ကျိုးဟိုင်ရဲ့ လုံခြုံရေးက စိတ်ချလို့ မရဘူး
Vol. 61 Ch. 901
“ အရူးမလေး “
လင်းရီ လီချူးဟန်၏ ရှည်လျားသည့် ဆံနွယ်တို့အား ပွတ်သပ်ပေးရင်း “ ပေါက်တတ်ကရတွေ လျှောက်တွေးမနေနဲ့… တစ်ခုခု အရင် သွားစားကြစို့… ငါ ဗိုက်ဆာနေပြီ…”
“ အွန်း အွန်း…”
လီချူးဟန်၌ လုပ်စရာအလုပ်က များပြားနေသောကြောင့် နေ့လည် ကန်သင်း၌ တစ်လုတ်မျှသာ စားသောက်လိုက်သည်။
လင်းရီကို ကန်သင်းတွင် မြင်လိုက်ရသည့်အသံကြားတော့ ဟွာရှန့်ဆေးရုံရှိ ခေါင်းဆောင်ကြီးများ အကုန်လုံး လာရောက်နှုတ်ဆက်ကြ၊ စကားပြောကြလေသည်။ ယင်းမြင်ကွင်းက ဆရာဝန် အသစ်လေးများအား ကြက်သေသေသွားစေတော့၏။
ဒီလူက ဘယ်သူတုန်းဟ…
အဲ့လောက်တောင် ကြီးမားတဲ့ ဂုဏ်သတင်းတွေ ရှိနေတယ်တဲ့လား..
နေ့လည်စာစားပြီးနောက် သူတို့ ကန်သင်းအပေါက်ဝ၌ ရပ်၍ ခေတ္တစကားပြောကာ လမ်းကိုယ်စီ ခွဲလိုက်ကြသည်။
လင်းရီကတော့ လင်းယွမ်အုပ်စုထံ ပြန်လည်မောင်းနှင်သွား၏။
သူ ကုမ္ပဏီသို့ ပြန်လည် ရောက်ရှိပြီးနောက် လင်းရီ ချီရှန်းကျောက်နှင့် ဟန်ယောင်ကို ရုံးခန်းထဲသို့ အခေါ်လွှတ်လိုက်သည်။
“ ဘော့စ်… ကိစ္စ တစ်ခုခုများ ရှိလို့လားရှင့်…”
ဖမ်းရခက်သည့် ဘော့စ်မှာ ကုမ္ပဏီသို့ တစ်နေ့တည်း နှစ်ကြိမ် ရောက်လို့လာနေသည်။ အကယ်၍ အရေးကြီးသည့် ကိစ္စတစ်စုံတစ်ရာ မရှိပါက ထိုသို့ ပြုမူလိမ့်မည် မဟုတ်ချေ။
“ ငါ မင်းတို့နှစ်ယောက်ကို တစ်ခု တာဝန်ပေးစရာရှိလို့..” လင်းရီ ပြောလိုက်ပြီး “ လုံရှင်းက ချစ်ပ် ၃.၀ အတွက် အရင်းအမြစ်ကုတ်ကို ဖန်တီးပြီးသွားပြီ… ရက်ကောင်းတစ်နေ့ ရွေးပြီး သတင်းစာရှင်းလင်းပွဲလုပ်လိုက်… ဒါပေမယ့် အဲ့လို မလုပ်ခင် အရင်ဆုံး ဒီသတင်းကို လူတိုင်း သိအောင် ကြေညာရမယ်… ဒီလို ကိစ္စရပ်မျိုးကို ကောင်းကင်အောက်နဲ့ မြေကြီးအထက်က လူတိုင်း မသိပဲ မရှိစေရဘူး… ငါပြောချင်တာကို နားလည်တယ်မလား…”
“ နားလည်ပါပြီ…” ချီရှန်းကျောက် ပြောလိုက်ပြီး “ တကယ်လို့ ဒီလို ကိစ္စကြီးကိုသာ အများပြည်သူသိအောင် ထုတ်ပြန်လိုက်မယ်ဆိုရင် STAR(ဟွာရှ စတော့အိတ်ချိန်း) ဈေးကွက် တစ်ခုလုံးကို ဂယက်ထသွားလိမ့်မယ် ထင်တယ်… လုံရှင်းက နိုင်ငံတကာမှာ အဓိက ကစားကမားတစ်ယောက် ဖြစ်လာမည့် လက္ခဏာလို့တောင် ပြောလို့ရတယ်…”
“ လက္ခဏာ ဟုတ်မဟုတ်တော့ ငါမသိဘူး… ဒါပေမယ့် လူတစ်ချို့တော့ အိပ်ပျော်မှာ မဟုတ်ဘူးဆိုတာ ငါပြောရဲတယ်..”
“ ဒါဆိုလည်း ဘော့စ်ပြောတဲ့အတိုင်း ခုပဲ ဆောင်ရွက်လိုက်ပါ့မယ်…”
“ အင်း…သွားလုပ်တော့ “
နှစ်ယောက်လုံး ထွက်ခွာသွားခဲ့ပြီးနောက် လင်းရီ အရင်ဆုံး တစ်ရေးတစ်မော အိပ်စက်လိုက်၏။ သို့သော်လည်း သဘာဝအလျောက် မနိုးထလာမီ လင်းရီ ဖုန်းမြည်သံကြောင့် ရုတ်တရက် မျက်လုံးပွင့်လာလေသည်။
ကိုင်ကြည့်လိုက်တော့ လျန်ရူရွှယ် ဖြစ်နေကြောင်း လင်းရီ သတိပြုမိလိုက်၏။
“ နင် ၃.၀ နည်းပညာကို တီထွင်ပြီးသွားပြီပေါ့..”
“ မင်းလည်း သတင်းကြားပြီးပြီပေါ့…”
“ ကောင်စုတ် ... နင် ဘာလို့ ဒီလို ကိစ္စကြီးကို ငါ့ဆီ မပြောပြတာလဲ… နင် ပြောရင် ငါ့ဘက်ကနေပြီး တရား၀င်တောင် ထောက်ခံပေးဦးမယ်… အဲ့ခါကျ နင် PR ပို့စ်တင်လိုက်တော့ ပိုပြီး လွှမ်းမိုးမှု ရှိသွားတာပေါ့ဟဲ့…”
“ ဒီကိစ္စမှာ မင်း ဝင်ပါစရာ မလိုဘူး… အထူးသဖြင့် ကျိုးဟိုင်လို စီးပွားရေး အရ အရေးပါတဲ့ မြို့ကြီးမှာ မင်းရဲ့ အထောက်အထားက အရမ်း ထူးခြားတယ်… အတိုင်းအတာတစ်ခုအထိ မင်းက ဟွာရှကို ကိုယ်စားပြုနေတာ… ဒီတော့ ဘေးကနေပဲ အေးဆေးစောင့်ကြည့်… ပြည်သူတွေနဲ့ တခြားမီဒီယာတွေကိုပဲ ဖြည်းဖြည်းချင်း အုံကြွလာပါစေဦး..”
“ ဒါဆိုလည်း ငါ ဝင်မပါဘူးပေါ့…” လျန်ရူရွှယ် ပြောလိုက်ပြီး “ ဒါပေမယ့် ငါ နင့်ရဲ့ လုံရှင်းအကြောင်း နည်းနည်းပါးပါး ကြားမိသလောက်တော့ ချစ်ပ် ၃.၀ကို အသုံးပြုနိုင်မယ့် နေရာ မရှိသေးဘူးမလား… ခု နင်က ဒီ သတင်းကို လွင့်လိုက်တယ်ဆိုတော့ နင် ဈေးကြီးကြီးနဲ့ ပြန်ရောင်းမလို့လား….”
“ အင်း… အဲ့လိုမျိုးပဲ….”
“ တစ်ခုခု အကူအညီလိုရင် ငါ့သတိရလိုက်နော်…”
“ အင်း…” လင်းရီ ခေါင်းညိမ့်လိုက်ပြီး “ ဖုန်းနောက်တစ်ခု ဝင်လာနေလို့… နောက်မှ ပြန်ဆက်လိုက်မယ်…”
“ အိုကေ…”
ဖုန်းချပြီးနောက် လင်းရီ ဝင်လာသည့် ဖုန်းနောက်တစ်ခုအား ကြည့်လိုက်၏။
သို့သော်လည်း အမည်မသိ နံပါတ်တစ်ခု ဖြစ်နေကာ မည်သူမှန်း သူမသိချေ။
“ ဟယ်လို မစ္စတာလင်း…. ကျွန်မ အဲလစ် ဂရို့ဖ်ပါ… ကျွန်မတို့ အရင်က ညစာတောင် အတူစားခဲ့ကြဖူးတယ်… မှတ်မိသေးတယ်မလား…”
“ ဒါပေါ့....မစ်အဲလစ်... မမှတ်မိပဲ ဘယ်နေမှာ..” လင်းရီ ခေါင်းကို လက်တစ်ဖက်ဖြင့် ထောက်ရင်း တည်ငြိမ် အေးဆေးသည့် လေသံဖြင့် ပြန်ပြောလိုက်သည်။
“ ကျွန်မတို့ ချစ်ပ် ၃.၀ အကြောင်း စကားပြောဖို့ လိုလာပြီထင်တယ်…. ရှင် ခု အချိန်ရရင် ကျွန်မ ရှင့်ကုမ္ပဏီကို လာခဲ့မယ်လေ…”
“ ငါတို့ အရင်က ဒီအကြောင်း ပြောခဲ့ပြီးသား မဟုတ်ဘူးလား… ဆက်ပြီး ဆွေးနွေးစရာ ဘာ အကြောင်း ရှိသေးလို့လား…”
“ သေချာပေါက် ရှိတာပေါ့… လုံရှင်းရဲ့ အရွယ်အစားနဲ့ဆိုရင် ရှင်က ဒီလိုမျိုး အဆင့်မြင့် နည်းပညာကို လုံးဝ မလိုအပ်သေးဘူးလေ… ကျွန်မတို့ချင်း သဘောတူညီမှု ရသွားခဲ့ရင် နှစ်ဦးနှစ်ဖက် အကျိုးအမြတ်ရှိမယ့် အခြေအနေကိုပဲ… ဥက္ကဌလင်း… ရှင်က ထက်မြက်တဲ့ ယောက်ျားတစ်ယောက်ပါ… ရှင်လည်း ဒါကို နားလည်ထားပြီး ဖြစ်မယ်လို့ ကျွန်မ ယုံကြည်တယ်…”
“ ဒါပေမယ့် ငါတို့ အရင်တစ်ခေါက် ထမင်းစားတုန်းက ငါ မင်းကို စဉ်းစားဖို့ အချိန် လဝက် ပေးမယ်လို့ ပြောထားပြီးသားလေ… ခု တစ်လတောင် ရှိသွားပြီ… ဒါပေမယ့် မင်းတို့ဘက်က ဘာလှုပ်ရှားမှုမှ ရှိမလာဘူးဆိုတော့ မင်းတို့က စိတ်မဝင်စားဘူးဆိုတဲ့ သဘောပဲ မဟုတ်ဘူးလား… အဲ့တာကြောင့်မို့ ငါခု AMD က လူတွေနဲ့ တွေ့ပြီး အသေးစိတ် ဆွေးနွေးဖို့ ပြင်ဆင်နေပြီ…”
“ မဟုတ်ဘူး… မစ္စတာလင်း.. ကျွန်မက စိတ်ရင်း အမှန်နဲ့ ကမ်းလှမ်းနေတာနော်…” အဲလစ် ထိတ်လန့် တုန်လှုပ်သွားခဲ့လေသည်။ သူတို့နှစ်ဦးမှာ ရွယ်တူမျှ ရှိသော်လည်း လင်းရီနှင့် တူညီသည့်လယ်ဗယ်၌ ရှိမနေချေ။ သူမက လင်းရီလို လူစားမျိုးအား ကိုင်တွယ်ရန်အတွက် ငယ်ရွယ်လွန်းနေသည်။
အဲလစ်ဘက်ကလည်း သူမအဖေ အဘယ်ကြောင့် လဝက် အတွင်း ဆုံးဖြတ်ချက် မချပဲ ယခုချိန်အထိ ဆွဲထားနေလဲဆိုတာ နားမလည်နိုင်ချေ။ ယခုလို လင်းရီဘက်က သတင်းလွင့်ပြီးနောက် Intel အပေါ် အကျိုးသက်ရောက်မှုများ ရှိလာခါမှသာ သူမကို ဤအရှုပ်ထုပ်ကြီးအား ဖြေရှင်းရန် တောင်းဆိုလာလေသည်။
“ ငါယီးကို စိတ်ရင်းအမှန်နဲ့လား…” လင်းရီ မာန်နှင့် အော်ငေါက်လိုက်ပြီး “ မင်း ငါ့ကို အဲ့လိုစကားမျိုး ပြောဝံ့နေတယ်ပေါ့လေ… မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေတာ….”
“ ကျ… ကျမ….”
အဲလစ်၏ ဟွာရှန့်ဘာသာ စကား အရည်အချင်းမှာ မမြင့်မားသော်လည်း လင်းရီ ဘာပြောနေလဲဆိုတာကိုတော့ နားလည်နိုင်နေဆဲပင်။
“ ကုမ္ပဏီရဲ့ စီအီးအိုက ကျွန်မ အဖေလေ… ကျွန်မဆိုတာ ဒီတိုင်း ဒုဥက္ကဌ အဆင့်လောက်ရှိတာ… ကျွန်မတစ်ဦးရဲ့ ဆုံးဖြတ်ချက်အတိုင်း လုပ်လို့မရတဲ့ ကိစ္စတွေမှ အများကြီးပဲ… ဒါကြောင့်မို့ ကျွန်မတို့ ကောင်းကောင်းဆွေးနွေးခွင့် ရဖို့ မျှော်လင့်ပါတယ်… မစ္စတာလင်း ... ကျွန်မကို အခွင့်အရေး နောက်တစ်ကြိမ်လောက် ထပ်ပေးပါနော်…”
“ ငါ ဒီ စကားပြောမယ့် အခွင့်အရေးကို မင်း
အဘိုးကြီးဆီ ပေးလိုက်မယ်… မဟုတ်လို့ကတော့ ဒီ မွန်းလွဲကျရင် AMD နဲ့ လူတွေနဲ့ စကားပြောလိုက်ရုံပဲ…”
“ကျွန်မ နားလည်ပြီ….”
အမှန်တော့ လင်းရီ AMD ရှိ လူများနှင့် ချိန်းဆိုထားခြင်း မရှိချေ။ သို့သော်လည်း ယင်းက စိတ်ပူစရာ တစ်ရပ် ဟုတ်မနေပြန်ချေ။ ယခုလို ကြီးကြီးမားမား ဖြစ်ပျက်သွားပြီးသည့်နောက် AMD ဘက်မှလည်း ငြိမ်သက်စွာဖြင့် ထိုင်နေကြလိမ့်မည် မဟုတ်ချေ။ ယခုလောက်ဆို သူတို့ ချီရှန်းကျောက်ထံ ဆယ်သွယ်နေလောက်ချေပြီ။ ထို့ကြောင့် ယခု ကစားပွဲတွင် အသာစီးရမှုက သူ့လက်ထဲတွင် ရှိ၏။
လင်းရီ မတ်တပ်ရပ်၍ အညောင်းဆန့်လိုက်သည်။ သူ့စိတ်ထဲ အများကြီး သက်တောင့်သက်သာ ဖြစ်သလို ခံစားနေရလေသည်။
ဒီသောက်ရူးတွေက ငါ့လို ကလိမ်ကကျစ်ကို လာပြီး သွေးတိုးစမ်းချင်နေတယ်ပေါ့…
ဒင်းတို့ရဲ့ အရည်အချင်းက မပြည့်မှီသေးပါဘူးကွာ…
များမကြာမီ လင်းရီ၏ ဖုန်းမှာ ထပ်မံ၍
အသံမြည်လာပြန်သည်။ ယင်းက နိုင်ငံခြား ဖုန်းနံပါတ် တစ်ခုပင်။
သူ ထို နံပါတ်ကို မြင်တော့ အန်ဒီဂရို့ဖ် ဖြစ်ရမည်ဟု လင်းရီ တပ်အပ်သိလိုက်သည်။
' ခုချိန် အမေရိကားမှာ မနက် နှစ်နာရီ ရှိလောက်ရောပေါ့.. ဒါတောင် သူ့ဆီ ဖုန်းဆက်လာသေးတယ်ဆိုတော့ သက်ကျားအိုကြီးလည်း အငြိမ်မနေနိုင်တော့ဘူးနဲ့တူတယ်..'
“ ရို့...မစ္စတာ အန်ဒီ… ခင်များဆီက ဖုန်းကို လက်ခံရလိုက်တာ တကယ့်ကို ဝမ်းသာစရာပါပဲ…” လင်းရီ ပြေပြစ်သည့် အင်္ဂလိပ် အသံထွက်ဖြင့် နှုတ်ဆက်လိုက်၏။
“ ဟယ်လို .... မစ္စတာလင်းက ငါ ဆက်သွယ်လာလိမ့်မယ်မှန်း ကြိုသိနေမယ်လို့တော့ မမျှော်လင့်ထားဘူး..” အန်ဒီဂရို့ဖ် အပြုံးလေးဖြင့် ပြောလိုက်၏။သူ၏ လေသံမှာ ဖော်ရွေမှု အပြည့်ဖြင့် ဖြစ်နေလေသည်။
“ ဟားဟား… ဒါပေါ့… ဒါပေမယ့် ၀မ်းနည်းဖို့ကောင်းတာ Intel က စိတ်မဝင်စားတော့ဘူးနဲ့ တူပါတယ်…”
“ မစ္စတာလင်း… မင်း အဲ့လို မပြောစမ်းပါနဲ့… ငါတို့ဘက်က ဒီရဲ့ ပူးပေါင်း ဆောင်ရွက်မှုကို အရမ်း တန်ဖိုးထားပါတယ်… ငါ့ကုမ္ပဏီ ဒုဥက္ကဌကိုတောင် ဟွာရှကို ညလေယာဉ်နဲ့ ချက်ချင်းသွားဖို့ ညွှန်ကြားထားပြီးတော့ …. ဒီတစ်ကြိမ်တော့ မစ္စတာလင်းနဲ့ ပူးပေါင်းနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်…”
“ ခင်များသမီးကပဲ ဆွံ့အနေတာလား… ဒါမှမဟုတ် ခင်များကပဲ နားကန်းနေတာလား…” လင်းရီ ပြောလိုက်ပြီး “ ကျုပ် ပြောတာ ခင်များ ဒီကို လူကိုယ်တိုင် ဒီအရောက်လာခဲ့လို့… ဒါတောင် ခင်များက ငိုးကျတဲ့ ဒုဥက္ကဌကို ဒီလွှတ်လိုက်တယ်…”
“ မစ္စတာလင်း… မင်း ဘာလို့ ဒီလိုကြီး လုပ်နေရတာ… AMD ဆိုရင်တောင် သူတို့ဘက်က ညှိနှိုင်းဆွေးနွေးဖို့ စီအီးအိုကိုယ်တိုင် လာခဲ့မှာ မဟုတ်ဘူးနော်…”
“ ခင်များ မှန်ပါတယ်… ဘာပဲဆိုဆို ကျုပ်တို့ လင်းယွမ် အုပ်စုက ခင်များတို့နဲ့ ယှဉ်ရင် သေးငယ်နေသေးတယ်လေ…” လင်းရီ ပြောလိုက်ပြီး “ ဒါပေမယ့် ခင်များ မသိသေးတာ တစ်ခုတော့ရှိတယ်… ကျုပ် လွန်ခဲ့တဲ့ရက်အနည်းငယ်လောက်တုန်းက TV ပရိုဂရမ် တစ်ခုမှာ ပါဝင်နေတုန်း တစ်စုံတစ်ယောက်က ကျုပ်ကို အမှောင်ထဲကနေ သေနတ်နဲ့ ပစ်ခတ်သွားခဲ့တယ်…. ဘုရားတကြားမလို့သာ ကျုပ် အသက်ရှင်ခဲ့တာ… ဒါ ဝမ်းသာစရာ သတင်းပဲမလား…”
အခြား ဖုန်းတစ်ဖက်ခြမ်းတွင်တော့ အန်ဒီဂရို့ဖ်၏ အမူအရာမှာ တစ်မျိုးတစ်မည် ဖြစ်ပျက်သွားခဲ့သည်။ သို့သော် သူ တည်ငြိမ်သည့် လေသံအား ထိန်းသိမ်းထားစမြဲပင်။
“ အိုး…အဲ့လိုကြီးလား... ကြားရတာတောင် စိတ်မကောင်းဘူး မစ္စတာလင်းရာ… အဲ့ဒီ ပရိုဂရမ်ရဲ့ လုံခြုံရေးက တကယ့်ကို ညံ့ဖျင်းနေရောပဲ….”
“ ဟုတ်ပါ့ဗျာ….” လင်းရီ အပြုံးလေးဖြင့် ပြောလိုက်ပြီး “ ခင်များလည်း ဒီနှစ်ပိုင်းတွေမှာ ဟွာရှက ဘယ်လိုတောင် တိုးတက်လာနေပြီဆိုတဲ့ သတင်းတွေကြောင့် အရူးမလုပ်ခံရစေနဲ့ဦးနော… တကယ်တော့ မြို့ရဲ့ လုံခြုံရေးက တော်တော်ကြီးကို စုတ်ပြတ်သပ်နေတာ… ကျုပ်တော့ဖြင့် မစ်အဲလစ်ရဲ့ လုံခြုံရေးနဲ့ပတ်သက်ပြီး တော်တော်လေးကို စိတ်ပူမိပါရဲ့… ကျိုးဟိုင်ကနေ အသက်ရှင်လျက် ထွက်သွားနိုင်ပါ့မလားတောင် မသိဘူး…”