ဒါဆို ငါက ရွာသူ ဖြစ်လာမယ် မဟုတ်ဘူးလား…
Vol. 61 Ch. 903
ဖြန်း…
လင်းရီ ကျီချင်းရန်၏ တင်ပါးကို ရိုက်နှက်၍ အပြစ်ပေးလိုက်ပြီး “ နောက်တစ်ခါ အဲ့လို မေ့ဦးမှာလား…”
“ ဟင့်အင်း ဟင့်အင်း… မမေ့တော့ဘူး…”
“ အင်း… အဲ့လိုလုပ်…”
ကျီချင်းရန်နှင့် ခဏတာမျှ ကျီစယ်ပြီးနောက် နှစ်ယောက်မှာ ရေမိုးချိုး၍ အနားယူရန် ကိုယ်စီအခန်းထဲသို့ ဝင်သွားကြလေသည်။
ထိုအခိုက်အတန့်တွင်တော့ လင်းရီ၏ စိတ်မှာ ရိုးတိုးရွတ ဖြစ်လို့နေ၏။အဘယ်ကြောင့်ဆိုသော် သူ၏ စထွင်မာ အလုပ်အကိုင်အတွက် အန္တိမ မစ်ရှင်မှာ ပြီးမြောက်သွားပြီဖြစ်သောကြောင့် အလုပ်အသစ်ကို ယခု အသက်သွင်း၍ ရချေပြီ။ အခန်းသို့ ပြန်ရောက်လာပြီးနောက် လင်းရီ စနစ်ကို စိတ်ထဲမှ တလိုက်၏။
“ စနစ်… အလုပ်အသစ် စမယ်…”
[ အလုပ်အသစ်ကို အသက်သွင်းပြီးပါပြီ… ]
[ အလုပ်အကိုင် - လယ်သမား ]
[ အလုပ်ပြီးမြောက်နှုန်း - ၀ % ]
[ကျေးဇူးပြုပြီး အလုပ်အသစ် လက်ဆောင်ထုပ် ၁၀ မီလီယမ် ယွမ်နှင့် ရွှေရောင်မြေစေး(မြေဩဇာ)ကို လက်ခံပေးပါ စနစ်ရှင် … ]
“ လက်ခံမယ်…”
[ ယွမ် ၁၀ မီလီယမ်ကို စနစ်ရှင်ရဲ့ ကိုယ်ပိုင် ဘဏ်အကောင့်ထဲ ထည့်ပေးပြီးပါပြီ… ]
[ ရွှေရောင်မြေစေးကိုတော့ ဗီလာ နံပါတ် တစ်ရဲ့ ဂိုဒေါင်ထဲ ပို့ဆောင်ပေးထားပါတယ် … ]
အလုပ်အသစ် စတင်ပြီးနောက် လင်းရီ ဆုလဒ်များအား သွားရောက် ရယူရန် အလျင်မလိုသေးချေ။ ထိုအစား နှစ်နာရီ သုံးနာရီခန့် စောင့်ဆိုင်းပြီး ကျီချင်းရန် အိပ်မောကျသည့် အချိန်သို့ ရောက်တော့မှ ထွက်လာခဲ့လေသည်။
သူတံခါးဖွင့်ရင်း ကျီချင်းရန် ရုတ်တရက် နိုးလာမည်ကို စိတ်မပူချေ။
သူမ၏ နှစ်ခြိုက်စွာ အိပ်မောကျနေတတ်သည့် အချက်ပေါ် အခြေခံ၍ သူ့ဘက်ကနေ၍ တမင်တကာ ဆူဆူညံညံအသံများ မပြုသရွေ့တော့ သူမ နိုးလာလိမ့်မည် မဟုတ်ပေ။
ဂိုဒေါင်ကို ရောက်တော့ လင်းရီ ရှာရီဘေးတွင် ချထားသည့် မီတာဝက်ခန့် ရှိသည့် SF အမြန်ချောပို့ ထုပ်အား မြင်တွေ့လိုက်ရ၏။
“ စနစ်… မင်းကို ရွှင်ဖုန်း အမြန်ချောပို့ကများ စပွန်ဆာပေးထားသေးသလား… ဘာလို့ အခေါက်တိုင်း သူတို့ရဲ့ ဒီလီကိုပဲ သုံးနေတာ… “
[ ဒါက စီးပွားရေး လျှို့ဝှက်ချက် ဖြစ်လို့ ဆိုရန် စကားမရှိပါ စနစ်ရှင် ]
“ ငိုးမ… ကြီးကြီးကျယ်ကျယ်တွေ လုပ်ပြနေ….”
လင်းရီ ပါဆယ်ထုပ်ကို ဖောက်လိုက်တော့ အထဲတွင် ပလတ်စတစ်အိတ် ဆယ်လုံးကျော်ခန့် တွေ့လိုက်ရ၏။
၎င်းတို့အားလုံးမှာ ပိန်းပိန်းမှောင်နေပြီး လင်းရီ ရွေရောင်ဆိုသည့် စကားလုံးကို ရှာပင် မတွေ့ချေ။
လင်းရီ တစ်အိတ်ဆီကို လက်ပေါ်တင်၍ အလေးချိန်ဆကြည့်လိုက်၏။ တစ်ကီလိုခန့်လောက်တော့ စီးလေသည်။
အကယ်၍ သူသာ လယ်ယာမြေစိုက်ပျိုးမည်ဆိုပါက ယခုလို အနည်းငယ်မျှသော မြေစေးနှင့် လုံလောက်မည်မဟုတ်ကြောင်း လင်းရီ ခံစားနေရ၏။ စနစ်မှ ပေးအပ်လာသည့် ပမာဏက ပန်းများ စိုက်ပျိုးရုံလောက်သာ လုံလောက်ပေသည်။
ထို့ပြင် ရွှင်ဖုန်းအမြန်ချောပို့ ကုမ္ပဏီမှ စာရွက်စာတမ်းအိတ်လည်း ပါရှိနေသေးပြန်သည်။ လင်းရီ ဖွင့်ကြည့်လိုက်တော့ အထဲတွင် မြေဂရံ တစ်ခု ရှိနေကြောင်း မြင်တွေ့လိုက်ရ၏။
စစ်ဖန်းမြို၊ ဟွမ်ရှီး ကျေးရွာ။
တည်နေရာအား ရှင်းလင်းစွာ ဖော်ပြထားသည့် မြေပုံတစ်ခုလည်း ပါရှိနေသေးသည်။
“ ခြံနဲ့ ယာတင် မကသေးဘူး… ငါးမွေးကန်တွေကောပေါ့…”
[ ဟုတ်ပါတယ်….]
“ အဲ့လိုဆို စနစ် မင်း … ငါ့ကို ဒီ မြေစေးနည်းနည်းလောက်လေးပေးပြီး ဘယ်လိုလုပ် လယ်စိုက်ဖို့ လုံလောက်မှာ…”
[ ရွေရောင်မြေစေးကို တခြား သာမန် မြေစေးတွေနဲ့ ရောစပ် အသုံးပြုရမှာပါ… ]
“ အိုး… အဲ့လိုလား… နားလည်ပြီ… နားလည်ပြီ …. ”
လင်းရီ မြေပုံနှင့် ဂရံကို ထုတ်ယူလိုက်ပြီး ရိုးရှင်းသည့် အစီအစဉ် တစ်ခု ရေးဆွဲလိုက်၏။
ယခု မစ်ရှင်က ပြီးမြောက်ရန် အချိန်တစ်ချို့ ယူရလောက်၏။ မည်သို့ပင်ဆိုစေ နှစ်သစ်ကူးက နီးကပ်လာပြီ ဖြစ်သောကြောင့် သူ ရန်ချိန်သို့ ပြန်သွားရပေဦးမည်။
စိတ်ဆုံးဖြတ်ပြီးနောက် လင်းရီ ရွှေရောင်မြေစေးကို နဂိုနေရာ၌ ပြန်ချထားလိုက်ပြီး ဂိုဒေါင်တံခါး ပြန်ပိတ်ကာ သူ့အခန်းထဲသို့ ပြန်လာခဲ့လိုက်၏။
သို့တိုင်အောင် လင်းရီ အနားမယူသေးပဲ စနစ်ကိုထပ်မံ ဆင့်ခေါ်လိုက်ပြန်သည်။
“ စနစ်… မင်းငါ့ကို ပေးတဲ့ ဒီရဲ့ တိုက်ခိုက်ရေး စွမ်းအားကကော ဘယ်ကနေ ရလာခဲ့တာ…”
သူ အနက်ဝတ်လူနှင့် တွေ့ဆုံပြီးချိန်မှစ၍ အဆိုပါမေးခွန်းက လင်းရီစိတ်ထဲ၌ ပဟေဠိတစ်ခုလို ဖြစ်လို့နေလေသည်။ သူ့အပြင် အခြားသူတစ်ယောက်၌ စနစ်ရှိနေသည်ဆိုတာက ယုတ္တိမကျချေ။ သို့သော်လည်း သူတွေ့ခဲ့သည့် လူက သူ့နည်းတူ တန်းထျန်ထဲ ခွန်အားစုဆောင်း၍ ပေါက်ကွဲ အသုံးချနိုင်နေသည်။ ယင်းက အနည်းငယ်တော့ ထူးဆန်းလှ၏။
[ တိုက်ခိုက်ရေး စွမ်းအားဆိုတာ အသုံးနှုန်း တစ်ခု သာသာပါပဲ စနစ်ရှင်.... ဒီနည်းလမ်းရဲ့ အမြစ်မြေက သမိုင်းမတင်မီ အဖွဲ့အစည်းကနေ မြစ်ဖျားခံလာပြီး ယခုအချိန်ထိ မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာခဲ့တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်… စနစ်ရှင်က ဒီတိုင်း လေထဲကနေ ပဥ္စလက် ဆန်ဆန် ပေါက်ဖွားလာတယ်လို့ ထင်နေတာလား… ]
“ ဒါဆို တခြားသူတွေကျတော့ ဘယ်လိုသိတာ…”
“ သမိုင်းမတင်မီ လူ့အဖွဲ့အစည်းကြီးက ကမ္ဘာအနှံ့မှာ ပျံ့နှံ့နေလျက်ရှိပါတယ်... ဒါကို အစောပိုင်း လူတစ်ချို့ကနေ ဦးစွာ ရှာဖွေတွေ့ရှိခဲ့ကြပြီး အထက်ပါ နည်းလမ်းကို လေ့ကျင့်ခဲ့ကြတာကြောင့်မို့ သူတို့တွေဆီမှာလည်း ဒီလိုမျိုး တိုက်ပွဲဝင်စွမ်းအားတွေ ပိုင်ဆိုင်နေတာပါ..”
စနစ် ရှင်းပြပေးမှုကို နားထောင်ပြီးနောက် လင်းရီ အနည်းငယ် နားလည်သယောင်ယောင်တော့ ရှိသွားခဲ့၏။
ရှေးခတ်၏ ကျွမ်းကျင်သူတို့မှာ ပုံပြင်များ ဒဏ္ဍာရီလာများ ဖြစ်ဟန်မတူပဲ ထိုအစား ယခုလို တန်းထျန် အင်အားစုဆောင်ခြင်း နည်းစနစ်အား လေ့ကျင့်ထားသောကြောင့်သာ လူမဆန်သည့် ခွန်အားများကို ပိုင်ဆိုင်နေရခြင်းပင်။
ခေတ်သစ်လူ့အဖွဲ့အစည်းကြီး၏ နည်းပညာ တိုးတက်လာမှုကြောင့် ထိုကဲ့သို့ လေ့ကျင့်ရေး နည်းလမ်းများက တိမ်ကောပပျောက်လာခဲ့သော်လည်း ထိုနေ့က တွေ့ခဲ့ရသည့် အနက်ဝတ် လူကဲ့သို့ အရွေးချယ်ခံ လူတစ်ချို့၏ လက်ထဲတွင် လက်ဆင့်ကမ်း ထိန်းထိမ်းထားဆဲ ဖြစ်လေသည်။
“ စနစ်… ဒါဆို အမြင့်ဆုံး ဘယ်အဆင့်လောက်ထိ ရှိလဲ…”
“ လူသားတွေရဲ့ စံသတ်မှတ်နှုန်းအရတော့ အဆင့် ခြောက်ဆင့်အထိရှိပါတယ်..”
“ ဒါဆို ငါက ဆဠမ အဆင့်လောက်ရောက်ရင် လူသားခန္ဓာကို စွ့န့်ခွာပြီး အင်မော်တယ် ဖြစ်လာနိုင်မယ်… ဒါမှမဟုတ် ငါ့ခန္ဓာကိုယ်က နျူလက်နက်တောင် မတိုးတော့လောက်တဲ့အထိ သန်မာလာမယ်…. အဲ့လိုမျိုးလား… ”
[ စိတ်ကူးယဉ်နေတာလေးတွေ လျှော့ပြီး ယုတ္တိရှိရှိ တွေးခေါ်တာက ပိုကောင်းပါတယ်..]
“ ဒါဆိုလည်း လစ်လိုက်တော့ … မင်းကို ဒီမှာ မလိုတော့ဘူး..”
စနစ်မှာ မည်သည်ကိုမျှ ပြန်မပြောပဲ လင်းရီလည်း အတွေးရေယာဉ်ကြောထဲသို့ တစ်ဖန် မျှောပါသွားခဲ့လေသည်။
သူ့စိတ်ထဲ အကယ်၍များ သူသာ ထိုနေ့က ဒဏ်ရာ မရထားဘူးဆိုလျှင် ထို အနက်ဝတ်နှင့် လူ၏ ပြိုင်ဘက် ဖြစ်နိုင်လိမ့်မည်လော။
သို့သော်လည်း သူ ခေါင်းမီးတောက်မတတ် တွေးတောစေကာမူ တိကျသည့် အဖြေတစ်ခုအား မစဉ်းစားနိုင်ချေ။
ထိုလူ၏ ခွန်အားက ယုတ္တိမတန်လောက်အောင် သန်မာလွန်းလှ၏။
ခွန်အား အရာတွင် ဖြစ်စေ၊ နည်းစနစ်ပိုင်းဆိုင်ရာတွင်ဖြစ်စေ တစ်ဖက်သူမှာ အဘက်ဘက်က သာလွန်နေလေသည်။ သူထိုနေ့က အားအင်အပြည့် အသုံးချပြီး ထိမ်ချန်ထားခြင်း မရှိသော်လည်း တစ်ဖက်သူမှာ အင်အား၏ တစ်စိတ်တစ်ပိုင်းလောက်သာ အသုံးပြုထားဟန်ပင်။
ထို့ကြောင့် ထိုနေ့က သူ မည်သို့သော အမည်မသိ အကြောင်းအရင်း များကြောင့် ကံကောင်းသွားလဲ လင်းရီ မသိပေ။
ထိုလူက မည်သည့် ဌာနေက ရောက်လို့လာခဲ့သနည်း။ သူ့လက်ထဲ သယ်ဆောင်ထားသည့် သေတ္တာလေးကရော မည်သို့သော ဥစ္စာမျိုး ဖြစ်သနည်း။
ရုတ်တရက်ဆိုသလို လင်းရီ စနစ်ပြောဖူးသည့် တစ်စုံတစ်ရာကို သွား၍ သတိရမိ၏။
စနစ်ပြောခဲ့သည်မှာ လူသားများမှ သမိုင်းမတိုင်မီခေတ်၏ တည်ရှိမှုကို ရှာဖွေတွေ့ရှိထားပြီး စူးစမ်းလေ့လာမှုများ ပြုလုပ်နေသည်ဟူ၍ပင်။
နှစ်ခါ စဉ်းစားနေရန် မလိုပဲ ယင်းက လျှို့ဝှက်စစ်ဆင်ရေး တစ်ခု ဖြစ်ရပေမည်။ အနက်ဝတ်နှင့် လူကလည်း ယင်း၏ တစ်စိတ်တစ်ပိုင်း ဖြစ်ပုံရ၏။
လင်းရီ နားထင်ကို ပွတ်သပ်ရင်း သူ ဆက်လက်တွေးတောလေ နာကျင်မှုတို့က ပိုမို ဆိုးရွားလာလေပင်။
ယခု လောလောဆယ် သူသိထားသည့် သတင်းအချက်အလက်တို့က နည်းပါးလွန်းလှကာ သေချာသည့် ကောက်ချက်တစ်ခု ချရန် ခဲယဉ်းလွန်းလှ၏။ အကယ်၍ အနာဂတ်တွင် အခွင့်အရေး ရှိမည်ဆိုပါက ယခုကိစ္စကို ပို၍ အာရုံစိုက်ရပေမည်.
ခေါင်းကို ခါရမ်းရင်း လင်းရီ အတွေး အစအနများကို ဖျောက်ဖျက်ပစ်လိုက်ကာ အိပ်စက်ရန် ဟန်ပြင်လိုက်၏။ သို့သော်လည်း သူ လဲလျောင်းကာရှိသေး ကောင်းကင်မှာ အလင်းရောင်ပင် မြင်နေရနေချေပြီ။
“ ငါလခွမ်း…”
အရုဏ်တက် အချိန်သို့ ရောက်ရှိနေပြီး ဖြစ်သောကြောင့် လင်းရီ အိပ်မနေတော့ပေ။
ဖုန်းနှင့် ဂိမ်းတစ်ပွဲဆော့လိုက်ပြီး နံနက်ခြောက်နာရီလောက် ရောက်တော့ ကျီချင်းရန် ပြင်ဆင်ထားပေးသည့် နံနက်စာအား မြိန်ရေယှက်ရေ စားသောက်လိုက်လေသည်။
“ နင် ဆက်ပြီး စထွင်းလွင့်ဦးမှာလား..” ကျီချင်းရန် မေးမြန်းလိုက်၏။
“ မစထွင်းတော့ဘူး… ငါ နောက်တခြား တစ်ခု ပြောင်းတော့မှာ..”
ကျီချင်းရန် လင်းရီကို စူးစမ်းလိုသည့် မျက်လုံးများဖြင့် ကြည့်လာရင်း “ ဘာလဲလုပ်မလို့…”
“ မင်းသိချင်တာ သေချာလား..”
“ သိချင်တာပေါ့လို့..” ကျီချင်းရန် ပြောပြီးနောက် လင်းရီကို သင်္ကာမကင်း ကြည့်ရင်း “ နင် နောက်လုပ်မယ့် အလုပ်က အရမ်းကြီး ထူးခြားနေတဲ့ တစ်ခုမျိုးတော့ မဟုတ်ဘူးမလား…”
“ အန်း… နည်းနည်းလေးတော့ ထူးခြားတယ်ပြောရမယ်…”
“ နင် အမျိုးသမီးတွေကို လိုက်နှိပ်ပေးမယ့် အလုပ်မျိုးတော့ မဟုတ်ဘူးမလား…”
လင်းရီ “ …. “
ချင်းရန်… မင်းအတွေးတွေက တစ်ခုခုတော့ တစ်ခုခုပဲ..
“ ဘယ်နားကသာ… ငါ မနေ့က ရုတ်တရက်ကြီး ငါတို့ ဘဝတွေက ဇိမ်ကျလွန်းတယ်လို့ ခံစားနေရလို့.. တကယ်လို့ တစ်နေ့ ကုမ္ပဏီသာ ဒေဝါလီ ခံသွားခဲ့ရရင် သာမန်လူတွေလိုမျိုး နေထိုင်နိုင်ဖို့ဆိုတာ တော်တော်လေးကို ခက်ခဲသွားတော့မှာ..”
“ အမှန်ပဲ… နင် စားသောက်ဆိုင်ဖွင့်တော့ ငါတို့ ရတဲ့ငွေလေးနဲ့ ညဈေးတန်းသွားတာတောင် ဖျော်ရည်တစ်ခွက် ဝယ်သောက်ဖို့ အကြိမ်ကြိမ်စဉ်းစားနေရတယ်… “
“ ဒါကြောင့်မို့ ဘဝရဲ့ ခက်ခဲမှုနဲ့ ထမင်းစားပွဲပေါ် ထမင်းတစ်ပန်းကန် ရောက်ဖို့ ဘယ်လောက်ထိ ခက်ခဲလဲဆိုတာ နားလည်သွားအောင် ငါ တောင်သူလုပ်ဖို့ စီစဉ်ထားတယ်…”
“ ဟင်… တကယ်ကြီးလား.. နင်က ကိုယ့်ဘာကိုယ် အသီးအနှံတွေကို စိုက်ပျိုးချင်နေတယ်ပေါ့…”
“ တကယ်ကြီး…”
“ နင် ဘဝအတွေ့အကြုံ ခံစားချင်တယ်ဆိုရင်တောင် အဲ့လိုမျိုး လုပ်စရာ မလိုပါဘူးအေ…”
“ ဘဝအတွေ့အကြုံ ခံစားဖို့ဆိုတာ တစ်စိတ်တစ်ဒေသ…. ခု ငါတို့ စားနေတဲ့ အစားအသောက်တွေက မလတ်ဆတ်ဘူး… ဒါကြောင့်မို့ ကိုယ့်ဘာကိုယ် စပယ်ရှယ်စိုက်ပြီး အချိန်ကျလာတဲ့ အခါကျ မင်းကို ချက်ကျွေးမယ်လေ…”
“ ခစ်ခစ်…”
ကျီချင်းရန် လှပစွာ ပြုံးရယ်လိုက်ရင်း “ခု ငါတို့စားနေတဲ့ အသီးအနှံတွေကလည်း တော်တော်လေး ကောင်းပါတယ်… နင် ကိုယ်တိုင် စိုက်စရာမလိုပါဘူး… စိုက်ပျိုးရေး အလုပ်က အရမ်းပင်ပန်းတာ…”
“ ငါသိတယ်… ဒါပေမယ့် မင်းအတွက် အပင်ပန်းခံရမယ်ဆိုတော့ ကိုယ်မမှုတော့ဘူးလေ…”
“ ဒါဆို ငါလည်း နင်နဲ့ အတူတူလုပ်မယ်….”
“ ဘာလို့ ငါနဲ့လုပ်မှာ… ကုမ္ပဏီက မင်းရှိနေမှ ဖြစ်မှာ…. ပြီးတော့ ခက်ခဲတဲ့ တောင်ယာအလုပ်တွေ မင်း မလုပ်နိုင်ပါဘူးကွာ..”
“ ဘာလို့ မလုပ်နိုင်ရမှာ… ငါနင့်ကိုယ်စား အပင်တွေကို ရေလောင်းပေးမယ်လေ….”
“ ရေလောင်းပေးမယ်…. ငါ ပန်းတွေ ပျိုးမယ်လို့ မင်းထင်နေတာလား… တောင်ယာအလုပ်က ရေလောင်းသလောက် ရိုးရှင်းမနေဘူးကွ..” လင်းရီ ချက်ကျလက်ကျဖြင့် ကျီချင်းရန်ကို နားချလိုက်၏။
“ ဘယ်လိုပဲဖြစ်ဖြစ် ငါတော့ လုပ်မှာပဲ…” ကျီချင်းရန်ပြောလိုက်ပြီး “ ဒါပေမယ့် ပြဿနာ တစ်ခု ရှိတာ နင်က တောင်သူ လုပ်မယ်ဆိုတော့ ငါလည်း နောက်ကျရင် တောင်သူနဲ့ လက်ထပ်မယ့် ရွာသူလေး ဖြစ်သွားမယ် မဟုတ်ဘူးလား..”