← Chapters

ဖြတ်ကျော်ခြင်း

Vol. 92 Ch. 1289

ဖြတ်ကျော်ခြင်း

Vol. 92 Ch. 1289

ထို့နောက် ထန်ရှုက ကျောက်စိမ်းပုလင်းဆယ်လုံးကို ယူထုတ်ကာ အမှောင်မြောက်အင်မော်တယ်ထံ ကမ်းပေးလျက် ရယ်လိုက်၏ “ကောင်းပြီလေ၊ ကျန်ရှိတဲ့မီးတိမ်ပုစဉ်းရင်ကွဲတွေအတွက်ကတော့ ကျုပ်မှာ အခြားအသုံးပြုစရာရှိသေးတယ်၊ ဒီဆယ်ကောင်ကို ကျုပ်ပေးရမယ့်အင်မော်တယ်ပုံဆောင်ခဲတွေရဲ့အစိတ်အပိုင်းအနေနဲ့ သတ်မှတ်လိုက်ပါ။ ဒီမီးတိမ်ပုစဉ်းရင်ကွဲဆယ်ကောင်ရဲ့တန်ဖိုးကို ခန့်မှန်းပြီး ကျုပ်ပေးရမယ့်ပမာဏကနေ အဲဒါကို နှုတ်ချလိုက်ပါ။ ကျုပ် ခင်ဗျားကို အတိအကျဘယ်လောက်ပေးရမှာလဲ”

အမှောင်မြောက်အင်မော်တယ်က ဂရုတစိုက်တွက်ချက်ပြီး အချိန်အတော်ကြာ စဉ်းစားနေလိုက်၏။ ထို့နောက် သူက ဖြည်းဖြည်းချင်း ပြော၏ “အင်မော်တယ်ပုံဆောင်ခဲလေးသိန်း”

ထန်ရှုက ခေါင်းညိတ်ပြကာ ပြော၏ “ကောင်းပြီလေ၊ လောလောဆယ် အင်မော်တယ်ပုံဆောင်ခဲလေးသိန်းကို မထုတ်ပေးနိုင်သေးဘူး၊ ဒါပေမယ့် ကျုပ် ခင်ဗျားကို တစ်သိန်းပေးမယ်။ ဒီမီးတိမ်ပုစဉ်းရင်ကွဲဆယ်ကောင်ကိုပါ ထပ်ပေါင်းထည့်ပြီး ကျုပ်ဆီက ကြိုတင်စရံငွေအနေနဲ့ သတ်မှတ်လိုက်ပါ။ နောက်တစ်နှစ်ကျလို့ အင်မော်တယ်ဓားနဲ့တိုက်ပွဲချပ်ဝတ်တွေကို လာရွေးတော့မှ ကျန်တာတွေကို ကျုပ် ပေးမယ်။ ဘယ်လိုလဲ”

အမှောင်မြောက်အင်မော်တယ်က မျက်နှာပေါ်ရှိ ချွေးများကို သုတ်ကာ ရှုံ့မဲ့ပြုံးလိုက်၏ “မဟာထန်အင်မော်တယ်မိတ်ဆွေ၊ ဒီနေရာမှာ ကျုပ်က ဆင်းရဲဟန်ဆောင်နေတာမဟုတ်ဘူး။ ကျုပ်ရဲ့ဂိုဏ်းမှာ ပစ္စည်းတွေအများကြီးရှိတယ်ဆိုပေမယ့် ကျုပ်တို့က မချမ်းသာပါဘူး။ အင်မော်တယ်ပုံဆောင်ခဲလေးသိန်းကို ဂိုဏ်းကြီးတစ်ခုရဲ့ကြွယ်ဝမှုတွေအကုန်လုံးလို့ ပြောလို့ရတယ်။ ကျုပ်ရဲ့ဂိုဏ်းကလဲ…အာ…ဒီလောက်များတဲ့အင်မော်တယ်ပုံဆောင်ခဲတွေကို ထုတ်ပေးနိုင်မှာ မဟုတ်ဘူး…”

ထန်ရှုက စိတ်ထဲ၌ တွေးလိုက်၏။ ဤပိုင်နက်ရှိ ဂိုဏ်းနှင့်ကလန်များက ဒီလောက်ဆင်းရဲမည်ဟု သူက မမျှော်လင့်ထားခဲ့ပေ။ သူက ကလန်ကြီးသုံးခုကို လုယက်ခဲ့သည်၊ သို့သော် အင်မော်တယ်ပုံဆောင်ခဲများ၏စုစုပေါင်းအရေအတွက်က တစ်သိန်းအောက်သာ ရှိ၏။ လွန်ခဲ့သောရက်အနည်းငယ်အတွင်း သူ ရရှိခဲ့သည်များကိုပါ ပေါင်းထည့်လိုက်လျှင် အရေအတွက်က တစ်သိန်းကျော်ရုံမျှသာ ဖြစ်၏။

ခဏစဉ်းစားပြီးနောက် ကူးယန်အာဆီမှ အရင်းအမြစ်အားလုံးကို ယူရန် ထန်ရှုက ဆုံးဖြတ်ကာ သူ့ကိုယ်ပိုင်နှင့် ပေါင်းထည့်လိုက်၏။ သူက သူတို့အားလုံးကို အမှောင်မြောက်အင်မော်တယ်ထံ ပေးကာ ပြောလိုက်၏ “မီးတိမ်ပုစဉ်းရင်ကွဲဆယ်ကောင်ပါ ပေါင်းထည့်လိုက်ရင် ဒီပစ္စည်းတွေရဲ့စုစုပေါင်းတန်ဖိုးက အင်မော်တယ်ပုံဆောင်ခဲသုံးသိန်းပတ်လည်မှာ ရှိမယ်၊ ဒါကြောင့် ခင်ဗျားဆီမှာ ကျုပ်က အင်မော်တယ်ပုံဆောင်ခဲတစ်သိန်းအကြွေးကျန်အုံးမှာပေါ့”

အမှောင်မြောက်အင်မော်တယ်က သိုလှောင်လက်စွပ်ကို ယူကာ အထဲရှိ အရင်းအမြစ်အားလုံး၏ပမာဏကို တွက်ချက်လိုက်သည်။ ထို့နောက် သူက ခေါင်းညိတ်ကာ ပြော၏ “ဒီပစ္စည်းတွေအားလုံးရဲ့တန်ဖိုးက အင်မော်တယ်ပုံဆောင်ခဲသုံးသိန်းတစ်သောင်းလောက်ရှိမယ်”

“ဒါဆို ဒီလိုလုပ်ကြရအောင်။ ကျုပ် ခင်ဗျားဆီမှာ အင်မော်တယ်ပုံဆောင်ခဲနှစ်သိန်း အကြွေးထားခဲ့မယ်။ ဒါပေမယ့် အဲဒီအင်မော်တယ်လက်နက်နဲ့တိုက်ပွဲချပ်ဝတ်တွေကို အရင်ဆုံး သန့်စင်ပေးရမယ်။ နောက်ခြောက်လကျရင် ခင်ဗျားရဲ့ဂိုဏ်းဆီ အင်မော်တယ်ပုံဆောင်ခဲနှစ်သိန်းကို ကျုပ် ပို့လိုက်မယ်”

နောက်ဆုံးတွင် အမှောင်မြောက်အင်မော်တယ်က စိတ်သက်သာရာရကာ ခေါင်းညိတ်လျက် ပြော၏ “ကျုပ် ခင်ဗျားကို ယုံပါတယ်၊ ဒါဆို အပေးအယူဖြစ်ပြီ”

ထန်ရှုက ခေါင်းခါယမ်းလျက် အားတင်းပြုံး၏ “ဟူး၊ တစ်ချက်တည်းနဲ့ ကျုပ်က မွဲသွားတာပဲ။ ကောင်းပြီလေ၊ ကျုပ် အခု ထွက်သွားတော့မယ်။ နှစ်နှစ်အတွင်းမှာ ခင်ဗျားဆီ ကျုပ်ကိုယ်တိုင် လာလည်မှာပါ”

“ကောင်းပါပြီလေ…”

အမှောင်မြောက်အင်မော်တယ်က လက်သီးဆုပ်လိုက်သည်။ သို့သော် သူနှင့်အပူအပင်မဲ့က ထွက်ခွာသွားတော့မည်ဆဲဆဲတွင် သူက ထန်ရှုဘက်သို့ ရုတ်တရက် လှည့်ကာ ပြုံးလျက် ပြော၏ “မဟာထန်ရောင်းရင်းအင်မော်တယ်၊ ခင်ဗျားမှာ အချိန်ရှိရင် ကြည်လင်ရေဂိုဏ်းဆီ သွားဖို့ ကျုပ် အကြုံပြုချင်တယ်။ ကြည်လင်ရေဂိုဏ်းရဲ့ဘိုးဘေးနှစ်ယောက်က အသတ်ခံလိုက်ရပြီဆိုတော့ သူတို့မှာ ရွှေအင်မော်တယ်တစ်ယောက်ပဲ ကျန်တယ်။ ကြွယ်ဝမှုအရဆိုရင် ကြည်လင်ရေကလန်က ကျုပ်တို့ဂိုဏ်းထက် အများကြီးပိုချမ်းသာတယ်”

ထန်ရှု၏မျက်လုံးများက လင်းလက်သွားကာ သူက ပြုံးလျက် မေး၏ “ခင်ဗျားကရော လက်စားမချေချင်ဘူးလား”

“ခင်ဗျားရဲ့အမိန့်ကို မရရင် ကျုပ်ဂိုဏ်းက ကြည်လင်ရေကလန်ကို အပြတ်ရှင်းပစ်မှာပါ”အမှောင်မြောင်အင်မော်တယ်က ပြန်ဖြေသည် “ဒါပေမယ့် အခု ခင်ဗျားက ပိုက်ဆံလိုနေတာဆိုတော့ ကျုပ်က ဒီအကျိုးအမြတ်ကို ခင်ဗျားဆီ ပေးဖို့ ဆန္ဒရှိပါတယ်။ ကြည်လင်ရေကလန်မှာ ကျန်ရှိတဲ့အင်မော်တယ်ပုံဆောင်ခဲနှစ်သိန်းကို ပေးဖို့ ကြွယ်ဝမှုအလုံအလောက်ရှိမှာပါ”

“ကျုပ် သိပြီ”ထန်ရှုက အနည်းငယ်ပြုံးကာ ပြန်ဖြေ၏။

အမှောင်မြောက်အင်မော်တယ်နှင့်အပူအပင်မဲ့တို့ ထွက်ခွာသွားပြီးနောက် ကူးယန်အာက ပြောလိုက်၏ “ဆရာသခင်၊ အခု ငါတို့မှာ မီးတိမ်ပုစဉ်းရင်ကွဲရှိပြီဆိုတော့ နောက်ထပ် ဘယ်ကို သွားကြမလဲ”

ထန်ရှုက ယိုကျုံးကို တစ်ချက်ကြည့်၏၊ ထို့နောက် သူ့ထံ မီးတိမ်ပုစဉ်းရင်ကွဲတစ်ကောင်ပါဝင်သည့်ကျောက်စိမ်းပုလင်းတစ်လုံးပေးကာ ပြုံးလိုက်၏ “အော်ရစ်ရင်းမြစ်ရှိတဲ့အင်မော်တယ်ပိုင်နက်ဆီ သွားကြတာပေါ့။ အော်ရစ်ရင်းမြစ်ကို ရမယ်ဆိုရင် ငါက နှစ်အနည်းငယ်အတွင်းမှာ နက်နဲသိမ်မွေ့ခြင်းအင်မော်တယ်ကျွမ်းကျင်သူတစ်ယောက်နဲ့ ယှဉ်ပြိုင်နိုင်လိမ့်မယ်”

ကူးယန်အာက ပြုံးကာ ခေါင်းညိတ်လျက် ပြော၏ “ဒါဆို ဒီအော်ရစ်ရင်းမြစ်ကို သေချာပေါက် ရအောင် လုပ်ရမယ်။ အဲဒါကို ရမယ်ဆိုရင် ယန်အာရဲ့စွမ်းအားလဲ တိုးတက်လာပြီး အထွတ်အထိပ်ခွန်အားကို ပြန်ရနိုင်မှာ”

သူတို့နောက်သို့ ဘေးမှ လိုက်လာသော ယိုကျုံးက ထူးဆန်းသောအမူအရာတစ်ခုဖြစ်နေသည်။ ထန်ရှုနှင့်ကူးယန်အာတို့က သူ့ကို ဘာတစ်ခုမှ မဖုံးကွယ်ဘဲ စကားပြောနေသဖြင့် သူတို့၏စွမ်းအားပြန်ရလာမည်ဆိုသော အရေးကြီးသောအချက်အလက်များကို ချက်ချင်း ကြားလိုက်ရ၏။

လက်ရှိအချိန်မှာ ဤအမျိုးသမီးက နှောင်းပိုင်းအဆင့်ရွှေအင်မော်တယ်ကျင့်ကြံခြင်းအဆင့်ရှိသည်။ ဒါက သူမရဲ့အထွတ်အထိပ်အခြေအနေမဟုတ်ဘူးလား။ သူမရဲ့အထွတ်အထိပ်ကျင့်ကြံခြင်းအဆင့်က အတိအကျ ဘာလဲ။ ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်အဆင့်လား။

ပြီးတော့ ဒီကောင်၊ သူက အင်မော်တယ်အဆင့်ကို ရောက်ရှိကာစပဲ ရှိသေးတယ်၊ နှစ်အနည်းငယ်အတွင်းမှာ သူက နက်နဲသိမ်မွေ့ခြင်းအင်မော်တယ်အဆင့်ကျွမ်းကျင်သူတွေကို တိုက်ခိုက်နိုင်မယ်လို့ ပြောခဲ့တာလား။ သူက ဟာသလုပ်နေတာလား။

ယိုကျုံးက နှာခေါင်းပွတ်လိုက်သည်။ သို့သော် ထန်ရှုက ထိုကောင်းကင်အင်မော်တယ်များကို သတ်ဖြတ်ခဲ့သည့် မြင်ကွင်းကို သူက ရုတ်တရက် အမှတ်ရလိုက်၏။ ဤအကောင်က ကြွးဝါနေသည်မှာ မဟုတ်မှန်း သူက ရုတ်တရက် သဘောပေါက်သွားသည်။ သူက နက်နဲသိမ်မွေ့ခြင်းအင်မော်တယ်တစ်ယောက်ကို ရင်ဆိုင်နိုင်သည်မှာ တကယ် ဖြစ်နိုင်၏။

သူတို့က မွန်းစတားတွေတွေပဲ…အရမ်းကြောက်စရာကောင်းတဲ့သူတွေပဲ…

ထန်ရှုနှင့်ကူးယန်အာတို့အပေါ် အမြင်သစ်ဖြင့် ရှုမြင်ပြီးနောက် ထန်ရှုနှင့်ကူးယန်အာတို့သွားသည့်နေရာတိုင်းသို့ လိုက်ရန် တွန်းအားတစ်ခုက သူ့နှလုံးသားထဲတွင် မွေးဖွားလာသည်။ တကယ်တော့ ဒီလိုစွမ်းအားရှင်များနောက်ကို လိုက်ခြင်းဖြင့် ပိုသန်မာလာနိုင်သည့်အခွင့်အရေးအချို့ကို သူလဲ ရရှိလာနိုင်သည်။

****

ဖရိုဖရဲဂြိုလ်သိမ်ပင်လယ်။

နှစ်လကျော်ကြာပြီးနောက် ယိုကျုံး၏ဉီးဆောင်မှုအောက်တွင် ထန်ရှုနှင့်ကူးယန်အာတို့က အော်ရစ်ရင်းမြစ်ရှိရာ ဖရိုဖရဲဂြိုလ်သိမ်ဂြိုလ်မွှားများဆီသို့ ရောက်ရှိလာခဲ့သည်။ နေရာက အလွန်လူသူကင်းမဲ့သည်။ အစပိုင်းတော့ လမ်းပေါ်တွင် သူတို့သုံးယောက်က အင်မော်တယ်အချို့နှင့် တွေ့ဆုံခဲ့သည်၊ သို့သော် လေးရက်နောက်ပိုင်းတွင် သူတို့က အင်မော်တယ်တစ်ယောက်နှင့်မှ ထပ်မတွေ့တော့ပေ။

ဉက္ကာခဲများနှင့်ဂြိုလ်သိမ်ဂြိုလ်မွှားများက အဆုံးမရှိသောဟင်းလင်းပြင်းတွင် ရစ်ဝဲနေသည်။ အရေအတွက်က သန်းရာချီရှိပြီး သူတို့က ဤနေရာတွင် ဂြိုလ်သိမ်ခါးပတ်တစ်ခုအသွင် ရှိသည်။ ရွေ့လျားနေသောဉက္ကာခဲများနှင့် ထိမှန်လျှင် ခွန်အားအားနည်းသောသူများက သေရုံသာ ရှိသည်။ အင်မော်တယ်အားလုံးနီးပါးက ဤနေရာကို အမှိုက်ပုံတစ်ခုအဖြစ် သတ်မှတ်ထားသည်။ ဤနေရာရှိ အာကာသဗိမာန်များသို့မဟုတ်ဂြိုလ်သိမ်များတွင် ရတနာအချို့ ရံဖန်ရံခါ ရှိနိုင်သော်လည်း အရေအတွက်က နည်းပါးလှပေ၏။

ထို့ကြောင့် ဘယ်အင်မော်များမှ ဤနေရာတွင် ရတနာအတွက် ကံစမ်းရန် မကြိုးစားကြပေ။

သူတို့က ရှေ့ဆက်လာရင်း ယိုကျုံးက အဝေးသို့ လက်ညှိုးထိုးကာ အရှေ့ရှိ မှောင်မည်းနေသောဂြိုလ်တစ်ခုထံ ညွှန်ပြလိုက်၏ “ဆိုင်ကလုန်းလေမုန်တိုင်းက ကျုပ်တို့ရဲ့အရှေ့မှာပဲ၊ အနက်ရောင်ဂြိုလ်ဆီ ရောက်ဖို့ အဲဒါကို ဖြတ်ဖို့လိုတယ်။ အဲဒီဂြိုလ်ပေါ်မှာ ရှေးဟောင်းတည်နေရာရွှေ့ပြောင်းခြင်းအစီအရင်တစ်ခုရှိတယ်၊ ဒါပေမယ့် အဲဒါက ကျုပ်တို့ကို ဘယ်နေရာကို တည်နေရာရွှေ့ပြောင်းပေးမလဲဆိုတာတော့ ကျုပ် မသိဘူး။ နောက်ထပ်တည်နေရာရွှေ့ပြောင်းရေးအစီအရင်ရဲ့အခြားအဆုံးသတ်မှာ ကောင်းကင်ဘုံဗိမာန်ရှိတာကိုပဲ ကျုပ် အတည်ပြုနိုင်တယ်”

“အပြန်လမ်းကရော။ ဘယ်လိုပြန်ရမှာလဲ”ထန်ရှုက မျက်မှောင်ကြုတ်လိုက်သည်။

“အခြားအဆုံးသတ်မှာရှိတဲ့တည်နေရာရွှေ့ပြောင်းရေးအစီအရင်ပေါ် ခြေချဖို့ပဲ လိုတယ်၊ ကျုပ်တို့ကို အလိုအလျောက် ပြန်ပို့ပေးလိမ့်မယ်”ယိုကျုံးက ပြော၏ “ဒါက ပြီးခဲ့တဲ့အကြိမ်က ကျုပ် လုပ်ခဲ့တာပဲ”

“ကောင်းပြီလေ၊ ဒါဆို သွားကြတာပေါ့”တစ်ချက်စဉ်းစားပြီးနောက် ထန်ရှုက စိတ်ထဲ၌ ဆုံးဖြတ်ချက်ချလိုက်သည်။ ကျားသိုက်ထဲသို့ မဝင်ဘဲ ကျားပေါက်စကို ဖမ်းနိုင်ဖို့ နည်းလမ်းမရှိသည်မဟုတ်လော။

အော်ရစ်ရင်းမြစ်လို ကောင်းကင်ဆန့်ကျင်ရတနာတစ်ခုကို ရရှိရန် စွန့်စားရခြင်းကို ရှောင်လွဲလို့မရပေ။ ယိုကျုံးပင် ဤရတနာကို ရရှိကာ ထိုနေရာမှ အသက်ရှင်လျက် လွတ်မြောက်နိုင်မှတော့ သူနှင့်ကူးယန်အာတို့လည်း ၎င်းကို ရရှိရန် သူက ယုံကြည်ချက်ရှိသည်။

ဆိုင်ကလုန်းလေမုန်တိုင်းက ကောင်းကင်အင်မော်တယ်များအတွက်ပင် ကြီးမားသောခြိမ်းခြောက်မှုတစ်ခုမဟုတ်ပေ၊ ထို့ကြောင့် သူတို့က ကူးယန်အာနှင့်အတူ အလွယ်တကူ ဖြတ်ကျော်နိုင်ခဲ့ပြီး နောက်ဆုံးတွင် အနက်ရောင်ဂြိုလ်ပေါ်သို့ ရောက်ရှိလာ၏။ ထန်ရှုကို အံ့အားသင့်စေသည်ကား ဤဂြိုလ်၏မြေကြီးက အမည်းရောင်ဖြစ်နေခြင်းပင်၊ သို့သော် ၎င်းက အလွန်မြေဩဇာကောင်းသည်။ သို့သော် ဤဂြိုလ်ပေါ်တွင် သက်ရှိမရှိသည်ကား ဤနေရာ၏မူမမှန်မှုပင်။

“အဲမှာပဲ…”

ယိုကျုံးက ခဏစဉ်းစားလိုက်ပြီး ထန်ရှုတို့ကို ဉီးဆောင်ကာ ထိုနေရာသို့ လျင်မြန်စွာ ပျံသန်းလိုက်သည်။ နှစ်နာရီကြာပြီးနောက် သူတို့က ပြောခဲ့သောတည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ဆီသို့ ရောက်ရှိလာ၏။ အစီအရင်က ပျက်ဆီးနေသည်။ ထောင့်တစ်ခုရှိ ခြေရာလက်ရာအချို့အရ တစ်စုံတစ်ယောက်က ၎င်းကို ဖျက်ဆီးရန် ကြိုးစားခဲ့ပုံရသည်။ သို့သော် ထန်ရှု၏အမြင်အရ ထိုအရာအားလုံးက အစီအရင်ကို ဘာမှ မသက်ရောက်စေနိုင်ခဲ့ပေ။ ဤအစီအရင်က ပုံမှန်အတိုင်း လုပ်ဆောင်နေသေးသည်၊ သို့သော် အခွက်များတွင် အင်မော်တယ်ပုံဆောင်ခဲအချို့ ထည့်ပေးရန်တော့ လိုအပ်၏။

“အင်မော်တယ်ပုံဆောင်ခဲအချို့ ထည့်လိုက်တာပေါ့…”

မတော်တဆမဖြစ်စေရန် ထန်ရှုက အင်မော်တယ်ပုံဆောင်ခဲရှစ်ခုကို ယူထုတ်ကာ နေရာချလိုက်သည်။ ထို့နောက် သူက ကူးယန်အာနှင့် အကြည့်ချင်း ဖလှယ်လိုက်ပြီး သူတို့သုံးယောက်က တည်နေရာရွှေ့ပြောင်းရေးအစီအရင်ပေါ်သို့ ချက်ချင်း ခြေချလိုက်၏။

ဝီ…

ဆန်းကြယ်သောအရှိန်အဝါတစ်ခုက သူတို့သုံးယောက်ကို ရုတ်တရက် ဝန်းရံသွားသည်။ ကမ္ဘာက လည်ပတ်နေလို ခံစားချက်နှင့်အတူ မူးနောက်နောက်ဖြစ်နေလေ၏။ သူတို့က အမူးပြေသည်ကို သိလိုက်ရချိန်တွင် နေရာလပ်တစ်ခုထဲသို့ ရောက်ရှိနေသည်ကို ရုတ်တရက် သိလိုက်ရ၏။

အပြာရောင်ကောင်းကင်တွင် အဖြူရောင်တိမ်တိုက်များမရှိသလို ဤနေရာတွင် မြေကြီးနှင့်တူသောကုန်းမြေတစ်ခုမှ မရှိပေ။

သူတို့၏ခြေထောက်အောက်တွင်ကား ရွှေနှင့်တူသော သတ္တုအမျိုးစားတစ်ခုသာ။

တောက်…တောက်…

စက်သံများကို ဉီးတည်ဘက်တိုင်းမှ ကြားလိုက်ရ၏။

ယိုကျုံးက မှင်တက်သောအမူအရာနှင့် လှည့်ပတ်ကြည့်ရှုလိုက်သည်၊ သူ့နှုတ်ခမ်းက ခဏလောက် တုန်ယင်သွားပြီးနောက် သူက ခြောက်ကပ်ကပ်နှင့် ပြော၏ “တည်နေရာရွှေ့ပြောင်းရေးအစီအရင်ကို ငါ အသုံးပြုခဲ့တုန်းက ဒီနေရာလပ်မှာ အဆုံးမသတ်ခဲ့ဘူးဆိုတာ ငါ ကျိန်ဆိုတယ်။ ဒါပေမယ့် ဒါက ထူးဆန်းတယ်။ ဒီနေရာက ဘာကြီးလဲ”

ထန်ရှုနှင့်ကူးယန်အာတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ မျက်မှောင်ကြုတ်လိုက်ကြသည်။ ထို့နောက် ထန်ရှုက ပြောလိုက်၏ “မင်းဆိုလိုတာက မင်းပြောခဲ့တဲ့အဲဒီအထပ်ခုနှစ်ထပ်ထဲကတစ်ခုမှ ဒီပတ်ဝန်းကျင်နဲ့ မတူဘူးလား”

“ဟုတ်တယ်၊ တစ်ခုမှ ဒါနဲ့ မတူဘူး”ယိုကျုံးက ပြန်ဖြေ၏။

ထန်ရှုက သက်ပြင်းတစ်ချက်ရှိုက်ကာ နက်ရှိုင်းသောအသံနှင့် ပြော၏ “ဘာပဲဖြစ်ဖြစ် ငါတို့က ဒီကို ရောက်နေပြီပဲ။ အေးဆေးပေါ့။ ပြီးတော့ ဒီနေရာမှာ အော်ရစ်ရင်းမြစ်ရှိတယ်၊ ဒါကြောင့် ငါတို့ ရှာဖွေရမယ်။ လိုက်ကြည့်ကြတာပေါ့၊ ဘာတစ်ခုမှ မတွေ့ရင် ငါတို့ ပြန်ကြမယ်”

နေ့ဝက်ကြာပြီးနောက် သူတို့သုံးယောက်က စုပ်ဝဲပေါ်တယ်တစ်ခု၏အရှေ့တွင် ရပ်တန့်လိုက်သည်။

အရှေ့ရှိ စုပ်ဝဲပေါ်တယ်ကို စိုက်ကြည့်ကာ ယိုကျုံးက ပျော်ရွှင်သွား၏ “ငါလာခဲ့တဲ့နေရာလပ်မှာလဲ ဒီလိုပေါ်တယ်အမျိုးအစားရှိတယ်။ အထဲကို ဝင်ပြီးရင် နောက်ထပ်နေရာလပ်ကို ငါတို့ ‌ရောက်နိုင်တယ်”

ထန်ရှုက စိတ်ဝိညာဉ်အာရုံကို ထုတ်လွှတ်ကာ ပေါ်တယ်ကို စစ်ဆေးလိုက်သည်။ သို့သော် ပင်လယ်ထဲသို့ ကျောက်တုံးတစ်တုံးကို ပစ်ချလိုက်သလို အထဲရှိအနေအထားကို သူက မမြင်နိုင်ခဲ့ပေ။ ခဏတုံ့ဆိုင်းပြီးနောက် သူက ကူးယန်အာနှင့် အကြည့်ချင်း ဖလှယ်လိုက်ပြီး တစ်ယောက်ကိုတစ်ယောက် ခေါင်းညိတ်ပြကာ ပေါ်တယ်ဆီသို့ ပျံသန်းသွား၏။

“ဟေး၊ မင်းတို့ကောင်တွေ…”ဤနေရာလပ်မျိုးထဲတွင် ရှိသော အန္တရာယ်ကို ယိုကျုံးက သိသည်။ သို့သော် ထန်ရှုနှင့်ကူးယန်အာတို့က ပေါ်တယ်ထဲသို့ ဝင်သွားသည်ကို မြင်သောအခါ အနည်းငယ်တုံ့ဆိုင်းပြီးနောက် သူက အံကြိတ်လျက် လိုက်ဝင်သွား၏။

All Chapters