ရှက်ပြီး ဒေါသထွက်ရခြင်း
Vol. 55 Ch. 4.334
ကြီးကျယ်ခမ်းနားသော မဟာသူတော်စင် လက်နက်ကြီးသည် ကျိုးပဲ့သွားသည်။ ထိုကဲ့သို့ လက်နက်ကို ချိုးဖျက်ပစ်နိုင်တဲ့ မှော်လက်နက် အမျိုးအစားက ဘယ်ဖြစ်မယ် ဆိုတာကို စိတ်ကူးကြည့်နိုင်သည်။
ခဏကြာတော့ လူတွေအားလုံး ဟယ့်မင်ဖုန်းကို ထိတ်လန့်စွာ ကြည့်နေကြသာ်။ သူ့တစ်ကိုယ်လုံး ပတ်ပတ်လည် စီးဆင်းနေသော အလင်းရောင်သည် လှည့်ပတ်နေပြီး ထိခိုက်မှု မရှိသလိုပဲ ရပ်နေသည်။
သူသည် ဂရုတစိုက် ဝှေ့ယမ်းလိုက်တာနဲ့ ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာပြီး မဟာသူတော်စင်များ အားလုံး ဖန်းမင်ယန် လက်ထဲရှိ သူတော်စင် လက်နက်ကြီး ဖြစ်တဲ့ အရောင်မဲ့ တုတ်ဆီမှ မထီမဲ့မြင်ပြုသော စိတ်ဆန္ဒကို ဖျတ်ခနဲ ခံစားလိုက်ရသည်။
အရောင်မဲ့တုတ် မပျက်စီးကြောင်း အတည်ပြုပြီးနောက် ဟယ့်မင်ဖုန်းက ရယ်မောလိုက်၏။ ထို့နောက် ဖန်းမင်ယန်ကို အရောင်မဲ့တုတ်ဖြင့် ထပ်မံ ရိုက်ချလိုက်သည်။
တခြားသူများကမူ ဟယ့်မင်ဖုန်း ရုတ်တရက် တိုက်ခိုက်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြပေ။ ဖန်းမင်ယန် အော်ဟစ်ကာ သူ့လက်ထဲ ဆုပ်ကိုင်ထားတဲ့ ဓားက တိုက်ခိုက်မှုကို မတွန်းလှန်နိုင်တော့ပြီမို့ သူ့ခန္ဓာကိုယ်ကို အားကိုးရုံကလွဲလို့ ရွေးချယ်စရာ မရှိပေ။
အလွတ် ကျယ်လောင်သော အသံနှင့်အတူ အရောင်မဲ့တုတ်သည် ဖန်းမင်ယန်ရဲ့ လက်များရှေ့တွင် ရပ်သွား၏။ ဖန်းမင်ယန် ထိတ်လန့် ကြောက်လန့်စွာဖြင့် သူ့နဖူးပေါ် ရောက်နေသော တုတ်ချောင်းရှည်ကို ကြည့်လိုက်သည်။
ဟယ့်မင်ဖုန်းက အကြာကြီး အော်ရယ်လိုက်ပြီး အရောင်မဲ့တုတ်ကို ဖယ်လိုက်သည်။
"လူကောင်း တစ်ယောက် အနေနဲ့ ငါဟယ့်မင်ဖုန်းက သူများလက်နက် မဲ့နေတဲ့အချိန် အခွင့်ကောင်းယူပြီး တိုက်ခိုက်မှာ မဟုတ်ဘူး... ငါတို့ ရွှမ်ယွီဂိုဏ်းက မင်းရဲ့ ကျိုးရန်ဧကရာဇ် အင်ပါယာကို တိုက်ခိုက်မယ်လို့ မင်းထင်နေတာလား? ဟမ့်!! တခြားသူတွေကို ခိုးဝင်တိုက်ခိုက်တဲ့ အစဉ်အလာ ငါတို့မှာ မရှိဘူး!!"
ဖန်းမင်ယန်၏ မျက်နှာသည် နီမြန်းလာခဲ့ပြီး သူ့လက်ထဲတွင် ရှိသော စွမ်းအားသည် ခဏတာမျှ မထိန်းချုပ်နိုင်တော့သလို သူ့စိတ်ထဲတွင်ရှိ အရှက်တရားက သူ့အလိုကို မထိန်းနိုင်တော့ဘဲ ပါးစပ်ထဲ သွေးများ ထွက်ကျလာခဲ့သည်။
ခန္ဓာကိုယ်သည် ခြေလှမ်း အနည်းငယ် နောက်ပြန်ဆုတ်သွားကာ တော်ဝင်မိသားစုမှ မဟာသူတော်စင်များက သူ့ကို ထိန်းထားပေးရသည်။
"ဟယ့်မင်ဖုန်း....မင်း မင်း!"
ဖန်းမင်ယန်က သူ့အသံ ကျယ်ကြီးဖြင့် အော်ဟစ်လိုက်ပြီး သူ့အံသွားတွေကို ကိုက်ကာ လူသတ်ချင်စိတ်တွေ အပြည့်နဲ့ ကြည့်နေတော့သည်။
ဟယ့်မင်ဖုန်းကလည်း
"မင်းကိုငါ ဘာလို့ မသတ်တာလဲ သိလား? အကြီးအကဲလုရွှမ်က မင်းခေါင်းကို အနှေးနဲ့အမြန်ဆိုသလို ဖြတ်တော့မယ်ဆိုတာ ငါသိတယ်လေ... ဖန်းမင်ယန် မင်း ကိုယ့်ကိုကိုယ် ဂရုစိုက်ပြီး ကျန်ရှိနေတဲ့ အချိန်လေးကို ပျော်လိုက်စမ်းပါ... အကြီးအကဲလုရွှမ် ပြန်လာတဲ့ အခါကျရင် မင်းဒူးထောက်ပြီး အသနားခံ တောင်းပန်ဖို့ အရမ်း နောက်ကျသွားမှာကိုတောင် ကြောက်ရတယ်"
သူပြောပြီးသည်နှင့် ဖန်းမင်ယန်ကို လျစ်လျူရှုကာ လှေကို ပိုကြီးစေရန် လက်ကို ဝှေ့ယမ်းလိုက်သည်။ ထို့နောက် လှေပေါ်တက်ရန် သူတော်စင်များ အားလုံးကို လက်ပြလိုက်သည်။
"သွားကြစို့.."
ဖန်းမင်ယန်ရဲ့ မျက်နှာကတော့ အစိမ်းရင့်ရောင် ပြောင်းနေပြီ။ နီရဲနေပြီး ဖျော့တော့သော အရိပ်အမြွက်တွေလည်း ပြသနေသည်။ ဟယ့်မင်ဖုန်း ပြောတာ မှန်တယ် ဆိုတာ သူသိပါ၏။ သူ့ရဲ့ အရင်က တွက်ချက်မှုတွေကို လူတိုင်း နားမလည်ဘူး ဆိုရင်တောင် ဘယ်သူက မရိပ်မိဘဲ နေမှာလဲ။
သူတို့ရဲ့ ခွန်အားအဆင့်ကို ရောက်တဲ့အခါ အမှန်တရားကို ဘယ်လိုလုပ် သတိမထားဘဲ နေပါတော့မလဲ။ ခွန်အားက လွှမ်းမိုးနိုင်တဲ့ အရာပဲလေ။ အလေးအနက် ထားထား မထားထား နောက်ဆုံးတော့ သံသယဝင်လာကြမှာပဲ။
"ဟေ့ ဖန်းမင်ယန်... မင်းတက်လာမှာလား မတက်ဘူးလား? ငါတို့ရဲ့ ရွှမ်ယွီဂိုဏ်းက မင်းလောက် သဘောထား မသေးသိမ်ဘူး!"
ဖန်းမင်ယန် သူ့အသိစိတ်တွေ ပြန်ဝင်လာတော့ အားလုံးက လှေပေါ်တက်ပြီးပြီ ဆိုတာ မြင်လိုက်ရပြီး သူ တယောက်တည်း အံကြိတ်လျက် ကျန်နေခဲ့၏။ ဟယ့်မင်ဖုန်းဆီက ဆူပူကြိမ်းမောင်းခြင်းကို ခံရပြီး ခဏလောက် သွေးတွေချည်း အန်နေရတော့သည်။
သူ့ဆရာ ဧကရာဇ်ကျိုးရန် ထားခဲ့တဲ့ လျှို့ဝှက်နည်းလမ်းကို မသုံးနိုင်ပေမယ့် သူက ဒါကို ဆုပ်ကိုင်ထားဆဲပဲလေ။ ဟမ့် ခဏစောင့်ပြီးရင် ဘယ်သူက ရယ်နိုင်ဦးမလဲ ဆိုတာ ကြည့်ရသေးတာပေါ့။
သူ့မျက်လုံးတွေက လူတိုင်းကို လှည့်ကြည့်လိုက်တော့ ဆိုးရွားလွန်းတဲ့ အငွေ့အသက်တွေကြောင့် မဟာသူတော်စင်ကြီးတွေ အားလုံး စက်ဆုပ် ရွံရှာသွားကြသည်။ အရင်က သူ့မှာ ကောင်းကင်ဘုံသခင် နယ်ပယ်ရှိတဲ့ ဆရာကြီးတစ်ယောက် ရှိခဲ့ပြီး မဟာသူတော်စင် လက်နက်လည်း ရှိခဲ့သည်။
အခုတော့ ဘာမှမရှိတော့ဘူးလေ။ ဒါတောင် မောက်မာနေသေးတာလား။
တစ်ဖက်တွင်မူ ကျိုးရန်ဧကရာဇ် အင်ပါယာ၏ တော်ဝင်မိသားစု နှစ်ဦးသည် အကြောင်းပြချက်မရှိဘဲ ထိတ်လန့်သွားကြသည်။ သူက လူတိုင်းကို မုန်းတီးနေတာ ထင်ရှားလေ၏။ ဒီဆရာတူအစ်ကိုနဲ့ သူတို့ ရင်းနှီးပြီးသား။
သူတို့နှစ်ယောက်ကိုလည်း တစ်ဖက်လူတွေနဲ့ အတူတူ ထည့်မုန်းနေတာ ထင်ရှားပေသည်။
သူက လုပ်ကြံမှုကို စီစဉ်ထားတဲ့လူ မဟုတ်ဘူးလား?
နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ခေါင်းခါပြလိုက်ကြသည်။ ဒီလောက်များတဲ့ မဟာသူတော်စင်တွေ ကြားထဲမှာ ပူးပေါင်းကြံစည်မှုနှင့် လှည့်ကွက်များက အသုံးမဝင်ပေ။
လှေကို တက်ပြီးနောက် လူတိုင်းသည် စိုးရိမ်ခြင်းမဲ့ ပင်လယ်ထဲကို အမြန် ဖြတ်ကျော်သွားကြသည်။
မဟာသူတော်စင်ကြီးများသည် လှေအတွင်း၌ ထူထပ်စွာ ထုပ်ပိုးထားသော နိယာမစွမ်းအင် လိုင်းများကို ကြည့်ကာ အံ့ဩနေကြသည်။ ထျန်းရှားဂိုဏ်း၏ ခေါင်းဆောင် စူးချန်ရဲ့ လျှို့ဝှက်နည်းပညာ အားလုံးကို လုရွှမ်မှ ထိန်းချုပ်ထားတာ ထင်ရှားလေသည်။
ထျန်းရှားဂိုဏ်းမှ လှေများကို ရသူတချို့က လှေငယ်များကို နှိုင်းယှဉ်ကြည့်ပြီးနောက် ၎င်းတို့ရရှိသော လှေငယ်များနှင့် လုရွှမ် ပြန်လည် သန့်စင်ထားသော လှေကြားတွင် နှိုင်းယှဥ်စရာ မရှိကြောင်း သဘောပေါက်လာကာ နိယာမစွမ်းအင် လိုင်းများ အကြောင်းသာ ပြောနေတော့သည်။
သူတို့သည် ထျန်းရှားဂိုဏ်း၏ တစ်ဖက်ကမ်းရှိ လှေပေါ်က နိယာမစွမ်းအင် လိုင်းများကို ဆန်းစစ်ကြည့်ရုံမျှဖြင့် တစ်စုံတစ်ခုကို ရှာဖွေနိုင်ခဲ့ပြီး နားလည်မှုတချို့သာ ရရှိခဲ့သည်။
လမ်းကြောင်းအလိုက် သန့်စင်ထားသော လှေငယ်များသည် နိယာမစွမ်းအင် လိုင်းများ စီးဆင်းနေသည်။ သူတို့မျက်လုံးများထဲတွင် သူတော်စင် စွမ်းအားများ အပြည့်ထည့်ထားသော်လည်း တချို့သော နိယာမစွမ်းအင် လိုင်းများကိုသာ မြင်နိုင်ကြသည်။
အသည်းအသန် မှတ်ထားပေမယ့် အရှေ့ကဟာကို ကြည့်ရင် အနောက်က လိုင်းကြောင်းတွေကိူ မေ့သွားတော့သည်။
ဟယ့်မင်ဖုန်းကတော့ ထိုနိယာမစွမ်းအင် လိုင်းများ၏ စွမ်းအားကို လူတိုင်းအား တမင်တကာ ခံစားခွင့် ပေးလိုက်သည်။ အဟာသူတော်စင်ကြီးများ အားလုံး၏ မျက်နှာများပေါ်က စိတ်ဓာတ်ကျနေတဲ့ ပုံစံတွေကို မြင်လိုက်ရတော့ သူ့စိတ်ထဲ လှောင်ရယ်နေမိသည်။
အကြီးအကဲလုရွှမ်နဲ့ ယှဥ်ချင်တယ်ပေါ့။ ကိုယ့်ကိုကိုယ် တော်တော်လေး အထင်ကြီးနေကြတာပဲ။
နတ်မျက်စိ အမြင်ရှိသော မဟာသူတော်စင် တစ်ဦးက ဦးတည်ရာကို ညွှန်ပြသည်။ လှေငယ်လေးသည် တလမ်းလုံး ယိမ်းယိုင်နေသော်လည်း အခြေခံအားဖြင့် ဦးတည်ရာဆီသို့ သွားနေဆဲပင်။
လုရွှမ်သည် လျှပ်စီးလို အရှိန်ဖြင့် လျင်မြန်စွာ ခရီးဆက်လာခဲ့သည်။ သူသည် လေပြင်းနိယာမကို ဆက်လက် လေ့လာနေသဖြင့် လေထုကို တဖြည်းဖြည်း ပိုရင်းနှီးလာခဲ့သည်။
ပျံသန်းမှု အမြန်နှုန်းအရ ကျားဖြူလေးနဲ့ ယှဥ်နိုင်နေပြီ။
ဒီခရီးမှာ သားရဲတွေ အားလုံး သူတို့ဘာသာ ဆုတ်ခွာသွားသလိုမျိုး ကင်းရှင်းနေတာကြောင့် အရမ်း အဆင်ပြေပါသည်။ မိုးကြိုးအတိဒုက္ခကြောင့်ပင်။ အထူးသဖြင့် နောက်ဆုံး သူတော်စင် အတိဒုက္ခသည် စိုးရိမ်ခြင်းမဲ့ ပင်လယ် တစ်ခုလုံးကို လင်းထိန်စေခဲ့သည်။
အတိဒုက္ခကို ကျော်လွှားနေစဥ် အတွင်း လုရွှမ်ဟာ မဟာသူတော်စင် တစ်ပါးကို တကယ်ပဲ အရှင်လတ်လတ် သတ်ပစ်ခဲ့သည်။ ဒီလို ကြောက်စရာကောင်းတဲ့ မြင်ကွင်းက သူတော်စင် သားရဲတွေအားလုံးရဲ့ နှလုံးသားထဲမှာ နက်နက်ရှိုင်းရှိုင်း စွဲနေခဲ့ပါပြီ။
နတ်ဆိုးသားရဲများနှင့် သူတော်စင် သားရဲများသည် အန္တရာယ်ကို အရှင်းလင်းဆုံး ခံစားနိုင်ကြသည်။ ထိုကဲ့သို့သော လူသတ် နတ်ဘုရားနှင့် ရင်ဆိုင်ရသောအခါ ဉာဏ်ရည်ဉာဏ်သွေး ထက်မြတ်သူတိုင်း သူ့ရှေ့သို့ အပြေးအလွှား သွားကာ တားဆီးဝံ့မည် မဟုတ်ပေ။
ထို့အပြင် ကျားဖြူလေးရဲ့ သားရဲတွေအပေါ် ဖိအားကလည်း ရှိနေသေးသည်။ စိုးရိမ်ခြင်းမဲ့ ပင်လယ်မှာ ကောင်းကင်ဘုံသခင် ကျားဖြူနှစ်ကောင် ရှိတယ်ဆိုတာ ဘယ်သူက မသိကြလို့လဲ။ သူ့သမီးလေး ခရီးသွားနေတုန်း ဒုက္ခပေးဝံ့တဲ့သူက ထိုဘုရင်ကြီးရဲ့ အစွယ်ကို မကြောက်တဲ့သူပဲ ဖြစ်ရမယ်။
မတိုင်ခင်က ရွှေချိုနွားသုံးကောင်သည် အနီးနားတွင် အတိဒုက္ခ ဖြတ်ကျော်ပြီးနောက် တစ်ဖက်လူ အားနည်းသော ကာလကို အခွင့်ကောင်း ယူချင်သော်လည်း မိုက်မဲစွာ စားသောက်ခံလိုက်ရသည်။
ရက်အနည်းငယ် ကြာပြီးနောက် နောက်ဆုံးတွင် လုရွှမ်တစ်ယောက် စိုးရိမ်ခြင်းမဲ့ပင်လယ်၏ ကမ်းခြေရှိရာသို့ ရောက်လာခဲ့သည်။
လုရွှမ် စိတ်စွမ်းအား ရောင်ခြည်များကို ဂရုတစိုက် ခွဲထုတ်လိုက်ပြီး စိုးရိမ်ခြင်းမဲ့ ပင်လယ်ကို စမ်းကြည့်လိုက်ရာ ချက်ချင်းပင် မီးငြိမ်းသွားကာ လုရွှမ်ကိုလည်း ထိတ်လန့်သွားစေခဲ့သည်။ ကံကောင်း ထောက်မစွာနဲ့ သူ စိတ်ဝိညာဉ် စွမ်းအားသည် အလွန်အမင်း ထုတ်မသုံးထားသောကြောင့် အနည်းငယ် ဆုံးရှုံးသွားတာက အရေးမကြီးပေ။
နေမျက်လုံး၏ အမြင်အောက်တွင် လုရွှမ်သည် ပင်လယ် အထက်တွင် ကြောက်မက်ဖွယ် ကောင်းသော မုန်တိုင်းများကို တွေ့လိုက်ရသည်။ သူ ဝိညာဉ်မြက်ပင် နှစ်ပင်ကို ပစ်ချလိုက်တဲ့အခါ ဝိညာဉ်စွမ်းအင်များကို တခဏချင်း စုပ်ယူသွားပြီး အမှိုက်ဘောလုံးအဖြစ်သို့ ပြောင်းလဲသွားကာ ပင်လယ်ထဲသို့ ပေါင်းစပ်သွားတာ တွေ့ရ၏။
ကြောက်စရာကောင်းတဲ့ နေရာပဲ!
၎င်းသည် တားမြစ် ဝိညာဉ်နွေဦး စွမ်းအင်၊ ပကတိရေစင်တွေနှင့် မတူသော်လည်း စွမ်းအားက ပိုဆိုးနေသည်။
"ဝူး!"
ကျားဖြူလေးက အသံပေး၍ ပစ္စည်းကောင်းတစ်ခုကို တွေ့လိုက်ရသလို မျက်လုံးလေးတွေ တောက်ပနေတော့သည်။
"မင်းတို့ ငယ်ငယ်တုန်းက လေ့ကျင့်ဖို့ ဒီကို လာခဲ့ဖူးတယ် ဟုတ်လား?"
လုရွှမ် သူ့လျှာကို တိတ်တဆိတ် ကိုက်ထားလိုက်မိသည်။ ဒါက ဒဏ္ဍာရီလာ သားရဲမျိုးနွယ်စုရဲ့ ခွန်အားပါပဲ။ လူတွေက နတ်သားရဲတွေလို အဆင့်အတန်းကို ဘာကြောင့် ရရှိနိုင်တာလဲ ဆိုရင် လူတွေ မသိနိုင်တဲ့ နေရာတွေမှာ သူတို့လေ့ကျင့်နေခဲ့တာ အများကြီးမလို့ပင်။
"ကောင်းပြီ သွားကြရအောင်"
လူတစ်ယောက်နှင့် ကျားတစ်ယောက်သည် ခြေထောက်ကို လေထုအလယ်၌ နင်းဖြတ်ကာ စိုးရိမ်းခြင်းမဲ့ ပင်လယ်ပြင် အထက်က ကောင်းကင်သို့ ပြေးထွက်သွားတော့သည်။