ဒီမိုကရေစီဆန်တဲ့ ရည်းစားလေး
Vol. 61 Ch. 902
“ မင်း ငါ့သမီးကို ထိရဲရင် ငါမင်းကို သေချာပေါက် အလွှတ်ပေးမှာမဟုတ်ဘူး..”
“ ယီးပဲ… သောက်အဘိုးကြီး… ခင်များကများ ကျုပ်ကို ခြိမ်းခြောက်ဝံ့သေးတယ်ပေါ့လေ… ခင်များ ရှက်ကြောနဲ့ ချက်ကြော မှားဖြတ်ထားတာလား..”
လင်းရီ ဟွာရှန့်စကားကို အင်္ဂလိပ်သို့ တိုက်ရိုက်ဘာသာပြန်ပြီး ပြောလိုက်သောကြောင့် အန်ဒီဂရို့ဖ်ခမျာ ခေါင်းချာချာလည်သွားခဲ့လေသည်။
“ ဒါမှမဟုတ် ကျုပ်ကို သဘောကောင်းတဲ့လူလို့ ခင်များထင်နေတာလား… ကျုပ်ကို သေနတ်နဲ့ ပစ်သွားတာတောင် ခွင့်လွှတ်ပေးလိုက်မယ်လို့ ထင်နေတာလား…” လင်းရီ ပြောလိုက်ပြီး “ ကျုပ်စကားကို တစ်ခါတည်း အပြတ်ပြောထားမယ်… ခင်များ သမီးကို ကျိုးဟိုင်ကနေ ထွက်သွားခိုင်းလို့ ရတယ်… ဒါပေမယ့် သူမ လေဆိပ်ထဲ ခြေတစ်လှမ်းလှမ်းလိုက်တာနဲ့ လေယာဉ်ပေါ် တက်နိုင်မယ်ဆိုတာတော့ အာမ မခံနိုင်ဘူး…. မယုံရင် စမ်းကြည့်လို့ရတယ်…”
ပြောပြီးနောက် လင်းရီ ဖုန်းချပစ်လိုက်သည်။
ဆိုးရိုးများအတိုင်း စစ်မှန်သည့် ကျွမ်းကျင်သူတို့က အရိပ်အမြွက်လောက်လေးသာ လိုအပ်၏။ လင်းရီအတွက်တော့ သူ ပြောဖို့ လိုအပ်သည်များအားလုံး ပြောပြီးသွားချေပြီ။ ရှေ့ဆက်မည့် ရလဒ်ကိုတော့ သူ တစ်ဖက်သူအား ရွေးချယ်ခိုင်းလိုက်မည် ဖြစ်၏။
သူ ဖုန်းချပြီး မကြာမီ ချီရှန်းကျောက် ဝင်ရောက်လာခဲ့ပြီး “ ဘော့စ်… Intel နဲ့ AMD ဘက်က ကျွန်တော်တို့ဆီ ဆက်သွယ်လာပါတယ်.. သူတို့က ချစ်ပ် ၃.၀ နဲ့စပ်လျဉ်းပြီး ဆွေးနွေးချင်နေတယ်တဲ့ခင်ဗျ…”
“ ဘယ်သူတွေက ကိုယ်စားပြုပြီး ဆွေးနွေးကြမှာ…”
“အစကတော့ သူတို့ ကုမ္ပဏီရဲ့ ဒုဥက္ကတွေကို စေလွှတ်လိုက်မယ် ပြောတာပဲ… ဒါပေမယ့် ခုလေးတင် Intel ဘက်က ဆက်သွယ်လာပြီး သူတို့ရဲ့ ဥက္ကဌကြီး အန်ဒီဂရို့ဖ်ကိုယ်တိုင် လာမယ်လို့ပြောသွားတယ်… သူက ဘော့စ်နဲ့ လူတွေ့ စကားပြောချင်တယ်တဲ့…”
“ ကောင်းပြီ… ငါ အန်ဒီဂရို့ဖ်ကို လူချင်းတွေ့လိုက်မယ်… မင်းရယ်… ယွမ်ယွမ်ရယ်… နောက်ပြီး ထျန်းရန်… မင်းတို့သုံးယောက် AMD နဲ့ စကားပြောလိုက်ကြ…”
လင်းရီ၏ စီမံညွှန်ကြားမှုက ကျိုးကြောင်းသင့်တင့်လှကာ သာမန် စီးပွားရေး လုပ်ထုံးလုပ်နည်းများအတိုင်းပင်။
တစ်ဖက်အဖွဲ့မှ ဒုဥက္ကဌအား စေလွှတ်လာခဲ့သောကြောင့် သူတို့ဘက်က ရာထူးတူညီသည့် တစ်စုံတစ်ယောက်ဖြင့် လက်ခံတွေ့ဆုံရပေမည်။ ထို့ပြင် သူတို့ဘက်က သုံးယောက်ပင် စီစဉ်ထားပေးသောကြောင့် လုံလောက်သည့် မျက်နှာသာ ပေးထားပြီးပြီဟူ၍ ယူဆနိုင်သည်။
သို့သော်လည်း ချီရှန်းကျောက်ကတော့ ဘာမျှ မသိ နားမလည်သောကြောင့် လင်းရီ စီးပွားရေးရှုထောင့်မှ ကိုင်တွယ်နေသည်ဟုသာ တွေးထင်သွားခဲ့သည်။
“ ဒါနဲ့ ဘော့စ်… ကျွန်တော်တို့ ဖုန်းရဲ့ ဘရန်းနာမည်ကို ဖြစ်နိုင်သမျှ မြန်မြန် အတည်ပြုနိုင်ရင် ကောင်းမယ်… နောက်ပြီး အဆင်ပြေမယ့် နာမည် တစ်ချို့ကိုလည်း အစည်းအဝေးလုပ်နေတုန်းက အဆိုတင်သွင်းထားသေးတယ်… အချိန်အားရင် တစ်ချက်ကြည့်လိုက်ပါဘော့စ်…”
“ အင်း.. ချထားခဲ့လိုက်..”
လက်ထဲရှိ စာရွက်စာတမ်းများအား ချထားရင်း ချီရှန်းကျောက် လင်းရီအား အရိုအသေပေးကာ ရုံးခန်းထဲမှ ထွက်ခွာသွားခဲ့လေသည်။
စာရွက်ထဲတွင်တော့ နာမည် ဆယ်ခုကျော်မက ရှိနေပြီး ၎င်းတို့၏ သက်ဆိုင်ရာလိုဂိုများကိုလည်း ပြင်ဆင်ထားပြီးဖြစ်သည်။
တစ်ချို့က တော်တော်လေး ပရီမီယမ် ဆန်နေကာ တစ်ချို့ကိုတော့ လင်းရီ သဘောမတွေ့ပေ။
ထိုသို့ သူသဘောမတွေ့သည့် နာမည်များကိုတော့ ဟော်ယွမ်ယွမ်ကဲ့သို့ လူမျိုးကသာလျှင် ရွေးချယ်မှု ပြုလောက်ပေမည်။
သာမန်လျှံကာ တစ်ချက်ကြည့်ပြီးနောက် လင်းရီ စာရွက်အား ဘေး၌ ချထားလိုက်၏။ နာမည်ပေးသည့် ကိစ္စရပ်အား ကျီချင်းရန် စိတ်ဝင်စားလိမ့်မည်ဟု လင်းရီ ယူဆထားသောကြောင့် သူမစိတ်တိုင်းကျသာ ဆုံးဖြတ်စေလိုက်မည်။
ထိုညနောက်ပိုင်းတွင်တော့ လင်းရီ ချောင်ရန် အုပ်စုသို့ သွား၍ ကျီချင်းရန်အား သွားကြိုလိုက်၏။
အိမ်ပြန်ရောက်၍ စားသောက်ပြီးနောက်
“ငါတို့ ဖုန်းအသစ်ကိုဈေးကွက်ထဲ စဖြန့်တော့မှာ…. နာမည်ကိုတော့ ခုထိ မဆုံးဖြတ်ရသေးဘူး… အဲ့တာ မင်းရဲ့ ဦးနှောက်လှလှလေးနဲ့ ငါ့ ကူစဉ်းစားပေးစမ်းပါ…”
လင်းရီ ခန့်မှန်းထားသည့်အတိုင်း နာမည်ပေးရမည်ဆိုသည့် အသံကြားတော့ ကျီချင်းရန် နိုးနိုးကြားကြား ဖြစ်လာခဲ့၏။
“ ငါ စဉ်းစားပေးရမှာလား..”
“ အင်း… ကိုယ်က ညံ့ဖျင်းတဲ့ ကျောင်းသားဆိုတော့ ဒီလို ကိစ္စမျိုးကို ထက်ထက်မြက်မြက်ရှိတဲ့ ကိုယ့်ဇနီးကို စဉ်းစားခိုင်းတာ ပိုကောင်းတယ်လေ…”
“ နင် အဲ့လို တွေးမယ်ဆိုရင်တော့ နင်မှန်သွားပြီ..” ကျီချင်းရန် အားပါးတရပြုံးရင်း ခေါင်းညိမ့်လိုက်၏။ ထို့နောက် စက္ကန့်အနည်းငယ်ကြာအောင် စဉ်းစားရင်း “ ဝူယွဲ့(မေ) ဆိုရင်ကော…”
“ ဟမ်… ဝူယွဲ့.. ဘာလို့ အဲ့နာမည်ကြီးလဲ….”
“ ဘာလို့ဆို ငါတို့နှစ်ယောက်က ငါးလပိုင်းမှာ စပြီးတွေ့ဖြစ်ခဲ့ကြလို့လေ… အဲ့တာက တော်တော်လေး အမှတ်ရစရာဖြစ်မယ်လို့ ထင်တယ်…”
“ ဒါဆိုလည်း မင်းသဘောပဲ… ဝူယွဲ့ပဲခေါ်ကြတာပေါ့..”
“ အိုက်ယား… ငါပြောတဲ့အတိုင်း ချက်ချင်းကြီး ဆုံးဖြတ်ချက် မချနဲ့ဦးလေ… နင့်ရဲ့ အမြင်ကိုလည်း ပြောဦးမှပေါ့…. နင် စဉ်းစားမိတဲ့ နာမည်က ငါ့ထက် ကောင်းနေတာမျိုးလည်း ဖြစ်နိုင်တာပဲလေ…”
“ အန်း…… “ လင်းရီ အလေးအနက် စဉ်းစားနေဟန်ဖြင့် အတန်ကြာအောင် တွေးတောနေလိုက်ပြီး “ ငါ့အကြံကတော့ ဖုန်းနဲ့ နာမည်ကို မြင်လိုက်တာနဲ့ တစ်သက်မမေ့တော့မယ့် နာမည်မျိုးဖြစ်ရမယ်… ဒါကြောင့်မို့ 91 ဖုန်းလို့ ခေါ်မယ်..”
“91 ဖုန်းကြီးလား…” ကျီချင်းရန် မျက်မှောင်ကြုတ်သွားခဲ့ပြီး ခေတ္တခန့် စဉ်းစားပြီးနောက် “ မဖြစ်ဘူး… ဒီနာမည်ကြီးက လုံးဝကို ပရော်ဖက်ရှင်နယ် မဆန်တဲ့ နာမည်ကြီး… ငါ့စိတ်ထင် အရင်က အဲ့ဒီ နာမည်နဲ့ အက်ပ် တစ်ခု ထွက်လာခဲ့ဖူးသေးတယ်ထင်တယ်….အိုက်ယိုး… နင့်နာမည်ပေးတဲ့ အရည်အချင်းကလည်း ချာလိုက်တာဟယ်…”
“ အဲ့ဒါက အရင်တုန်းက အက်ပ်လေ… ငါတို့ အခု ဖုန်းနဲ့ ဘာဆိုင်လို့..”
“ ဒါပေမယ့် ဖုန်းရဲ့ အကြီးမားဆုံး အားသာချက်က ကုန်ကျစရိတ် သက်သာတာလေ… 91 နဲ့ဘာဆိုင်လို့…”
“ အာ…. မင်းပြောတာလည်း အဓိပ္ပာယ်တော့ ရှိသား…” လင်းရီ သေချာ ပြန်စဉ်းလိုက်ပြီး “ ချောင်လျိုဖုန်းဆိုရင်ကော… ချောင်လျိုက တော်တောလေး အသက်ဝင်သလို ရှိတယ်… ငါတို့ ဘရန်းက သေချာပေါက် အများကြီး ရှင်သန်နိုင်မယ်ဆိုတဲ့ သဘောပဲလေ…”
“ ဒါပေမယ့် ငါတော့ ဝူယွဲ့လောက် ကောင်းမယ်မထင်ဘူး…”
“ အာ…. အဲ့ဒါဆိုလည်း ဝူယွဲ့လို့ပဲ ခေါ်တာပေါ့ကွာ…”
“ အွန်းအွန်း… နင် ပြောတဲ့ နာမည်တွေ အကုန်လုံးက ပေါက်တတ်ကရနဲ့ အသုံးမကျတာတွေချည်းပဲ… ငါပြောတဲ့ အတိုင်းသာလုပ်…”
ကျီချင်းရန်၏ အမူအကျင့်မှာ ဟွာရှကောင်မလေးများ၏ ဒီမိုကရေစီဆန်သည့် သဘာဝကို ကောင်းမွန်စွာ မီးမောင်းထိုးပြနေတော့၏။
သင်က သင် ပြောချင်တာကို ပြော၍ရသည်။ သို့သော်လည်း အဆုံးတွင်တော့ သူတို့က အကြောင်းပြချက်တစ်ခုရှာ၍ ငြင်းဆန်ပေမည်။
နာမည် ပေးသည့် ကိစ္စပြီးနောက် နှစ်ယောက်မှာ ဆိုဖာပေါ်တွင် ထိုင်လျက် ငြီးငွေ့စွာဖြင့် ဇာတ်လမ်းကြည့်ကြတော့၏။
“ ဒါနဲ့လေ ရီ… နှစ်သစ်ကူး ရောက်ဖို့တောင် ဘယ်လောက်မှ သိပ်မလိုတော့ဘူးနော်.. နင်ဘာတွေ စီစဉ်ထားသေးလဲ….”
“ ဘာမှ မစီစဉ်ထားဘူး..” လင်းရီ သာမန်လျှံကာ ပြောလိုက်ပြီး “ အင်္ကျီအသစ်တွေလည်း အကုန် ဝယ်ထားပြီးပြီ… မီးရှူးမီးပန်းနဲ့ လိုအပ်တဲ့ ပစ္စည်းတစ်ချို့ ဝယ်ဖို့ ရက်နည်းနည်းလောက် စောသွားလိုက်မယ်… ငါတော့ အဲ့လိုမျိုး နှစ်သစ်ကူးဖြစ်မယ်ထင်တာပဲ..”
“ ဒါပေမယ့် ဒါက ငါတို့ ပထမဆုံးအကြိမ် အတူနှစ်သစ်ကူးကြမှာလေ… နင် တစ်ခုခု ကွဲပြားတဲ့ ခံစားချက်မျိုး မခံရဘူးလား…”
ထိုသို့ အထိခိုက်မခံသည့် စီစစ်မေးမြန်းမှုနှင့် ရင်ဆိုင်ရချိန်တွင်လည်း လင်းရီ ထစ်ခြင်း ငေါ့ခြင်းမရှိ “ ခံစားရတာပေါ့ဟ… မိုးနတ်မင်းကြီးက အများနဲ့ မတူ တမူထူးခြားတဲ့ မင်းလေးကို ငါ့ဘေးနား အရောက် ပို့ပေးလာခဲ့တယ်… ဒီရဲ့ နှစ်သစ်ကူးမှတင် မဟုတ်ဘူး… မင်း ငါ့ဘေးနား ရောက်လာတဲ့ အချိန်ကစပြီး အရာရာတိုင်းက စိုပြေလာပြီး ပျော်ဖို့လည်း ကောင်းလာတယ်..”
“ ကျွတ်… ရွှီးနေပြန်ပြီ..” ကျီချင်းရန် ပြောလိုက်ပြီး “ ငါတို့ ပထမဆုံးတွေ့တုန်းက မြေအောက်ကားပါကင်မှာလေ… အဲ့တုန်းကများ နင်ဆို ဟက်ဟက်ပက်ပက်တောင် မရှိဘူး..”
ကျီချင်းရန် ထိုသို့သော စကားမျိုးဖြင့် တုံ့ပြန်လာလိမ့်မည်လို့ လင်းရီ မျှော်မှန်းထားပြီးဖြစ်သည်။
ယခုလို စေ့စေ့ပေါက်ပေါက် မေးမြန်းတတ်သည့် ချစ်သူကောင်မလေးအား ပိုင်ဆိုင်ထားချိန်တွင် သူမအား မျက်လုံးစုံမှိတ် အလွန်အမင်း အမွှမ်းတင်လိုက်မယ်ဆိုပါက မလေးနက်သည့် အရာရောက်လေသည်။
ထို့ကြောင့် သူ့ဘက်က သင့်တင့်သည့် နည်းလမ်းဖြင့် ပြန်လည်တုံ့ပြန်ရမည် ဖြစ်၏။
ယခုလို အချိန်မျိုးတွင် လေယူလေသိမ်းနှင့် ကိုယ်ဟန်အမူအရာကလည်း လွန်စွာမှ အရေးပါသည်။
“ မှားတယ်.. လုံးဝ အကြီးကြီးကို မှားတယ်…. ချင်းရန်… မင်းငါ့ကို စိတ်ပျက်သွားစေတာပဲ..”
ကျီချင်းရန် ရှုပ်ထွေးသွားခဲ့ပြီး “ ဘာလဲဖြစ်လို့..”
“ ငါတို့ ပထမဆုံးတွေ့ခဲ့တာက ကုမ္ပဏီရဲ့ ပထမထပ် ခန်းမထဲမှာလေ.. အဲ့ဒီနေ့က ငါပထမဆုံး အလုပ်လာလျှောက်တဲ့နေ့… HR ဌာနဆီ CV ဖောင်နဲ့ သွားနေတုန်း မင်းက ဓာတ်လှေကားထဲကနေ ဒေါက်မြင့်ဖိနပ်၊ သနပ်ခါးရောင် လေကာအင်္ကျီနဲ့ ထွက်လာခဲ့တယ်လေ… အဲ့ဒီအချိန်မှာပဲ မင်းရဲ့ ပုံရိပ်က ငါ့ကို စွဲလမ်းသွားစေပြီး အင်တာဗျူးကို အကောင်းဆုံး ဖြေခဲ့တယ်.. HR ရဲ့ အနိုင်ကျင့် ဖိနှိပ်တာတွေ ခံရချိန်မှာတောင်မှ နှုတ်ထွက်ဖို့ စိတ်မကူးပဲနဲ့ မင်းနဲ့ နီးစပ်ချင်လို့ ချောင်ရန် အုပ်စုရဲ့ ဝန်ထမ်း ဖြစ်လာတာလေ…. အဲ့ဒါကို မမှတ်မိတာတော့ မင်းငါ့ကို တကယ် ဝမ်းနည်းပက်လက် ဖြစ်စေတာပဲ…”
လင်းရီ၏ စကားလုံးများကို ကြားတော့ ကျီချင်းရန် အနည်းငယ် အပြစ်ရှိသလို ခံစားလိုက်ရ၏။
“ အဲ့လိုလား… ငါဘာလို့ မမှတ်မိတာလဲ မသိဘူးနော်..”
လင်းရီ : မမှတ်မိရင် မင်းမှန်တယ်.. ဘာလို့ဆို ငါ လုပ်ကြံဖန်တီးထားတာမို့လို့လေ…
“ ဘာလို့ဆို အဲ့ဒီအချိန်တုန်းက မင်းမှ ငါ့ကို အရာမသွင်းသေးတာ…. “ လင်းရီ သက်ပြင်းချလျက် ခေါင်းခါရမ်းရင်း “ ငါကတော့ ငါ့နှလုံးသားကို လမင်းကြီးဆီ ပေးအပ်ခဲ့တယ်… ဒါပေမယ့် လမင်းကြီးကတော့ မြောင်းပေါ်မှာ ထိန်ထိန်သာလို့…”
“ မဟုတ်တာတွေ… အဲ့တုန်းက ငါနင့်ကို သတိမူမိဖို့ အရမ်းအလုပ်များနေခဲ့လို့ နေမှာပေါ့…”
“ မဆိုင်ပါဘူး… မင်းငါ့ကို ကြည့်တော့ ကြည့်သွားပါရဲ့.. ဒါပေမယ့် ချက်ချင်း လျစ်လျူရှုသွားခဲ့တာလေ… “
“ တကယ်ကြီးလား…”
ကျီချင်းရန် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားခဲ့သည်။
လင်းရီက ရုပ်အရမ်း ချောတယ်… အဲ့ဒီတုန်းက သူမ သူ့အပေါ် ခံစားချက်တွေ မရှိသေးဘူးဆိုရင်တောင် အနည်းဆုံး နှစ်ကြိမ်လောက်တော့ ပြန်ကြည့်မိမှာပဲ… သူမ ဘယ်လိုလုပ်ပြီး ဒီတိုင်း လှည့်ထွက်သွားခဲ့ရတာ…
“ တကယ်ကြီးလား နှစ်ကယ်ကြီးလားတွေ လျှောက်ပြောမနေနဲ့… မင်းက ဒီတိုင်း ကိုယ့်အပြစ်ကိုယ် ဝန်မခံချင်တာကိုများ…”
“ ဟုတ်ပါပြီ ဟုတ်ပါပြီ… ကျွန်မ ကိုယ့်အမှားကိုယ် နားလည်သွားပါပြီ.. မစ္စတာလင်းကပဲ သဘောထားကြီးကြီးနဲ့ ဒီတစ်ကြိမ်လောက် ခွင့်လွတ်ပေးလိုက်နော်.... mua…. “
(စကားချပ် - ဒီနေရာမှာ 91 နဲ့ ချောင်လျိုက ဟွာရှမှာ ပွန်းတွေ၊ ဆယ့်ရှစ်အထက်တွေတင်တဲ့ ဝက်ဆိုဒ်နဲ့ ဖိုရမ်တွေပါ…မကောင်းသတင်းနဲ့ ကျော်ဇောခဲ့တဲ့ ၀က်ဘ်တွေပေါ့...လင်းရီကတော့ ဒါကို ရယ်စေချင်တဲ့ သဘောနဲ့ ပြောလိုက်တာဆိုပေမယ့် သူတို့ဆီ ထရန်းဖြစ်သွားတာတွေ ကျနော်တို့လည်း မသိတော့ ကျနော်တို့အတွက် မရယ်ရတဲ့ ဟာသတွေ ဖြစ်ကုန်တာပေါ့လို့ :)…)