← Chapters

အခင်းအကျင်းရဲ့ ထိတ်လန့်ဖွယ်ရာ

Vol. 55 Ch. 4.338

အခင်းအကျင်းရဲ့ ထိတ်လန့်ဖွယ်ရာ

Vol. 55 Ch. 4.338

သခင်မလီ၏ စကားများသည် မဟာသူတော်စင်ကြီးများ ထိန်းသိမ်းထားခဲ့သော ပြတင်းပေါက် စာရွက်အလွှာများကို ချိုးဖျက်သွားခဲ့ရာ ခဏကြာတော့ နောက်ထပ် လူ၃ယောက် ဟယ့်မင်ဖုန်းဘက်သို့ လျှောက်လာပြီး နှုတ်ဆက်ကြသည်။

ဖန်းမင်ယန်၏ မျက်နှာသည် အလွန် မည်းမှောင်လာပြီး ရုတ်တရက် ထွက်သွားသော လူ၃ယောက်ကို သတ်ဖြတ်တော့မယ့်ပုံနဲ့ စိုက်ကြည့်လာသည်။ ယခုအချိန်တွင် ရွှမ်ယွီဂိုဏ်းသည် မလွှဲမရှောင်သာ ဂုဏ်တက်လာမည်ကို လူတိုင်း သိကြ၏။

အကြောင်းမှာ ကျိုးရန်ဆိုတာ လုရွှမ် အမုန်းဆုံးလူ ဖြစ်သည်။ သူတို့သာ ကျိုးရန်ဧကရာဇ် အင်ပါယာဆိုတဲ့ ဧရာမသင်္ဘောကြီးနှင့်အတူ ရှိနေပါက တိတ်ဆိတ်စွာ အဆုံးသတ်သွားမှာ သေချာပေ၏။

စုစုပေါင်း လူ၂၁ယောက်မှာ ရှစ်ယောက် ပျောက်ကွယ်သွားပြီး ၁၃ယောက်သာ ကျန်တော့သည်။ ထွက်သွားပြီး လူခုနစ်ယောက်ကို နုတ်လိုက်ပါက သူ့ဘက်ခြမ်းမှာ ရပ်နေတဲ့ လူ၆ယောက်ပဲ ရှိကာ သူတို့အားလုံးက သူ့အင်ပါယာထဲက ဖြစ်ကြလေသည်။

နောက်ပိုင်း တိုက်ခိုက်လာတဲ့အခါ သူ့ဘက်က ပိုလို့တောင် ဒုက္ခရောက်လိမ့်မယ်။

ရုတ်တရက် သက်ပြင်းချသံကို ကြားလိုက်ရကာ ဖန်းမင်ယန် လျန့်ထျန်းယင်ကို ထိတ်လန့်​နေသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။ လျန့်ထျန်းယင်က ခေါင်းယမ်းရင်း ဟယ့်မင်ဖုန်း နံဘေးသို့ လျှောက်သွားတာ မြင်လိုက်ရသည်။

သူ့နှလုံးသားထဲကနေ ပါးစပ်ထဲအထိ သွေးတွေ တသွင်သွင် စီးဆင်းလာသလို ဒေါသထွက်လာကာ မထိန်းနိုင်ဘဲ ဟစ်အော်လိုက်သည်။

"လျန့်ထျန်းယင်.... မင်း ဘာသဘောလဲ? မင်းအခု လုပ်ရပ်က မင်းတို့ လျန့်မိသားစုကို ကိုယ်စားပြုနေတာလား?"

လျန့်ထျန်းယင် ပါးစပ်ထောင့်တွင် သရော်လှောင်ပြောင်သည့် အရိပ်အမြွက်များ ထွက်ပေါ်လာသည်။

"ရှင်ပြောတာ ဟုတ်တယ် ဆိုပါတော့.... ရိုးရိုးသားသား ပြောရရင် ဖန်းမင်ယန်....ရှင့်ရဲ ဒီပုံစံအတိုင်းသာ ဆိုရင် ရှင့်ရဲ့ဖန်းမိသားစုက ရှုံးတော့မှာ မြင်နိုင်တယ်.. ဧကရာဇ်ကျိုးရန် မပါရင် ရှင်က ဘာမှကို မဟုတ်​တော့ဘူး"

"မင်း.... မင်းက ငါတို့ ဖန်းမိသားစုကို အရှက်ရအောင် ဆန့်ကျင်ဘက်ဘက်မှာ ရပ်တည် ချင်နေတယ်ပေါ့လေ? ဖန်းမိသားစု ကျသွားရင် မင်းတို့လည်း မတ်တပ်ရပ်​နေနိုင်ဦးမယ်လို့ ထင်နေလား? လျန်းမိသားစုဆိုတာ ဖန်းမိသားစုက ထောက်ပံ့ပေးထားတာကွ!"

"တတိယဦးလေး!"

ဖန်းမိသားစု၏ မဟာသူတော်စင် ဖြစ်သူက ဟစ်အော်လိုက်သည်။ ဒါ ဘာလုပ်နေတာလဲ? မဟာမိတ်တွေ သူများဆီသို့ အတင်း တွန်းပို့နေတာလား?

ဒါပေါ့ ကျန်နေတဲ့ တခြား လူသုံးယောက်ဟာလည်း ဖန်းမင်ယန်နဲ့ သူ့တူကိုထား၍ ဆန့်ကျင်ဘက်ကို ပူးပေါင်းသွားကြသည်။

"ဖန်းဟွာ သွားကြရအောင်.... ဒီလူတွေ ငါတို့နောက်ကို လိုက်ဖို့က အန္တရာယ် များလွန်းတယ်လို့ ထင်နေပုံပဲ.... နောက်ဆုံးမှာ ဘယ်သူက ရှင်သန်နိုင်မှာလဲဆိုတာ ကြည့်ရသေးတာပေါ့"

ဖန်းမင်ယန်က ပြောပြီး သူ့လက်ထဲက ကျောက်စိမ်းပုလင်းကို ထုတ်ပြီး ဖန်းဟွာဆီ ပစ်ပေးလိုက်သည်။

"မင်းမျက်လုံးတွေပေါ် တင်ပြီး ငါ့နောက်က လိုက်ခဲ့"

ဖန်းမင်ယန်လည်း ကျောက်စိမ်းပုလင်းကို ထုတ်ကာ အရည်တချို့ကို ဖောက်ထုတ်လိုက်ရာ စွမ်းအင်တချို့ ရုတ်တရက် ဖောက်ထွက်လာခဲ့သည်။

"အဲဒီကျောက်စိမ်း ပုလင်းထဲက ဝိညာဉ်အရည်တွေပဲ.... ကောင်းကင်ဘုံသခင် ဧကရာဇ်ကျိုးရန် အထူးချန်ထားခဲ့တဲ့ ပစ္စည်းမလား"

သခင်မလီသည် ရုတ်တရက် ထ၍ ထေ့ငေါ့သည့် မှတ်ချက်တစ်ခု ထုတ်လိုက်သည်။ ဖန်းမိသားစု၏ တခြား မဟာသူတော်စင်ကြီး ဖန်းဟွာက ဒေါသတကြီး ပြန်အော်လိုက်သည်။

"သခင်မလီ... စကားပြောတာကို သတိထားပါ.... ကျုပ်ဝမ်းကွဲလည်း တောထဲကို ပြေးဝင်သွားတယ်နော်!"

သခင်မလီက အော်ဟစ်နေရာ သူ့ဘေးနားက လူနှစ်ယောက်က သူမကို ဖျောင်းဖျဖို့ အမြန်ကြိုးစားပြီးနောက် သခင်မလီလည်း ငြိမ်သွားခဲ့သည်။

ဖန်းမင်ယန်သည် တခြားလူတွေ သူ့အပေါ် ဘယ်လို ထင်မြင်ဘဲ ဂရုမစိုက်သလို လျစ်လျူရှုထားသည်။ သူက သူ့လက်ထဲသို့ ဝိညာဉ်အရည်အချို့ကို သွန်းလောင်းကာ သူ့မျက်လုံးများပေါ်တွင် ဂရုတစိုက် လိမ်းလိုက်သည်။

ဖန်းမင်ယန်နှင့် ဖန်းဟွာတို့သည် လမ်းတစ်ခုခုကို တွေ့နေရသလို မသိလိုက်ဘာသာ လျှောက်ဝင်သွားပြီးနောက် တောထဲသို့ ဝင်ရောင် ပျောက်ကွယ်သွားတာကို ဟယ့်မင်ဖုန်းနှင့် တခြားသူများက စောင့်ကြည့်နေကြသည်။

“သူတို့ခြေရာအတိုင်း လိုက်ကြမလား”

သခင်မလီက ပြောလာသည်။

ဟယ့်မင်ဖုန်း သူ့လက်ကို အမြန် ဝှေ့ယမ်းလိုက်သည်။ သခင်မလီက ငတုံးပဲ။ ဖန်းမင်ယန်ဟာ ​​ဝိညာဉ်စွမ်းအင် အရည်တွေကို ဖန်းဟွာဆီ ဘယ်တော့မှ ပေးမှာ မဟုတ်ပေ။

သေချာတာပေါ့။ သူ အဲ့လို​တော့ ပြောလို့မရဘူးလေ။ ဟယ့်မင်ဖုန်းက ဆိုလိုက်သည်။

"ဖန်းမင်ယန်က ယုတ်မာတဲ့ လူတွေကို အရမ်းသတိထားတတ်တယ်.... သူ ငါတို့ကို လမ်းမှာလှည့်စားဖို့ ကြိုးစားနိုင်တယ်... ငါတို့ တခြားလမ်းကို ရွေးတာက ပိုကောင်းလိမ့်မယ်"

ဘာပဲဖြစ်ဖြစ် သူတို့က သေရေးရှင်ရေး ကိစ္စတွေကို ဖြတ်ကျော်ရတော့မယ့် ရန်သူတွေ ဖြစ်နေပြီမို့ တစ်ဖက်လူတွေ သူတို့ကို လာအပုပ်ချမယ့် အခွင့်အရေးကို ဘာဖြစ်လို့ ပေးလိုက်ရမှာလဲ။

"ဒီလို လူဆိုးတွေကို ပိုသတိထားသင့်တယ်"

ဟယ့်မင်ဖုန်း အလွန် ကျေနပ်နေသည်။ သခင်မလီက ရွှမ်ယွီဂိုဏ်းရဲ့ ပေါင်ကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားရန် စိတ်ပိုင်း ဖြတ်ထားပုံရ​လေသည်။

"အစ်ကိုချောင်ထျန်း.... ခင်ဗျားရဲ့ နတ်မျက်လုံးတွေနဲ့ သူတို့ရဲ့ လှုပ်ရှားမှုတွေကို တစ်ချိန်လုံး အာရုံစိုက်နေတာမလား? ခင်ဗျား ဘာမြင်လိုက်လဲ"

ဟယ့်မင်ဖုန်းက မျက်လုံးတွေမှာ ခရမ်းရောင် တောက်ပနေတဲ့ လူကို လှည့်မေးလိုက်သည်။ ထိုလူက ရှင်းချန်ဧကရာဇ် အင်ပါယာကြီး မဟာသူတော်စင် ဝမ့်ချောင်ထျန်းပင်။ ဝမ့်ချောင်ထျန်းက ခေါင်းခါလိုက်ပြီး

"ဘာမှ မတွေ့ဘူး.... သခင်မလီ ပြောတာ မှန်တယ်.... အဲဒီဝိညာဉ် အရည်ထဲမှာ နားမလည်နိုင်တဲ့ အရာတစ်ခု ရှိတယ်"

သခင်မလီက နှုတ်ခမ်းစူရင်း "ကျွန်မ သိသားပဲ!"

ဟယ့်မင်ဖုန်းလည်း အားလုံးက သူ့ကို အခု ကြည့်နေကြပြီ ဆိုတာ သိနေပါပြီ။ သူ့ကို ယုံနိုင်မလား မယုံကြည်နိုင်ဘူးလား ဆိုတာ သူနောက်ထပ် လုပ်လိုက်တဲ့ ကိစ္စအပေါ်မှာ မူတည်သွားပြီ ဖြစ်သည်။

"အစ်ကို ကျောင်းအုပ်.... ကျွန်တော် စမ်းကြည့်ပါဦးမယ်"

ယွမ်ဖေးရှန်းက ရုတ်တရက် ဝင်ပြောလိုက်သည်။ သူက သိုလှောင်အိတ်ထဲက ရေခဲပုံသဏ္ဌာန် ပစ္စည်း တစ်ခုကို ထုတ်ယူလိုက်တဲ့အခါ သူ့ပတ်ဝန်းကျင်က လေထုဟာ ရုတ်တရက် ပိုအေးခဲလာလေ၏။

ထိုအခိုက် လန့်ဖျပ်သွားသော လူအချို့ရဲ့ အသံများ ထွက်ပေါ်လာသည်။

"ဒါက ဆန်းကြယ်ရေခဲလား? နှစ်ထောင်ချီ ဆန်းကြယ်ရေခဲလား??"

ယွမ်ဖေးရှန်းက တဟားဟား ရယ်လိုက်ပြီး

"အကြီးအကဲလုရွှမ်က ဒီနှစ်သောင်းချီ ရေခဲနက် ကျုပ်ကိုပေးခဲ့တာ"

သူပြောပြီးသည်နှင့် အနှစ်တစ်သောင်း ရေခဲနက်ကို ဆုပ်ကိုင်ကာ တောနက်ဆီသို့ လျှောက်သွားလိုက်၏။ ပြီးနောက် နတ်စွမ်းအင်သန့်စင်ခြင်း ကျင့်စဥ်ရဲ့ စွမ်းအင်များကို ချက်ချင်း ထုတ်ဖော်ပြသလိုက်သည်။

သိပ်မကြာခင်မှာပဲ တောထဲမှာ မျဥ်းကြောင်းတစ်ကြောင်း ပေါ်လာခဲ့သည်။ အေးမြသော အသက်ရှုသံအောက်တွင် ရှေ့က လူသွားလမ်းသည် သဘာဝကျကျ ပေါ်လာခဲ့လေသည်။

"ဟာဟားဟား" ဟယ့်မင်ဖုန်းက ရယ်မောပြီး

"ညီလေးယွမ်... မင်းဒီနည်းလမ်းကို ထုတ်သုံးဖို့ ဘယ်လို စိတ်ကူးရသွားတာလဲ?"

ယွမ်ဖေးရှန်းကလည်း သူ့မျက်နှာမှာ အံ့အားသင့်နေတဲ့ အကြည့်နဲ့

"အကြီးအကဲလုရွှမ်က ကျွန်တော့်ကို အခင်းအကျင်း နည်းလမ်းတချို့ကို ပြော​ပြဖူးတယ်.... ဒီမှာ ဝိညာဉ်စွမ်းအင်တွေ အရမ်းကြွယ်ဝတဲ့ အတွက် အရည်အဖြစ် အရည်ပျော်ပြီး ပေါင်းစုသွားသလို ဖြစ်သွားနိုင်တယ်လေ... အကြီးအကဲက အနှစ်တစ်သောင်းရှိတဲ့ အနက်ရောင် ရေခဲတွေက ဝိညာဉ်စွမ်းအင်တွေ စုစည်းမှုအပေါ် အရမ်းပြင်းထန်တဲ့ အကျိုး သက်ရောက်မှု တစ်ခုရှိတတ်တယ်တဲ့... ဒါကြောင့် ကျွန်တော် စမ်းကြည့်တော့ လိုင်းတွေ ပေါ်လာပြီး လမ်းရှင်းသွားတာပဲ"

"အရမ်းကောင်းတယ်....ငါတို့ သွားရအောင်!"

ဟယ့်မင်ဖုန်းက ယွမ်ဖေးရှန်းပုခုံး ဂုဏ်ယူစွာ ပုတ်ရင်း သူ့လက်ကို အားကြိုးမာန်တက် ဝှေ့ယမ်းကာ ရှေ့ကို လျှောက်သွားလိုက်သည်။

တခြားသော မဟာသူတော်စင်များသည် အချင်းချင်း စိတ်ရှုပ်ထွေးစွာ ကြည့်နေကြ၏။ ထိုသို့သော ပညာရပ်မျိုး ရှိကြောင်း တိတ်တဆိတ် သတိရမိသော်လည်း မကြာမီပင် ခါးသက်သက်ပဲ ပြုံးလိုက်ကြ​​တော့သည်။ ဆန်းကြယ်ရေခဲက ရှားပါးပေမယ့် တွေ့လိုက်ရတော့လည်း အနှစ်တစ်သောင်း သက်တမ်းရှိနေတဲ့ အရာကြီး ဖြစ်နေ၏။

ဟူး သိပ်အများကြီး မတွေးတာပဲ ပိုကောင်းပါတယ်။

ဝိညာဉ်စွမ်းအင်များ စုစည်းလာပြီး အခင်းအကျင်း တစ်ခု ပေါ်လာသည်နှင့် လူဆယ်ယောက်သည် ကျဉ်းမြောင်းသော လမ်းကိုဖြတ်၍ ထူထပ်သော တောထဲသို့ အမြန် ပြေးဝင်သွားကြသည်။

"ဟိုမှာကြည့်!"

ရုတ်​တရက်​ လျန့်ထျန်းယင်က ​အော်​ဟစ်​ပြီး ​ပျောက်​ကွယ်​သွား​တော့မယ့်​ အ​ခင်းအကျင်းကို လက်​ညိုး ထိုးပြလိုက်​သည်။

အတွင်းတွင် သူတို့၏ အပေါင်းအဖော်များ ဖြစ်သော မဟာသူတော်စင် များစွာတို့သည် အချင်းချင်း အရူးအမူး တိုက်ခိုက်နေကြသည်။ သူတို့နှစ်ဦးသည် တစ်ဖက်ကို တစ်ဖက် ရန်သူများအဖြစ် တိုင်တည်ထားသကဲ့သို့ အချင်းချင်း ပြင်းထန်စွာ တိုက်ခိုက်နေကြလေ၏။

“မလုပ်နဲ့!”

သခင်မလီသည် ကျယ်လောင်စွာ အော်ဟစ်ကာ တိုက်ပွဲထဲသို့ အလျင်စလို ပြေးဝင်သွားသည်။ တိုက်ပွဲအတွင်း၌ အသက်ကို စွန့်စား​နေရသော နောက်ဆုံး လူနှစ်ဦးထဲမှ တစ်ဦးမှာ သူမ၏ခင်ပွန်း ဖြစ်သည်။

လူနှစ်ယောက်က တိုက်ခိုက်​နေသော်လည်း မိမိအတွက် ခုခံတာတွေ မလုပ်ကြပေ။ နှစ်ယောက်စလုံးက ရူးသွပ်နေသလိုမျိုူ တစ်ယောက်ကို တစ်ယောက် ဓားရှည်များဖြင့် အရူးအမူး ခုတ်​နေကြရာ နေရာတိုင်းတွင် သွေးများ တဖျန်ူဖျန်း ကျနေသော်လည်း သတိမထားမိကြသလိုပဲ။

သူမဘေးနားက မဟာသူတော်စင် တစ်ယောက်က သူ့ကို အမြန်ဆွဲကိုင်လိုက်ပြီး

"စိတ်အေးအေးထား... မင်း မြန်မြန်ဝင်သွားရင် သေလိမ့်မယ်"

အခင်းအကျင်းထဲက လူနှစ်ဦးသည် တစ်ပြိုင်နက်တည်း ခေါင်း​တွေကို ခုတ်ထစ်လိုက်ကြသည်။ ထို့နောက် တိုက်ခိုက်သံတွေ မကြားရ​တော့ဘဲ ခေါင်းနှစ်လုံးသာ ကောင်းကင်သို့ တပြိုင်နက် ပျံတက်သွားတာကို မြင်တွေ့လိုက်ရကာ သူတို့ခန္ဓာကိုယ်များမှာ မြေပြင်ပေါ်သို့ လဲကျသွားသည်။

အခင်းအကျင်းက သူတို့ရဲ့မြင်ကွင်းကို ထပ်ပြီး ဖုံးကွယ်သွားခဲ့သည်။ အတွင်းပိုင်း လှုပ်ရှားမှုကို မမြင်နိုင်တော့တဲ့ အပြင်ဘက်ရှိ လူများသည် ကျောကုန်းပေါ်တွင် ချွေးအေးများ ရွဲနေတာကို ခံစားလိုက်ရသည်။ အရင်က သူတို့လည်း မဆင်မခြင် ပြေးဝင်ခဲ့မိရင် ဒီလူတွေရဲ့ ကံကြမ္မာအတိုင်း အဆုံးသတ်ရမှာပဲမလား။

“ဘာကြောင့် ဒီလိုဖြစ်ရတာလဲ”

သခင်မလီက ဝမ်းနည်းပူဆွေးကာ တုန်လှုပ်ခြောက်ခြားစွာ အော်ဟစ်လိုက်သည်။

တခြားသူများကတော့ နှုတ်ဆိတ်နေကြ၏။ ကျင့်ကြံခြင်း လောကဆိုတာ အလွန်ခက်ခဲပေသည်။ မဟာသူတော်စင် ဖြစ်နေရင်တောင် သတိမထားမိရင် အခင်းအကျင်းထဲ ဖမ်းချုပ်ခံရပြီး သေဆုံးသွားနိုင်သည်။

"ဖန်းမင်ယန်... နင်နဲ့ငါ မပြီးပြတ်စေရဘူး!"

All Chapters