စိတ်ဝမ်းကွဲကုန်ပြီ
Vol. 55 Ch. 4.337
"ဒီနေရာရဲ့ ဝိညာဥ်စွမ်းအင်က!"
သူ ကျွန်းပေါ်ကို လှမ်းဝင်လိုက်တာနဲ့ ဒီနေရာရဲ့ ဝိညာဥ်စွမ်းအင် သန့်စင်မှုကို ခံစားလိုက်ရသည်။
နဂါးငါး၏ ခန္ဓာကိုယ်မှ ညှစ်ထုတ်လာသည့် အနှစ်သာရ ရှိတဲ့ စွမ်းအင်လို မဟုတ်သလို စိမ်းပြာနဂါးရဲ့ စွမ်းအားကို မြှင့်တင်ပေးနိုင်တဲ့ ဝိညာဥ်စွမ်းအင်မျိုးလည်း မဟုတ်ဘဲ အဘိုးကြီးရွှမ်ဟွမ်ရဲ့ ရွှမ်ခုန်းတောင်နဲ့ နှိုင်းယှဉ်နိုင်တဲ့ အရာဖြစ်လေသည်။
"အရမ်းကောင်းတဲ့ နေရာပဲ... ကျိုးရန် မင်းဒီမှာ လေ့ကျင့်ဖို့ ရွေးချယ်ခဲ့တာ အံ့သြစရာ မရှိပါဘူး.... စိုးရိမ်ခြင်းမဲ့ပင်လယ်မှာ ဒီလိုနေရာမျိုးကို ရှာတွေ့ဖို့ ခက်ခဲခဲ့မှာပဲ... ရှောင်ပိုင် ငါတို့"
လုရွှမ် ကျေနပ်နေသော်လည်း သူလုံးဝ သတိမပေါ့ထားဝံ့ပေ။
ဒီကျွန်းငယ်လေးထဲတွင် အလွန် ကြောက်စရာ ကောင်းပြီး သူ မသိနိုင်သော လျှို့ဝှက်ချက်များ ရှိလိမ့်မည်။ ဒီလိုမှမဟုတ်ရင် ပတ်ဝန်းကျင်ကို စောင့်ကြပ်နေတဲ့ မှော်နဂါးငါးတွေ ရှိနေမှာ မဟုတ်ဘူးလေ။ လုရွှမ် ပိုကြည့်လေ ဒါတွေအားလုံးဟာ အတုအယောင် ဆန်သလို ခံစားရလေပင်။
ဒါ့အပြင် နဂါးငါးက နဂါးတံခါးကို ခုန်တက်ပြီးသွားပြီ။ အဆင့်က အနည်းငယ် နိမ့်သော်လည်း ၎င်းတို့သည် နတ်နဂါးများကြားတွင် အဆင့်တစ်ခုကတော့ ရှိနေဆဲ ဖြစ်သည်။ တခြား သူတော်စင် သားရဲများနှင့် နှိုင်းယှဉ်ပါက ဤနဂါးငါးများ၏ အဆင့်အတန်းသည် များစွာမြင့်မားလေသည်။
ဒီလိုမှော်ဆန်တဲ့ နတ်သားရဲ မျိုးစိတ်တွေကို တိမ်ပင်လယ်နယ်မြေလို ကမ္ဘာငယ်လေးမှာ ဘယ်လိုလုပ် မွေးမြူထားနိုင်တာလဲ ဆိုတာ သူ့အတွက်ကတော့ စဥ်းစားစရာ တစ်ခုပင်။
ဖြစ်နိုင်တာက ဒီကျွန်းငယ်လေးမှာ တစ်ချိန်က ဒီမှာနေခဲ့တဲ့ ပညာရှိကြီး တစ်ယောက်ရှိခဲ့ပြီး ဒါတွေ အားလုံးကို သူစီစဉ်ခဲ့တာ ဖြစ်နိုင်သည်။ အထဲမှာ ကောင်းမွန်တဲ့ ကံဇာတာ ရှိနိုင်ပေမယ့် ဘေးဥပဒ် တစ်ခုလည်း ရှိနေနိုင်ပါသည်။
ရွှေကျီးကန်း ပြေးထွက်လာပြီး ရားရားလည်း ကျားဖြူလေးရဲ့ နောက်ကျောမှာ ထိုင်နေလိုက်သည်။ လူနှစ်ယောက်နှင့် သားရဲနှစ်ကောင်သည် တောင်ပေါ်သို့ သတိထားပြီး ဦးတည် တက်သွားကြသည်။
.....
"ဒီရောင်ဝါက....?"
"ဟားဟား မြန်မြန်ထိုင်ပြီး ခွန်အားတွေ ပြန်ဖြည့်လိုက်ကြရအောင်"
ယခင်က ကြောက်မက်ဖွယ် ကောင်းသော သားရဲတစ်ကောင်ကို ရှောင်ရှားရန်အတွက် သူတော်စင်စွမ်းအား ငွေအမြောက်အမြား ကုန်သွားသလို ဟယ့်မင်ဖုန်း ခန္ဓာကိုယ်ထဲသို့ လောင်းထည့်လိုက်ရတာကြောင့် အခုအချိန်မှာ လူများစွာသည် အသီးသီး ခွဲခွာသွားကြပြီး စွမ်းအင်အားလုံး ပြန်လည်ရရှိရန် ထိုင်ချလိုက်ကြသည်။
ဝိညာဉ်စွမ်းအင်၏ အနှစ်သာရသည် သူတို့ စိတ်ကူးထားတာထက် ကျော်လွန်နေလေသည်။ နာရီအနည်းငယ် ကြာပြီးနောက် လူတိုင်း မတ်တပ် ထရပ်ကာ သူတို့ ခွန်အားတွေ အပြည့်အဝ ပြန်လည်ရရှိသွားပြီ ဆိုတာ ခံစားလိုက်ရသည်။
တချို့ကလည်း နှစ်ပေါင်းများစွာ ကြာအောင် ချုပ်နှောင်ထားခဲ့သော ပိတ်ဆို့မှုများပင် ပြေလျော့သွားပုံရသည့်နှယ် ခံစားခဲ့ရသည်။ သူတို့ ဆက်နေချင်သေးပေမယ့် တခြားသူတွေက ထွက်သွားပြီးမို့ သက်ပြင်းသာ ချပြီး လိုက်သွားကြရလေ၏။
ကျွန်းငယ် စိမ်းလန်းစိုပြေပြီး အံ့သြဖွယ် ဝိညာဉ်စွမ်းအင်များ လျှံထွက်နေကာ သူတို့၏စိတ်များကို လန်းဆန်းလာစေခဲ့သည်။ ရှေ့ကိုလှမ်းလိုက်တဲ့ ခြေလှမ်းတိုင်းတွင် သန့်စင်သော ဝိညာဉ်စွမ်းအင်များ ပြေးလွှားသွားတာကို ရှင်းရှင်းလင်းလင်း ခံစားနေရသည်။
“ဟေ့ အဲဒီမှာ ဘာလာလုပ်နေတာလဲ မြန်မြန် သွားရအောင်!”
မဟာသူတော်စင် ပထမအဆင့်မှ ကျင့်ကြံသူ တစ်ယောက်က အော်ဟစ်ပြီး စိမ်းလန်းနေသော တောအုပ်ဆီသို့ ပြေးထွက်သွားလေသည်။
"ဟုတ်တယ် ဒီမှာ ဝိညာဉ်စွမ်းအင်က အရမ်းပြင်းထန်နေပြီ.... တောအုပ်ထဲကို ဝင်လိုက်ရင် စွမ်းအင် အရည်အဖြစ် စိမ့်ဝင်သွားလိမ့်မယ်... အဲဒီအခါကျရင် ငါ့ကိုယ်ထဲက ပိတ်ဆို့မှုတွေလည်း ပွင့်လာတော့မယ်လို့ ခံစားနေရတယ်"
မဟာသူတော်စင် ထက်ဝက်နီးပါးက အော်ဟစ် ကခုန်ကာ ကျယ်လောင်သော အသံများကို လွင့်လျက် တောနက်ဆီသို့ ပြေးသွားကြသည်။
"အရူးအမူး မလုပ်ကြနဲ့ ဒီမှာ အန္တရာယ်ရှိနိုင်တယ်!"
ဟယ့်မင်ဖုန်း သူ့လက်ထဲက အရောင်မဲ့တုတ် ရုတ်တရက် လှုပ်ခါသွားသလို ခံစားလိုက်ရတာကြောင့် သူ့စိတ်ဝိညာဥ်လည်း လှုပ်ခတ်သွားသည်။ ထို့ကြောင့် အလျင်အမြန် အော်ဟစ်လိုက်၏။
သို့သော် ဤအချိန်တွင် မဟာသူတော်စင်များသည် နတ်ဆိုး ပြုစားခံထားရသလို မျက်နှာများ နီမြန်းနေကြသည်။ မျက်လုံးများက တောက်ပြောင်လျက် တောတွင်းကို အနီးကပ် စိုက်ကြည့်ရင်း သူတော်စင် စွမ်းအင်များကို လွင့်ထုတ်ကာ တောင်ပေါ်က တောနက်ဆီသို့ အားသွန်ခွန်စိုက် ပျံသန်းသွားကြသည်။
ယခုအချိန်တွင် တခြားသူကို ဂရုမစိုက်ရင်တောင် သူ့ဆရာတူ ညီလေး နှစ်ယောက်ကို နောက်ပြန်ဆွဲကာ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည်။ နှစ်ယောက်သား စိတ်လှုပ်ရှားစွာ ပြေးထွက်မသွားအောင် သူ့စွမ်းအင်တွေနဲ့ပါ ဖိနှိပ်ထားလိုက်သည်။
ဖန်းမင်ယန်ကတော့ နောက်ပြန်လှည့်ပြီး အရာအားလုံးက သူနဲ့ဘာမှမဆိုင်သလို စိုးရိမ်ခြင်းမဲ့ ပင်လယ်ပြင်ကြီးကို ငေးကြည့်နေသည်။
မဟာသူတော်စင် ၇ယောက် ၈ယောက်ခန့်သည် ရှေ့သို့ ချီတက်ကာ တောတွင်းသို့ အပြေးအလွှား ဝင်သွားခဲ့ကြသည်။ နောက်အခိုက်အတန့်တွင် သူတို့ ရုပ်ပုံများ ပျောက်ကွယ်သွား၏။ အတွေးတစ်ခုကြောင့် ရုတ်တရက် လန့်နိုးသွားသလိုမျိုး အရင်ကလို ဖိနှိပ်လို့မရတဲ့ တွန်းအားတွေ လုံးဝပျောက်ကွယ်သွားခဲ့သည်။
လင်ထျန်းဖောင့် နှင့် ယွမ်ဖေးရှန်း တို့သည် ထိတ်လန့် တုန်လှုပ်စွာဖြင့် နောက်ပြန်ဆုတ်ရင်း ဟယ့်မင်ဖုန်းရဲ့ တုတ်စွမ်းအင်ထဲမှ ရုန်းထွက်ခဲ့ကြသည်။
"အစ်ကို ကျောင်းအုပ်ကြီး.... ငါတို့ အဆင်ပြေသွားပါပြီ"
ဟယ့်မင်ဖုန်း သက်ပြင်းတစ်ချက် ချပြီး တခြားသူတွေကို အမြန်ကြည့်လိုက်သည်။ ကျွန်းပေါ်ကို အတူတူ ဆင်းသက်သူ ၂၁ ဦးရှိသော်လည်း ယခုတွင် လူဆယ့်သုံးဦး ကျန်ခဲ့ပြီး ရှစ်ဦး ပျောက်ဆုံးသွားခဲ့ပြီ။
"သူတို့ တစ်ခုခု ဖြစ်သွားများတာလား"
နောက်ဆုံးမှာ တိတ်ဆိတ်နေတဲ့ အကြောက်တရားတွေ ကြားထဲကနေ လူတစ်ယောက်က မေးလာ၏။
ဘယ်သူကမှ ပြန်မဖြေလာခဲ့ပေ။
ရုတ်တရက် မဟာသူတော်စင် အမျိုးသမီးက ဖန်းမင်ယန်ဆီသို့ အရူးအမူး ပြေးလာပြီး သူ့ကို ပြင်းပြင်းထန်ထန် ထိုးကြိတ်လိုက်သည်။
"ဒါက အားလုံး ရှင့်ကြောင့်ပဲ... ရှင်လုပ်လို့သာ မဟုတ်ရင် ကျွန်မတို့ ဒီမှာရှိနေမှာ မဟုတ်ဘူး ရှင့်ရဲ့အပြစ်တွေပဲ"
ဖန်းမင်ယန်ကလည်း လက်ဖဝါးဖြင့် ခုခံထားရင်း အော်ဟစ်လိုက်သည်။
"ဟမ်....ငါ့အပြစ်ပါ ဟုတ်လား? သခင်မလီ မင်းယောက်ျား ပျောက်သွားလို့ ငါ့ကိုလာပြီး ရန်မူနေတာလား?"
ဖန်းမင်ယန် ပြောတဲ့စကားက ကြီးစိုးနေပေမယ့်လည်း ကျိုးကြောင်း ဆီလျော်မှု ရှိပါသည်။ သူတို့အားလုံးက ကျင့်ကြံသူတွေ ဖြစ်ပြီး အကျပ်အတည်းတွေ ကြုံတွေ့ရလေ့ရှိသည်။ အခုအသက် ရှင်နေပေမယ့် နောက်အခိုက်အတန့်မှာ သေသွားနိုင်၏။
ဒါက သူတစ်ပါးကို အပြစ်သွားတင်နေစရာ အကြောင်း မရှိပေ။ သန်မာပြီး အခွင့်အလမ်းတွေ တစ်ခုပြီးတစ်ခု ရနေတယ်ဆိုရင် ရှေ့ကို ဆက်သွားနိုင်ပေမယ့် မသန်မာဘူး ဆိုရင်တော့ ဘယ်တော့မှ ပြန်လာနိုင်မှာ မဟုတ်ဘူး။
"ဘာပဲဖြစ်ဖြစ်.... ကျွန်မရှင့်ကို မယုံဘူး.... မင်းမှာ ကောင်းကင်ဘုံသခင်ရဲ့ အမွေတွေ ရှိတယ်.... ဒီမှာ အန္တရာယ်တွေ ရှိတဲ့အကြောင်း ရှင် သတိပေးရမှာပဲ မဟုတ်ဘူးလား? ဟမ့် ရှင် ကျွန်မတို့ကို လုပ်ကြံဖို့ ဒီစိုးရိမ်ခြင်းမဲ့ ပင်လယ်ကို အသုံးချချင်နေခဲ့တာမလား? အခု ကောင်းကင်ဘုံသခင်က မရှိတော့ဘူး ရှင့်ရဲ့ ကျိုးရန်ဧကရာဇ် အင်ပါယာက တိမ်ပင်လယ် နယ်မြေမှာ စိုးမိုးချင်နေတုန်းပဲမလား? အဲဒါကြောင့် ကျွန်မတို့ မဟာသူတော်စင်ကြီးတွေကို သတ်ပစ်ပြီး လုံးလုံး ချေဖျက်ပစ်ချင်နေတာ!"
မဟာသူတော်စင် အမျိုးသမီးကြီးသည် အရူးတစ်ယောက်လို အော်ဟစ်နေတော့သည်။
ဖန်းမင်ယန်ရဲ့ မျက်နှာလည်း မည်းမှောင်သွားသည်။ ဟယ့်မင်ဖုန်း သူ့ရဲ့ မဟာသူတော်စင် လက်နက်ကို ချိုးပစ်လိုက်ပြီးကတည်းက သူသည် ဒီနေရာမှာ လူတိုင်းကို ထောင်ချောက်ဆင်ရန် စီစဥ်ထားခဲ့သည်။ ဒါမှသာ တိမ်ပင်လယ် နယ်မြေ တစ်ခုလုံးက သူ့လက်ထဲ ရောက်လာမှာ ဖြစ်သည်။
ယခု ဒီအကြံအစည်ကို မဟာသူတော်စင် အမျိုးသမီးက ဖော်ထုတ်လိုက်ပြီ ဖြစ်တာကြောင့် ဖန်းမင်ယန်သည် ထိုအမျိုးသမီးကို သတ်ပစ်လိုသော ဆန္ဒများက သူ့လက်ဝါးထဲတွင် ပြည့်နှက်လာခဲ့သည်။
"သခင်မလီ... မဟုတ်တဲ့ စကားတွေ မပြောပါနဲ့... ဖန်းမိသားစုက ကျိုးရန်ဧကရာဇ် အင်ပါယာ တစ်ခုတည်းတင် မဟုတ်ဘူး ကျွန်မတို့ရဲ့ အဓိက မိသားစုလေးခုထဲကလည်း ဖြစ်ခဲ့တယ်... ဒီလို စက်ဆုပ်စရာ ကိစ္စတွေကို ကျွန်မတို့ မလုပ်ဘူး!"
လျန့်ထျန်းယင်သည် ဖန်းမင်ယန်ကို ဂရုမစိုက်သော်လည်း ယခုအခိုက်အတန့်တွင် သူမ ပြောရဲဆိုရဲ ဖြစ်လာခဲ့သည်။ သူမတို့ မိသားစုသည် ကျိုးရန်ဧကရာဇ် အင်ပါယာတွင် ရှိနေဆဲဖြစ်ပြီး အဓိကမိသားစု လေးခုဟာ ကျိုးရန်ဧကရာဇ် အင်ပါယာ၏ တော်ဝင်မိသားစု၌ အင်အား အများဆုံး ဖြစ်သည်။
အမှန်မှာ ကောင်းကင်ဘုံသခင် ဤနေရာတွင် ရှိနေလျှင် လွန်ခဲ့တဲ့ အနှစ်နှစ်ရာက အခြေခံအုတ်မြစ်ကိုပင် တခြားသော ဧကရာဇ် အင်ပါယာများ နှိုင်းယှဉ်၍ မရနိုင်ပေ။
မင်ယွဲ့၊ ဟုန်ရစ် နှင့် ရှင်းချန်ဧကရာဇ် အင်ပါယာကြီး သုံးခု ပေါင်းစပ်လာလျှင်ပင် ကျိုးရန်ဧကရာဇ် အင်ပါယာ၏ ထိုးစစ်ကို မခံနိုင်ချေ။
တခြားသူများကလည်း သူမကို နားချရန် ကြိုးစားကြသည်။ တိမ်ပင်လယ် နယ်မြေမှာ ကြီးကျယ်ခမ်းနားတဲ့ သူတော်စင်တွေနဲ့ နတ်ဆိုးတွေ အများကြီးကို ရှိခဲ့ပြီး လူသားမျိုးနွယ်ရဲ့ ကောင်းကင်ဘုံသခင် တည်ရှိနေတာကြောင့် နတ်ဆိုးတွေ မကျူးကျော်ရဲခဲ့တာ ဖြစ်သည်။
သို့သော် မဟာသူတော်စင် အမျိုးသမီးက ဖန်းမင်ယန်နဲ့ တစ်လမ်းတည်း မလျှောက်နိုင်တော့ကြောင်း စိတ်ပိုင်းဖြတ် ထားသည့်နှယ် ပြေးလာခဲ့သည်။
"ဘာပဲဖြစ်ဖြစ် ကျွန်မသူ့ကို မယုံတော့ဘူး... ကျွန်မ ရွှမ်ယွီဂိုဏ်းရဲ့ ကျောင်းအုပ်ကြီး ဟယ့်မင်ဖုန်းကိုပဲ ယုံတယ်"
ထိုစကားနဲ့အတူ သူမသည် ဟယ့်မင်ဖုန်းဆီသို့ တက်လှမ်းကာ ဦးညွှတ်လိုက်သည်။
"ကျောင်းအုပ်ကြီး... ရှင်ရော ဘယ်လိုထင်ပါလဲ?"
ဖန်းမင်ယန်၏ မျက်နှာသည် မည်းမှောင်နေပြီး ဟယ့်မင်ဖုန်းကို မုန်းတီးစွာ စိုက်ကြည့်နေသည်။ ဟယ့်မင်ဖုန်းကလည်း ထိုဖန်းမင်ယန်ကို ပြန်စိုက်ကြည့်ကာ သခင်မလီအား အလျင်အမြန် ပြန်နှုတ်ဆက်လိုက်သည်။
"သခင်မလီက သတ္တိရှိတာပဲ... ကြွပါ!"
"အားလုံး ယုံကြည်နိုင်တဲ့ လူနောက်ကို လိုက်သင့်လား မယုံကြည်နိုင်တဲ့ လူတစ်ယောက် နောက်ကို လိုက်သင့်လား ဆိုတာ ကိုယ့်ကိုကိုယ် ပြန်မေးနိုင်ပါတယ်.... မဟုတ်ရင် ရှင်တို့ ဘယ်လိုသေလို့ သေသွားရမှန်း မသိဘဲ ဖြစ်နေလိမ့်မယ်!"