ဧည့်ခံပွဲ
Vol. 008 Ch. 735
စာအုပ်ဖတ်ခြင်းအပြင် ရီဖူရှင်း စစ်တုရင်ကစားခြင်းတွင် ပိုမိုနားလည်ရန် စစ်တုရင် တောင်ထိပ်တွင်လည်း သွားရောက် ကစားသည်။ သူက စစ်တုရင်ပညာ၏ သဘောတရားများကို ပိုမို နားလည်လာလေလေ သည်ပညာက သူ၏ လေ့ကျင့်မှုများတွင်လည်း များစွာ အထောက်အကူ ပြုသည်ကို တွေ့ရှိလေဖြစ်သည်။
သူက ယွီကျင့်အိမ်တော်တွင် တည်းခိုရင်းက လျူကျောင်း ဆိုသည်မှာ ရှီဟွာတောင်၏ တပည့်တစ်ယောက် ဖြစ်သည်ကို ကြားသိရသည်။ ရှီဟွာတောင်ကား အရှေ့ဘက်ပြည်နယ်၏ တော်ဝင်မြေဖြစ်သည်။ ထို့အပြင် သူကား ရှန့်ထိုတန်ခိုးရှင်၏ လက်ရင်းတပည့် တစ်ယောက်ဖြစ်ကာ ရှီဟွာတောင် လူငယ်မျိုးဆက်များထဲတွင် နံပါတ်၁လည်း ဖြစ်သည်။ အကယ်၍ ပြည်နယ်ကိုးခု ရှန့်ထိုပြိုင်ပွဲတွင် ရှန့်ထိုတစ်ပါး ပေါ်ထွက်လာမည် ဆိုပါက လျူကျောင်းမှတပါး တခြားမရှိဟုပင် ပြောကြသည်။
ထိုသို့သော အကဲဖြတ်ခြင်းက လျူကျောင်းကား ရှန့်ထိုတစ်ပါးဖြစ်ရန် အလားအလာ ရှိသည်ထက် ပိုကြောင်း သိသာစေသည်။ သူကား ရှန့်ထို ဖြစ်လာမည့်လူဟု သတ်မှတ်၍ ရသည်။
လျူကျောင်းအပြင် ကျောက်စီရှောင်ကလည်း ရောက်လာကာ ထူးခြား ကောင်းမွန်သော နောက်ခံ အသိုင်းအဝိုင်းအား ပိုင်ဆိုင်ထားသည်။ သူကား အရှေ့ဘက်ပြည်နယ်၏ နယ်မြေများစွာကို အုပ်ချုပ်သော ကျောက်မဟာတော်ဝင် ပြည်ထောင်မှလာသည်။ ကျောက်မဟာ ပြည်ထောင်ကား တစ်ချိန်က အရှေ့ဘက် ပြည်နယ်တစ်ခုလုံးကို စုစည်းကာ အရှေ့ဘက်ပြည်နယ်ကို နှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့သူများ ဖြစ်သည်ဟု ဆိုသည်။ ပြည်ထောင်က ယခင်ခဲ့သို့ အင်အားများ မရှိတော့သော်လည်း အရှေ့ဘက် ပြည်နယ်တစ်ခုတည်း သာမက ပြည်နယ်ကိုးခုလုံတွင်ပင် ထိပ်သီးအင်အားစုများ အဖြစ် သတ်မှတ်နိုင်သည်။
ရှီနှင့် ရှန့်ထိုအဆင့်ဇယား၌ ပါဝင်သော စွမ်းအားမြင့် ထိပ်သီးတစ်ယောက်ဖြစ်သူ ရန်ရှောင်က သူ့အား ကိုယ်တိုင်ကြိုဆိုခဲ့သည်။
သူတို့အပြင် စစ်တုရင်အိမ်တော်သို့ ဖိတ်ကြားခံရသူများ မှာလည်း စစ်တုရင် ရှန့်ထိုတပည့်များ၏ ခွင့်ပြုချက်ရရှိခဲ့ပြီး သူများ ဖြစ်ကြသည်။ သူတို့အားလုံးက အထင်ကြီးဖွယ် နောက်ခံ သို့မဟုတ် ခြွင်းချက်မဲ့ ပါရမီရှင်များလည်း ဖြစ်ကြသည်။
ယွီကျင့်အိမ်တော် ခေါင်းဆောင်ရန်ရှောင်က ဧည့်သည်များကို ဧည့်ခံရန် ညစာစားပွဲတစ်ခု တည်ခင်းခဲ့သည်။ ထိုနေရာကား အလွန်အမင်း စည်ကားနေကာ ရောက်လာသူများ အားလုံးကလည်း ထူးခြားထက်မြက်သူများ ဖြစ်ကြသည်။
ရီဖူရှင်းတို့ အုပ်စုကလည်း ထိုင်ခုံများတွင်ထိုင်ကာ လူအများ၏အာရုံစိုက်မှုများကို ရရှိကြသည်။ ရီဖူရှင်းက ရှေ့ကို ကြည့်သည်တွင် စစ်တုရင်ရှန့်ထို၏ တပည့်အကြီးဆုံးဖြစ်သူ အသက် သုံးဆယ်အရွယ်ခန့်သာ ထင်မြင်ရသော ရန်ရှောင်ကို မြင်သည်။ သူ၏ဇနီးကလည်း လွန်စွာ နုပျိုကာ အသက် သုံးဆယ်ခန့်ဟုသာ ထင်ရသည်။ သူမ၏အလှကလည်း နာမည်ကျော်ကြား ထိုက်အောင်ပင် ကျော့ရှင်းသိမ်မွေ့ကာ လှပလွန်းပေသည်။
ရီဖူရှင်းတို့ အုပ်စုထဲမှ မိန်းကလေးများကလည်း အလွန် လှပသူများ ဖြစ်ကြသည်။ ထို့အပြင် ရန်ရှောင်၏အနီးတွင် ထိုင်နေသော မိန်းကလေး တစ်ဦးနှင့် ယောက်ျားလေး တစ်ဦးတို့ကလည်း ကြော့ရှင်းသော အငွေ့အသက်များကို ပေးသည်။ သူတို့ကလည်း ကျောက်မဟာ တော်ဝင်ပြည်ထောင်မှ ဖြစ်ပြီး တစ်ယောက်က နာမည်ကျော် ကျောက်စီရှောင်နှင့် နောက်တစ်ယောက်က အလွန်လှပသော မိန်းမပျိုတစ်ဦးဖြစ်သူ ကျောက်စီရီ ဖြစ်သည်။ သူတို့က မောင်နှမများလည်း ဖြစ်ကြသည်။
သူတို့အနီးတွင်လည်း များစွာသော စွမ်းအားမြင့် တန်ခိုးရှင်များကို မြင်တွေ့ကြရသည်။ ပတ်ဝန်းကျင် တစ်ခုလုံးက အေးချမ်းနေသော်လည်း ထိုလူစုထံမှ ထည်ဝါသော အငွေ့အသက်များကို လျစ်လျူရှု၍ မရပေ။
“‘ဒီနေ့ ညစာစားပွဲက အပျော်သဘောသာ ဖြစ်ပြီးတော့ စကားစမြည် ပြောရအောင် ရည်ရွယ်ထားတာပဲ… ဒီနေရာမှာ လူငယ်မျိုးဆက်တွေရဲ့ ဂုဏ်ယူရတဲ့သားတွေ သမီးတွေကို မြင်တွေ့ရတာ ဝမ်းသာစရာပဲ…” ရန်ရှောင်က ထရပ်ကာ အားလုံးကို ပြောသည်… “ကျုပ်နဲ့ကျုပ်ဇနီးက အားလုံးကို တစ်ခွက် ဂုဏ်ပြုပါတယ်…”
“ခင်ဗျားက နာမည်နဲ့ လိုက်ဖက်ပါပေတယ်… အိမ်တော်ခေါင်းဆောင်ရန်… ခင်ဗျားကို တွေ့ခွင့်ရတာလည်း ဝမ်းသာစရာပါပဲ…” တစ်ယောက်က ပြုံးလျက်ပြောသည်။ ရှန့်ထိုနှင့်ရှီအဆင့်မှ လူများအားလုံးက ထူးခြား အံ့ဖွယ်ကောင်းသောလူများ ဖြစ်ကြကာ အထူးသဖြင့် စစ်တုရင်ရှန့်ထို၏ တပည့်ဖြစ်နေခြင်းက သူ့နာမည်ကို ပိုမို၍ ကျော်ကြားစေသည်။
“ခင်ဗျားတို့အားလုံးက စစ်တုရင်တောင်ထိပ်ကို တက်ပြီးတော့ အတွေ့အကြုံ တချို့ယူပြီးပြီလို့ ကျုပ်ကြားတယ်… ကစားကွက်တွေကို ဘယ်လိုထင်လဲ…” ရန်ရှောင်က ပြုံးလျက် ပြောသည်။
“ခက်ခဲတယ်…” နတ်ဓားသခင်၏ တပည့်ဖြစ်သူလီမူက ပြောသည်… “ကျုပ်က ဓားဝင်္ကပါပညာမှာ ထူးချွန်ပြီးတော့ စစ်တုရင်ပညာကိုလည်း သေသေချာချာ လေ့လာထားတယ်… ဒါပေမဲ့လည်း ရောက်တာနဲ့ ပထမ ကစားပွဲကိုတောင် အောင်မြင်အောင် မကျော်ဖြတ်နိုင်ဘူး… အခု ကျုပ်က ပဉ္စမပွဲအထိ အနိုင်ယူနိုင်ခဲ့ပြီးတော့ နောက်ထပ်ပွဲတွေကို အနိုင်ရဖို့ပိုပိုပြီး ခက်ခဲလာခဲ့တယ်…”
“ဟန်ကျင့်က ရှစ်ပွဲအထိ အနိုင်ရထားပြီးပြီ… သူက မကြာခင် ကိုးပွဲမြောက်ကို အနိုင်ရလိမ့်မယ်…” ရန်ရှောင်က ဟန်ကျင့်အား ပြုံးလျက်ပြောသည်။
“ကျုပ်က မြန်မြန်ဆန်ဆန်ပဲ နတ်နဂါး စစ်တုရင်ခုံမှာ သွားကစားခွင့် ရအောင်လုပ်မယ်…” ဟန်ကျင့်က ရန်ရှောင်ကိုကြည့်ကာ ပြောသည်။ နတ်နဂါးစစ်တုရင်ခုံကား နောက်ဆုံး ကစားပွဲဖြစ်ကာ ထိုအရာက တပည့်ကိုးယောက်၏ ပညာကုန် ထုတ်သုံးထားသော စစ်တုရင်ခုံလည်း ဖြစ်သည်။ ထိုစစ်တုရင်ခုံက ကစားပွဲတစ်ခုထက်ပိုကာ အလွန်တရာ ခက်ခဲပြင်းထန်ပြီး စည်းမျဉ်းများပင် အနည်းငယ် ကွဲပြားသည်။
“ကျုပ် မျှော်လင့်နေပါ့မယ်…” ရန်ရှောင်က ပြုံးလျက်ပြောသည်။ ထို့နောက် သူက ချောမောသော လူငယ်တစ်ယောက်အား ကြည့်ကာမေးသည်... “မိုကျွမ်… မင်းရဲ့အစ်ကို လျူကျောင်း ဘယ်တော့လာမလဲ…”
မိုကျွမ်ကား ရှီဟွာတောင်၏ နောက်ထပ် တပည့်တစ်ယောက် ဖြစ်သည်။ သူသည်လည်း ရှန့်ထို၏ လက်ရင်းတပည့် ဖြစ်ကာ ချောမောသော ရုပ်ရည် ထက်မြက်သော အရည်အချင်းတို့ကြောင့် နာမည်ကျော်ကြားသည်။ သူကား အရှေ့ဘက်ပြည်နယ် လူငယ်များ အကြားတွင် မြင့်မားသော အဆင့်အတန်း တစ်ခုအား ပိုင်ဆိုင်သည်။ သို့သော်လည်း ရှီဟွာတောင်ဟုပြောလျှင် မိုကျွမ်ထက် သူ၏အစ်ကိုလျူကျောင်း နာမည်ကိုသာ လူအများက ဦးစွာ အမှတ်ရမိကြသည်။ မိုကျွမ်ကိုယ်တိုင်လည်း သူ၏အစ်ကိုအား အလွန် လေးစားရပေသည်။ သူ၏အစ်ကိုကား ရှန့်ထိုဖြစ်ရန် သေချာသူဖြစ်ကာ သူကိုယ်တိုင်ကလည်း ထိုသို့လုပ်နိုင်မည်ဟု ယုံကြည်သည်။
“ကျုပ်အစ်ကိုက ဒီလိုပဲ နောက်ကျတတ်တယ်… အခု သူဘယ်မှာလဲ မသိဘူး…” မိုကျွမ်က ပြောသည်။
ရန်ရှောင်က ခေါင်းညိတ်ကာ ပြောသည်… “ရှီဟွာတောင်က လူငယ်တွေ ဘယ်လောက် ထက်မြက်လည်း ဆိုတာ အရင်ကတည်းက ကြားဖူးတယ်... အခု ဒီအချိန်အခါမှာ သူတို့ကိုတွေ့ဖို့ တကယ် မျှော်လင့်ထားတယ်…” ထို့နောက် သူက အလွန်လှပသော မိန်းကလေး တစ်ယောက်အား ကြည့်ကာ ပြောသည်… “နတ်မိမယ်ချိန်နီကို တွေ့ရတာ အံ့အားသင့်စရာပဲ…”
“ခေါင်းဆောင်က ချီးမြှောက်လွန်းပါပြီ…” နတ်မိမယ်ချိန်နီကလည်း ရှန့်ထိုတစ်ပါး၏ တပည့်တစ်ယောက် ဖြစ်သည်။
“ညီငယ်တို့... မင်းတို့ ဖိတ်ခေါ်ထားတဲ့ ဧည့်သည်တွေကို မိတ်ဆက်ပေးပါဦး… ဒီအထဲမှာ ငါမသိတဲ့လူတွေလည်း ပါတယ်…” ရန်ရှောင်က သူ၏ညီများကို ကြည့်ကာပြောသည်။ စစ်တုရင်ရှန့်ထို၏ တပည့်ကိုးယောက်လုံး သည်နေရာတွင် ရှိနေကြသည်။
“ဟုတ်ကဲ့… အစ်ကိုကြီး…” အချို့က ခေါင်းညိတ်ကာ သူတို့ ဖိတ်ခေါ်ထားသူများအား မိတ်ဆက်ပေးကြသည်။ အားလုံးသော လူများက အရှေ့ဘက်ပြည်နယ်မှ ထူးခြားထက်မြက်သူများ ဖြစ်ကြသည်။ ကျင့်ကုန်းစီက ရီဖူရှင်းအား ပြုံးလျက်မေးသည်…”မင်း ဘယ်ကလဲ ငါအခုထိ မသိသေးဘူး…”
ရီဖူရှင်က ပြုံးလျက်ခေါင်းယမ်းသည်။
“မြေရိုင်းပြည်နယ်က ရီဖူရှင်း…” ရီဖူရှင်းက တီးတိုးပြောသည်။
“ဒါက အတော်ရင်းနှီးတဲ့နာမည်ပဲ… တစ်နေရာရာမှာ ငါကြားဖူးသလိုပဲ…” ကျင့်ကုန်စီက ပြောသည်။ ထို့နောက် သူက ရန်ရှောင်ဘက်ကို လှည့်ကာ ပြောသည်… “အစ်ကိုကြီး.. ကျုပ်မိတ်ဆွေက မြေရိုင်းပြည်နယ်က ရီဖူရှင်းဖြစ်တယ်…”
“မြေရိုင်းပြည်နယ်… ရီဖူရှင်း…” ရန်ရှောင်က မိမိကိုယ်ကို ရေရွတ်သည်။ အားလုံးက ရီဖူရှင်းအား ရုတ်တရက် ကြည့်လိုက်ကြသည်။ မြေရိုင်းပြည်နယ်ကား သူတို့အားလုံးအတွက် စိတ်ဝင်စားဖွယ် ကင်းမဲ့ကာ ထိုနေရာမှ လူများနှင့်လည်း သိပ်မတွေ့ဖူးကြပေ။ သို့သော်လည်း ကျိရှမ်းကမ်းပါးကိစ္စတွင် သူတို့အားလုံးက မြေရိုင်းပြည်နယ်နှင့် ပတ်သက်၍ အနည်းငယ် ကြားသိခဲ့ကြရပေသည်။ သူတို့အားလုံးက လွန်ခဲ့သော တစ်နှစ်ခန့်အချိန်၌ ရီဖူရှင်း၏နာမည်ကို ကြားဖူးခဲ့ကြသည်။
“တော်ဝင်ကျဲနန်းတော်ရဲ့ နန်းတော်သခင်ကိုယ်တိုင် ဒီကို ရောက်လာမယ်လို့ ကျုပ်မထင်ထားဘူး… တောင်းပန်ပါရစေ…” ရန်ရှောင်က ခွက်ကို မြှောက်ကာ ပြုံးလျက် ပြောသည်။
“ခေါင်းဆောင်က အရမ်း လေးစားစရာပါ…” ရီဖူရှင်းကလည်း ခွက်ကို မြှောက်ကာ ပြောသည်။
“အာ… ဒါဆို မင်းက အဲဒီ နိုဘယ်အဆင့် နန်းတော်သခင်ပေါ့…” ကျင့်ကုန်းစီက နားလည်လိုက်ကာ ပြောသည်။
“နိုဘယ်အဆင့် နန်းတော်သခင်…” ရီဖူရှင်းက စိတ်ဓာတ်ကျစွာ ရေရွတ်သည်။
ညစာစားပွဲမှ လူများအားလုံးက ရီဖူရှင်းကို ကြည့်ကြသည်။ ကျောက်စီရှောင်လည်း ပြောသည်… “မင်းက ကျိရှမ်းကမ်းပါးက ပါရမီအမြင့်ဆုံးလို့ဆိုတဲ့ ချင်ကျောင်းကို အနိုင်ယူခဲ့တယ်ကြားတယ်… မင်းရဲ့ပါရမီကလည်း အထင်ကြီးစရာပဲ… ဒါကြောင့်ပဲ အရင်နန်းတော်သခင်က အင်ပါယာရှားကို ဖိတ်ခေါ်ပြီးတော့ မင်းကို နန်းတော်သခင်အဖြစ် ပေးအပ်စေခဲ့တယ်…”
သည်နေရာမှ လူများက ထိုအဖြစ်အပျက်ကို အနည်းနှင့်အများတော့ ကြားဖူးကြပေသည်။ မည်သို့ဆိုစေ မြေရိုင်းပြည်နယ်မှ ကိစ္စရပ်များကို စိတ်မဝင်စားကြသော်လည်း ထိုအဖြစ်အပျက်က ကျိရှမ်းကမ်းပါးကို ကြီးစွာ ထိခိုက်စေခဲ့ရာ အတော်များများက ကြားသိခဲ့ကြပေသည်။
“ခင်ဗျားက နန်းတော်သခင် တစ်ယောက်ဆိုရင် ဘာလို့ စစ်တုရင်ကစားတာ ဒီလောက် ဆိုးရတာလဲ…” တစ်ယောက်က မေးသည်။ ရီဖူရှင်း ကစားခဲ့သော ကစားနည်းက အလွန် အရုပ်ဆိုးလွန်းလှသည်။ ရီဖူရှင်းက တခြားသာမန်လူ တစ်ယောက်ဆိုပါက သိပ်ပြဿနာ မရှိသော်လည်း တော်ဝင်ကျဲ နန်းတော်ကဲ့သို့ တော်ဝင်မြေတစ်နေရာအား ဦးဆောင်သော နန်းတော်သခင်က ထိုသို့အရုပ်ဆိုးစွာ ကစားခြင်းအပေါ် သူတို့လက်ခံ၍ မရပေ။
“စစ်တုရင် ကစားတာက အနိုင်အရှုံးအတွက် ကစားတာလား… အလှအပအတွက်ကစားတာလား…” ရီဖူရှင်းက ပြုံးလျက်ပြန်မေးသည်။
ထိုလူက မျက်မှောင်ကြုတ် လိုက်ကာ ထပ်ပြောသည်… “အဓိက ရည်ရွယ်ချက်က နိုင်ဖို့ဆိုပေမဲ့လည်း ကစားနည်းရဲ့ ဖြစ်စဉ်ကို လျစ်လျူရှုလို့လည်း မရဘူး…”
ရီဖူရှင်းက ပြုံးကာ နောက်ထပ် မငြင်းခုံတော့ပေ။ ဝမ်ရှင်း၏ကစားဟန်က အရုပ်ဆိုးသည် မှန်သော်လည်း ထိုနည်းလမ်းက ပြဿနာဟု သူမမြင်ပေ။ အကယ်၍ သူကသာ ထိုနည်းလမ်းဖြင့် သူတို့အားလုံးကို အနိုင်ယူနိုင်ပါက ထိုနည်းလမ်းအား သူက ဂရုစိုက်မည် မဟုတ်ပေ။
မိုကျွမ်က ရီဖူရှင်းအား ကြည့်ကာ မြေရိုင်းပြည်နယ်ကလည်း ပြည်နယ်ကိုးခု အရေးကိစ္စများတွင် စိတ်ဝင်စား လာသည်ဟု တွေးထင်မိသည်။ ယခု မကြာခင် ပြည်နယ်ကိုးခု ညီလာခံရှိကာ ရှီဟွာတောင်က အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည်ဖြစ်သည်။ သို့သော်လည်း မည်သူကမှ မြေရိုင်းပြည်နယ်အား ဖိတ်ကြားခဲ့ခြင်း မရှိခဲ့ကြပေ။
ရန်ရှောင်က ပြုံးလျက် အားလုံးကို ပြောသည်… “မြေရိုင်းပြည်နယ်ရဲ့ တော်ဝင်ကျဲနန်းတော်သခင် ကိုယ်တိုင်တောင်မှ အရှေ့ဘက်ပြည်နည်ကို လာရောက်ခဲ့တယ်… ဒါက ဂုဏ်ယူစရာပါပဲ… နောက်တစ်လနေရင် နတ်နဂါးစစ်တုရင်ပွဲကို ဖွင့်လှစ်မယ်လို့ ကျုပ် ကြေညာပါရစေ… အဲဒီအချိန်ကျရင် စစ်တုရင် တောင်ထိပ်မှာ ခင်ဗျားတို့အားလုံး ကြည့်ခွင့်ရအောင် ကျုပ်စီစဉ်ပေးပါ့မယ်…
ရီဖူရှင်းတို့အုပ်စုက ညစာစားပွဲ အပြီးတွင် ထွက်ခွာလာကြသည်။
“ဦးလေး... ကျွန်တော်တို့မှာ အချိန်တစ်လပဲ ရှိတယ်… အခွင့်အရေး ရှိပါ့မလား…” ရီဖူရှင်းက ဝမ်ရှင်းကို မေးသည်။
“ငါက စစ်တုရင်ကို နားမလည်ပေမဲ့ ပထမခြောက်ပွဲကို အနိုင်ရခဲ့တယ်… ဒါပေမဲ့ နောက်ပိုင်းက ပိုပြီးခက်ခဲပြီးတော့ တွေးတောဖို့ အချိန်ယူရတယ်… ဒီတစ်လထဲမှာ ငါလည်း မင်းနဲ့အတူ ကူပြီး လေ့လာပေးမယ်…” ဝမ်ရှင်းက ပြောသည်။
“ကောင်းပြီ…” ရီဖူရှင်းက ခေါင်းညိတ်သည်… “တိုက်တိုက်ဆိုင်ဆိုင်ပဲ… ကျွန်တော့်နည်းစနစ်က ဦးလေးနဲ့ ကွဲလွဲနေတယ်… ကျွန်တော်က ဒီပညာမှာ တော်တော်များများ သိနာလည်လာတာတွေ ရှိတယ်… ဦးလေးနဲ့ အတူတူကြည့်ရအောင်…” ရီဖူရှင်းက စစ်တုရင်ကျေးရွာကို ပြန်လာရင်း တက်ကြွစွာ ပြောသည်။ သူက သည်ခရီးတွင် ကျရှုံးခဲ့လျှင်ပင် တန်ဖိုးရှိပေသည်။
***