ဒုက္ခက တံခါးဝဆီ ရောက်လာတယ်
Vol. 53 Ch. 4.308
"အကြီးအကဲ... ထျန်းရှားဂိုဏ်းကို ဖြိုဖျက်ခဲ့တယ် ဆိုတဲ့အကြောင်း သူတို့ကို ဘာလို့ မပြောရတာလဲ?"
ဟယ့်လွမ်ယင်းက မမေးဘဲ မနေနိုင်အောင် ဖြစ်နေသည်။ သူမမှာသာ ဒီလို ဂုဏ်အသရေတွေ ရှိထားရင် တစ်ကမ္ဘာလုံးကို ဖြန့်ပစ်ဖို့ စိတ်အားထက်သန်နေလိမ့်မည်။
ယွင်ထျန်းရှန်က ချောင်းဆိုးပြီး ပြုံးကာ ပြောလိုက်သည်။
"ဆရာတူ ညီမလေး... ငါတို့ အခု ငါတို့ဂိုဏ်းထဲမှာ မဟုတ်ဘဲ ကမ္ဘာအပြင်ဘက်က ထျန်းဝိုက်စွေ့ကမ္ဘာမှာ ရောက်နေတာနော်... ထောင်သောင်းချီတဲ့ လူတွေ ဒီမှာပဲ သေကုန်ကြတာ ထုံးစံပဲ အဲဒါတွေကို ဘယ်သူက အလေးအနက် ထားလိုက်ကြလို့လဲ... ဒီလူတွေက ငါတို့ကို တားတယ်ဆိုတာ ထျန်းရှားဂိုဏ်းက လူတွေကို ကြားဖြတ် တိုက်ခိုက်ဖို့ပဲလို့ ထင်နေလား? သူတို့က နောက်ဆုံးမဲကို လုယက်ချင်နေကြတာ"
ဟယ့်လွမ်ယင်းသည် အနည်းငယ် နုံအနေသော်လည်း သူမ မမိုက်မဲပေ။ သူမက လုရွှမ်ကို ကြည့်ကာ
"အကြီးအကဲလုရွှမ်က သူတို့ကို မကြောက်ပါဘူး.... ကြီးမြတ်တဲ့ မဟာသူတော်စင်ကြီးတောင်မှ အကြီးအကဲရဲ့ လက်ချက်ကြောင့် သေသွားရတာပဲလေ... အဲဒီလူတွေကို ဘယ်လိုလုပ် ကြောက်ရမှာလဲ?"
ထိုကိစ္စနှင့် ပတ်သက်၍ ယွင်ထျန်းရှန် သည် စကား ဆက်မပြောဘဲ လုရွှမ်ကိုသာ သံသယများဖြင့် ကြည့်နေလိုက်သည်။
လုရွှမ် ပြုံးလိုက်သည်။ ယွင်ထျန်းရှန်က ရိုးသားပြီး လိမ္မာကာ ဟယ့်လွမ်ယင်းက ချစ်ဖို့ကောင်းပြီး အပြစ်ကင်းသည်။ သူတို့နှစ်ယောက်ရဲ့ အသွင်အပြင်ကို ကြည့်လိုက်တော့ လုရွှမ်ဟာ သူ့ကိုယ်သူ မိုးနတ်ဘုရားမ ယွီရှန်နဲ့ ပြန်တွေ့နေရသလိုပင် ခံစားလာရသည်။
"ဘာမှမဖြစ်ပါဘူး... ငါဒုက္ခမရှာချင်လို့"
သူတို့နှစ်ယောက်က စကားမပြောနိုင်တော့ပေ။ လုရွှမ် ပြန်ဖြေတာကို သူတို့ နားမလည်သေးပေမယ့် နားလည်နိုင်လောက်တဲ့ အဆင့်ထိ ဉာဏ်ရည် မမီတာ ဖြစ်နိုင်တယ်လို့သာ ကောက်ချက်ချလိုက်ပြတော့၏။
ဒါပေမဲ့ တစ်ခါတလေမှာ ဒုက္ခတွေ ရောက်လာပြီဆိုရင် အဲဒါကို ဘယ်လိုပဲရှောင်ဖို့ ကြိုးစားနေပါစေ ရှောင်လို့မရတော့ပေ။
အမြန် ပြေးထွက်သွားတဲ့ လှေကို ကြည့်ရင်း လူတော်တော်များများ စိတ်မကောင်း ဖြစ်သွားလေသည်။
"ရွှမ်ယွီဂိုဏ်းက တကယ်ကြောက်စရာ ကောင်းတာလား?"
"အဓိပ္ပာယ် မရှိတာ... သူတို့ဂိုဏ်းထဲမှာ ကောင်းကင်ဘုံရှင်သခင် ရှိတယ်ဆိုတဲ့ ဒဏ္ဍာရီတော့ ရှိတယ်... ဒါပေမဲ့ အခု ကောင်းကင်ဘုံသခင်က ထွက်သွားပြီ... ဆိုတော့ သူတို့ဂိုဏ်းထဲမှာ အနည်းဆုံး မဟာသူတော်စင် သုံးယောက်ပဲ ရှိတော့မှာ"
"ဟေး လှေပေါ်က နောက်ဆုံးလူကို မင်းတို့ မြင်လိုက်လား? သူက သူတော်စင်တစ်ပိုင်း အဆင့်၇ အငယ်တန်း တစ်ယောက်ပဲ... ဟုတ်သားပဲ သူ့ကိုကြည့်ရတာ တစ်ယောက်ယောက်နဲ့ အရမ်းတူနေသလိုပဲ.... မကြာသေးမီက အသံတွေ အများကြီး ကြားနေရတဲ့ ထျန်းလုံကျောင်းအုပ် လုရွှမ်ပဲ!"
"မင်းပြောတာကို နားထောင် ကြည့်ရတော့လည်း ဟုတ်သလိုလိုပဲ... သူတို့ဒီလောက် မြန်မြန်ကြီး ထွက်သွားချင်နေကြတာ အံ့သြစရာတော့ မရှိပါဘူး"
"လိုက်ကြရအောင်... အစ်မဟန် ရှေ့ကလူတွေကို အကြောင်းကြားပြီး သူတို့ကို ရပ်ခိုင်းလိုက်တော့"
အဖွဲ့ထဲက ဘယ်သူမှ မထိုင်နိုင်တော့ဘဲ နတ်ဆိုးသားရဲ တစ်ကောင်ပေါ်သို့ လျင်မြန်စွာ တက်လှမ်းကာ ဇက်ကြိုးကို ဆွဲထုတ်လိုက်ကြသည်။ နတ်ဆိုးသားရဲက နာကျင်စွာ အော်ဟစ်ရင်း လုရွှမ်တို့ဆီ ပြေးထွက်သွား၏။ အရှိန်က အလွန်မြန်ပြီး လှေထက် မိနစ်အနည်းငယ်သာ နှေးသည်။
ထျန်းဝိုက်စွေ့ကမ္ဘာမှ အပြေးအလွှား ထွက်ခါနီးတွင် လှေက ရပ်သွားပြန်သည်။
ယွင်ထျန်းရှန် နှင့် ဟယ့်လွမ်ယင်းတို့သည် လုရွှမ်ကို စူးစူးစိုက်စိုက် ကြည့်နေကြသည်။ လုရွှမ် အကာအကွယ် ဒိုင်းကာကို ချွတ်လိုက်ပြီး
"ရှောင်လွှဲလို့မရတဲ့ ကျိန်စာပါလား!"
နတ်ဆိုးသားရဲ တစ်ကောင်သည် ကောင်းကင်အပြင်ဘက်ရှိ ထျန်းဝိုက်စွေ့ကမ္ဘာထဲ ရပ်တန့်လျက် သူတို့လမ်းကို အမှတ်တမဲ့ ပိတ်ဆို့ထားသည်။
လူရှစ်ဦးသည် နတ်ဆိုးသားရဲပေါ်မှ ခုန်ဆင်းကာ လှေပေါ်ရှိ လူသုံးဦးကို လက်နက်များဖြင့် ချိန်ထားလိုက်သည်။
"လုရွှမ်... မင်းတော်တော် သတ္တိရှိတာပဲ အာကာသ ဥမင်လိုဏ်ခေါင်းကို ဖြတ်ပြီး ဒီကိုတောင် လာရဲတယ်ပေါ့လေ... ဟားဟား မင်းဆိုတာ ပေါ်သွားပြီ ဆိုတော့ မင်းအမြန်ဆုံး လက်နက်ချသင့်ပြီ ထင်တယ်"
ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသော သူတော်စင် အဆင့်၅ လူက သူရဲကောင်း စိတ်ဓာတ်နှင့် ပြည့်ဝသော လှံတစ်ချောင်းကို ကိုင်ဆောင်ထားသည်။ စွမ်းအား ပြည့်နေသော လှံတံ၏ထိပ်ကို ကြည့်ရုံဖြင့် မူးမေ့လဲကျချင်စိတ် ပေါက်သွားလိမ့်မည်။
သူ့နောက်မှာ လူတော်တော်များများဟာ တူညီတဲ့ အဝတ်အစား၊ လက်နက်တွေနဲ့ တူညီတဲ့ ကျင့်ကြံမှု အဆင့်တွေ ရှိကြသည်။ သူတို့က ဘေးချင်းယှဉ်ရပ်ပြီး မရေမတွက်နိုင်တဲ့ အခင်းအကျင်း ပုံစံတွေကို ဖန်တီးနေကြသည်။
"အဆင့်မြင့် ဧကရာဇ် အင်ပါယာ... မင်းတို့အဆင့်မြင့် ဧကရာဇ် အင်ပါယာက လူတွေက အတော်လေး မာနကြီးနေကြတုန်းပဲကိုး.... ငါဘယ်သူလဲဆိုတာ သိပြီးတာတောင် မင်းကငါ့ကို လာတားဖို့ သတ္တိရှိသေးတယ်ပေါ့.... မင်းမှာ အဲဒီလိုစွမ်းရည် ရှိတယ်လို့ ထင်နေတာလား"
ခေါင်းဆောင်က ကျယ်လောင်စွာ ရယ်မောလိုက်ပြီး
"မင်းက အဆင့်နိမ့် တော်ဝင်အင်ပါယာ တစ်ခုက လူသေးသေးလေးပါပဲ... မင်းမှာ နားမလည်နိုင်တဲ့ အခွင့်အလမ်းတွေ ရခဲ့ပြီးမှ ဒီနေ့လို အောင်မြင်လာခဲ့တာ... ထျန်းလုံဧကရာဇ် အင်ပါယာမှာ မင်းလုပ်ခဲ့တဲ့ အရာတွေအကြောင်း ငါတို့အားလုံး ကြားပြီးပါပြီ.... အဲဒါက အံ့သြစရာကောင်းတယ် ဆိုပေမယ့် အဲ့နေရာရဲ့ နည်းဥပဒေသတွေက မပြည့်စုံဘူးလေ... သူတော်စင်တစ်ပိုသ်းက သူတော်စင် အဆင့်ကိုးအထိကို သတ်နိုင်တဲ့ အရည်အချင်းမျိုး မင်းမှာ တကယ် ရှိတယ်လို့ ထင်နေတာလား?"
လုရွှမ် ပေါ့ပေါ့ပါးပါး ဆိုလိုက်သော်လည်း သူတော်စင် အဆင့်၅မှ လူကလေး ပါးစပ်မှ ဒီလို အမှန်တရားကို ပေါ့ပေါ့ဆဆ ပြောလာလိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။ ၎င်းမှာ သူတို့သိထားတဲ့ ကိစ္စတစ်ခု ဖြစ်ပုံရသည်။
အဆင့်မြင့် ဧကရာဇ် အင်ပါယာများသည် ထျန်းဝိုက်စွေ့ကမ္ဘာကြီး၏ သြဇာလွှမ်းမိုးမှုကြောင့် အမှန်တကယ်ပင် ကြီးမားသော ပြောင်းလဲမှုများကို ရရှိခဲ့ပုံရသည်။
"အာကာသ ဥမင်လိုဏ်ခေါင်းကနေ ငါတို့ဆီရောက်လာတဲ့ ထျန်းလုံဧကရာဇ် အင်ပါယာက သခင်တွေရှိတယ်... ဟေး သူတို့အားလုံးက အမှိုက်တွေချည်းပဲ... သူတော်စင်နယ်ပယ် အဆင့်၉က ငါတို့ဆီက သူတော်စင်အဆင့်၅နဲ့ပဲ တိုက်နိုင်တယ်.... ဒီနေ့တော့ ငါတို့ ရှစ်ယောက်က အငယ်တန်းလေး မင်းကို ပညာပြပေးရတော့မှာပေါ့"
သံချပ်ကာနဲ့ လူက မှုန်ကုပ်ကုပ် ပြောပြီး ကျန်လူများက သဘောတူဟန် ရယ်မောလိုက်ကြသည်။
"ဟယ့်သခင်မလေး... မင်းနဲ့ မင်းရဲ့ဆရာတူအစ်ကိုက ဘေးထွက်နေသင့်တယ် မင်းတို့ရဲ့ ရွှမ်ယွီဂိုဏ်းက ဘယ်လောက်ပဲ သန်မာနေပါစေ အဲဒီလူတွေက သူ့ကို မကာကွယ်နိုင်ပါဘူး.... မင်းတို့အငယ်တန်း နှစ်ယောက်ဆို ပြောမနေနဲ့တော့"
ယွင်ထျန်းရှန် အေးစက်စွာ အသံပြုကာ လုရွှမ်ရှေ့မှာ ရပ်လိုက်ပြီး လုရွှမ်ဘက်သို့ ဦးညွတ်လိုက်သည်။
"အကြီးအကဲ ဒီလူ ဘောင်ကျော်သွားပြီ"
လူရှစ်ယောက်ကို တစ်ချက် ကြည့်လိုက်ရင်း ယွင်ထျန်းရှန်က မတ်တပ် ထရပ်လိုက်သည်။
"ဆရာတူညီမလေးနဲ့ ကျွန်တော်က မျက်နှာသိပ်မလှတာတော့ အမှန်ပါပဲ... (သိုင်းပညာမကောင်း) ဒါပေမဲ့ အားလုံးကိုလည်း အကြံပေးချင်ပါတယ်... ဒီကအကြီးအကဲ လုရွှမ်က ကျွန်တော်တို့ ရွှမ်ယွီဂိုဏ်းရဲ့ အဖွဲ့ဝင်တစ်ဦးပါ... ကျွန်တော့်ဂိုဏ်းက အကြီးအကဲတစ်ယောက် ရောက်လာရင်တောင် သူ သေချာပေါက် လက်ခံလိမ့်မယ်"
"ခင်ဗျားတို့ အခု အကြီးအကဲလုရွှမ်ကို ခက်ခဲအောင် လုပ်နေတာက ရွှမ်ယွီဂိုဏ်း တစ်ခုလုံးကို ခက်ခဲအောင် လုပ်နေတာနဲ့ အတူတူပဲ... ခင်ဗျားတို့ အားလုံးက ဉာဏ်ကောင်းတဲ့ သူတွေမို့လို့ ဒီရွှံ့ရေထဲမှာ လှဲနေရတာက စိတ်ရှုပ်စရာ ကောင်းတဲ့အကြောင်း နားလည်ကြမှာပါ"
"ဟားဟားဟား"
ရယ်မောသံများက တစ်ပြိုင်နက်တည်း ထွက်ပေါ်လာသည်။
"သူက မင်းတို့ ရွှမ်ယွီဂိုဏ်းရဲ့ အကြီးအကဲတစ်ယောက် ဟုတ်လား? ဟားဟားဟား"
"ရွှမ်ယွီဂိုဏ်းက တကယ်ကို နိမ့်ကျသွားပုံရတယ်... သူတို့က တကယ်ပဲ သူတို့ရဲ့ အကြီးအကဲအဖြစ် အငယ်တန်း ယောက်ျားလေးကို မြှောက်စားပေးနေတာပဲ.... ဟမ့် ဒါမှမဟုတ် ငါ မင်းတို့ရဲ့ အကြီးအကဲ လုပ်ပေးမယ်လေ"
"ဟေ့ မင်းဘာတွေ ပြောနေတာလဲ"
ခေါင်းဆောင်က ကြိမ်းမောင်းလိုက်သည်။
"ကျစ်! ဒါက ကမ္ဘာအပြင်မှာ ပျက်စီးနေတဲ့ ထျန်းဝိုက်စွေ့ကမ္ဘာပဲ... လူတွေ အများကြီး သေတာက သာမန်ပဲ မဟုတ်ဘူးလား... ဘယ်သူက သတင်းဖြန့်မှာလဲ"
ဟယ့်လွမ်ယင်း နှင့် ယွင်ထျန်းရှန်တို့သည် အံကြိတ်လျက် ဒေါသထွက်နေကြသည်။ ငယ်စဉ်ကတည်းက ဂိုဏ်းတွင် ကြီးပြင်းလာခဲ့ကြပြီး ဂိုဏ်းက သူတို့ရဲ့ အိမ်ဖြစ်သည်။ ဂိုဏ်းကို စော်ကားဝံ့ပါက ဆွေမျိုးများနှင့် သူတို့၏ အကြီးးအကဲများကို စော်ကားခြင်းသာ ဖြစ်သည်။
နူးညံ့သိမ်မွေ့သော စွမ်းအားတစ်ခုက သူတို့နှစ်ဦးကို ဖုံးလွှမ်းသွားခဲ့သည်။ ၎င်းမှာ လုရွှမ်ရဲ့ စွမ်းအားဖြစ်ကြောင်း သူတို့ သိထားသောကြောင့် ခုခံရန် မဝံ့ရဲဘဲ အနောက်သို့ ဆုတ်လိုက်ကြသည်။
"တခြားသူရဲ့ ဂိုဏ်းကို စော်ကားပြီး ကုသိုလ်တရားကို မေ့လျော့နေတယ်.... အမြတ်အစွန်းအတွက် လူမိုက်လမ်းကို ရောက်နေကြတာပဲ.... မင်းတို့ ကိုယ့်အမှားကို ဝန်ခံပြီး တောင်းပန်ကြ... ငါမင်းတို့ကို မမြင်သလို ရှောင်သွားပေးနိုင်တယ်"
ထိုစကား ဆုံးသောအခါ နောက်ထပ် ရယ်မောသံတစ်ခု ထွက်ပေါ်လာပြီး လူရှစ်ဦး၏ မျက်နှာများသည် လှောင်ပြောင်မှုများနှင့် ပြည့်နှက်နေ၏။ ဘယ်သူကမှ လုရွှမ်ရဲ့ စကားကို အလေးအနက် မထားခဲ့ကြပေ။
"မင်းတို့ဒီမှာ ပိတ်မိနေနိုင်တဲ့အတွက် အရင်ကတည်း လူတွေက မင်းတို့သတင်းကို ပေးထားခဲ့ပြီးသား ဖြစ်မယ်... အဲဒီနတ်ဆိုးသားရဲရဲ့ အရှိန်အဟုန်ကို ကြည့်လိုက်ရင် မကြာခင်မှာပဲ သူတို့ ရောက်လာလိမ့်မယ်... အတော်ပဲ အစုလိုက် အပြုံလိုက် အသတ်ခံရတော့မှာပေါ့... ကလေးတွေ နောက်ဘဝမှာ လူဝင်စားပြီးရင် စာကြောင်းတစ်ကြောင်းကို နားလည်ထားရမယ်... အဲဒါက မင်းတို့ပါးစပ်ကနေ စကားတိုင်းကို ထုတ်ပြောလို့ မရဘူးဆိုတာပဲ"
လုရွှမ်၏ စကားများသည် ဖြစ်လာမည့် အမှန်တရားကို ထုတ်ဖော် ပြောဆိုနေသကဲ့သို့ သူတို့နားထဲတွင် အလွန်ပင် လျစ်လျူရှုရ ခက်နေလေသည်။ ခေါင်းဆောင်မှာ ရုတ်တရက် သူ့နှလုံးခုန်သံကိုပင် ပြန်ခံစားလိုက်ရသည်။