← Chapters

ဉာဏ်အလင်းကျောက်ပြား

Vol. 53 Ch. 4.301

ဉာဏ်အလင်းကျောက်ပြား

Vol. 53 Ch. 4.301

"ကျောက်ပြားကို ဘယ်သူ ခိုးသွားတာလဲ!!"

အဘိုးအိုရဲ့ တုံ့ပြန်မှုက အပြင်းထန်ဆုံး ဖြစ်သည်။ သူတော်စင်နယ်ပယ် အဆင့်၉ ပြီးပြည့်စုံသောကာလ၏ ရောင်ဝါသည် ပြင်းထန်စွာ ဖြန့်ကျက်သွားပြီး သူ၏ သွေးနီရောင် မျက်လုံးများက လူအုပ်ကို စတင် အကဲခတ်တော့သည်။ ပြင်းထန်သော အကြည့်အောက်တွင် လူများသည် အဘိုးအိုကို မကြည့်ဝံ့ဘဲ သံသယ မဝင်လာအောင် အချင်းချင်း လှည့်ပတ် ကြည့်​နေကြသည်။

လုရွှမ်သည် ငြိမ်သက်စွာ ရပ်နေပြီး အဘိုးအို၏ မျက်လုံးများကို တည်ငြိမ်စွာ ရင်ဆိုင်လိုက်သည်။ သူယူသွားတာ သိသွားလည်း အရေးမကြီးပါ။ သူ့တွင် ယုံကြည်မှုရှိသည်။

ရုတ်တရက် အပြင်ဘက်မှ ဆူညံသံများထွက်ပေါ်လာပြီး အားပြင်းသော အရှိန်အဟုန်က အရှိန်ပြင်းပြင်း ဝင်လာကာ လူတိုင်းအား အလိုအလျောက် ပြန့်ကျဲသွားစေသည်။ လုရွှမ်လည်း ဘေးသို့ လွှင့်ထုတ်ခံလိုက်ရသည်။ လူလတ်ပိုင်းအရွယ် ပညာရှင်နှင့်တူသော အမျိုးသားက မြေပြင်ပေါ်က အမှုန့်များကို လှမ်းကြည့်လိုက်ရာ သူ့မျက်နှာမှာ ကြောက်စရာကောင်းလောက်အောင် မည်းမှောင်သွားလေသည်။

"ဘယ်သူလဲ? ငါ့ကို အခုပြောပြရင်... ငါ သူ့အသက်ကို ချမ်းသာပေးမယ်!"

မဟာသူတော်စင် ပထမအဆင့် ကျင့်ကြံသူပင်။ လုရွှမ်သည် သူ့ရုပ်ရည်ဟာ သခင်မလေးဟူသည့် အမျိုးသမီးနှင့် အတော်လေး ဆင်နေတယ်လို့ သူ့တစ်ယောက်တည်း တိတ်တဆိတ် တွေးနေမိသည်။

ဆက်ပြောနေလျှင် မဟာသူတော်စင်ကြီးက အမျက်ထွက်ပြီး သတ်ပစ်မည်ကို စိုးရိမ်သောကြောင့် မည်သူမျှ မပြောဝံ့ကြပေ။

"လောင်ခွမ်း.... မင်း လှုပ်ရှားမှု တစ်ခုခုကို သတိထားမိလိုက်လား?"

ထျန်းရှားဂိုဏ်း ခေါင်းဆောင်က မေးလိုက်သည်။ အဘိုးအိုလည်း ခေါင်းခါယမ်း၏။ သူက မတိုင်ခင်က ဒေါသပေါက်ကွဲမှု ပြီးတဲ့နောက် ယခုအခါ ငြိမ်သက်သွားခဲ့သည်။

အဆက်မပြတ် ဆုံးရှုံးခြင်းနှင့် အထီးကျန်ခြင်း တို့သည် ကျောက်စရစ်ခဲ အမှုန့်အမွှားများနှင့်အတူ ပါသွားသလို၊ သူ့အသက်ရှင်ဖို့ အခွင့်အရေး မရှိတော့သလို ခံစားနေသလို ကြည့်နေသည်။

သူသက်ပြင်းချလိုက်ပြီး

"ဘာမှကို သတိမထားမိလိုက်ဘူး.... လှုပ်ရှားမှု လုံးဝ မရှိသလို... ဒီကျောက်ပြားက မြေကြီးထဲကို ထိုးဖောက်ဝင်သွားသလိုပဲ... ကျောက်ပြားက ကောင်းကင်ကနေ ပြုတ်ကျလာတာကို မင်းလည်း သိပါတယ်... မင်းတောင် သတိမထားမိဘူး ဆိုတော့ တခြားလူအတွက် ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?"

“ဖြစ်နိုင်တယ်... ဒါက ငါတို့ကမ္ဘာက ပိုင်ဆိုင်နိုင်တဲ့ အရာတစ်ခု မဖြစ်နိုင်လောက်ဘူး ... ကောင်းကင်က ငါတို့ကို ပေးခဲ့ပြီးပြီမို့ အခု ပြန်ယူသွားတာပဲ ဖြစ်မယ်”

ထျန်းရှားဂိုဏ်းရဲ့ ခေါင်းဆောင်က ဒီအမှန်တရားကို မသိတာ ဖြစ်နိုင်သည်။ ဒီကျောက်ပြားက ဒီနေရာကို ကျလာခဲ့ပြီး သူ ရှာတွေ့နိုင်လောက်အောင်အထိ ကံကောင်းခဲ့သည်။ ထိုအချိန်က သူသည် သာမန်သူတော်စင်နယ်ပယ် တစ်ဦးသာဖြစ်၏။

သူက ကျင့်ကြံမှု နိမ့်ကျတဲ့ သာမာန်ပါရမီရှင် သူတော်စင်တစ်ဦးမို့ အခွင့်အလမ်းများကို ရှာဖွေရန် ထျန်းဝိုက်စွေ့ကမ္ဘာသို့ ဝင်ရောက်လာခဲ့ခြင်း ဖြစ်သည်။

ဒီကျောက်ပြားကို သူတွေ့ခဲ့တာက တကယ်ပဲ သူ့အတွက် အခွင့်အရေး ဖြစ်ခဲ့၏။

ကျောက်ပြားပေါ်က ပထမအလွှာသုံးလွှာ၏ အကြောင်းအရာများကို သူမြင်လိုက်ရခြင်းက သူ့အခွင့်အရေးပင် ဖြစ်ကောင်းဖြစ်ပေမည်။ ဘာကိုဆိုလိုမှန်း မသိပေမယ့် အဓိပ္ပာယ်ကို တစ်နည်းနည်းနဲ့တော့ နားလည်​နေခဲ့သည်။ ဒါပေမဲ့ ကျောက်ပြားက ဒီမှာပဲ အမြစ်တွယ်နေခဲ့ပြီး သူ လုံးဝ မရွှေ့နိုင်ခဲ့ဘူး။

ထျန်းဝိုက်စွေ့ကမ္ဘာမှ ထွက်ခွာပြီးနောက် သူ၏ ကျင့်ကြံမှုသည် လျင်မြန်စွာ တိုးတက်လာခဲ့သည်။ အနှစ်တစ်ရာအတွင်း သူတော်စင်အဖြစ်မှ မဟာသူတော်စင် ဖြစ်လာခဲ့ပြီး တိုက်ခိုက်ရေး စွမ်းအားသည် သာမန်တတိယ အဆင့်များနှင့်ပင် နှိုင်းယှဉ်နိုင်သည်။

သူတစ်ဖန် ပြန်လာသောအခါတွင်လည်း သူသည် ကျောက်​ပြားကြီးကို မရွှေ့နိုင်သေးကြောင်း တွေ့ရသဖြင့် ဤနေရာတွင် ခွန်အားကို စတင်တည်ဆောက်ကာ လက်ရှိ ထျန်းရှားဂိုဏ်းကို တည်ထောင်ခဲ့​လေသည်။

“ထွက်သွား... အကုန် ထွက်သွား!”

ထျန်းရှားဂိုဏ်း ခေါင်းဆောင်က ကျယ်လောင်စွာ အော်ပြီး လူတိုင်းကို သွေးနီဥ မျက်လုံးတွေနဲ့ စိုက်ကြည့်နေ၏။

ဘယ်သူမှ မနေရဲကြတဲ့အတွက် မြန်မြန်ဆန်ဆန်ပဲ ထွက်သွားကြသည်။ လုရွှမ်က အမြန်နောက်ဆုတ် လိုက်သော်လည်း သူလှည့်ကြည့်လိုက်တော့ ယဲ့ချင်းမိန်က သူ့ကို ပူလောင်သော မျက်လုံးများဖြင့် စိုက်ကြည့်နေတာကို တွေ့လိုက်ရသည်။ သူသတိထားမိသွားတာကို တွေ့တော့ မျက်လုံးမှိတ်ကာ အမြန် ပြေးသွားခဲ့သည်။

ထိုညက အခန်းတံခါးကို တိတ်တဆိတ် တွန်းဖွင့်လိုက်ပြီး ယဲ့ချင်းမိန် ဝင်လာခဲ့သည်။ လုရွှမ် ကုတင်ပေါ်တွင် တင်ပျဉ်ခွေ ထိုင်ကာ သူမကို စောင့်နေသည်အား မြင်လိုက်ရတော့ ယဲ့ချင်းမိန်က အေးစက်စွာ ပြုံးလိုက်ပြီး

"မျှော်လင့်ထားသလိုပဲ... နာမည်ကြီးတဲ့ ကျောင်းအုပ်ကြီး ချင်းလုံအရှင်က သူ့နောက်ကို လိုက်သတ်လို့ မရအောင် ဒီမှာ ပုန်းနေတာပဲ... အဲဒါကြောင့် တွေးတောင်မတွေးဘဲ ထျန်းရှားဂိုဏ်းထဲ ဝင်ခဲ့တာ အံ့ဩစရာတော့ မရှိပါဘူး"

လုရွှမ်သည် လက်ရှိ ယဲ့ချင်းမိန်ကို ရွံရှာနေမိ၏။ သူမရဲ့ ထိုသိမ်ဖျင်းသော အကြည့်သည် ကမ္ဘာပေါ်ရှိ လူတိုင်းက သူမရဲ့ရန်သူ ဖြစ်နေသကဲ့သို့ ဖြူစင်သော အကြည့်များ မရှိတော့ဘဲ နာကြည်းမှုနှင့် ဒေါသများဖြင့် ပြည့်နှက်နေတော့သည်။

"မင်း ဘာပြောချင်တာလဲ တိုက်ရိုက်ပဲ ပြော!"

"ကျွန်မ သူငယ်ချင်းက ပြောတယ်... ရှင်က သူတော်စင်တစ်ပိုင်း အဆင့်၇ ဆိုပေမယ့် သူတော်စင်နယ်ပယ် အဆင့်၉ ပြီးပြည့်စုံတဲ့ကာလက လူကိုတောင် ယှဉ်နိုင်တယ်တဲ့... ရှင်က အမှိုက်ကျင့်ကြံသူတွေကို စုစည်းပြီး သခင် တစ်ဒါဇင်ကျော်ကို သတ်ပစ်လိုက်တယ်ဆို... ဟမ့် ရှင် အပြစ်လုပ်ခဲ့တဲ့ လူတွေ အများကြီးပါလား... ကျွန်မ ရှင့်ရဲ့ အထောက်အထားကို ဖော်ထုတ်လိုက်ရင် ဘာဖြစ်မလဲ တွေးကြည့်စမ်း"

ယဲ့ချင်းမိန်က ချိုမြိန်စွာ ပြုံးပြပြီး

"ရှင့်မှာ မှော်လက်နက်တွေ အများကြီး ရှိပြီး အာကာသ သလင်းကျောက်တွေ သောင်းနဲ့ချီ ရှိတယ်လို့ ကောလာဟလတွေထဲမှာ ကြားဖူးတယ်... သခင်မလေး ဒါမှမဟုတ် ဂိုဏ်းခေါင်းဆောင်ဆီမှာ ပြောပြလိုက်ရင် သူတို့ ရှင့်ကို ဘယ်လို ဆက်ဆံမယ် ထင်လဲ"

"ဟုတ်ပါတယ်... လူမိုက်တွေကပဲ တခြားသူတွေကို ထိခိုက်နစ်နာစေပြီး ကိုယ့်အတွက် အကျိုးမရှိတဲ့အရာကို လုပ်လိမ့်မယ်... ရှင့်ရဲ့ ခွန်အားနဲ့ ဒီနေရာက အန္တရာယ် မရှိပေမယ့် လွတ်မြောက်ဖို့ မဖြစ်နိုင်ပါဘူး.... ဒါကြောင့် ရှင်ကျွန်မကို ခေါ်ထုတ်သွားပေးမယ် ဆိုရင် ဒီလျှို့ဝှက်ချက်ကို ကျွန်မနှလုံးသားထဲမှာ ထာဝရ မြှုပ်နှံထားလိုက်မယ် ဘယ်လိုလဲ?"

လုရွှမ် ကောင်မလေးကို အရူးတစ်ယောက်ကို ကြည့်နေသလို အကြည့်နဲ့ ကြည့်ပြီး မာထန်သော အသံအား ထုတ်လွှတ်လိုက်သည်။

“ထွက်သွား!”

အရင်ကလို ဖြူစင်တဲ့ မိန်းကလေး ဖြစ်နေသေးတယ်ဆိုရင် သူ့ကို ပေါ့ပေါ့ဆဆ ကယ်တင်လိုက်တာက ဖြစ်နိုင်ပေမယ့် အခု ဒီအမျိုးသမီးကို မြင်လိုက်ရတော့ သူ့မျက်လုံးတွေတောင် ဖျားနာချင်သွားသည်။

"ထွက်သွား??! ရှင်က ကျွန်မကို ထွက်သွားစေချင်တာလား ဟမ့်... ရှင့်ကိုယ်ရှင် ဘယ်သူလို့ ထင်​နေတာလဲ? ရှင်က တခြားသူတွေ လိုက်ဖမ်းနေတဲ့ ခွေးတစ်ကောင်သာသာပဲ... မင်းရဲ့ဒဏ်ရာတွေကို ဖုံးကွယ်ပြီး ပုန်း​နေရုံ​လောက်ပဲ လုပ်နိုင်တာ.... ကောလဟာလတွေထဲမှာတော့ ရှင်က ကြင်နာတတ်တယ် ဖြောင့်မှန်ပြီး အာဃာတနဲ့ ရန်​ငြိုးတွေကို ဘယ်လို ခွဲခြားရမလဲ သိတယ်တဲ့.. အဟားဟား အဲဒီစကားတွေ အားလုံးက အတုအယောင်သက်သက်ပဲ...ရှင်က တခြားသူနဲ့ မတူတဲ့ ကြောင်သူတော် စက်ဆုပ်စရာကောင်းတဲ့ လူဆိုးပဲ…”

ယဲ့ချင်းမိန်သည် ဖော်မပြနိုင်သော စက်ဆုပ်ရွံရှာဖွယ် ကောင်းသော မျက်နှာထားဖြင့် အမြီးကို နင်းမိသော ကြောင်တစ်ကောင်ကဲ့သို့ ဟောက်​နေ​တော့သည်။

လုရွှမ် အမြင်မှာတော့ ဤအမျိုးသမီးသည် သူမ၏ လက်ရှိဒုက္ခအတွက် တခြားသူများကို လုံးဝ အပြစ်တင်နေခြင်းက အတော်လေး ရယ်စရာ ကောင်းကြောင်းသာ ထင်မိသည်။

“ထွက်သွားစမ်း!”

အသံလှိုင်းများ ကြားတွင် မိုးခြိမ်းသံများ ထွက်နေသလိုမျိုး ယဲ့ချင်းမိန် အော်ဟစ်ကာ ပါးစပ်မှ သွေးများ ထွက်ကျလာကာ သူမ၏ ခန္ဓာကိုယ်သည်လည်း လွင့်ထွက်သွားခဲ့သည်။

"ရှင်သေပြီ... ရှင်သေပြီပဲ..."

ယဲ့ချင်းမိန် သေလုမြောပါး အ​ခြေအနေမှ ရုန်းကန်လှုပ်ရှားရင်း အော်ငေါက်ကာ ထွက်သွားလေ၏။

လုရွှမ် ထိုအမျိုးသမီးကို လျစ်လျူရှူ၍ အခင်းအကျင်း တည်ထောင်ပြီး သူ့စိတ်ထဲက ကျောက်ပြားကို နားလည်ရန် အတတ်နိုင်ဆုံး ကြိုးစားလိုက်သည်။ ရင်းနှီးသော ခံစားမှုသည် သူ့စိတ်ထဲတွင် ပြန်လည် ထကြွလာပြန်သည်။

ဤကျောက်​ပြားသည် လေ​ပြင်စ၏ နိယာမစွမ်းအင် အကြောင်း သူသိလိုက်ပြီ။ သူ့စိတ်ထဲက နိယာမစွမ်းအင် လိုင်းများသည် သတ်မှတ်ထားသော စည်းမျဉ်းများနှင့်အညီ လျင်မြန်စွာ ပေါင်းစပ်ကာ မယုံနိုင်လောက်အောင် မှော်အစွမ်းများ ဆင်းသက်လာခဲ့သည်။

မကြာခင်မှာပဲ လုရွှမ်ဟာ ကျောက်​ပြားပေါ်မှာ မှတ်တမ်းတင်ထားတဲ့ ပထမအလွှာကို အပြည့်အဝ နားလည်လာခဲ့သည်။ အချိန်ကို တွက်ချက်ပြီးနောက် အမွှေးတိုင် တစ်ချောင်းစာသာ ရှိတာ တွေ့ရ၏။

ထို့နောက် ဒုတိယအလွှာ၊ တတိယအလွှာကို လေ့ကျင့်နေစဥ် ပတ်ဝန်းကျင်မှ ဖရိုဖရဲအသံများ ထွက်ပေါ်လာခဲ့သည်။

ပထမအလွှာ နှစ်ခုနှင့် နှိုင်းယှဉ်ပါက တတိယအလွှာက ပို၍ခက်ခဲသည်။ လုရွှမ် တခြားအခြေခံအုတ်မြစ်တွေ ပျောက်ဆုံးနေသလို မရေမတွက်နိုင်သော ခံစားချက်မျိုး ရရှိခဲ့သည်။

အလွှာတစ်ခုနဲ့ တစ်ခုကြားမှာ နားလည်နိုင်စေရန် ဆက်စပ်မှတ်တမ်းများ ရှိရမည်။ ဒါမှသာ ပိုမြင့်တဲ့ အလွှာတွေကို ဆက်သွားလို့ ရနိုင်သည်။ သူအခု သဘောပေါက်ထားတဲ့ အလွှာတွေက လေးနက်ပြီး မရှင်းလင်းဘူးလို့ ခံစားရနေရ၏။

တံခါး အပြင်ဘက်တွင်တော့ ရုန်းရင်းဆန်ခတ် ဖြစ်နေပြီ။ လုရွှမ် မျက်လုံးများကို ဖွင့်လိုက်တဲ့အခါ အခန်းတံခါးကို ညင်သာစွာ တွန်းဖွင့်လိုက်ပြီး ထျန်းရှားဂိုဏ်းမှ သခင်မလေး ဝင်လာခဲ့သည်။ နောက်ဆုံးတွင် သူမက လုရွှမ်အား စိတ်အားထက်သန်မှု အပြည့်နှင့် နားမလည်နိုင်သော အလင်းရောင်များ လင်းလက်နေသော မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။

"ထျန်းလုံကျောင်းအုပ်က ဒီကိုလာမယ်လို့ မမျှော်လင့်ထားဘူး... ကျွန်မတို့ ထျန်းရှားဂိုဏ်းက တကယ်ကို နှစ်သက်စရာ မကောင်းဘူး ထင်တယ်နော်"

All Chapters