်တယ်ပိုင်နက်က ငါတို့ယိုကလန်ရဲ့ထိန်းချုပ်မှုအောက်မှာ ရှိတယ်”လူအိုကြီးက နှာခေါင်းရှုံ့လိုက်သည် “ယိုကလန်ကို ရန်စခဲ့တဲ့ဘယ်သူမဆို ငရဲကို ရောက်သွားနေကျပဲ။ မင်းတို့နှစ်ယောက်ကို ကြည့်ရတာ ဒီနေရာက မဟုတ်ဘူးထင်တယ်။ ဒါဆို ငါ မင်းတို့ကို အကြံပေးမယ်၊ ငါတို့ရဲ့ကိစ္စမှာ ဝင်မရှုပ်နဲ့။ မဟုတ်ရင် မင်းတို့ရဲ့သနားစရာကောင်းတဲ့အသက်ကို ထိန်းသိမ်းနိုင်မှာ မဟုတ်တော့ဘူး”
ထန်ရှုက တိတ်တဆိတ်ခေါင်းခါယမ်းလိုက်သည်။ သူက အင်မော်တယ်အဆင့်သို့ မချိုးဖြတ်ရသေးသော်ငြား သူ့အရှေ့ရှိ ဤလူများအား တစ်ယောက်တည်း တိုက်ခိုက်နိုင်သည်၊ ထို့ပြင် သူ့ဘေးနားတွင် ရွှေအင်မော်တယ်အဆင့်ကျွမ်းကျင်သူတစ်ယောက် ရှိသေး၏။
ယိုကလန်လား။ သူက ဤကလန်ကို တစ်ခါမှ မကြားဖူးပေ၊ ထိုကလန်က ဤအင်မော်တယ်ပိုင်နက်ရှိ ကလန်ငယ်တစ်ခုမျှဟု ဆိုလိုသည် မဟုတ်လော။
ထန်ရှုက ယုံကျုံးထံ အကြည့်ပြောင်းကာ မေးလိုက်၏ “သူတို့က ယိုကလန်က ဆိုတော့၊ မင်းကရော ဘာလဲ။ မင်းက ဘယ်သူလဲ၊ ဘာလို့ မင်းက သူတို့ကို ရန်စခဲ့တာလဲ”
ကူးယန်အာ၏ခွန်အားကို ကြောက်ရွံ့သောကြောင့် ယိုကျုံးက သူ့ပုံပြင်တစ်ခုလုံးကို ရိုးသားစွာ ပြောပြခဲ့ပြီး နောက်ဆုံးတွင် အနည်းငယ်မုန်းတီးဟန်နှင့် ပြောလိုက်၏ “ငါမွေးဖွားလာရမယ့်မိသားစုက ဘာလဲဆိုတာ ထိန်းချုပ်ဖို့ ငါ့မှာ စွမ်းရည်မရှိဘူးလေ။ လွန်ခဲ့တဲ့နှစ်တွေမှာတော့ ငါက အမြဲတမ်း သိုသိုသိပ်သိပ်ပဲ နေခဲ့တယ်၊ ငါ့အဖေပေးတဲ့အရင်းအမြစ်တွေကို ဘယ်တော့မှ အသုံးမပြုချင်ခဲ့ဘူး။ ဒါပေမယ့် ငါ့အဖေထွက်သွားပြီးတဲ့နောက် ယိုကလန်က ငါ့ကို ထွက်ခွင့်ပြုဖို့ ဆန္ဒမရှိဘူးဖြစ်နေတယ်။ စီနီယာနှစ်ယောက်၊ ငါ့အသက်ကို ကယ်တင်ပေးဖို့ တောင်းဆိုပါတယ်။ ငါ့ရဲ့ကံကြမ္မာကို သင်တို့ထံ ပုံအပ်ပါတယ်၊ ကြီးမားသောကံကောင်းမှုတွေရှိတဲ့လျှို့ဝှက်ချက်တစ်ခုကိုလဲ သင်တို့ကို ပြောပြပါ့မယ်”
ထန်ရှု၏မျက်လုံးများက လင်းလက်သွားပြီး သူက ချက်ချင်းပြုံးလိုက်သည် “ကောင်းပြီလေ၊ ဒီအပေးအယူကို ငါတို့လုပ်နိုင်တယ်လို့ ထင်တယ်နော်၊ ယန်အာ”
ဝှစ်…
ကူးယန်အာက ယုကလန်အင်မော်တယ်ဒါဇင်ကျော်၏ရှေ့မှောက်သို့ ရုတ်ချည်း ထွက်ပေါ်လာသည်။ ထို့နောက် သူမက အင်မော်တယ်ဓားဖြင့် အားကောင်းသောတိုက်ကွက်တစ်ခုကို ထုတ်ဖော်လိုက်၏၊ ကောင်းကင်ကို ဖြတ်ကာ ထိုအင်မော်တယ်များအား ချက်ချင်း ရိုက်ခတ်သွားခဲ့၏။
“ဒါ…ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
လူအိုကြီး၏မျက်ခုံးများက ပြင်းပြင်းထန်ထန် ကျုံ့သွားပြီး မယုံကြည်နိုင်မှုက သူ့မျက်လုံးများထဲတွင် ပြည့်လာ၏။ သူက နက်နဲသိမ့်မွေ့ခြင်းအင်မော်တယ်အဆင့်ကျွမ်းကျင်သူတစ်ယောက်ဖြစ်ပြီး ဤအင်မော်တယ်ပိုင်နက်တွင် ကြီးမားသောဂုဏ်သတင်းတစ်ခုရှိသည်။ ယိုကလန်တစ်ခုလုံးတွင် ခေါင်းဆောင်နှင့်အကြီးအကဲခြောက်ယောက်သာ သူ့ထက် ပိုအားကောင်းသည်။
သို့သော် သူနှင့်သူ့လူအားလုံးအား သတ်ဖြတ်ရန် ရန်သူက တစ်ကွက်သာ လှုပ်ရှားခဲ့သည်။ ဒီလိုစွမ်းအားက…အနည်းဆုံး ရွှေအင်မော်တယ်အဆင့်ကျွမ်းကျင်သူတစ်ယောက်၏ခွန်အားရှိသည်။
ကူးယန်အာက နှာခေါင်းရှုံ့လိုက်သည်။ သူမ၏အတိတ်ကာလနေ့ရက်များဆီသို့ ပြန်ရောက်လာပုံရ၏။ သူမ၏မျက်လုံးများထဲတွင် သနားကြင်နာမှုအလျဉ်းမရှိပေ။ သူမက ထိုယိုကလန်သားများ၏သိုလှောင်လက်စွပ်ကို လျင်မြန်စွာ ယူထုတ်ကာ စစ်ဆေးကြည့်လိုက်သည်၊ အထဲတွင် ပစ္စည်းအမြောက်အများ တွေ့လိုက်ရ၏။
“ဟမ်…ဒီကောင်တွေက တော်တော်ဆင်းရဲတာပဲ၊ ဆရာသခင်”
ကူးယန်အာက ခေါင်းခါယမ်းလိုက်ပြီး ပစ္စည်းအားလုံးကို သူမ၏သိုလှောင်လက်စွပ်ထဲသို့ လွှဲပြောင်းရင်း ပြော၏ “ငါတို့က အင်မော်တယ်ကျောက်တုံးနှစ်ထောင်အောက်နဲ့ အင်မော်တယ်ပုံဆောင်ခဲလေးခုပဲ ရခဲ့တယ်။ ကျန်တာတွေက အမှိုက်တွေပဲ။ အဲဒါတွေအားလုံး ရောင်းမယ်ဆိုရင်တောင် အင်မော်တယ်ကျောက်တုံးတစ်သိန်းကျော်လောက်ပဲ ရနိုင်မှာ”
အခြားတစ်ဖက်တွင် ထူးဆန်းသောအမူအရာက ယိုကျုံး၏မျက်နှာပေါ်တွင် ရေးဆွဲသွားသည်။ ဒီလောက်များတဲ့အင်မော်တယ်ကျောက်တုံးတွေ၊ အင်မော်တယ်ပုံဆောင်ခဲအချို့ရော…ဒါတောင် ယိုကလန်က သနားစရာကောင်းလောက်အောင် ဆင်းရဲတယ်လို့ ဒီအမျိုးသမီးက ပြောတယ်။ သူမက ကျီးစားနေတာလား…
သို့သော် နောက်မှ ထန်ရှု၏ပြောကြားချက်က သူ့အား ပြိုလဲလုနီးပါးဖြစ်သွားစေသည်။
“ဒီလောက်နည်းတဲ့အင်မော်တယ်ကျောက်တုံးနဲ့ပုံဆောင်ခဲတွေ…သူတို့က တကယ်ဆင်းရဲတာပဲ…”ထန်ရှုက ပြုံးကာ ပြောလိုက်သည် “ငါတို့က ဒီကလန်ကို လုယက်ရင် အဆင်ပြေမယ်လို့ ထင်ထားတာ၊ ဒါပေမယ့် အခု ဒါကို မေ့ထားလိုက်ရမယ့်ပုံပဲ။ ဒီကလန်က ငါတို့ လုယက်ရလောက်အောင် မချမ်းသာနေဘူးပဲ”
“ငါလဲ အတူတူပဲ၊ ဆရာသခင်”ကူးယန်အာက ရယ်မောကာ ပြောလိုက်သည် “ဒါပေယ့် လက်ရှိအချိန်မှာ ငါတို့အတွက်တော့ ခြင်ရဲ့အသားက ဘယ်လောက်ပဲ သေးသေး၊ အသားဖြစ်နေတုန်းပဲ။ သူတို့ဆီ တစ်ခေါက်လောက် သွားလည်ကြည့်မယ်ဆိုရင်ရော”
ထန်ရှုက ယိုကျုံးဘက်သို့ လှည့်ကာ မေးလိုက်၏ “ဟေး၊ ယိုကလန်က ဒီနေရာနဲ့ အဝေးကြီးလား”
ယိုကျုံးက တစ်ခဏလောက် နှုတ်ခမ်းလှုပ်သွားသည်။ ထို့နောက် သူက အားတင်းပြုံးကာ ပြောလိုက်သည် “သိပ်မဝေးပါဘူး၊ ယိုကလန်သိမ်းပိုက်ထားတဲ့ဂြိုလ်ကို သွားဖို့ လဝက်လောက်ပဲ ကြာမှာ။ ဒီစီနီယာရဲ့ကျင့်ကြံခြင်းအဆင့်နဲ့ဆိုရင် အဲကို ရောက်ဖို့ ရက်အနည်းငယ် ကြာမယ်ထင်တယ်”
ထန်ရှုနှင့်ကူးယန်အာက အကြည့်ချင်း ဖလှယ်လိုက်သည်။ ထို့နောက် သူက ပြုံးကာ မေးလိုက်၏ “ဒါဆိုလဲ ကောင်းပြီလေ။ သူတို့က နီးနီးလေးရှိနေမှတော့ ယိုကလန်ကို သွားကြတာပေါ့။ ဒါနဲ့ ဟုတ်တယ်။ မင်းရော ယိုကလန်ကို မုန်းလား”
ယုံကျုံးက ခေါင်းညိတ်ကာ ပြောလိုက်သည် “သူတို့အပေါ် ငါ့ရဲ့အမုန်းက နက်ရှိုင်းလွန်းပါတယ်။ ငါ့အဖေက လွဲပြီး သူတို့ထဲက လူတိုင်းကို မုန်းတယ်”
ဟမ်…ဒါဆို သူတို့က ကောင်းတဲ့ဟာတွေ မဟုတ်ဘူးထင်တယ်…ထန်ရှုက စိတ်ထဲ၌ သက်ပြင်းချလိုက်သည်။
“ဒါက ငါ့ကို တစ်ခုသတိပေးလိုက်တာပဲ။ ဒီကောင်တွေကို သတ်ပေးရင် ငါ့ကို လျှို့ဝှက်ချက်တစ်ခုပြောပြပေးမယ်လို့ မင်း ပြောခဲ့တယ်နော်။ အခု အဲဒီလျှို့ဝှက်ချက်ကို ပြောတော့။ ဒါပေမယ့် သတိထားနော်၊ ကောင်လေး။ ဒီလျှို့ဝှက်ချက်ဆိုတာက ငါ့ကို စိတ်မဝင်စားစေဘူးဆိုရင် မင်းက ငါ့ဆီကနေ ကြောက်စရာကောင်းတဲ့တန်ဖိုးတစ်ခုကို လက်ခံရဖို့ မျှော်မှန်းထားပေတော့။ မင်းကို ကြိုတင်ပြောထားလိုက်မယ်၊ ငါ့မှာ အင်မော်တယ်တွေရဲ့စိတ်ဝိညာဉ်ကို ထုတ်ယူပြီး အမြဲတမ်းနှိပ်စက်လို့ရတဲ့လျှို့ဝှက်ပညာရပ်တစ်ခုရှိတယ်။ ငါသာ ဒါကို အသုံးပြုလိုက်ရင် နတ်ဆိုးတွေကတောင် သူတို့ရဲ့ဘောင်းဘီကနေ သေးထွက်ကျသွားရလိမ့်မယ်”ထန်ရှုက စီးကရက်တစ်လိပ်ယူထုတ်ကာ မီးညှိရင်း ပြောလိုက်သည်။