မဟာသူတော်စင်လက်နက်
Vol. 55 Ch. 4.333
“သွားတော့”
နတ်သမီးချင်းယိုးဆီက အသံကြားတာနဲ့ လူမျက်နှာပင့်ကူက ရေပေါ်ကို ခုန်ဆင်းသွားတော့သည်။
လူအားလုံးသည် ရုပ်သေးရုပ်ကို သေချာ စိုက်ကြည့်နေ၏။ ရုပ်သေးက လုံးဝမရပ်တန့်ဘဲ ရေပေါ်တွင် လျင်မြန်စွာ ပြေးနေတာကိုသာ မြင်တွေ့ရပြီး အမှန်တကယ်ပင် ရေကန်ပေါ်တွင် ရပ်နေနိုင်ခဲ့သည်။
နတ်သမီးချင်းယိုးက သူမမျက်နှာကို ဂုဏ်ယူနေတဲ့ အပြုံးမျိုးနဲ့ လူတိုင်းဘက်ကို လှည့်ကြည့်လိုက်သည်။
"ဘယ်လိုလဲ?"
သူမစကား မဆုံးခင်မှာပဲ သူမ မထိန်းနိုင်ဘဲ အော်ဟစ်မိသွားသည်။
"ကျွန်မနဲ့ ရုပ်သေးကြားက ဆက်သွယ်မှု ပျောက်သွားပြီ"
လူတိုင်းရဲ့ မျက်လုံးထဲမှာတော့ ရုပ်သေးရဲ့တုံ့ပြန်မှုက ရုတ်တရက် အေးခဲသွားသလို ပြေးနေတာက ရပ်သွားပြီး စိုးရိမ်ခြင်းမဲ့ ပင်လယ်ထဲကို အလျင်အမြန် နစ်မြုပ်သွားခဲ့တာပါပဲ။
မဟာသူတော်စင်များ အားလုံး အသက်ရှုမဝသလို ဖြစ်လာကြသည်။ စိုးရိမ်ခြင်းမဲ့ပင်လယ်က ဝိညာဉ်စွမ်းအင်များကို ခွဲထုတ် တားဆီးထားနိုင်ရုံ သာမက ပင်လယ်ထဲသို့ ဝင်လာသော ဝိညာဉ်စွမ်းအင်များကိုပါ လုယူသွားနိုင်သည်။
ရုပ်သေးတွေတောင် ဘာမှ ပြန်လုပ်လို့ မရဘူး။ ဒါကြောင့် တခြား ဝိညာဥ်သားရဲတွေမှာလည်း အခွင့်အလမ်း မရှိနိုင်တော့ပေ။
"ဆရာတူအကို... ကျွန်တော်တို့ စမ်းကြည့်လို့ ရပါတယ်"
လင်ထျန်းဖောင့်က ရုတ်တရက် ပြောလိုက်သည်။
"ဒီတစ်ခေါက် ထွက်လာခင်တုန်းက လွမ်ယင်း အစ်ကို့ကို ပေးခဲ့တဲ့ လှေငယ်လေးကို မှတ်မိသေးလား? သူ့အဆိုအရဆို အဲဒါက အကြီးအကဲသန့်စင်ထားတဲ့ ရတနာတစ်ခုပဲတဲ့"
ဟယ့်မင်ဖုန်းရဲ့ မျက်လုံးများလည်း တောက်ပသွားသည်။ ဟုတ်သားပဲ။ အဲဒီလှေငယ်ပေါ်မှာ အသုံးပြုထားတဲ့ ပစ္စည်းတွေက အလွန်တရာ ရှုပ်ထွေးနေခြင်း မရှိသော်လည်း ၎င်းအပေါ်တွင် စီစဉ်ထားသော အခင်းအကျင်း ပုံစံများမှာ အလွန်အံ့သြစရာ ကောင်းပြီး ထူးဆန်းနေ၏။
ဝိညာဉ်စွမ်းအင်ကို လုံးဝမသုံးဘဲ နိယာမစွမ်းအင် လိုင်းများကိုသုံး၍ လေပေါ်တွင် သွားလာနိုင်သည်။ ဒီစိုးရိမ်ခြင်းမဲ့ ပင်လယ်က ဝိညာဉ်စွမ်းအင်တွေကို အကျဉ်းချထားသလို တားဆီးထားပြီး တိမ်တိုက် မုန်တိုင်းများကလည်း ရှိနေသည်။ ဒါ့ကြောင့် လှေငယ်ကို စမ်းသပ်ကြည့်ဖို့ အချိန်တန်နေပြီလို့ ထင်ရလေ၏။
"ကောင်းပြီ စမ်းကြည့်ရအောင်"
ဟယ့်မင်ဖုန်းလည်း ခေါင်းညိတ်ပြလိုက်သည်။ ဒီလှေပေါ်တက်ရတာက မြေးမလေးရဲ့ ချစ်ခြင်းမေတ္တာကြောင့်ပါပဲ။
သူလှေကို ထုတ်၍ ပျံတက်သွားစဥ် တခြားလူများကလည်း ထိုမြင်ကွင်းကို မြင်တော့ အံ့အားသင့်သွားကြသည်။ ဟယ့်မင်ဖုန်းက ရူးနေတာလား။ ဒါက အရမ်းအန္တရာယ် များတာကို ရှင်းရှင်းလင်းလင်း မြင်နေရတာတောင် သူကိုယ်တိုင်က ဒါကို စမ်းသပ်ဖို့ သတ္တိရှိနေတုန်းပဲပေါ့လေ။
"ကျောင်းအုပ်?"
လင်ထျန်းဖောင့် နှင့် ယွမ်ဖေးရှန်းတို့လည်း ထိတ်လန့် သွားကြသည်။ လင်ထျန်းဖောင့်မှာ အကြံဥာဏ်ပေးသူက သူဖြစ်တာကြောင့် စမ်းသပ်မယ့်သူကလည်း သူပဲ ဖြစ်ရမယ်လို့ တွေးမိခြင်းသာ ဖြစ်လေသည်။
ထိုအခါ ဟယ့်မင်ဖုန်းက
"ငါ အကြီးအကဲ သန့်စင်ထားတဲ့ ပစ္စည်းဆိုရင် စိတ်ချနိုင်ပါတယ်.... မအောင်မြင်ရင်တောင် အနည်းဆုံးတော့ ကိုယ့်ကိုကိုယ် ကာကွယ်နိုင်လောက်တယ်... စိတ်ချပါ"
"ငါသွားမယ်"
ဟယ့်မင်ဖုန်းက အသက်ပြင်းပြင်း ရှူရင်း လှေငယ်ကို လေထဲသို့ လွင့်တင်ကာ စိုးရိမ်ခြင်းမဲ့ ပင်လယ်ထဲသို့ ပြေးဝင်သွားခဲ့သည်။
တချို့က မျှော်လင့်ချက်များနှင့် တချို့ကလည်း နာကြည်းမှုများဖြင့် ဟယ့်မင်ဖုန်းအား ထိတ်လန့်စွာ စိုက်ကြည့်နေကြသည်။
ဟယ့်မင်ဖုန်းသည် လှေငယ်အတွင်း၌ ဝိညာဉ်စွမ်းအင်များကို သီးခြား ခွဲထုတ်ထားကြောင်း ခံစားလိုက်ရသည်။ လှေငယ်ရဲ့ ကိုယ်ထည်ထဲသို့ ဝိညာဉ်စွမ်းအင်များကို ပို့လွှတ်ခြင်းဖြင့် ကိုယ်ထည်ပေါ်ရှိ နိယာမစွမ်းအင်များသည် လေနှင့်အတူ အလိုအလျောက် ရွေ့လျားသွားနိုင်သည်။
လေထုအလယ်၌ အချိန်အတော်ကြာ ပျံသန်းပြီးနောက် ဟယ့်မင်ဖုန်းသည် နတ်မျက်လုံးများကဲ့သို့ မှော်အစွမ်းများ မရှိသော်လည်း သူ၏ အစွမ်းအစဖြင့် လေမုန်တိုင်း အများစုကို ရှောင်ရှားနိုင်သေးသည်။
မုန်တိုင်းနဲ့ တိုက်မိရင်တောင်မှ ပင်လယ်ထဲကို မကျရောက်သေး သရွေ့တော့ စိုးရိမ်စရာ မလိုပေ။ စက်ဝိုင်းပုံစံ ပျံသန်း ကြည့်ပြီးနောက် ဟယ့်မင်ဖုန်းသည် လှေကို ထိန်းချုပ်ကာ ပြန်လှည့်လာခဲ့သည်။
“ဘယ်လိုလဲ?”
လှေကို စစ်ဆေးကြည့်လိုက်တဲ့အခါ အပျက်အစီး လုံးဝမရှိချေ။
မဟာသူတော်စင်တို့သည် သူ့ကို အထပ်ထပ် ချီးမွမ်းကြပြီး လုရွှမ်ကိုပါ မလေးစားဘဲ မနေနိုင်အောင် ဖြစ်သွားကြသည်။ နောက်ဆုံးတွင် ထိုသူသည် သူ့ယခင်ဘဝက ကောင်းကင်ဘုံသခင် ဖြစ်ခဲ့ဖူးပြီး ဧကရာဇ်ကျိုးရန်နဲ့တောင် ယှဉ်ပြိုင်နိုင်ခဲ့သော သခင်တစ်ယောက် ဖြစ်ပေသည်။
"ဟမ့်... ထျန်းရှားဂိုဏ်းက ရလာတဲ့ လှေငယ်တစ်စင်း မဟုတ်ဘူးလား?"
ဖန်းမင်ယန်က အလွန်စိတ်ဓာတ်ကျစွာဖြင့် ဆိုလိုက်သည်။ ဟယ့်မင်ဖုန်း စိုးရိမ်ခြင်းမဲ့ ပင်လယ် ထဲကို ပြုတ်ကျပြီး ရေအဖြစ် ပြောင်းလဲသွားဖို့ မျှော်လင့်နေပေမယ့် သူ့အိပ်မက်က တကယ် ဖြစ်မလာခဲ့ဘဲ သူက လက်ရှိ ပြဿနာကိုတောင် ဖြေရှင်းနိုင်ခဲ့သည်။
သူ စိတ်မချမ်းသာတဲ့အပြင် ဒေါသတွေပါ ထွက်လာခဲ့၏။ တခြားသူတွေက ဘာမှ မပြောပေ။ အများစုကတော့ သူတို့ရဲ့ ပါးစပ်ဖျားမှာ လှောင်ပြောင် ရယ်မောရင်း ပွဲကို ပျော်ရွှင်စွာ ကြည့်နေကြသည်။
တစ်ချိန်က ကျိုးရန်ဧကရာဇ် အင်ပါယာသည် အလွန်ကြီးစိုးကာ တခြားဧကရာဇ် အင်ပါယာများကို အသက်ရှုခွင့်ပင် မရှိအောင် ဖိနှိပ်ခဲ့သည်။ ဧကရာဇ်ကျိုးရန် ထွက်ခွာသွားချိန်မှသာ သူတို့ သက်ပြင်းချနိုင်ခဲ့သည်။ သို့သော် ကျိုးရန်ဧကရာဇ် အင်ပါယာက အားကောင်းလာဆဲဖြစ်ပြီး သူတို့မှာ ဖိနှိပ်မှုဒဏ်ကို ဆက်လက် ခံစားနေရဆဲပင်။
ယခု ဧကရာဇ်ကျိုးရန် ထွက်ခွာသွားပြီး ရွှမ်ယွီဂိုဏ်း၏ အကြီးအကဲလုရွှမ် ပြန်လည် ရောက်ရှိလာသည်။ ရွှမ်ယွီဂိုဏ်းရဲ့ ခွန်အားတွေ တိုးလာသလို တစ်ဖက်ကလည်း လွှမ်းမိုးနေရင်တော့ ဘယ်သူ့အတွက်မှ မကောင်းတော့ဘူး။ ကျားနှစ်ကောင် ရန်ဖြစ်မှ သူတို့စိတ်ထဲ လေးလံနေတဲ့ ဝန်ထုပ်ဝန်ပိုးကို သက်သာရာရစေမှာပဲ ဖြစ်လေသည်။
ကျိုးဧကရာဇ် အင်ပါယာနှင့် ရွှမ်ယွီဂိုဏ်းတို့ တိုက်ခိုက်လာကြဖို့ လူတိုင်းက ဆန္ဒရှိနေခဲ့ကြပြီး နှစ်ဖက်စလုံး ရှုံးနိမ့်သွားကြဖို့လည်း မျှော်လင့်နေကြသည်။ ဘာပဲဖြစ်ဖြစ် လုရွှမ်လို ဉာဏ်ကြီးရှင်တွေဟာ တိမ်ပင်လယ်ထဲမှာ အကြာကြီး မနေဘဲ အနှေးနဲ့အမြန် ထွက်ခွာသွားတော့မယ် ဆိုတာ သူတို့အားလုံး ရှင်းရှင်းလင်းလင်း သိမြင်ထားကြတယ်လေ။ အဲဒီအချိန်မှာ ဒီကမ္ဘာကြီးဟာ သူတို့အပိုင် ဖြစ်လာမှာပဲ မဟုတ်ပါလား။
ဒါပေါ့ ဖန်းမင်ယန်ရဲ့ စကားကို ကြားတော့ ဟယ့်မင်ဖုန်းရဲ့ အမူအရာက မည်းမှောင်သွားတော့သည်။
"ဖန်းမင်ယန်... မင်းဘာပြောလိုက်တယ်? ဒီလှေကို ငါတို့ အကြီးအကဲလုရွှမ်က ခိုးယူလာတယ်လို့ စွပ်စွဲချင်နေတာလား?"
လင်ထျန်းဖောင့် နှင့် ယွမ်ဖေးရှန်းတို့သည် ခေါင်းဆောင်၏ ဦးဆောင်မှုကို လုံးလုံးလျားလျား လိုက်နာနိုင်သူများလို ကြိုးကြာငှက်၏ ဟောက်သံကဲ့သို့ လေပြင်းများကို ထုတ်လွှတ်လိုက်သည်။ သူတို့နှစ်ယောက်က ဟယ့်မင်ဖုန်းရဲ့ နံဘေးမှာ တိုက်ရိုက် နေရာယူပြီး မဟာသူတော်စင်တို့၏ ကြောက်မက်ဖွယ် ကောင်းသော အငွေ့အသက်တို့ကို ဖန်းမင်ယန်ဆီ ပစ်လွှတ်နေကြသည်။
ဖန်းမင်ယန်မှာ အချိန်အတော်ကြာ သည်းခံနေခဲ့ပြီး လမ်းတစ်လျှောက် အဆက်မပြတ် လှောင်ပြောင်ခြင်းကိုလည်း ခံခဲ့ရသည်။ ဒီအကြောင်းကို ပိုတွေးလေ ပိုစိတ်ပျက်လေပဲမို့ နောက်ဆုံးတော့ သည်းမခံနိုင်တော့ပေ။
"အဲ့တော့ ဘာဖြစ်လဲ? ဟမ့် ငါတို့ ဧကရာဇ်အင်ပါယာ လေးခုက ဒီစစ်ဆင်ရေး အတွက် ပြင်ဆင်နေတာ ကြာလှပြီ.... နောက်ဆုံးတော့ ထျန်းရှားဂိုဏ်းက သိမ်းပိုက် ခံလိုက်ရပေမယ့် မင်းတို့ဂိုဏ်းက ငါတို့ရဲ့ မက်မွန်သီးကို ခိုးယူသွားခဲ့တာပဲလေ...မင်းတို့ လုပ်ထားတဲ့ ကိစ္စကို ငါတို့ကို မပြောရဲဘူးမလား?"
ဟယ့်မင်ဖုန်းမှာ ဖန်းမင်ယန်ကို အပြင်းအထန် အနိုင်ယူချင်နေပြီ။ လူတစ်ယောက်က ဒီလောက် အရှက်မရှိအောင် ဘယ်လိုလုပ်များ လေ့ကျင့်ထားတာလဲ။
တခြား မဟာသူတော်စင်ကြီးများသည် ဤစကားကို ကြားသောအခါ အနည်းငယ် ရှက်သွားကြသည်။
ဘာကြောင့်လဲ ဆိုတော့ သူတို့ဟာ ကြောက်လန့်ပြီး သေမှာကို ကြောက်တာကြောင့်ပင်။ လက်ရှိလူ တော်တော်များများဟာ စူးချန်ရဲ့ စွမ်းအားကို တွေ့ကြုံ ခံစားဖူးကြသူများပင်။ စူးချန်ရဲ့ ထူးဆန်းတဲ့ စွမ်းအားကြောင့် သူတို့ကို များစွာ ဒုက္ခရောက်စေခဲ့သည်။ သူတို့က ထျန်းရှားဂိုဏ်းကို တိုက်ခိုက်ရန်အတွက် မဟာသူတော်စင် သုံးဦးကိုပင် စေလွှတ်ခဲ့သည်။
အဆုံးမှာတော့ ထျန်းရှားဂိုဏ်းကို လုရွှမ်က သိမ်းပိုက်လိုက်ကြောင်း သိလိုက်ရသည်။ သူတို့ဘာလုပ်ခဲ့ကြသလဲ။ ထျန်းရှားဂိုဏ်း တစ်ခုလုံးရဲ့ လက်ကျန် လူတွေကို သတ်ခဲ့ပြီး လုယက်သွားသော ပစ္စည်းအားလုံးကို ပြန်လည် လုယူကာ သူတို့ကိုယ်သူတို့ ဆုချခဲ့ကြသည်။
ဖန်းမင်ယန်က ဒီလို အရိပ်အယောင်နဲ့ ညစ်ပတ်တဲ့ အပြုအမူမျိုးကို အမှန်အတိုင်း မှန်ကန်စွာ ပြောဆိုခဲ့တာ ဖြစ်သည်။ ဖန်းမင်ယန်ရဲ့ အမှားအမှန်ကို ရောထွေးပြီး ပြောဆိုလိုက်သံက သူတို့ကို စိတ်ရှုပ်သွားစေ၏။
ဘယ်သူမှ ငြင်းဆိုခြင်း မရှိသော်လည်း မဟာသူတော်စင် နှစ်ယောက်က မတ်တပ် ထရပ်ချင်သော်လည်း ဘေးနားရှိလူများက သူတို့ကို ပြန်ဆွဲချထားသည်။
"ဘာလုပ်ချင်လဲ ဆိုတော့ မင်းတို့ကို ကောင်းကောင်း တိုက်ပေးရမယ်... ဒါမှ မင်းတို့မာနတွေကို ပိုနှိမ့်ချတတ်လာမှာ"
"လေကြီးနေလိုက်!"
ဟယ့်မင်ဖုန်းကက သူ့အရောင်မဲ့တုတ်ကို ဝှေ့ယမ်းပြီး ဖန်းမင်ယန်ကို ချိန်ထားလိုက်သည်။
ဖန်းမင်ယန်သည် လမ်းတစ်လျှောက် သူ့ကို နှိမ်လာခဲ့တာတွေကို မတားဆီးနိုင်ခဲ့တဲ့ အတွက် အမြဲတမ်း ရှက်နေခဲ့ရာ ဒီအချိန်မှာတော့ သူ့သွေးတွေ ဆူပွက်လာပြီး
"လာလေ.... မဟာသူတော်စင် လက်နက်ရှိတာ မင်းတစ်ယောက်တည်း မဟုတ်ဘူးကွ!"
သူက လက်ကိုဝှေ့ယမ်းပြီး ဓားရှည်တစ်ချောင်းကို ထုတ်ကာ ဟယ့်မင်ဖုန်းထံ ပြေးဝင်သွားသည်။
"ဟမ့်.... သတ္တုအပိုင်းအစလေးကများ... ငါ့ရဲ့ မဟာသူတော်စင် လက်နက်ကို တိုက်ခိုက်ဖို့တောင် မတန်ဘူး!"
ဟယ့်မင်ဖုန်းကလည်း မထီမဲ့မြင်ပြုကာ အော်ဟောက်လိုက်ပြီး သူ့စွမ်းအင် အားလုံးကို အရောင်မဲ့တုတ်ထဲသို့ ထည့်သွင်းလိုက်သည်။
အရောင်မဲ့တုတ်သည် အလင်းရောင်များဖြင့် တောက်ပြီး အရောင် သုံးရောင်ရှိသော အလင်းတန်းများ ဖြာထွက် စီးဆင်းသွားကာ လူတိုင်းရဲ့စိတ်ကို မသိစိတ်အရ တုန်လှုပ်သွားစေသည်။
"တုတ်ကို ကြည့်!"
သူက ဖန်းမင်ယန်ရဲ့ ခေါင်းထက်ကို တစ်ချက် ဝေ့ယမ်းလိုက်သည်။
ဖန်းမင်ယန်ရဲ့ မျက်နှာမှာ ဒေါသလှိုင်းများဖြင့် ပြည့်နှက်နေပြီး သူ့မျက်လုံးများ ကျဥ်းမြောင်းထားသည်။ သူက ဓားကို ပြင်းပြင်းထန်ထန် မြှောက်ကာ အရောင်မဲ့ တုတ်ဆီသို့ ဝေ့ယမ်းလိုက်သည်။
၎င်းသည် ကောင်းကင်ဘုံသခင်မှ သန့်စင်ထားသော မဟာသူတော်စင် လက်နက် ဖြစ်သည်။ အဆင့်က သိပ်ကောင်းမွန်ခြင်း မရှိသော်လည်း စစ်မှန်သော မဟာသူတော်စင် လက်နက်ဖြစ်နေဆဲ ဖြစ်သည်။ အရောင်မဲ့ စုတ်ပြတ်နေတဲ့ တုတ်တစ်ချောင်းက ဧကရာဇ်နယ်ပယ်က လက်နက်တဲ့လား? လူကို ငတုံးများ ထင်နေလား။
ဓားနှင့် တုတ်တို့သည် တပြိုင်နက်တည်း ထိခတ်သွားကြသည်။
ဝုန်း!
လူနှစ်ယောက်က တစ်ချိန်တည်းမှာ နောက်ပြန် ဆုတ်သွားကာ ဟယ့်မင်ဖုန်း ပါးစပ်က သွေးတွေ ထွက်ကျလာခဲ့သည်။ ဖန်းမင်ယန်က ကျယ်လောင်စွာ ရယ်မောပြီး သူ့ဓားကို လှန်လိုက်သည်။
"ဟယ့်မင်ဖုန်း.... ဒါက မင်းရဲ့ အစွမ်းအစ အကုန်ပဲလား?"
ပြောပြီး နောက်အခိုက်အတန့်မှာ သူ့အသံ ရုတ်တရက် ရပ်သွားခဲ့ပြီး သူ့ရဲ့ မဟာသူတော်စင် ဓားကြီးက ကျိုးသွားတော့သည်။