← Chapters

ထွက်ပေါက်မှ အမြန်ထွက်ခွာခြင်း

Vol. 51 Ch. 4.281

ထွက်ပေါက်မှ အမြန်ထွက်ခွာခြင်း

Vol. 51 Ch. 4.281

သူတော်စင်တစ်ပိုင်း ပြီးပြည့်စုံသော ကာလက ကျင့်ကြံသူ ကောင်းကျန့်သည်ပင် ဝိညာဥ်မီးတောက်ထဲတွင် ကြာကြာမနေနိုင်ခဲ့ပေ။ စွမ်းအား မပြည့်သော ကျင့်ကြံသူများဆိုလျှင် ပြောစရာပင် မလိုတော့ပေ။

မီးထဲသို့ လုံးဝ မဝင်ဝံ့ဘဲ နောက်ကွယ်မှ ရပ်နေသူများသည်ပင် ကျင့်ကြံသူတချို့၏ ချောက်ချခြင်းကြောင့် မီးလျှံထဲသို့ လှမ်းဝင်လိုက်သည်နှင့် ချက်ချင်းပင် မီးတောက်နေသော လူများအဖြစ်သို့ ပြောင်းလဲသွားသည်။ သူတော်စင် အဆင့်၇ အထက် သခင်အနည်းငယ်သာ သူတို့အသက်ဘေးကနေ လွတ်မြောက်နိုင်ခဲ့သည်။

လုရွှမ်သည် ဝိညာဥ်မီးတောက်၏ လောင်စာစွမ်းအင် ပမာဏကို အံ့ဩစွာ ခံစားလိုက်ရသည်။ သူဆက်၍ မထိန်းနိုင်တော့တာကြောင့် မီးတောက်ကို ရပ်လိုက်သည်။ သူ့ဘက်က လူတွေ မီးတောက်ကြောင့် ကြောက်လန့်ပြီး တုံ့ဆိုင်းသွားရင် အချည်းနှီး ဖြစ်သွားလိမ့်မည်။

"သတ်ကြ !" လုရွှမ် ကျယ်လောင်စွာ အော်လိုက်သည်။

သူ့နောက်ကျောက ကျင့်ကြံသူတွေဟာ ခွန်အားမရှိကြပါဘူး။ အများစုဟာ သူတော်စင်နယ်ပယ် ပထမအဆင့်မှ အဆင့်၃ အဆင့်၄ လောက်တွင်သာ ရှိကြသလို သွေးနဲ့ စွမ်းအားတွေ တဟုန်ထိုးတက်နေပေမယ့် အရှိန်အဟုန်က အင်ပါယာ၈ခုက တစ်ဖက်လူတွေနဲ့ ယှဉ်ရင် အနည်းငယ် နောက်ကျ ကျန်နေပါသေးသည်။

လူအများ၏ အာရုံစိုက်မှုကို ခံရမှာစိုးတာကြောင့် အလွန်လျင်မြန်စွာ မပျံသန်းဝံ့ချေ။ အားလုံးကို လမ်းညွှန်ကာ နောက်ဆုံးတွင် အခင်းအကျင်း၏ ထွက်ပေါက်ဆီသို့ အပြေးအလွှား ရောက်ရှိလာခဲ့သည်။

ယခုအချိန်တွင် ထွက်ပေါက်ရှေ့တွင် မရေမတွက်နိုင်သော လူများဖြင့် စည်ကားနေသေးပြီး အပြောင်းအလဲ မရှိသလောက် ဖြစ်နေသည်။ တကယ်တော့ အချင်းချင်း သတ်ဖြတ်မှုတွေကြောင့် မီးလောင်ရာ လေပင့်လိုက်တဲ့ ဝိညာဉ်မီးဟာ အခင်းအကျင်း အပြင်ဘက်မှာ ရုတ်တရက် ပေါ်လာခြင်းကြောင့်ပင်။

အခင်းအကျင်း ဖွဲ့စည်းမှုအတွင်းမှ လွတ်မြောက်သွားသော အင်ပါယာရှစ်ခုမှ ကျင့်ကြံသူ ၁၀ ရာခိုင်နှုန်းအနက် တစ်ရာခိုင်နှုန်းပင် လွတ်မြောက်သွားခြင်း မရှိပေ။

"သတ်!"

တစ်စုံတစ်ယောက်မှ မရောက်လာမီ တန်ခိုးကအရင် လာနေ၏။

ပြင်းထန်သော အရှိန်အဟုန်သည် သွေးမြှားတစ်စင်း ကဲ့သို့ပင် အခင်းအကျင်း၏ ထွက်ပေါက်ကို ပိတ်ဆို့နေသော လူများထံ ပြေးဝင်သွားသည်။ တဝုန်းဝုန်း ပေါက်ကွဲသံများ ထွက်ပေါ်လာပြီး မီးတောက် ထိခတ်သွားတဲ့ ကျင့်ကြံသူ အသီးသီးမှယ တိုက်ရိုက်ပဲ ပေါက်ကွဲသွားလေသည်။

သတ္တိရှိပေမယ့် ကြောက်လန့်နေသော အင်ပါယာ ရှစ်ခုမှ ကျင့်ကြံသူများသည် ယခုအချိန်တွင် ဤလမ်း၌ ပိတ်ရပ်နေပါက သေရမည်ကို စိုးရိမ်လာသဖြင့် အမြန်ပဲ ထွက်ခွာသွားကြသည်။

ခုခံဖို့လား?

တစ်ချက် ကြည့်လိုက်ရုံနဲ့ ကောင်းကင်ကြီးမှာ ပြည့်နေတဲ့ အဲဒီသွေးနီရောင် မျက်လုံးတွေက သူတို့နှလုံးသားကို တုန်လှုပ်သွားစေတယ်လေ။

အခင်းအကျင်း ထွက်ပေါက် အရှေ့က လူတွေဟာ သူတို့နောက်မှာ ဘာမှမရှိ​တော့ဘူးလို့ ရုတ်တရက် ခံစားရရာ မီးတောက်ထဲကနေ ပြေးထွက်သွားတာကြောင့် ကံကောင်း ထောက်မစွာနဲ့ သူတို့ရဲ့ အသက်ကို ကယ်တင်လိုက်နိုင်ခဲ့သည်။

ပြန်ကြည့်လိုက်တော့ အဲဒီလူအုပ်ကြီး အမြန် ထွက်လာတာကို တွေ့လိုက်ရတော့ လန့်ဖြတ်သွားကြပြန်သည်။

“ဘာဖြစ်နေတာလဲ!”

နောက်ဆုံးတွင် အင်ပါယာရှစ်ခုမှ ထိပ်တန်း ကျွမ်းကျင်သူများသည် အပြေးအလွှား ရောက်ရှိလာကြပြီး အနီရောင် အငွေ့အသက်တွေကို ကြည့်ကာ ၎င်းတို့အားလုံးကို တုန်လှုပ်သွားစေခဲ့သည်။

အရမ်း ရက်စက်တဲ့ အငွေ့အသက်တွေပဲ!

“အထဲက ကျင့်ကြံသူတွေ ရုန်းရင်းဆန်ခတ် ဖြစ်ကုန်ကြပြီ... သူတို့က စစ်တပ်ကြီးကို ဖွဲ့ပြီး ပြေးထွက်လာကြပြီ"

"အမှိုက်တွေ!! ဘာလို့ ထွက်ပေါက်ကို မပိတ်ထားတာလဲ"

"ဒါပေမဲ့ သူတို့အားလုံးက ကိုယ့်ညီအစ်ကိုတွေ..."

ထိုလူ စကားမပြောလို့ မပြီးသေးခင်မှာပဲ သူ့ခန္ဓာကိုယ်က အပိုင်းပိုင်း ကွဲထွက်သွားသည်။

အင်ပါယာ ရှစ်ခုကို မင်ယွဲ့ ဧကရာဇ် အင်ပါယာက ဦးဆောင်လာခဲ့သည်။ ထိုခေါင်းဆောင်မှာ တခြားသော အင်ပါယာများ၏ ခေါင်းဆောင်များကို ပြင်းပြင်းထန်ထန် စိုက်ကြည့်နေသော အဘွားကြီးပဲ ဖြစ်သည်။

"ဘာလုပ်​နေသေးတာလဲ? ထွက်ပေါက်ကို မြန်မြန် ချိတ်ပိတ်လိုက်!!"

"အဘွားထျန်းရှား အတွင်းလူတွေက အာကာသ သလင်းကျောက်တွေကို သယ်ဆောင်လာမှာ သေချာတယ် .... အခင်းအကျင်းကို အလုံပိတ်ထားရင် အဲဒီသလင်းကျောက်တွေကို ရရှိနိုင်တော့မှာ မဟုတ်ပါဘူး"

အဘွားကြီးမှာ အဖြူရောင် မျက်လုံးတစ်စုံ ရှိ၍ သူမ အမှန်တကယ်ပင် မျက်စိကန်းနေသော်လည်း သူမ၏ ပတ်ဝန်းကျင်ကို ကြည့်ရှု အာရုံခံနိုင်ခြင်းအပေါ် မတားဆီးနိုင်ခဲ့ပေ။

"ကောင်းပြီ ဒါဆိုလည်း သူတို့ ထွက်လာတာကို စောင့်ကြရအောင်.... ဒီအဘွားကြီးက ရုန်းရင်းဆန်ခတ် ဖြစ်အောင် လုပ်ရဲတဲ့ ဒီသူရဲကောင်းတွေ ထွက်လာတာကို မြင်ချင်ပါသေးရဲ့"

“တက်ကြဟေ့!”

သူတို့ရှေ့မှာ အတားအဆီး မရှိတာတွေ့တော့ ကျယ်လောင်စွာ အော်ပြီး ထွက်ပေါက်ဆီကို ပြေးလာကြသည်။

လုရွှမ် ရှေ့သို့ ပြေးသွားကာ ဝိညာဉ်မီးကို ရုတ်သိမ်း၍ တုတ်ရှည်ပေါ်တွင် ရစ်ပတ်ထားလိုက်ကာ အနီရောင် နဂါးကြီးအဖြစ် ပြောင်းလဲသွား​စေသည်။ တစ်ဖက်တွင်မူ ကောင်းကင်ဖီးနစ်မီးသည် ကောင်းကင်ယံမှ တဟုန်းဟုန်း တောက်လာ၏။

သူတော်စင် စွမ်းအားနှင့် စိမ်း​ပြာနဂါးတို့၏ တန်ခိုးသည် သူ့ခန္ဓာကိုယ်ထဲတွင် ပျံ့လွင့်လာသည်။ ထွက်ပေါက်မှ ထွက်လာသည်နှင့် တပြိုင်နက် မီးလုံးနှစ်လုံးသည် ကျယ်လောင်စွာ ဟိန်းဟောက်၍ ပတ်ဝန်းကျင်၌ ကျယ်ကျယ်လောင်လောင် ပေါက်ကွဲသွားလေသည်။

ထွက်ပေါက်က ကြီးကြီးမားမား မဟုတ်တဲ့အတွက် သူရှေ့ကို အမြန်ပြေးပြီး နေရာလွတ် တစ်ခုထဲကနေ ရုန်းထွက်ခဲ့ရသည်။ ဒီလိုမှမဟုတ်ရင် ဒီလူတစ်သောင်းကြားမှာ တိုးဝင်ကာ အသက်ရှု ကြပ်သွားလိမ့်မည်။

လုရွှမ်သည် လူတိုင်း၏ နှလုံးသားကို အခွင့်ကောင်း ယူခဲ့သော်လည်း အခွင့်ကောင်း ယူပြီးနောက်တွင် သူသည် တခြားသူများ၏ ဘဝ သို့မဟုတ် သေခြင်းတရားကို ဂရုမစိုက်ဘဲ နေမည့်သူတော့ မဟုတ်ပေ။

ထွက်ပေါက်မှ ပြေးထွက်လာသည့် ပထမဆုံးအရာမှာ မီးတောက်နှစ်ခု ဖြစ်လိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားပေ။

မီးတောက်တွေရဲ့ အပူချိန်က အရမ်းမြင့်ပြီး ခြိမ်းခြောက်မှုကလည်း အရမ်းများတာကြောင့် သခင်တွေတောင် တစ်ယောက်ပြီး တစ်ယောက် ဆုတ်ခွာခဲ့ရသည်။

“ဒါက ထူးဆန်းတဲ့ မီးတောက်ပဲ!! ပြီးတော့ ၂ခုတောင်!”

လက်နက်သန့်စင်သူ ပညာရှင်တစ်ယောက်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

"ဒါက စိတ်ဝိညာဥ် မီးတောက်ပဲ... လက်နက် သန့်စင်မှုရဲ့ အမြင့်ဆုံးမီး"

ပြောသူရဲ့ အသံက တုန်လှုပ်သွားလျက်။

လူအုပ်ကြီးရှေ့မှာ ရပ်နေတဲ့ ရွှမ်ယင်နဲ့ ကျန်းရှို့တို့က တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။ ထုံးစံအတိုင်း လက်နက် သန့်စင်မှုမှာ သုံးတဲ့ ပြင်းထန်တဲ့ စိတ်ဝိညာဥ် မီးတောက်ကို သူတို့လည်း ကြားလိုက်ကြတယ်လေ။ ဒါကြောင့် ကောင်းကျန့်ကို အသက်ရှင်လျက် လောင်ကျွမ်းစေ နိုင်လောက်တဲ့အထိ အစွမ်းထက်နေတာ မဆန်းတော့ချေ။

လုရွှမ် အမြန်ထွက်လာပြီး သူ့တစ်ကိုယ်လုံး ယွမ်ယန်စွမ်းအင်ရဲ့ အရှိန်အဝါတွေ ပြည့်နေသည်။ ကောင်းကင်မီးက ပြင်းထန်တဲ့ အလင်းရောင်တွေနဲ့ ပွင့်ထွက်နေကာ သူ့တစ်ကိုယ်လုံး ပြိုးပြိုးပြက်ပြက် ဖြစ်နေသော နေလုံးကြီး တစ်လုံးလို ဖြစ်နေသဖြင့် လူများကို မျက်လုံး မဖွင့်နိုင်အောင် ဖြစ်သွား​စေသည်။

အရှိန်အဟုန်ပြင်းစွာ ထွက်ပေါ်လာသော ခံ့ညားသော အလင်းရောင်သည် လူတိုင်းအပေါ် ဖုံးအုပ်သွားတဲ့အခါ လူများစွာရဲ့ နှလုံးသွေးကြောတွေကိုတောင် တုန်ခါသွားစေ၏။

"သတ်!"

တပ်ဖွဲ့ဝင် အများအပြားသည် ထွက်ပေါက်မှ ပြေးထွက်လာပြီး လုရွှမ်၏ အနောက်တွင် စုရုံးလာခဲ့ကြသည်။ သူတို့အားလုံးဟာ လူသတ်တဲ့ အသွင်အပြင်နဲ့ ပြည့်နှက်နေပြီး လုရွှမ်ရဲ့နောက်မှာ နေရာယူထား၏။

ထွက်ပေါက်က ထွက်လာတဲ့ လူတွေက ပိုပိုပြီး များလာသည်။ အင်ပါယာ ရှစ်ခုရဲ့ သခင်တွေက နောက်ပြန်ဆုတ်သွားကာ ယခုအချိန်တွင် မျက်လုံးဖြူ ခေါင်းဆောင် အဘွားကြီးထျန်းရှားကိုလည်း လူအများက တိတ်တဆိတ် စိုက်ကြည့်နေကြသည်။ သူမ အမှားလုပ်မိကြောင်း သူမကိုယ်တိုင်လည်း သိလိုက်သည်။

အင်းဆက် ပိုးကောင်များကို ဦးဆောင်ကာ ထွက်ပေါက်မှ နဂါးကြီး ပြေးထွက်လာမယ်လို့ သူမ အမှန်တကယ်ပင် မမျှော်လင့်ထားပေ။ ၎င်းသည် နတ်နဂါးကြီး၏ ဘုန်းအာနုဘော်ကိုပင် အမှန်တကယ် ပြသခဲ့သည်။

လုရွှမ်၏ ခန္ဓာကိုယ်ပေါ်ရှိ အလင်းရောင်သည် တဖြည်းဖြည်း ပျောက်ကွယ်သွားကာ လူတိုင်းရှေ့တွင် အရပ်မြင့်မြင့် မတ်တပ်ရပ်နေခဲ့သည်။သူ၏ ကျင့်ကြံမှုမှာ သိသိသာသာ မလုံလောက်သော်လည်း ယခုအချိန်တွင် ဤစွမ်းအားဖြင့်ပင် လူများကို မထီမဲ့မြင် မပြု​စေနိုင်သော ခံစားချက်ကို ပေးစွမ်းနေ၏။

သူ့မျက်လုံးတွေက အဝေးကို လှမ်းကြည့်နေစဥ် သူတော်စင်တချို့က လုရွှမ်ကို မကြည့်ဝံ့ကြချေ။

"သူ...သူက ထျန်းလုံကျောင်းအုပ် ချင်းလုံအရှင်ပဲ!"

လုရွှမ်က ကျယ်လောင်စွာ ရယ်မောပြီး

"အင်ပါယာ ရှစ်ခုက လူတွေ... မင်းတို့ သိပ်သတ္တိကောင်းနေတာပဲ!"

"မင်းတို့ သိပ်သတ္တိကောင်းနေတာပဲ!"

သူတို့နောက်က လူတွေအားလုံးက တညီတညွတ်တည်း ပြောလိုက်ရာ မြေကြီးကိုပင် ကွဲအက်သွားစေတဲ့ အသံလှိုင်းတစ်ခု ဖြစ်သွားခဲ့သည်။

လုရွှမ်ကို ဖော်ထုတ်လိုက်သူဟာ ရုတ်တရက် ပါးစပ်က သွေးတွေ ထွက်ကျလာပြီး သူ့ခန္ဓာကိုယ်ကလည်း ပြင်းထန်စွာ တုန်ခါလာသည်။ ထို့နောက် ပြင်းထန်တဲ့ ပေါက်ကွဲသံနဲ့အတူ သူ့ခန္ဓာကိုယ်က ပေါက်ကွဲသွားလေ၏။

ထောင်ပေါင်းများစွာသော ကျင့်ကြံသူများ ဆွံ့အသွားကြသည်။ ထိုသူမှာ သူတော်စင်နယ်ပယ် အဆင့်၇ ဆိုပေမယ့် ခုခံချိန် မရလိုက်ချေ။

"ကျောင်းအုပ်ချင်းလုံ... မင်းဘာလုပ်ချင်​နေတာလဲ? ငါတို့ ထျန်းလုံမြို့ တစ်ခုလုံးကို သုတ်သင်ပစ်မှာကို မကြောက်ဘူးလား??"

အဘွားကြီးထျန်းရှားက ကျယ်လောင်တဲ့ အသံကိုလွှင့်၍ မေးလိုက်သည်။ လုရွှမ်ကတော့ အေးစက်စွာ ရယ်မောလိုက်ရင်း မင်ယွဲ့ဧကရာဇ် အင်ပါယာရှေ့တွင် ရပ်နေသော အဘွားအိုကို ကြည့်ကာ ဆို၏။

"ခင်ဗျားက သေမင်းကို ရှာနေတာပဲ!"

ခန္ဓာကိုယ်က ရုတ်တရက် ပြေးထွက်လာပြီး အဘွားကြီးထျန်းရှားကို တိုက်ခိုက် လိုက်ပါတော့သည်။

အားလုံးလည်း တုန်လှုပ်သွားကြသည်။ ဒီကျောင်းအုပ်ချင်းလုံက ရူးများ ရူးနေတာလား? သူတော်စင်နယ်ပယ် အဆင့်၉ ပြီးပြည့်စုံတဲ့ ကာလရဲ့ ကျင့်ကြံမှုအဆင့်ကို ရောက်သွားတဲ့ အဘွားအိုကိုတောင် စိန်ခေါ်ရဲတယ်တဲ့လား။

ထျန်းလုံကျောင်းအုပ် ချင်းလုံအရှင်က သူတော်စင်တစ်ပိုင်း အဆင့်၇သာ ရှိသည်။

"ကိုယ့်အဆင့်ကို မသိတဲ့ကောင်!"

အဘွားကြီးထျန်းရှားက လုရွှမ်ကို ချိုင်းထောက် တုတ်နဲ့ လှမ်းပစ်လိုက်သည်။

"နဂါးဆင်ရွှေလက်ဝါး!"

လုရွှမ် အော်လိုက်ပြီး ခွန်အားအပြည့်နဲ့ ထိုးချလိုက်ပေ၏။

All Chapters