← Chapters

လှေငယ်ကို မျက်စိကျခြင်း

Vol. 53 Ch. 4.307

လှေငယ်ကို မျက်စိကျခြင်း

Vol. 53 Ch. 4.307

သူ့ခန္ဓာကိုယ်မှ ပြင်းထန်သော အလင်းတန်းများ ထွက်ပေါ်လာတဲ့အခါ စူးချန်ဆိုတဲ့ အဘိုးကြီး သူ့ကိုယ်သူ ​ဖောက်ခွဲတော့မယ် ဆိုတာ သဘောပေါက်လိုက်သည်။

"မင်းက ကိုယ့်ကိုကိုယ် ဖောက်ခွဲပြီး ငါ့ကိုပါ မင်းနဲ့အတူ သင်္ဂြိုဟ်ဖို့ ဆွဲခေါ်သွားမယ်ပေါ့ ဟုတ်လား? ဟမ့် အဲ့လောက် မလွယ်ဘူးကွ!"

လုရွှမ်က ရယ်မောပြီး သူ့လက်ကို ဝှေ့ယမ်း၍ နောက်ထပ် ကျောက်စိမ်းပုလင်းကို ထုတ်ယူကာ စူးချန်ကိုယ် တစ်ခုလုံး​ပေါ် ပက်ဖြန်းလိုက်သည်။ ထိုအခါ စူးချန်ကိုယ်ပေါ်ရှိ အလင်းရောင်များ ရုတ်တရက် ပျောက်ကွယ်သွားပြီး သူ့တစ်ကိုယ်လုံးရှိ ရောင်ဝါများ မှိန်သွားခဲ့သည်။

"ဒါ.... ဒါကဘာ​ကြီးလဲ?"

"အို ဒါက တားမြစ်ဝိညာဥ်နွေဦး ကျင့်လင်ချွမ်ကို အဆင့်မြှင့်ထားတဲ့ ပကတိရေစင်!"

ပါးစပ်မှ သွေးများ ထွက်လာပြီး စူးချန် မျက်လုံးများ မည်းမှောင်သွားကာ ထိန်းမနိုင်သိမ်းမရ ထွက်လာတဲ့ ဒေါသတွေကြောင့်တင် သေမလို ဖြစ်သွားတော့သည်။

လုရွှမ် အံ့သြသွားသည်။ ဒီလူကြီးက ဟုတ်မှဟုတ်သေးရဲ့လား? စူးချန်ရဲ့ မျက်နှာကို တစ်ချက် ဖြတ်ရိုက်လိုက်သဖြင့် လန့်လန့်ဖျပ်ဖျပ် နိုးလာကာ ရုန်းကန်ချင်သော်လည်း သူ့စွမ်းအားတွေ ပျောက်ကွယ်သွားတာကို ရှင်းရှင်းလင်းလင်း ခံစားရလေသည်။

"မင်းကို လူလို့ သတ်မှတ်လို့ရတယ် ဒါပေမဲ့ မင်းမှာ မရှိသင့်တဲ့အရာတွေ ရှိတယ်.... မင်းမှာရှိရင်တောင် မာနကြီးနေစရာ မလိုပါဘူး မင်းဒီနေ့ သေဖို့လမ်းကလွဲလို့ မရှိတော့ဘူး နောင်ဘဝမှာ လိမ်လည်လှည့်စားတဲ့ သမီးကို မမွေးမိစေနဲ့"

လုရွှမ်လက်ထဲက အနှစ်တစ်​သောင်းရှိတဲ့ အနက်ရောင် ရေခဲချွန်က စူးချန်ရဲ့နှလုံးထဲကို တွန်းထိုးဖောက်ထွင်း ဝင်ရောက်သွားပါတော့သည်။ စူးချန်ရဲ့ သွေးတွေက မြေပြင်ကို မထိခင်မှာပဲ အနက်ရောင် ရေခဲတုံးလေး ဖြစ်သွားခဲ့သည်။ မဟာသူတော်စင်ကြီးရဲ့ စွမ်းအားများ မှိန်ဖျော့သွားတာကြောင့် လျှို့ဝှက် ဆန်းကြယ်သော ရေခဲများကို တွန်းလှန်ရန် ခွန်အားမရှိတော့ဘဲ သူ့ခန္ဓာကိုယ်သည် ရေခဲလူသားအဖြစ် ပြောင်းလဲသွားကာ လုံးလုံး သေဆုံးသွားခဲ့သည်။

အခင်းအကျင်းကို ဖျက်သိမ်းပြီးနောက် လုရွှမ် ထွက်လာခဲ့သည်။

ထောင်ပေါင်းများစွာသော ကျင့်ကြံသူများသည် ကွင်းပြင်ထဲတွင် စုဝေးနေကြကာ လုရွှမ် ထွက်လာတာကို မြင်တာနဲ့ မနေနိုင်ဘဲ အော်ဟစ်ကြတော့သည်။

လုရွှမ်သည် စူးချန်ရဲ့ အလောင်းကို ထုတ်ပစ်လိုက်ပြီး စူးချန် ကွယ်လွန်သွားကြောင်း အားလုံးမြင်အောင် ပြလိုက်တဲ့အခါ တချို့များမှာ မျက်ရည်ကျပင် ကျလာကြသည်။

"ကောင်းပြီ... သူ့လက်ထဲက တိရိစ္ဆာန်အရေပြားက ကွဲသွားပြီမလို့ မင်းအားလုံး လွတ်မြောက်သွားပြီ... မင်းတို့ရဲ့ ကျေးဇူးစကားတွေကို မင်းတို့ဘာသာပဲ သိမ်းထားလိုက်"

လုရွှမ်က ထိုလူများ၏ ကျေးဇူးတရားကို နားမထောင်နိုင် တော့တာကြောင့် တစ်ဖက်ကို တစ်ချက် ကြည့်လိုက်သည်။

စူးချန်ရဲ့ အခန်းကို ရောက်တဲ့ အခါမှာတော့ လူတွေနဲ့ စည်ကားနေပြီဆိုတာ တွေ့လိုက်ရ၏။ လုရွှမ် ရောက်လာတာကို တွေ့တော့ အားလုံးက အော်ဟစ်ပြီး အမြန် နောက်ဆုတ်သွားကြရာ လုရွှမ်ကို ကြည့်နေတဲ့ မျက်လုံးများသည် အားကောင်းမောင်းသန် လူသတ်သမားကို ကြည့်နေသလိုမျိုးပင်။

စူးချန်ကိုပင် အသတ်ခံခဲ့ရအောင် လုပ်ခဲ့တဲ့ သူ့ကို ဒေါသထွက်အောင် ရဲရဲဝံ့ဝံ့ မလုပ်ဆောင်ရဲကြချေ။

လုရွှမ် မြေကြီးကို လက်ဖဝါးဖြင့် တစ်ချက် ထိုးချလိုက်ပြီး အတွင်းရှိ ရတနာစံအိမ်ကြီးကို ဖော်ထုတ်လိုက်သည်။

လုရွှမ် သိုလှောင်အိတ်ကို ပေးလိုက်စဥ်က ဝိညာဉ်စွမ်းအား၏ အရိပ်အယောင်ကို ချန်ထားခဲ့သောကြောင့် သိုလှောင်အိတ်ကို ဤနေရာတွင် ထားရှိထားကြောင်း သဘာဝကျကျ သိလိုက်သည်။

လုရွှမ်သည် သူ့ပစ္စည်းများကို ထုတ်ပိုးလိုက်ပြီး ချက်ချင်း ထွက်သွားခဲ့သည်။ ဒီ​နေရာက စည်းစိမ်ဥစ္စာနှင့် ပတ်သက်၍ သူ့​စိတ်စွမ်းအားကို တစ်ချက် ဖြန့်ကျက်လိုက်ရုံမျှဖြင့် စူးချန် ကောင်းကင်နှင့်မြေကြီး၏ ရတနာများဟု ထင်မြင်ခဲ့သည့် ရတနာများကို မြင်လိုက်ရသည်။ ၎င်းတို့ကို သူလုံးဝ မကြိုက်ပေ။ ပျမ်းမျှအားဖြင့် အများဆုံး စုဆောင်းထားရုံသာ ဖြစ်လေ၏။

အလင်းတန်းတစ်ခုကို ကောင်းကင်သို့ ဆန့်ထွက်သွား​စေကာ အပေါက်ကြီးတစ်ခု ဖန်တီးလိုက်ပြီး လုရွှမ် ကောင်းကင်သို့ ပျံတက်လာခဲ့သည်။

လုရွှမ် ဒီအတိုင်း ထွက်ခွာသွားတာကို အောက်မှလူများက မြင်လိုက်ကြသည်နှင့် ဝမ်းသာအားရ ဖြစ်ကာ တစ်ချိန်တည်းမှာပင် ရတနာစံအိမ်ထဲက ရတနာများကို အရူးအမူး လုယူသည့် တိုက်ပွဲကို စတင်ခဲ့သည်။

လူအုပ်၏ နောက်တွင် ​ယောက်ျားပျို တစ်ယောက် ရပ်နေ၏။ ဝမ်ကျန့် မြေပြင်ပေါ် ဒူးထောက်ထိုင်ချလိုက်ပြီး လုရွှမ် ထားခဲ့သော အပေါက်ကြီးဆီသို့ လေးလေးနက်နက် ​မော့ကြည့်​နေမိသည်။ သူလှည့်၍ မတ်တပ်ထရပ်ကာ မျက်လုံးများ မှိတ်ထားလိုက်သည်။

သူ့ကိုယ်ထဲက ယွမ်ချီတွေ အရှိန်အဟုန်နဲ့ ပြောင်းလဲလာပြီ။ ဒီနေရာမှာ ရတနာတွေအတွက် စစ်မတိုက်ချင်တော့တာကြောင့် အပေါက်ကြီးထဲ ပြေးလိုက်သွားတော့သည်။

ကျန်ရှိနေသည့် အမျိုးသမီး တစ်ဦးမှာ ယဲ့ချင်းမိန် ဖြစ်ပြီး သူမ၏ပါး​ပြင်ထက်တွင် မျက်ရည်များ စီးကျလာ၏။ ရုတ်တရက် သူမက ဓားတစ်ချောင်းကို ဆွဲထုတ်ကာ ရတနာများကို လုယူနေသော လူတွေထဲ ပြေးဝင်သွားသည်။

မြေပြင်မှ ​​ဖောက်ထွက်လာပြီး မြေပုံကို အလွတ်ကျက်ထားတဲ့ လုရွှမ်က ဦးတည်ရာကို ဖော်ထုတ်ပြီးနောက် ပျံသန်းနေသော လှေကို ရှာဖွေရန် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ ကောင်းကင်ပြင်က လေပြင်းတွေ တိုက်ခတ်နေတုန်း ဆိုပေမယ့် လုရွှမ် လှေငယ်လေးပေါ် ထိုင်ပြီး ပျံထွက်လာခဲ့သည်။

လုရွှမ် ယွင်ထျန်းရှန် နှင့် ဟယ့်လွမ်ယင်းတို့ကို လွှတ်ပေးလိုက်သည်။ ကျီးဖိုးဖိုး၏ နည်းလမ်းများက အလွန် အစွမ်းထက်လှသည်။ သူတို့နှစ်ယောက်မှာ အပြင်က ကိစ္စတွေကို နည်းနည်းတောင် သတိမထားမိလိုက်ကြ။

"ဟားဟား အကြီးအကဲ.... ကျွန်တော်တို့ အန္တရာယ်တောထဲက လွတ်မြောက်သွားပြီပေါ့"

ယွင်ထျန်းရှန်က စိတ်လှုပ်ရှားစွာ အော်လိုက်သည်။ အနက်ရောင် ၀တ်ထားသူများ မပါလာတော့တာကြောင့် သူတို့ နှစ်ယောက်လုံး အလွန် စိတ်လှုပ်ရှားနေ၏။

လုရွှမ် လုပ်ကြံဖန်တီးထားသော အကြောင်းအရာ အချို့ကို ပေါ့ပေါ့ဆဆ ပြောပြခဲ့ပြီး ၎င်းတို့နှစ်ဦးကတော့ အမှန်​တွေ ဖြစ်ကြောင်း သဘာဝကျကျ ယုံကြည်သွားခဲ့ကြသည်။ ကြောက်မက်ဖွယ် ကောင်းသော အပျက်အစီးများကို ထားခဲ့ကာ ပျော်ပျော်ရွှင်ရွှင် ထွက်သွားဖို့သာ မျှော်လင့်​နေကြသည်။

လုရွှမ်သည် လက်ရှိ နားလည် သဘောပေါက်ထားသော လေပြင်းကျောက်ပြားကို ရိုးရှင်းစွာ အသုံးပြု၍ လှေအရှိန်ကို နှစ်ဆကျော် မြန်စေကာ ထျန်းဝိုက်စွေ့ကမ္ဘာကို ဖြတ်၍ လျှပ်စီးကြောင်းများအဖြစ် ပျံသန်းသွားသည်။

ဒီပျံသန်းမှုဟာ သုံးလလောက် ကြာသွားခဲ့သည်။ ထျန်းဝိုက်စွေ့ကမ္ဘာကြီးက တကယ့်ကို ကျယ်ပြောပြီး ထင်ထားတာထက်ကို အန္တရာယ်များလှသည်။

ထိုနေ့များတွင် လုရွှမ် လူငယ်နှစ်ယောက်အား ကျင့်ကြံခြင်း ဆိုင်ရာ အခြေခံ သဘောတရားအချို့ကို ပေါ့ပေါ့ပါးပါး ပြောပြနေစဥ် လှေငယ်က ရုတ်တရက် တုန်ယင်သွားခဲ့သည်။

နှစ်ယောက်သား တုန်တုန်ယင်ယင်ဖြင့် လှေအပြင်ဘက်သို့ အမြန် ကြည့်လိုက်ကြသည်။

လုရွှမ် ပြုပြင်ထားသော လှေသည် အတွင်းမှ အပြင်ဘက် အခြေအနေကို ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။ ယခုအချိန်တွင် အပြင်ဘက်မှ လူတစ်စုက လှေကို ပိတ်ဆို့ရန် အခင်းအကျင်း ဖွဲ့စည်းထားကြသည်။ ရှေ့ဦးတည်ရာ လမ်းကြောင်းမှ တစ်ချက်တည်းဖြင့် ထောင်ချောက်ထဲသို့ ကျသွားသည်။

လုရွှမ်သည် လွန်ခဲ့သည့် သုံးလက လေပွေလှိုင်းများကို နားလည် သဘောပေါက်ထားသဖြင့် သူတို့နှစ်ဦး၏ ကျင့်ကြံမှုမှာ အားနည်းခဲ့သော်လည်း အတွင်းဒဏ်ရာများ ထပ်မံ မရရှိဘဲ လေပြင်းဒဏ်မှ လွတ်မြောက်သွားခဲ့သည်။

"ဟမ့်... အခု ငါတို့ထောင်ထားတဲ့ အခင်းအကျင်းကို သိသွားပြီပေါ့.... အာ သူတို့က သူတော်စင်တစ်ပိုင်း သုံးယောက်လား?"

ထိုအသံသည် အမျိုးသမီး တစ်ဦး၏ အသံဖြစ်ပြီး သူမအသံမှာ အံ့သြစရာတစ်ခုကို တွေ့လိုက်ရသလိုပင်။

လုရွှမ် တစ်ဖက်က လူသုံးယောက်၏ အသွင်အပြင်နှင့် ဝတ်စားဆင်ယင်မှုကို ကြည့်ပြီး ၎င်းတို့သည် ထျန်းရှားဂိုဏ်းကို သင်ခန်းစာတစ်ခုပေးရန် လာခဲ့ကြသော လူတစ်စု ဖြစ်နိုင်ကြောင်း ဝိညာဉ်အသိဖြင့် ခံစားမိလိုက်သည်။ လုရွှမ် ခန့်မှန်းလိုက်တာ မှန်ပေ၏။

အာကာသ ဥမင်လိုဏ်ခေါင်းကို ဖွင့်လိုက်တာနဲ့ နေရာနှစ်ခုကြား ဆက်သွယ်မှုကို ခွင့်ပြုပေးလိုက်သလိုပင်။ ရလဒ်အနေနဲ့ ပြင်ပကမ္ဘာရဲ့ လုံခြုံရေးဟာ အရေးကြီးတဲ့ ပြဿနာတစ်ခု ဖြစ်လာခဲ့သည်။

ထျန်းဝိုက်စွေ့ကမ္ဘာက ခွေးဆိုးများ အဖြစ်လည်း ထျန်းရှားဂိုဏ်းသည် အင်ပါယာများစွာ၏ တိုက်ခိုက်မှု ပစ်မှတ် ဖြစ်လာခဲ့သည်။ လုရွှမ်သာ နည်းနည်းမြန်ပြီး ရောက်သွားခဲ့လျှင် ထိုအင်ပါယာများ တိုက်ခိုက်နေပြီ ဆို​တာကို သူတွေ့ရလိမ့်မည်။

သူတော်စင်နယ်ပယ် အဆင့်၅ အဆင့်၆ ဤအငယ်တန်းများသည် ထျန်းရှားဂိုဏ်းမှ အကြွင်းအကျန်များ မလွတ်မြောက်သွားစေရန် ပတ်ဝန်းကျင်ကို စောင့်ကြပ်ထားသည်။

လေပြင်းထဲမှာ လှေငယ်လေး တစ်စင်း ရှိနေတာကို တွေ့လိုက်ရပြီး လှေငယ်လေးရဲ့ အရှိန်ကြောင့် ထိတ်လန့်တကြား ဖြစ်သွားရာ လူတစ်ဒါဇင်လောက်စုပြီး ဒီငါးကြီးတွေကို ဖမ်းဖို့အတွက် အခင်းအကျင်း တည်ခဲ့ကြတာ ဖြစ်လေသည်။

"မင်းတို့က ဘယ်သူလဲ? ထျန်းရှားဂိုဏ်းရဲ့ သီးသန့်လှေကို ဘာလို့ ယူလာတာလဲ?"

ထျန်းရှားဂိုဏ်းရဲ့ လှေဟာ ဒီအဆင့်မြင့် ဧကရာဇ် အင်ပါယာတွေ​ကြားမှာ အရမ်းနာမည်ကြီးသည်။ အထူးသဖြင့် ထျန်းဝိုက်စွေ့ ကမ္ဘာထဲက လေပြင်းတွေကြား ဖြတ်သန်းသွားလာနိုင်တဲ့ အတွက် လူတော်တော်များများကို မေ့မျောသွားစေတဲ့အထိ မနာလို ဖြစ်စေသည်။

သို့သော် ထျန်းရှားဂိုဏ်းက သူတော်စင်တစ်ပိုင်း သာရှိသော ဤလူလေး သုံးယောက်ကို ဘယ်သောအခါမှ လွှတ်မည်မဟုတ်ပေ။ ဆိုလိုသည်မှာ ဤလူသုံးယောက်သည် ထျန်းရှားဂိုဏ်းမှ မဟုတ်တာ သေချာ​ပေသည်။

"လူကြီးမင်းတို့.... ကျွန်မတို့က ရွှမ်ယွီဂိုဏ်းက တပည့်တွေပါ.... ထျန်းရှားဂိုဏ်းက ပျက်စီးသွားပါပြီ.. ကျွန်မတို့ ဒီလှေကို တွေ့ပြီး ဂိုဏ်းဆီ ပြန်မလို့ပါ"

ဟယ့်လွမ်ယင်းက ပြောပြီး ဂိုဏ်း၏ လက္ခဏာအမှတ်အသားကို ထုတ်ယူပြီး အမျိုးသမီး၏ လက်ထဲကို ပေးလိုက်သည်။

ရွှမ်ယွီဂိုဏ်း? ထိုလူများစွာသည် သူတို့လျှာကို တိတ်တဆိတ် ကိုက်ထားရုံမှတစ်ပါး မတတ်နိုင်ပေ။ အဲဒါက ဧကရာဇ်ကျိုးရန်နဲ့တောင် ယှဉ်ပြိုင်ရဲတဲ့ တည်ရှိမှုပဲ။

"ညီမ​လေး.... မင်းရဲ့မျိုးရိုး နာမည်က ဟယ့်လား? မင်းက အခု ရွှမ်ယွီဂိုဏ်းရဲ့ အငယ်တန်း တပည့်လေးပေါ့"

"အဲဒါက မိသားစုရဲ့ ဘိုးဘေးပါ"

"အိုး... ဒီဘေးဥပဒ်ထဲက လွတ်မြောက်တဲ့အတွက် ဂုဏ်ယူပါတယ်... ကျစ် ထျန်းရှားဂိုဏ်းက ကွဲသွားပြီပေါ့... အဲဒီဆရာကြီးနဲ့ တခြားသူတွေက မြန်မြန်ဆန်ဆန် မလှုပ်ရှားနိုင်ဘူးလို့ ထင်နေတာ"

ဟယ့်လွမ်ယင်း ပြုံးပြီး

"အဆင့်မြင့် ဧကရာဇ်အင်ပါယာ မဟုတ်ပါဘူး.. အဲဒါက..."

လုရွှမ်ဆီက အဟမ့်ဆိုတဲ့ ချောင်းဆိုးသံကို ကြားလိုက်တဲ့အခါ ဟယ့်လွမ်ယင်းလည်း ပါးစပ်ကို အမြန် ပိတ်ထားလိုက်သည်။

"ကျွန်​တော်တို့မှာ လုပ်စရာ ရှိသေးလို့ အရင် သွားနှင့်ပါပြီ လူကြီးမင်းတို့ကို နှုတ်ဆက်ပါတယ်!"

ယွင်ထျန်းရှန်က ပြောပြီး ဟယ့်လွမ်ယင်းကို ထိုင်ဖို့ ​ပြန်ဆွဲချလိုက်သည်။ လုရွှမ်က အခင်းအကျင်းကို ဖွင့်ပြီး လှေကိုလှည့်ကာ ရှေ့ဆက်လာခဲ့၏။

All Chapters