ကောင်းကျန့် သေဆုံးသွားခဲ့ပြီ
Vol. 51 Ch. 4.280
နောက်ဆုံးတွင် အစောင့်တပ်သား အားလုံး ထိတ်လန့်သွားပြီး လူသတ် အငွေ့အသက်များ ရောက်ရှိလာသည့် နေရာကို အမြန် ကြည့်လိုက်ကြသည်။ ပထမတစ်ချက်မှာတင် အားလုံးက ထိတ်လန့် တုန်လှုပ်သွားကြသည်။ အဲဒါက စစ်တပ်ကြီး တစ်ခုကဲ့သို့ဖြစ်ပြီး လူဘယ်နှစ်ယောက် ရှိတယ် ဆိုတာတောင် သူတို့မှာ မသိပေ။
သူတို့ မြင်လိုက်ရတာက ကောင်းကင်မှာ တဟုန်ထိုးထွက်နေတဲ့ သွေးစွမ်းအင်တွေပါပဲ။ မရေမတွက်နိုင်သော လူများ၏ သွေးများသည် သွေးရောင်မြှားများ အဖြစ်သို့ ပြောင်းလဲသွားပြီး အလွန်လျင်မြန်သော အရှိန်ဖြင့် ပစ်လွှတ်လိုက်သကဲ့သို့ ပြေးထွက်လာတာကို ပါရမီရှင် မျက်လုံးများနှင့် ကျွမ်းကျင်သူများက သိကာ ပို၍ပင် ထိတ်လန့်သွားကြသည်။
“ရန်သူ တိုက်ခိုက်လာပြီ!!”
အခင်းအကျင်း ဖွဲ့စည်းမှု၏ ထွက်ပေါက်ကို စောင့်ကြပ်နေသော ကျင့်ကြံသူသည် ကျယ်လောင်စွာ အော်ဟစ်လိုက်ကာ တပ်ဆင်ထားသည့် အတားအဆီးများကို အမြန်ပြန်ဆုတ်၍ အခင်းအကျင်း အပြင်ဘက်သို့ အပြင်းအထန် ပျံသန်းသွားလေသည်။
အခင်းအကျင်း တံတိုင်းကြီးရဲ့ ထွက်ပေါက်က ကြီးကြီးမားမား မဟုတ်သလို လူကလည်း စည်ကားနေပြီလေ။ အစောင့်တွေ ထွက်ပြေးချိန် အပေါက်က ကျယ်လာတဲ့အတွက် အတားအဆီးတွေလည်း မရှိတော့ရာ အားလုံးက ချက်ချင်းပဲ ပြေးထွက်လာကြသည်။
လူအုပ်ကြီးသည် ရုတ်တရပ် စုရုံးလာပြီး ထွက်ပေါက်ကို ပိတ်ဆို့ထားလိုက်ကြသည်။
အကြပ်အတည်းကြားထဲ ရောက်လာတော့ သွေးက စိတ်ဝိညာဉ်ကို ထိုးဖောက် ဝင်ရောက်သွားပုံရသည်။
"သောက်ချီးပဲ!! ငါ့လမ်းကနေ ဖယ်စမ်း!"
အရေးကြီးတဲ့ အခိုက်အတန့်မှာ ဘယ်သူကမှ ဘာကိုမှ ဂရုမစိုက်နိုင်တော့ချေ။
သူတော်စင်နယ်ပယ် အဆင့်၄ ကျင့်ကြံသူတစ်ယောက်က ပုဆိန်ကို နောက်ကနေ ဆွဲထုတ်ပြီး အစွမ်းကုန် လွှဲ၍ သူ့ရှေ့ကလူရဲ့ ဦးခေါင်းကို ခုတ်ချပစ်လိုက်တော့သည်။
"ငါ့လမ်းက ထွက်သွား!"
လူတစ်ယောက်က ရှေ့သို့ ခြေတစ်လှမ်း တိုးပြီး နောက်ကျောမှ ဓားရှည်တစ်ချောင်းကို ဆွဲထုတ်လိုက်သည်။
"အရူး.... မင်းကို ငါ့လမ်းကို ပိတ်ထားတယ်ကွ!"
သွေးတွေ တဖြန်းဖြန်း ပတ်ဖြန်းကာ သတ်ဖြတ်မှုတွေ စတင်ခဲ့သည်။
လုရွှမ်၏ မျက်လုံးများ ပူလောင်နေပြီး ထွက်ပေါက်မှ လှုပ်ရှားမှုကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရပြီး အလွန် ဝမ်းသာသွားသည်။ လုရွှမ် သူ့အသံကို လွှင့်လိုက်သည်။
"ညီအစ်ကိုတို့...ရှေ့ထွက်ပေါက်က မှန်နေပြီ အမြန်ထွက်ကြစို့!"
သူ့စိတ်ထဲတွင် အတွေးတစ်ခုဖြင့် လက်တစ်ဖက်က အရှေ့က ထွက်ပေါက်တွင် ဝှက်ထားခဲ့သော ဝိညာဉ်မီးတောက်ကို ထိန်းချုပ် တောက်လောင်စေလိုက်သည်။
အခင်းအကျင်း အပြင်ဘက်တွင် ဟုန်ရစ်ဧကရာဇ် အင်ပါယာမှ ခေါင်းဆောင် သုံးဦးသည် အနီးနားတွင်ရှိတာကြောင့်သတင်းကို ကြားပြီးနောက် ဤနေရာသို့ အလျင်အမြန် ပြေးလာခဲ့ကြသည်။
ထိုအခိုက် လူအုပ်ကြီးရဲ့ ရူးသွပ်တဲ့ မြင်ကွင်းကို တွေ့လိုက်ရသည်။ သူတို့ သုံးယောက်က ဒီလိုမြင်ကွင်းမျိုး တစ်ခါမှ မမြင်ဖူးကြဘူး။ သောင်းကျန်းနေသူတွေက ကျင့်ကြံသူတွေ မဟုတ်ဘဲ သားရဲတွေလား မှတ်ရသည်။
"အဓိပ္ပာယ်မရှိတာတွေ မလုပ်နဲ့.... ငါ့စကားကို နားထောင်ကြစမ်း!!"
ကောင်းကျန့်က ဒေါသတကြီးဖြင့် အော်လိုက်သည်။
ထျန်းလုံကျောင်းအုပ်က ဒီလူတွေကြားမှာ ပုန်းနေမလားဆိုတာ ဘယ်သူက သိမှာလဲ။ လွတ်သွားရင် ဘယ်နား ပြေးရှာရတော့မလဲ။
ဓားရှည်ကြီးကို နောက်ကနေ ဆွဲထုတ်လိုက်တော့ ဓားအလင်းများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။ လူအုပ်ကြီးရဲ့ အော်သံတွေ ကြားထဲမှာ ဓားရှည်ကြီးကို ဝေ့ယမ်းလိုက်တာကြောင့် ဓားအလင်းအောက်မှာ လူတချို့ သေဆုံးသွားကြသည်။
သို့သော် အတွင်းမြင်ကွင်းက အလွန်ရှုပ်ထွေးပြီးစည်ကားနေသည်။ ယခုအချိန်တွင် လူများမှာ အခင်းအကျင်းထဲက ရုန်းထွက်ချင်တဲ့ ဆန္ဒကလွဲလို့ ဘာမှမရှိပေ။
(ဘာသာပြန်သူ - ကောင်းကျန့်ကို အရှေ့ပိုင်းမှာ မိန်းကလေးပုံစံ သူမ ဆိုတဲ့ အသုံးအနှုန်းတွေနဲ့ မူရင်းစာရေးဆရာက သုံးနှုန်းထားလို့ အဲ့အတိုင်း ပြန်ခဲ့တာ။ ဒီမှာ ကောင်းကျန့်က ယောက်ျားကြီး ဖြစ်သွားပါတယ်)
ကောင်းကျန့် သတ်လိုက်တဲ့လူတွေ များလေလေ အထဲက ပြေးထွက်လာတဲ့ ကျင့်ကြံသူတွေက များလေပင်။ ကျင့်ကြံသူတိုင်းဟာ သူတို့ရဲ့ ဒေါသကို လွှတ်ထုတ်၍ ကောင်းကျန့်ကို အလွန်မုန်းတီးစွာ ကြည့်နေကြသည်။
ရွှမ်ယင်နှင့် ကျန်းရှို့တို့သည် ကောင်းကျန့်ကို အမြန်ဖမ်းဆုပ်လိုက်ကြသည်။ ကောင်းကျန့်ကိုသာ ဒီလိုဆက်ပြီး သတ်ဖြတ်ခွင့်ပြုပါက ထိုလူတွေရဲ့ ဒေါသကို ပိုပိုပြီး တိုးပွားလာစေမှာ သေချာဘေ၏။
"ကောင်းကျန့်... စိတ်လျှော့ စိတ်လျှော့!"
ကောင်းကျန့် အကြိမ်ကြိမ် ကျိန်ဆဲသော်လည်း ရွှမ်ယင်နဲ့ ကျန်းရှို့ကတော့ သူဘာတွေ တွေးနေမှန်း မသိပေ။ မင်ယွဲ့ဧကရာဇ် အင်ပါယာ နှင့် ဟုန်ရစ်ဧကရာဇ် အင်ပါယာတို့သည် အိမ်ထောင်ရေးအားဖြင့် ဆက်စပ်လျက် ရှိသည်။ ဤကောင်လေးသည် ထျန်းလုံကျောင်းအုပ်ကို သတ်ဖြတ်ရာတွင် အလွန်ပင် စေတနာထားကြောင်း သိမြင်နိုင်ပြီး မင်ယွဲ့ဧကရာဇ် အင်ပါယာကို စိတ်ကျေနပ်စေချင် ကြောင်း ထင်ရှားလေသည်။
သူတို့ နှစ်ယောက် နှလုံးသားထဲမှာတော့ ဒီကောင်းကျန့်ကို မထီမဲ့မြင် ပြုနေကြသည်။ အသတ်ခံရတဲ့ သူတွေထဲမှာ ဟုန်ရစ်ဧကရာဇ် အင်ပါယာက လူတော်တော်များများလည်း ပါကာ သူကတော့ တုံ့ဆိုင်းမနေဘဲ တိရစ္ဆာန်တွေလို သတ်ပစ်ခဲ့သည်။
ဝူး!
ရုတ်တရက် ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး အနီရောင် မီးတောက်တစ်ခုသည် လူသုံးယောက်ရှေ့တွင် ထွက်ပေါ်လာ၏။ သုံးယောက်သား လန့်ဖျပ်သွားကာ မီးအရှိန်ကို ခံစားမိတာကြောင့် အမြန်ပြန်ဆုတ် သွားကြသည်။
"ဒါက ထူးဆန်းမီးတောက်ပဲ"
ကောင်းကျန့် ရုတ်တရက် အော်လိုက်ပြီး သူ့မျက်နှာမှာ အလိုလောဘ၏ အကြည့်များ ပြည့်နှက်လာခဲ့သည်။
သူ့ပတ်ဝန်းကျင်က စွမ်းအင် အတက်အကျတွေကို မခံစားရဘဲ မီးတောက်ကို ပိုင်ရှင်မဲ့အရာအဖြစ် သဘာဝကျကျ မှတ်ယူလိုက်သည်။ ဤသည်မှာ ထူးဆန်းသောမီး သို့မဟုတ် ဒဏ္ဍာရီမီးလျှံ တစ်ခုဖြစ်သည်။
ရွှမ်ယင်နှင့် ကျန်းရှို့တို့၏ မျက်လုံးများမှာလည်း အပူများဖြင့် ပြည့်နှက်လာခဲ့သည်။
"ဒီမီးတောက်က ငါ့အပိုင်ပဲ... နောက်မှ မင်းတို့ကို ကျေနပ်လောက်တဲ့ ဆုလာဘ်ကို ငါပေးမယ်"
ကောင်းကျန့်က အော်လိုက်သည်။ သူတို့ နှစ်ယောက်က သူနဲ့တူညီတဲ့ ကျင့်ကြံမှု အဆင့်ရှိပေမယ့် သူ့မျက်လုံးထဲမှာတော့ သာမန်မိသားစုထဲက လူနှစ်ယောက် ဖြစ်တဲ့ သူ့နောက်လိုက်တွေချည်းပါပဲ။
အားသာချက်ကတော့ အသားစားချိန်မှာ ဦးခေါင်းကြီးကြီး ယူနိုင်ပြီး သူတို့နှစ်ယောက် အတွက် အရိုးတချို့ ချန်ထားလိုက်တာပင်။
ဤအယူအဆသည် သာမန် အချိန်များတွင် သဘာဝကျကျ မှန်ကန်နိုင်သော်လည်း ကောင်းကင်နှင့် မြေကြီး၏ ရတနာများရှေ့တွင်တော့ ကောင်းကျန့်တစ်ယောက် မှားယွင်းစွာ တွေးတောမိသွားသည်။
ထိုနှစ်ယောက်သားက တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ချိန် ဒေါသနဲ့ လူသတ်ချင်တဲ့ အငွေ့အသက်တွေကို တစ်ယောက်ရဲ့ မျက်လုံးထဲ တစ်ယောက် မျက်လုံးထဲမှာ မြင်လိုက်ရသည်။ လူတို့သည် စည်းစိမ်ဥစ္စာကြောင့် သေတတ်ကြပြီး ငှက်တို့သည် အစာကြောင့် သေတတ်ကြသည်။
ကောင်းကျန့်သည် သူတို့နှစ်ဦး၏ နာခံမှုရှိပုံကို အစောကတည်းက ကျင့်သားရပြီးသားမို့ သူ့ကို တိုက်ခိုက်လာမယ်လို့ တစ်ခါမှ တွေးခဲ့မိမည် မဟုတ်ပေ။ ယခုအချိန်တွင် သူ့စိတ်သည် ထူးဆန်းသော မီးတောက်ကို လုံးလုံးလျားလျား အာရုံစိုက်ထားပြီး ၎င်းတို့နှစ်ဦး၏ ခိုးဝင်တိုက်ခိုက်မှုသည် လျင်မြန်ပြီး လျှို့ဝှက်လေ၏။
ကောင်းကျန့် သူ့နောက်ကွယ်မှ အငွေ့အသက်ကို သတိပြုမိပြီး လျင်မြန်စွာ ရှောင်တိမ်းခဲ့သော်လည်း အချိန်မမီခဲ့ပေ။ လက်ဝါးနှစ်ချက်က သူ့ခန္ဓာကိုယ်ကို ပြင်းထန်စွာ ထိမှန်သွားပြီး သွေးတစ်လုတ်နဲ့အတူ ထူးဆန်းသော မီးတောက်ထဲသို့ တိုက်ရိုက် ပြုတ်ကျသွားသည်။
ဇဝေဇဝါဖြစ်သွားကာ ထူးဆန်းသော မီးတောက်ထဲမှ ခုန်ထွက်ရန်၊ အစွမ်းကုန် တွန်းလှန်ရန် သူ့ခွန်အားကို အလျင်အမြန် အသုံးပြုသော်လည်း ရွှမ်ယင်နဲ့ ကျန်းရှို့တို့က သူ့ကို အခွင့်အရေး မပေးခဲ့ကြပေ။ ကောင်းကျန့်ကို နောက်ပြန်ဆုတ်သွားရန် အလင်းတန်းများကို ဆက်တိုက် ပစ်လွှတ်လိုက်ကြသည်။
ထူးဆန်းသော မီးတောက်၏ စွမ်းအားသည် အကန့်အသတ် မရှိသော်လည်း အားသာချက်များနှင့် အားနည်းချက်များလည်း ရှိပါသည်။ ဝိညာဥ်မီးတောက် သို့မဟုတ် ထူးဆန်းမီးတောက် ကိုယ်တိုင်က လက်နက်တွေကို အတုလုပ်ရာမှာ သုံးတဲ့ မီးတောက်ဖြစ်ပြီး ထူးဆန်းတဲ့ မီးတောက်တွေထဲမှာ အပူချိန်က အမြင့်ဆုံးဖြစ်သည်။
ကောင်းကျန့်သာ မဟာသူတော်စင် အဆင့်ကို ကျင့်ကြံထားလျှင် လောင်မြိုက်နေသော ဝိညာဥ်မီးတောက်ကို ခံနိုင်ရည် မရှိနိုင်သော်လည်း နောက်ဆုံးတွင် သူ၏ ကျင့်ကြံမှုက အဆင်ကျသွားရုံပဲ ရှိသည်။ အခုတော့ သူ့အသက်ကို ဆုံးရှုံးစေတော့မည်။
"အား.... ဒါက ဘယ်လိုမီးတောက်ကြီးလဲ!!"
အတင်းရုန်းထွက်ရန် တွန်းအားပေးရင်း ကောင်းကျန့်သည် သူ့စွမ်းရည်ဖြင့် မီးတောက်ကို တွန်းလှန်ရန် ပြဿနာမရှိနိုင်ဘူးဟု ယုံကြည်ထားခဲ့သည်။ အခြားသခင်များ မကြာမီ ရောက်လာတော့မှာ ဖြစ်ပြီး ထိုနှစ်ဦးလည်း သေချာပေါက် သေရတော့မှာ ဖြစ်လေသည်။
ဒါပေမဲ့ ခဏကြာတော့ သူ့လက်နက်က ပျော့ပျောင်းလာပြီး အရည် ပျော်သွားတော့သည်။ သူတော်စင် စွမ်းအားတွေ သူ့ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားသော်ငြား လျင်မြန်စွာ ကုန်ခမ်းသွားခြင်းက သူ့ကို အလွန် ထိတ်လန့်သွားစေခဲ့သည်။
သူ ဒဏ်ရာ ရနေပြီ။ ယခု အချိန်တွင် သူ၏ခွန်အား ၃၀% ကိုပင် အသုံးမချနိုင်တော့ဘဲ ဝိညာဉ်မီးတောက်ကလည်း အဆက်မပြက် တောက်လောင်နေသဖြင့် မခံနိုင်တော့ပေ။
ထို့အပြင် ကောင်းကျန့် မသိသောအရာမှာ လုရွှမ်သည် ဝိညာဉ်မီးတောက်အား အားတက်သရော အားပေးနေခြင်းပင်။ ကောင်းကျန့် စိတ်ဝိညာဉ်မီးထဲသို့ ကျသွားတာကို လုရွှမ် မသိသော်လည်း တစ်စုံတစ်ယောက်က မီးတောက်ကို ပြင်းပြင်းထန်ထန် တွန်းထုတ်နေကြောင်း မီးတောက်၏ စွမ်းအားကတစ်ဆင့် အပြည့်အဝ ခံစားမိလေသည်။
ရွှမ်ယင်နှင့် ကျန်းရှို့တို့သည် မူလက ရှေ့သို့ လှမ်းပြီး တခြားသူများ ရောက်လာကာ သူတို့အပေါ် အဆုံးမရှိ ဒုက္ခများ မရောက်လာစေရန် ကောင်းကျန့်ကို လုံးဝ သတ်ပစ်ချင်ခဲ့ကြသည်။
မီးတောက်၏ အစွမ်းကြောင့် သူတို့လည်း ထိတ်လန့်သွားခဲ့၏။ ဒါက ဘယ်လို မီးတောက်ကြီးလဲ? ကြောက်စရာ ကောင်းလိုက်တာ။ သူတို့နှစ်ယောက်မှာ အနားကို မကပ်သွားရဲဘဲ မီးလောင်ခံရမှာကို စိုးရိမ်တာကြောင့် နောက်ပြန်ဆုတ်သွားခဲ့သည်။
ကောင်းကျန့် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သူ့ခန္ဓာကိုယ်ထဲက သူတော်စင် စွမ်းအားများ ကုန်ဆုံးတော့မည်ကို သူခံစားလိုက်ရသည်။ သူ့ကိုယ်ပေါ်ရှိ ဒဏ်ရာများမှာ ပိုပိုဆိုးလာပြီး သူ့ခန္ဓာကိုယ်ထဲသို့ မီးတောက်များက အားလုံးနီးပါး ဝင်ရောက် လောင်ကျွမ်းသွားသည်။
သူ ကြာကြာ တောင့်မခံနိုင်တော့ပါ။ သူတော်စင် စွမ်းအားတွေက အဆက်မပြတ် ကုန်ခမ်းနေသလို သူ့တစ်ကိုယ်လုံး ရုတ်တရက် မီးလျှံတွေက ရစ်ပတ်ပြီး မီးလူသား ဖြစ်သွားတော့သည်။ လက်နက်နဲ့ ပစ္စည်းတွေက ချော်ရည်အိုင်တွေ ဖြစ်သွားကာ သိုလှောင်အိတ်ကိုတောင် ပေါက်ကွဲသွားပြီး အထဲက ပစ္စည်းတွေလည်း ပေါက်ကွဲသွားသည်။
ယင်းတို့သည် ကောင်းကင်နှင့် မြေကြီး၏ ရတနာ အမျိုးအစားဖြစ်ပြီး မီးတောက်ထဲသို့ ပြုတ်ကျသွားသည်နှင့် အပြာရောင် မီးခိုးတိမ်များ အဖြစ်သို့ ပြောင်းလဲသွားခဲ့ကြသည်။
အဖြစ်အပျက်၏ စုစုပေါင်း အချိန်သည် အမွှေးတိုင်တစ်ဝက်ထက်ပင် မပိုခဲ့ချေ။