နတ်တောင်တန်းပေါ် လျှောက်လှမ်းခြင်း
Vol. 55 Ch. 4.340
ဟယ့်မင်ဖုန်းသည် လုရွှမ်နဲ့ လျန့်ထျန်းယင်ရဲ့ တူမတို့ကြားက ပတ်သက်မှု တချို့ရှိခဲ့တဲ့ အကြောင်းကို ကြားပြီးပါပြီ။
ရိုးရိုးရှင်းရှင်း ပြောရရင်တော့ ဖြစ်နိုင်မယ်လို့ မထင်ထားမိပါဘူး။ အကြီးအကဲက ဘယ်သူလဲ? ကောင်းကင်ဘုံသခင် ဘိုးဘေးမိုးနတ်ဘုရားမကသာ သူနဲ့ လိုက်ဖက်နိုင်တဲ့ လက်တွဲဖော်ပဲလေ။ တစ်ဖက်လူက သူတော်စင်သာသာပဲ။ နှိုင်းယှဥ်ဖို့ ဝေးနေသေးသလို လက်ရှိ နောက်ခံအထောက်အထား ကွာဟချက်ကလည်း ကြီးလွန်းလှသည်။
လျန့်ထျန်းယင်လည်း ရှင်းရှင်းလင်းလင်း သိပါ၏။ သူမ လုရွှမ်နှင့် ဟန်ဆောင်စကား ပြောဆိုခဲ့ဖူးသည်။ လုရွှမ်၏ မျက်လုံးထဲတွင် သူမတူမနှင့် အတူရှိချင်သည့် ရည်ရွယ်ချက် လုံးဝ မရှိကြောင်း ညီအစ်မနှစ်ယောက်လုံး နားလည်ခဲ့ကြသည်။
ပင်ကိုယ်စွမ်းရည် သာလွန် ကောင်းမွန်ပြီး မိုးနတ်ဘုရားမကို ကျော်နိုင်ပါက အခွင့်အရေး ရှိပါသေးသည်။ သို့သော် ကောင်းကင်ဘုံသခင် ယွီရှန်ဆိုတာက ဧကရာဇ်ကျိုးရန်လို တိမ်ပင်လယ် နယ်မြေထဲတွင် ဒဏ္ဍာရီတစ်ခု ဖြစ်လာခဲ့တာ ကြာပြီလေ။ ဘယ်သူက ယှဉ်ပြိုင်ဝံ့မှာလဲ။
ဝမ်းနည်းစွာနဲ့ပဲ လျန့်ထျန်းယင် သက်ပြင်းချလိုက်ပြီး ဘာမှပြန်မပြော နိုင်တော့ပေ။
တစ်ဖက်မှာတော့ လုရွှမ် ဝမ်းသာအားရနဲ့ အမြန်မေးလိုက်တာကို ကျားဖြူလေးက နှစ်ခါထပ်၍ ညည်းပြလေသည်။
"မင်း ဆိုလိုတာက ဒါကိုမြင်ရတယ်ဆိုတာ ရှာတွေ့သွားလို့... ရှာတွေ့တာကမှ အခွင့်အလမ်း... မတွေ့ရင်တော့ ကံတရား အတိုင်းပဲပေါ့"
လုရွှမ် ချွေးတွေ တဒီးဒီး ကျနေသည်။ ဒါက တကယ်ကို ကောင်းကင်ဘုံသခင် နယ်ပယ်ပါပဲ။ စိတ်ထဲက အတွေးတစ်ခုဖြင့် လုရွှမ် မိုးနတ်ဘုရားဓားကို ဆွဲထုတ်လိုက်သည်။
သူ့တစ်ကိုယ်လုံးသည် ဓားတစ်လက် အဖြစ်သို့ ပြောင်းလဲသွားသလို တစ်ကိုယ်လုံး ဓားရောင်ဝါများဖြင့် ပြည့်နေသည်။
လျှို့ဝှက် ဆန်းကြယ်သော စွမ်းအားတစ်ခု သူ့ခြေအောက်မှ ရုတ်တရက် ထွက်ပေါ်လာစဥ် လုရွှမ် မခုခံဘဲ ကျားဖြူလေးကို သူ့လက်တစ်ဖက်တွင် ဆုပ်ကိုင်လျက် ကောင်းကင်သို့ ခုန်တက်သွားခဲ့သည်။
ဥက္ကာပျံတစ်ခုလို ကောင်းကင်ကို ထိုးဖောက်လိုက်စဥ် အတွင်း လုရွှမ် မျက်လုံးတွေဟာ လျှပ်စီးတွေ တဖျတ်ဖျတ် လက်နေသလို တောက်ပလာသည်။ အရင်က လွင့်ထွက်သွားတဲ့ နတ်တောင်တန်းကြီးလည်း ပြန်ပေါ်လာခဲ့သည်။ လုရွှမ် နတ်တောင်တန်းဆီသို့ ပျံသန်းသွားကာ လမ်းကြောင်း တစ်ခုပေါ်တွင် အရှိန်မှန်မှန်နဲ့ ဆင်းသက်လာခဲ့သည်။
ထိုအခိုက် ဓားစွမ်းအင် အလင်းတန်းတစ်ခု သူ့ဆီ ပြေးလာရာ လုရွှမ် သူ့လက်ထဲက ဓားကို ဝေ့ယမ်းထားလိုက်သည်။ သူ့ခြေအောက်ရှိ ဓားစွမ်းအင်သည် ချက်ချင်း ပျောက်ကွယ်သွားပြီး နတ်တောင်တန်းပေါ် ခြေချပြီးသား ဖြစ်သွားသည်။
အောက်ကိုငုံ့ ကြည့်လိုက်တော့ ဟယ့်မင်ဖုန်းတို့အပြင် တခြားမဟာ သူတော်စင်တွေကိုလည်း အဝေးက လှမ်းမြင်ရပေမယ့် အရေအတွက်က အတော်လေး နည်းလေသည်။
ထိုလူအုပ်စုသည် ငတုံးများကဲ့သို့ လှည့်ပတ်ပြေးလွှား နေကြသော်လည်း မဟာသူတော်စင်ကြီးများက သူတို့ကိုယ်သူတို့ ဘာလုပ်နေမှန်း မသိကြပေ။ ထိုအစား သူတို့ဟာ တစ်စုံတစ်ခုကို အရူးအမူး တိုက်ခိုက်နေကြပုံပေါ်၏။ သူတို့၏ မျက်နှာများတွင် နတ်ဆိုးဝင်ပူးနေသလို ပက်ရမ်းနေကာ ဒါကိုပဲ သူတို့က ပျော်ရွှင်နေကြသည်။
ထင်ယောင်ထင်မှားတွေပဲ!
လုရွှမ်လည်း ကျွန်းကိုယ်နှိုက်က အခင်းအကျင်းကြီး တစ်ခုဖြစ်ကြောင်း ရုတ်တရက် သဘောပေါက်သွားသည်။ ဒါကမှ နတ်တောင်တန်းရဲ့ အစစ်အမှန် ဖြစ်ကာ တောင်ပေါ်သို့ တက်လှမ်းမှသာ ထိုနေရာတွင် ဖြစ်ပျက်နေသမျှကို ရှင်းရှင်းလင်းလင်း မြင်နိုင်မှာပဲ ဖြစ်သည်။
ဒီလိုမှမဟုတ်ရင် အခင်းအကျင်းထဲမှာ ကိုယ့်ရဲ့ ခွန်အားကို အဆက်မပြတ် ဖြုန်းတီးနေတဲ့ အောက်ကလူတွေလိုပဲ ဖြစ်သွားလိမ့်မည်။
လုရွှမ် အောက်ကို ငုံ့ကြည့်လိုက်ပြီး ဟယ့်မင်ဖုန်းနဲ့ တခြားသူတွေ အန္တရာယ်ထဲ မကျရောက်တာကို တွေ့တော့မှ ဂရုမစိုက်တော့ဘဲ တောင်ပေါ်ကို ပြေးတက်သွားခဲ့သည်။
မဟာသူတော်စင် ကျင့်ကြံမှု အဆင့်အထိ အောင်မြင်လာရန် အတွက် ကျင့်ကြံလာရာ လမ်းတစ်လျှောက်လုံး အန္တရာယ် အတက်အကျ များစွာကို ဖြတ်သန်းခဲ့ရသည်။ မိမိကိုယ်ကို ထိန်းသိမ်းနိုင်ခြင်းက နောက်ဆုံး ကာလမှာ အခွင့်အရေး ရလိမ့်မည်ဟု ဆိုနိုင်သည်။
အောက်ဖက်က ထင်ယောင်ထင်မှား အခင်းအကျင်း ဖွဲ့စည်းပုံက ခက်ခဲပြီး အန္တရာယ်ရှိသော်လည်း သတိထားနေသရွေ့ သေရေးရှင်ရေး အကျပ်အတည်းမျိုး ဖြစ်လာမည်မဟုတ်ပေ။ ထို့အပြင် အမှန်တရားက သူသာ သွားကူညီလိုက်ရင် သူ တိမ်ပင်လယ် နယ်မြေက ထွက်သွားပြီးရင် ဒီလူတွေ ဘယ်လိုလုပ်ကြတော့မလဲ။
နတ်တောင်တန်းကို အာရုံစိုက်ထားတဲ့ လုရွှမ်ဟာ လုံးဝ သတိမပေါ့ဝံ့ဘဲ ဖြစ်နိုင်ချေရှိသော အရာများကိုလည်း စဥ်းစားထား၏။ အကျိုးကျေးဇူးများလေ အန္တရာယ်များလေ ဖြစ်သည်။ ယခုချိန်မှာတော့ တခြားသူတွေရဲ့ အကျိားအတွက် စိတ်မပူဘဲ သူ့ကိုယ်သူ ဂရုစိုက်ဖို့ပဲ လိုသည်။
လုရွှမ် စိတ်ထဲတွင် အတွေးတစ်ခု ရုတ်တရက် ပေါ်လာခဲ့သည်။ အောက်ဖက်က လူအရေအတွက်ဟာ သူတို့ ခရီးထွက်လာတုန်းကထက် အများကြီး ကွာခြားသွားပြီ။ သူတို့လူစု ကွဲသွားတာ ဆိုရင် တစ်ယောက်ယောက်က နတ်တောင်တန်းကို မြင်ပြီး သူ့အရင် လျှောက်သွားတာများ ဖြစ်နိုင်လား။
ရုတ်တရတ် ပြုံးပြီး ခေါင်းကို ခါလိုက်ပြန်သည်။ သူထွက်လိုက်သောအခါ လူတိုင်းရဲ့ အရည်အချင်းများကို သူ့မျက်လုံးထဲတွင် သေချာ မြင်လိုက်ရသည်။ လူအုပ်ထဲတွင် လျန့်မိသားစု၏ ညီအစ်မများက အရည်အချင်း အရှိဆုံးဖြစ်သည်။
လျန့်ထျန်းရှန်က စိုးရိမ်ခြင်းမဲ့ ပင်လယ်ထဲကို မလိုက်လာခဲ့ဘူး။ လျန့်ထျန်းယင်ကလည်း အောက်ဘက်မှာ ရှိနေတယ် ဆိုတော့ တခြားလူတစ်ယောက်က သူ့ရှေ့ကို ရောက်နေတာများလား? မဖြစ်နိုင်ဘူး!
ဒါမဟုတ်ရင်?
ကျိုးရန်က ဖန်းမင်ယန်နဲ တခြားလူတွေ အတွက် အရန်အစီအစဉ် တချို့ကို ချန်ထားခဲ့တာများလား?
ဓားစွမ်းအင်သည် လွတ်လွတ်လပ်လပ် စီးဆင်းနေပြီး လုရွှမ် အတွေးများကို ရပ်တန့်လိုက်ကာ နတ်တောင်တန်း၏ လမ်းကြောင်းအတိုင်း လျှောက်သွားခဲ့သည်။ ကျွန်းကို စဝင်တုန်းက လမ်းတွေကို မြင်ခဲ့ရသလိုပဲ ဓားအလင်းနဲ့ ထိုးဖောက်တဲ့ ရောင်ဝါက ကျွန်းထဲတွင် ပျံ့နှံ့နေသည်။
လုရွှမ် ယခုအချိန်တွင် ဓားတစ်လက် အဖြစ်သို့ ပြောင်းလဲသွားသည်။ သူ့ခန္ဓာကိုယ်မှ ဓားစွမ်းအင်သည် ကောင်းကင်သို့ ပျံတက်သွားကာ မိုးနတ်ဘုရားဓားကို သူ့လက်ထဲတွင် ဆုပ်ကိုင်ထားသည်။ ၎င်းကို လွတ်လွတ်လပ်လပ် ဝှေ့ယမ်းလိုက်ကာ ဓားစွမ်းအင်သည် အခင်းအကျင်းနှင့် တိုက်မိကာ ပြန့်ကျဲသွားသည်။
သူထပ်လျှောက်လာလေ လမ်းပေါ်က ဓားစွမ်းအင်က ပိုပြင်းထန်လာလေဟု ခံစားနေရသည်။ သူ နတ်တောင်တန်းထဲ စတင်ဝင်ရောက်စဉ်က နူးညံ့သိမ်မွေ့မှုနှင့် နှိုင်းယှဉ်ပါက ယခုအခါ ပို၍ပြင်းထန်လာသည်။
ဓားစွမ်းအင်က ထက်မြက်လာကာ ဓားရောင်ဝါကလည်း ကြီးထွားလာသည်။ မိုးနတ်ဘုရား ဓားသည် တစ်စုံတစ်ယောက် တိုက်ခိုက်နေသကဲ့သို့ လမ်းတစ်လျှောက်လုံးတွင် တုန်လှုပ် ချောက်ချားစရာ ကောင်းသော ဓားရောင်ဝါများကို ထုတ်လွှတ်နေ၏။
လုရွှမ် ခက်ခက်ခဲခဲ လမ်းလျှောက်ရင်း သူ့ခေါင်းထိပ်မှာ ချွေးတွေ တဖြည်းဖြည်း ပြန့်ကျဲလာသည်။ သူလျှောက်လာရာ လမ်းကြောင်းပေါ်ရှိ ဓားရောင်ဝါများ ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာစဥ် တကယ့်ထက်မြက်သော ဓားတစ်ချောင်း ထိုးစိုက်လာသကဲ့သို့ ခံစားရသည်။
ကံကောင်းစွာပင် ယခုအခါ ခန္ဓာကိုယ်သည် သာမန်လူများထက် ပိုမိုသန်မာလာခဲ့သည်။ မဟုတ်ပါက ဒီအချိန်မှာ သူ့ခန္ဓာကိုယ်ဟာ အပိုင်းပိုင်း ပြတ်သွားတဲ့အထိ ထိုးဖောက် ခံရလိမ့်မည်ဟု ခန့်မှန်းမိလေသည်။
ကျားဖြူလေးကိုတော့ လုရွှမ် ကျောက်စိမ်းပြားထဲ ထည့်ထားခဲ့ပြီးပြီ ဖြစ်သည်။ ရွှေကျီးကန်းလိုပဲ ကျောက်စိမ်းပြားထဲ ပုန်းအောင်းနေရင်း အပြင်ဘက်တွင် ထက်ရှသော ဓားစွမ်းအင်ကို ခံစားလိုက်ရတိုင်း သားရဲလေးက သဘောကျမှု အပြည့်ဖြင့် အော်နေ၏။
ဓားသမားဆို ဓားစွမ်းအင်တစ်ခုနဲ့ ရင်ဆိုင်လာရလျှင် မခံချင်စိတ်ဖြင့် ရှေ့သို့ချီတက်နေရမည်။ ကိုယ့်အသက်ကို စွန့်ကာ 'ငါကဓား ဓားကငါပဲ' ဟူသည့် ခံယူချက်ဖြင့် ဆက်သွားရမှာပဲ ဖြစ်သည်။ အခုသူ့လမ်းမှာ တစ်စုံတစ်ယောက်ရဲ့ တိုက်ခိုက်တာကို ခံနေရတာ ထင်ရှားပါသည်။
အထက်ကို အဆက်မပြတ် ရွေ့လျားရင်း လုရွှမ်သည် ဓား၏ ရည်ရွယ်ချက်ကို ဆက်လက် တွန်းလှန်ကာ တဖြည်းဖြည်း အသိစိတ် ဝင်လာခဲ့သည်။ ဒီနတ်တောင်တန်းကို သူတကယ် တွေ့မြင်နိုင်နေပြီ။ ဆိုလိုတာက သူတက်နိုင်ဖို့ပဲ လိုတော့တာ ဖြစ်သည်။
"ငါ့ကိုယ်ငါ ဓားတစ်လက် အဖြစ်ပြောင်းပြီး တောင်ပေါ်တက်ခဲ့တော့ ဓားနဲ့ သန့်စင်ခံလိုက်ရသလို ခံစားခဲ့ရတယ်"
လုရွှမ် သူ့စိတ်တွေကို အာရုံ ပြန်စူးစိုက်ပြီး တွေးတောနေသည်။ အရှိန်ပြင်းပြင်းနဲ့ မိုးနတ်ဘုရားဓားကို အသုံးပြုနေခဲ့တဲ့ ဓားစွမ်းအင်ကို ရပ်တန့်လိုက်ရင်း ဓားကို တိုက်ရိုက် ဖယ်ရှားလိုက်သည်။
ဗုန်း!
ကြီးမားသော ဓားစွမ်းအင်သည် လုရွှမ်၏ ခန္ဓာကိုယ်ထဲကို တိုက်ရိုက် ဖြတ်သန်းသွားသည်။ သူ လက်ရှိခန္ဓာကိုယ်နှင့်ပင် သွေးများ စီးကျလာကာ ခန္ဓာကိုယ်တစ်ဝက်လောက် ဖြတ်တောက်ခံလိုက်ရလို ခံစားရ၏။
လုရွှမ် သူ့ရင်ဘတ်က ဒဏ်ရာကို လျစ်လျူရှုလိုက်ပြီး သူ့ခန္ဓာကိုယ်ရှိ ဓားစွမ်းအင်များ ဆက်လက် တောက်လောင်စေခဲ့သည်။ ဓားစွမ်းအင်သည် သူ့ခန္ဓာကိုယ်ထဲမှ ထွက်လာကာ ပတ်၀န်းကျင်ရှိ ဓားစွမ်းအင်များနှင့် တိုက်မိကာ ပေါက်ကွဲသွားသည်။
"မဟုတ်ဘူး... မဟုတ်သေးဘူး... ဓားနဲ့လူက တကယ်တမ်း ပေါင်းစည်းမယ်ဆိုရင် အနည်းဆုံးတော့ ဒီဓားရောင်ဝါတွေကို ခံနိုင်ရည်ရှိနိုင်တယ်.... ဒါမှမဟုတ် ငါဒီဓားရောင်ဝါကို လုံးဝခုခံဖို့ မလိုအပ်တာလား?"
လုရွှမ် မျက်လုံးများ တောက်ပလာခဲ့သည်။ ဟုတ်တာပေါ့။ သူဆိုတာ တစ်ချိန်က ကောင်းကင်ဘုံသခင် ဖြစ်ခဲ့ပြီး ဒီကောင်းကင်နှင့် မြေကြီးထဲတွင် ပိတ်မိနေသောကြောင့် ကောင်းကင်ဘုံသခင်က အမြင့်ဆုံး အဆင့်ကို ရောက်နေပြီလို့ ထင်ခဲ့မိသည်။
အရင်ဘဝက ဓားကျွမ်းကျင်မှုဟာ စစ်မှန်တဲ့ အမြင့်ဆုံး အခြေအနေ မဟုတ်တော့ဘဲ လူနဲ့ဓားပေါင်းစည်းမှု အဆင့်ထက် ပိုမြင့်မားတဲ့ အခြေအနေတစ်ခု ရှိနိုင်လေသည်။
ဓားစွမ်းအင်သို့ အမှန်တကယ် ပေါင်းစည်းနိုင်လျှင် သူကိုယ်တိုင်လည်း ဓားဖြစ်သွားမည်။ ဒါဆိုရင် ဓားရောင်ဝါကို ဘာကိစ္စ ခုခံနေဖို့ လိုမှာလဲ။ လေပြင်းနိယာမလိုပဲ ပြင်းထန်တဲ့ လေပွေကို အတင်းအကြပ် တွန်းလှန်တာက အလွန်ပညာမဲ့တဲ့ လုပ်ရပ်ပဲ ဖြစ်သည်။
လုရွှမ်သည် သူ့ဓားရဲ့ ရည်ရွယ်ချက်ကို တဖြည်းဖြည်း ထိန်းထားကာ ဓားလမ်းကြောင်းထဲက ဓားရောင်ဝါတွေထဲ သူ့စိတ်နဲ့ ခန္ဓာကို နှစ်မြှုပ်ထားလိုက်သည်။
ပတ်ဝန်းကျင်ရှိ ဓားစွမ်းအင်များက သူ့ခန္ဓာကိုယ်ကို ဆက်တိုက် တိုက်ခိုက်နေသော်လည်း လုရွှမ်မှာ ခန္ဓာကိုယ်က သွေးထွက်သံယို ဖြစ်သွားရင်တောင် လုံးဝ သတိမထားမိသလို ဖြစ်သွားသည်။
ဒီမြင်ကွင်းကို မြင်လိုက်ရတော့ ရွှေကျီးကန်း နဲ့ ကျားဖြူလေးတို့ ထိတ်လန့်သွားကြသည်။ ကျားဖြူလေးဟာ လုရွှမ်ကို စိတ်ပူပြီး အပြင်ကို ထွက်ချင်ပေမယ့် ရွှေကျီးကန်းက သူ့ကို အမြန်တားထားရ၏။