← Chapters

မျက်နှာပျက်ရပြီ

Vol. 53 Ch. 4.303

မျက်နှာပျက်ရပြီ

Vol. 53 Ch. 4.303

"ညီလေး ဒီလောက်ဆို လုံလောက်ပြီ"

စူးချန်က သူ့လက်ဖဝါးဖြင့် ဝင်တားလိုက်သည်။

လုရွှမ်သည် သူ့လက်ဖဝါးကို ရုတ်တရတ် ပြန်ဆုတ်လိုက်တာကြောင့် သူ့ရောင်ဝါများ ပျောက်ကွယ်သွားကာ ပြန်သိမ်းလိုက်သော စွမ်းအင်ကို သူ့နှလုံးသားမှ လက်ခံလိုက်သည်။ လျောင်ခွင်းက သက်ပြင်းတစ်ချက် ချလိုက်ပြီး တင်းမာ​နေသော မျက်နှာထားကို ဖြေလျှော့လိုက်သည်။ သူ၏အမူအရာမှာ သဘောကျမှုနှင့် စိတ်ပျက်မှုများ ပြည့်နှက်နေသည်။

သူက လက်သီးဆုပ်၍

"သူရဲကောင်းဆိုတာ ငယ်ငယ်ကတည်းက စတင်လာခဲ့တယ် ဆိုတာ အမှန်ပဲကိုး... ညီလေးလုရွှမ်ရဲ့ လက်ဖဝါးရဲ့ စွမ်းအားက ငါ့ရဲ့ အထွတ်အထိပ် ကာလမှာ ခံနိုင်ရည် ရှိသလို ထင်ရပေမယ့် အခုတော့ အရှုံးနဲ့ နုတ်ထွက်သွားရပြီ"

ပြောပြီးနောက် သူက မတ်တတ်ထရပ်ကာ သူ့အသက်ရှုသံတွေ ငြိမ်ကျသွားပြီး တံခါးအပြင်ကို ခြေလှမ်းလိုက်သည်။

"ဒီနေ့ ငါ့စိတ်တွေ အရမ်းပျက်သွားလို့ ဒီမှာမနေရဲတော့ဘူး.... ခွင့်​ပြုပါဦး"

လျောင်ခွင်း တံခါးကို ဖွင့်ပြီး ထွက်လာခဲ့သည်။

လုရွှမ် တိတ်တိတ်လေး သက်ပြင်းချလိုက်ပြီး အဖိုးအိုအတွက် စိတ်မကောင်း ဖြစ်သွားမိသည်။ အရင်က သူ့အစွမ်းကို ဖိနှိပ်ထားပုံရပြီး ခွန်အား ၇၀% ကိုသာ သုံးနေပုံရပေမယ့် တကယ်တော့ ဒါဟာ သူ့ရဲ့ ကျွမ်းကျင်မှု ၁၀၀%ကို သုံးထားတာ ဖြစ်နေခဲ့သည်။

လုရွှမ်လည်း မနေ့ညက နိယာမစွမ်းအင် လိုင်းတွေအကြောင်းကို သူနားလည်မှု အရှိန်အဟုန်နဲ့ တိုးတက် မလာဘူးဆိုရင် ဒီလက်ဖဝါးကို ဘယ်တော့မှ အေးအေးဆေးဆေး ထုတ်နိုင်ခဲ့မှာ မဟုတ်ဘူး။ သူရဲ့နက်နဲသော နားလည်မှုသည် ဤလက်ဖဝါး စွမ်းအင်ကို ပိုမိုလေးနက်စေသည်။

ကျောက်ပြားပေါ်ရှိ လိုင်းများကို သူနားလည်ပြီးကတည်းက လုရွှမ် သူ့နှလုံးသားထဲတွင် ရှင်းရှင်းလင်းလင်း နားလည်လာခဲ့သည့် အရာမှာ အရင်ဘဝနဲ့ ယှဉ်ရင် ဒီဘဝက ခြားနားတဲ့လမ်းကို လျှောက်သွားနေရတာ ဆိုတာပင်။ ယခင့်ယခင် ဘဝတုန်းက တောက်ကျင့်စဥ် နည်းဥပဒေ၊ အသွင်အပြင်တွေကို နားလည်ခဲ့ပေမယ့် နိယာမစွမ်းအင် လိုင်းအကြောင်းကိုတော့ အနည်းငယ်သာ သိခဲ့ရသည်။

နားလည်ဖို့ အခြေခံလည်း မရှိခဲ့သောကြောင့် ဖြစ်သည်။

လုရွှမ် သူ့စိတ်ထဲတွင် သက်ပြင်းချလိုက်စဥ် စူးချန်ကတော့ တုန်လှုပ်နေ၏။ လုရွှမ်၏ ခွန်အားသည် သူစိတ်ကူးထားသည်ထက်ပင် ပိုမိုမြင့်မားနေကြောင်း ရှင်းရှင်းလင်းလင်း ခံစားနိုင်သည်။ သူ့ရှေ့မှ လူငယ်သည် သူ့ထက်ပင် နိယာမစွမ်းအင် လိုင်းများ ပြေးလွှား​နေခြင်းကို ပို၍နားလည်ပုံရသည်။

ပါရမီရှင်ထက် ပိုတော်တဲ့ ပါရမီရှင်များသည် ဤကမ္ဘာကြီးတွင် အမှန်တကယ် တည်ရှိနေလေ၏။

လုရွှမ်ကို သတ်ပစ်တော့မယ်လို့ပင် တွေးမိလာသည်။ အကြောင်းမှာ မနာလို ဖြစ်မိလို့ပင်။ နှစ်အတော်ကြာအောင် ကြိုးစားခဲ့ရပြီး နောက်ဆုံးမှာတော့ ဒီလိုအခွင့်အရေး ရခဲ့ပေမယ့် တစ်ဖက်လူနဲ့ယှဉ်ရင် သူကတော့ ကောင်းကင်နဲ့ မြေကြီးလို ဝေးကွာနေလေသည်။

'ကံကောင်းတာက ဒီလူက သူ့အတွင်းစိတ်နတ်ဆိုးနဲ့ ငါ့အပေါ် သစ္စာခံပြီး ကျိန်ဆိုထားခဲ့တာ ဆိုတော့ သူက အစွမ်းထက်တဲ့ အထောက်အကူ ဖြစ်လာရမယ်'

စူးချန်က သူ့ရဲ့လူသတ်ချင်စိတ်ကို ချက်ချင်း ထိန်းလိုက်ပြီး သူ့မျက်နှာပေါ်က အပြုံးတစ်ပွင့်ကို ပြလိုက်သည်။

"မိတ်ဆွေလေးလုရွှမ် ငါ့မှာ အရေးကြီးဆုံး စည်းစိမ်ဥစ္စာဖြစ်တဲ့ သမီးလေး တစ်ယောက်ပဲ ရှိတယ်ဆိုတာ မင်းသိတယ်မလား? သားသမီးကို ကောင်းချီးတွေ ပေးဖို့ ဖခင်တစ်ယောက် အနေနဲ့ တာဝန်ရှိတယ်လေ... တချို့ကိစ္စတွေမှာ ငါ့စိတ်ဆန္ဒက ပါဝင်ဖို့ မလိုဘူးဆိုတာ သဘာဝကျပေမယ့် ငါ့သမီးက မင်းကို နက်နက်ရှိုင်းရှိုင်း ချစ်နေပြီ... အဖေ တစ်ယောက်အနေနဲ့ ငါ့သမီးလေး ပြီးပြည့်စုံတဲ့ အိမ်တစ်လုံး ပိုင်ဆိုင်ဖို့ သဘာဝကျကျ မျှော်လင့်ထားပါတယ်"

စူးချန် ခဏလောက် စဉ်းစားပြီး

"ဒီလိုဆိုရင်ရော ဘယ်လိုလဲ? မင်းငါ့ကို ဆရာအဖြစ် ကိုးကွယ်ရင် ငါ့သမီးကို မင်းနဲ့လက်ထပ်​ပေးမယ်... ဒီနေရာက မင်းရဲ့အမွေ ဖြစ်လာလိမ့်မယ် ဘယ်လိုလဲ? မင်းက အလယ်အလတ်တန်းစား ဧကရာဇ်အင်ပါယာ တစ်ခုမှာ နေထိုင်ခဲ့တာဆိုတော့ အဆင့်မြင့် ဧကရာဇ် အင်ပါယာတစ်ခုရဲ့ အလယ်အလတ်အဆင့် အင်ပါယာကြားက ကွာခြားချက်ကို မသိ​လောက်ဘူး.... အင်ပါယာတွေကြားက ကွာဟချက်ဟာ ကမ္ဘာကြီးလောက် ခြားတယ်လို့ ပြောရင် ချဲ့ကားရာ မကျလောက်ဘူး"

"ပါရမီရှင်တွေ ငါတို့ဆီလာတဲ့အခါ သာမန်လူတွေလိုပဲ... ငါတို့ကျန်ခဲ့တဲ့ စည်းစိမ်တွေကလည်း မိုးဖွဲလေးပါပဲ ဒါပေမဲ့ ငါ့မှာ ရာစုနှစ် တစ်ခုရှိနေပြီဖြစ်တဲ့ အခြေခံအုတ်မြစ် တစ်ခုရှိတယ် ငါစုဆောင်းထားတဲ့ စည်းစိမ်တွေကလည်း မင်းကို အရမ်းကျေနပ်စေမှာ သေချာပါတယ်..."

လုရွှမ်သည် သူ့ရှေ့တွင် အရှက်မရှိ ပြုံးပြနေသော အဘိုးအိုကို ကြည့်ရင်း သူလည်း ပုံမှန်အတိုင်း ပြုံးနေခဲ့သည်။

သူ့ကို တပည့်အဖြစ် လက်ခံချင်တယ်ပေါ့လေ။ အဲဒီလူယုတ်မာ မိန်းကလေးနဲ့ လက်ထပ်ခိုင်းဦးမယ်။ ဒါက သူ့ကို အခွင့်ကောင်း ယူနေတာပဲ မဟုတ်ဘူးလား။ ဘယ်လို ဟာသကြီးလဲ? မဟာသူတော်စင် ဖြစ်ဖို့ သူ့အကူအညီ လိုသေးတယ်လို့များ ထင်နေတာလား?

ဒီလို ထူးဆန်းတဲ့သမီးကို လေ့ကျင့်ပေးနိုင်တာ အံ့သြစရာ မဟုတ်တော့ပါဘူး။ သူကိုယ်တိုင်ကလည်း ထူးဆန်းတဲ့ ဖခင်တစ်ယောက် ဖြစ်နေတာပဲ။

စူးချန်က စကားပြီးတဲ့အခါ လုရွှမ်ကို စိတ်ချလက်ချ ကြည့်လိုက်သည်။

"လုရွှမ် မင်း ဘယ်လိုထင်လဲ?"

"ဘယ်လိုထင်လဲ ဟုတ်လား? ငါမြင်တာကတော့ အရူးတွေပဲ"

ဒီစကားတွေက နည်းနည်းတော့ စိတ်ရှုပ်စရာ ကောင်းလေ၏။ စူးချန် ခဏလောက် ထိတ်လန့်သွားပြီး လုရွှမ်ပြောတာကို သဘောပေါက်လိုက်တဲ့အခါ သူ့မျက်နှာက မှောင်သွားသည်။

"မင်းက ဘာကိုဆိုလိုချင်တာလဲ"

"ဘာကိုဆိုလိုချင်တာလဲ? မင်းကို လူယုတ်မာလို့ ခေါ်လိုက်တာပဲ... မင်းကများ ငါ့ကို မင်းတပည့်အဖြစ် လက်ခံချင်တယ်ပေါ့? ငါ့ကို မင်းရဲ့ဒေါသနဲ့ မင်းရဲ့မူလ အပြုအမူကို မပြခဲ့တာ ဒါကြောင့်လား?... မင်းမှာ ဘယ်လို သီလများ ရှိနေလို့လဲ... မင်းရဲ့အားသာချက်နဲ့ ဂုဏ်သတင်းကို တွေ့ပြီး မင်းကို လူတစ်ယောက်အနေနဲ့ မထီမဲ့မြင် မပြုချင်ပေမယ့် မင်းက အရှက်ကင်းမဲ့သူ ဖြစ်​နေမယ်လို့တော့ မမျှော်လင့်ထားဘူး.... ဒါကြောင့် ကျောက်တုံးက ငါ့လက်ထဲကို အလိုလို ရောက်လာတာ ဖြစ်မယ်!"

စူးချန်၏ မျက်လုံးများ ပြူးကျယ်သွားကာ သူ့မျက်နှာသည် ရက်စက် ကြမ်းကြုတ်လာပြီး လူသတ် အငွေ့အသက်များက အရှိန်အဟုန် ပြင်းပြင်းဖြင့် ထွက်ပေါ်လာသည်။

"မင်းဘာပြောတယ်? မင်းငါ့ကျောက်ပြားကို ခိုးသွားတာလား!!"

လုရွှမ်ရဲ့ အမူအရာက မပြောင်းလဲဘဲ သူ့အဝတ်အစားတွေတောင် မလှုပ်ရှားသွားပေ။

"အဲ့ဒီကျောက်ပြားက မင်းပိုင်တာလို့ ပြောရမှာ မရှက်ဘူးလား? အဲဒါ ထျန်းဝိုက်စွေ့ကမ္ဘာက ကျောက်ပြားတစ်ချပ်ပဲလေ မင်းမြင်ခဲ့ရတာ ကံကောင်းမှုလေး တစ်ခုပါပဲ"

စူးစူးရှရှ အသံနှင့်အတူ အခန်းတံခါးက ရုတ်တရက် တွန်းဖွင့် ခံလိုက်ရရာ စူးမင်ယွဲ့ ပြေးဝင်လာသည်။ နှစ်ယောက်ကြားက တင်းမာနေတဲ့ အခြေအနေကို မြင်တော့

"ဖေဖေ ဘာဖြစ်တာလဲ? လက်ထပ်ဖို့ ကိစ္စကို သဘောတူဖို့ ငြင်းခဲ့တာလား? သူ့ကို ခက်ခဲအောင် မလုပ်ပါနဲ့... သမီးသူနဲ့ ကောင်းကောင်း စကားပြောလိုက်မယ်"

လုရွှမ်သည် စကားမပြောဘဲ သူ့မျက်ခုံးထောင့်များကို ပွတ်သပ်ရင်း ပင်ပန်းလွန်းလှသည့် ပုံစံအား လုပ်ပြနေတော့သည်။

"အရူးမလေး... သူကနင့်ကို ခေါင်းထဲတောင် ထည့်တာ မဟုတ်ဘူး.. သူက ဒီကျောက်ပြားကို ယူဖို့ လာခဲ့တာ... ပြီးတော့ ရတောင် ရသွားပြီ"

"ဘာ!"

စူးမင်ယွဲ့ မယုံနိုင်စွာ ထအော်လိုက်​တော့သည်။ သူမ၏ မျက်နှာပေါ်ရှိ နူးညံ့ သိမ်မွေ့မှုသည် ရက်စက် ကြမ်းကြုတ်သော လူသတ်ချင်သည့် အငွေ့အသက်များဖြင့် ဖုံးလွှမ်းသွားကာ သူမ မျက်ခုံးများက အလွန်အမင်း တွန့်ချိုးလာလေသည်။

"လုမျိုးရိုး.... နင်ကငါ့ကို လှည့်စားရဲတယ်ပေါ့... နင့်ကို သေတာထက် ပိုဆိုးအောင် လုပ်ပစ်မယ်!"

ဝုန်း!

လုရွှမ် ရုတ်တရက် သူ့လက်ဖဝါးကို ဆုပ်လိုက်ရာ စူးမင်ယွဲ့၏ ခန္ဓာကိုယ်မှ မီးလုံးကြီး ထွက်လာပြီး သူမကို ချက်ချင်း ထုပ်ပိုးကာ မီးတောက်ကြီးအဖြစ် တောက်လောင်သွား​စေသည်။

"မင်ယွဲ့!"

စူးချန် အော်လိုက်သည်နှင့် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ စွမ်းအင် မုန်တိုင်းတစ်ခုက စူးမင်ယွဲ့ ဆီသို့ တိုက်ခတ်သွားပြီး သူမ ခန္ဓာကိုယ်ပေါ်ရှိ မီးတောက်များကို မှုတ်ထုတ် ဖယ်ရှားပစ်ရန် မျှော်လင့်နေခဲ့သည်။

လုရွှမ်လည်း သူ့လက်ကို ဝှေ့ယမ်းလိုက်တဲ့အခါ စူးမင်ယွဲ့၏ ကိုယ်ပေါ်ကို မုန်တိုင်း လေ​ပွေတစ်ခု တိုက်ခတ်သွားစေ၏။

မီးတောက်များ မငြိမ်းတဲ့အပြင် ပိုပြင်းထန်လာသည်။ စူးမင်ယွဲ့ အော်ဟစ်ကာ မြေပြင်ပေါ်သို့ လဲချ၍ လူးလိမ့်ရင်း အော်ဟစ်နေ​တော့သည်။

"ဒါက ထူးဆန်းမီးတောက်လေ မင်းတို့ မသိလိုက်တာ ဝမ်းနည်းစရာပဲ"

လုရွှမ် ဆို၍ ထူးဆန်းမီး​တောက်ကို ရုတ်သိမ်းလိုက်သည်။ စူးမင်ယွဲ့မှယ ပြာပုံဖြစ်သွားလေပြီ။ လေပွေတစ်ချက် တိုက်ခတ်သွား သောအခါတွင် ဖုန်မှုန့်နှင့် မီးခိုးများ ကောင်းကင်ပြင် တစ်ခွင်လုံးကို ပြန့်ကျဲသွား၏။

"မင်ယွဲ့.... မင်ယွဲ့... မင်းဘာလုပ်လိုက်တာလဲ? သေလိုက်စမ်း!"

စူးချန်က ဟစ်အော်၍ လုရွှမ်ဆီကို သူ့လက်ဖဝါးနဲ့ အပြင်းအထန် ရိုက်ချလိုက်သည်။

တခြားနေရာများတွင်သာ ဆိုလျှင် လုရွှမ်သည် သေမင်းကို ရှာနေသကဲ့သို့ ဖြစ်သော မဟာသူတော်စင်ကို ရင်ဆိုင်ဝံ့မည် မဟုတ်ပေ။ ဒါပေမယ့် ဒီနေရာမှာတော့ လုရွှမ်က သူ့နှလုံးသားထဲမှာ ယုံကြည်မှုအပြည့်နဲ့ တူညီတဲ့ လက်ဖဝါးစွမ်းအင်ကို ဝှေ့ယမ်းလိုက်တော့သည်။

ဤသည်ကား ထျန်းဝိုက်စွေ့ကမ္ဘာ ဖြစ်ကာ သူတော်စင်တစ်ပိုင်း ကမ္ဘာနှင့် ကွဲပြားသည်။ ဤနေရာရှိ နိယာမစွမ်းအင်များသည် ပိုမိုရှုပ်ထွေးပြီး အမျိုးမျိုးသော စွမ်းအင်များကို ပေါင်းစပ်ထား၏။

လုရွှမ် ကျောက်​ပြားကို သိမ်းယူပြီးနောက် ဤဧရိယာကို ကာကွယ်ထားတဲ့ အရာ မရှိတော့ကြောင်း ရှင်းရှင်းလင်းလင်း ခံစားခဲ့ရသည်။ အကြောင်းပြချက်က အလွန်ရိုးရှင်းပါ၏။ ဤနေရာသည် မူလက လေအပြင်းထန်ဆုံးသော နေရာ ဖြစ်သည်။ ယခု ကျောက်ပြားချပ် မရှိတော့သော်လည်း နည်းဥပဒေသက ကျန်ရှိနေဆဲဖြစ်သည်။

ကျောက်ပြားရဲ့ အကာအကွယ် မရှိတော့တာမို့ လေပြင်းတွေကို ဒီနေရာက ခုခံထားနိုင်ခြင်း မရှိတော့ချေ။

ရက်အနည်းငယ်အတွင်း ဤနေရာရှိ အဆောက်အဦများသည် အပြင်ဘက်က လေပြင်း တိုက်ခတ်မှုကြောင့် မလွဲမသွေ ပျက်စီးသွားမှာ ဖြစ်သည်။ လက်ရှိ နေရာကို မြေအောက်နက်နက်တွင် ဝှက်ထားသော်လည်း လေပြင်းပြေးလွှား နေခြင်း၏ ပင်မနေရာ ဖြစ်နေခဲ့သည်လေ။

လုရွှမ် ခန္ဓာကိုယ်တွင် ကျောက်ပြားတစ်ချပ် ပါရှိပြီး လက်ဖဝါးတွင် ပြေးလွှားနေသော နိယာမစွမ်းအင် လိုင်းအဆင့်သည် ထက်ဝက်မြင့်လာပြီ။ မျှော်လင့်ထားသည့်အတိုင်း လက်ဖဝါးနှစ်ဖက် တပြိုင်တည်း တိုက်မိသွားသည်။

လေပြင်းများ ပြင်းထန်စွာ တိုက်ခတ်သွားပြီး သစ်ရွက်တစ်ရွက် အနောက်သို့ လွင့်နေသကဲ့သို့ လုရွှမ်၏ ခန္ဓာကိုယ်သည် အဆက်မပြတ် ဆုတ်ခွာသွားခဲ့သည်။

All Chapters