← Chapters

ဟွာရှရောက် ဟွာရှလိုကျင့်

Vol. 61 Ch. 904

ဟွာရှရောက် ဟွာရှလိုကျင့်

Vol. 61 Ch. 904

“ ရှုထောင့်တစ်ခုကနေ ဆိုရင်တော့ အဲ့လို ပြောလို့ရတယ်..” လင်းရီ ခေတ္တစဉ်းစား၍ ပြောလိုက်ပြီး “ ဒါတောင် မင်းက ငါနဲ့ လိုက်ခဲ့ဦးမယ်ပေါ့..”

“ အွန်း… ငါ ငယ်ကတည်းကရင် တစ်ခါမှ လယ်မလုပ်ဖူးဘူး…”

“ မင်းရဲ့ စူးစမ်းချင်စိတ်ကြီးက မကြီးလွန်းဘူးလား…ခုဟာက ဆယ်နှစ်သမီးလေး ရေထဲဆော့ရမှာကို ပျော်နေသလိုတောင် ဖြစ်နေပြီ..” လင်းရီ ငိုရအခက် ရယ်ရအခက် ဖြစ်နေတော့၏။

“ အသစ်အသစ်တွေဆို စူးစမ်းကြည့်ဖို့ စိတ်အားထက်သန်နေတာ သဘာဝပဲ မဟုတ်ဘူးလား.. အဲ့တာလည်း ဘဝအတွေ့အကြုံရဲ့ တစ်စိတ်တစ်ပိုင်းပဲလေ…” ကျီချင်းရန် ပြောလိုက်ပြီး “ နောက်ပြီး နည်းနည်းလေး ပင်ပန်းဆင်းရဲရတာကလည်း ဆိုးတဲ့ အရာဖြစ်မယ်တော့ မထင်ပါဘူး..”

“ ဒါဆို မင်း ခုချိန်ထိ ကလေး မရှိသေးဘူးလေ…. မင်း မကြိုးစားကြည့်ချင်ဘူးလား..”

“ ရှိတာပေါ့… ငါ နောက်ကျရင် ဝဝတုတ်တုတ် သားသားလေး မွေးမှာလေ… အဲ့ခါကျ နင်လစ်...ငါနဲ့ ငါ့သားသားလေးပဲ ကစားတော့မှာ…”

“ သားလေးမွေးမယ်ဆိုပြီး ဘယ်လိုလုပ် သေချာနေတာ.. သမီးလေး မွေးခဲ့ရင် ဘယ်လိုလုပ်မှာ… အချိန်ကျလာရင် ငါတို့ သားအဖနှစ်ယောက်ပဲ ကစားမှာ… မင်းကို မခေါ်တော့ဘူး…”

“ မဖြစ်နိုင်တာ… ငါ့ရဲ့ သားအိမ်အခြေအနေကို ငါ နားလည်ပြီးသား.. ငါက သားလေးမွေးနိုင်ဖို့ ရာနှုန်းပြည့်သေချာတယ်…”

“ ဘာမှလည်း မဆိုင်… ငါကသာ သားလေးလား သမီးလေးလား ဆုံးဖြတ်ပေးရမယ့်သူပါနော်…”

“ ငါ့မှာ နင့်ရဲ့ X ခရိုမိုဇုန်းကို ဖယ်ရှားနိုင်တဲ့ အထူးစွမ်းရည်ရှိတယ်လေ…”

လင်းရီ “ …. “

ချင်းရန်ကတော့ ရူးသွပ်နေပြီ…

( အဟမ်း.. ဗဟုသုတလေး နည်းနည်းလောက် ပြောရအောင်ဗျာ.. ဒီနေရာမှာ သန္ဓေက မိန်းကလေးဆို ' XX 'ခရိုမိုဇုန်း ပေါင်းစည်းချင်း ၊ ယောက်ျားလေးဆို ' XY 'ခရိုမိုဇုန်း ပေါင်းစည်းခြင်းပါ။

သန္ဓေရဲ့ လိင်ကို မိဘနှစ်ဦးရဲ့ ခရိုမိုဇုန်း ဆက်ခံရရှိမှုကနေ ဆုံးဖြတ်ပေးပါတယ်။ အမျိုးသမီးတွေရဲ့ မျိုးဥက အမြဲတမ်း X ခရိုမိုဇုန်းကိုသာ သယ်ဆောင်ထားပြီး အမျိုးသား/ဖခင်ရဲ့ sperm(သုတ်)တွေကတော့ X ( သို့မဟုတ်) Y ခရိုမိုဇုန်း တစ်ခုခုကို သယ်ဆောင်ထားပါလိမ့်မယ် [ဘယ်ခရိုမိုဇုန်း သယ်ဆောင်ထားတဲ့ sperm က ရေကူးချန်ပီယံ ဖြစ်သွားမလဲတော့ မပြောတတ်ဘူးပေါ့ဗျာ ]… ဒါကြောင့်မို့ ဒီနေရာမှာ လင်းရီက သူ အဆုံးအဖြတ်ပေးရမယ်လို့ ပြောတာပါ

{ အရွှန်းဖောက်ပြီး ပြောတာနော်.. မဖြစ်နိုင်တာကြီးကို ဘာ အဆုံးအဖြတ်ပေးမှာလဲဆိုပြီး အတည်ပေါက်တွေ တွေးမနေနဲ့ဦး}… ဒါကြောင့် XX ဆို girl ၊ XY ဆို boy ပါ..)

“ ကောင်းပြီ… ခု ဒီအကြောင်း ဆက်မပြောကြစို့… အနာဂတ်ကျ ဝဝကစ်ကစ် သားလေးပဲ မွေးရမယ်… ဒါပဲ … တခြားအကြောင်း ပြောကြစို့…” ကျီချင်းရန် ပြောလိုက်ပြီး “ နင် နေရာကော ရွေးပြီးပြီလား… ဘယ်အချိန်လဲ သွားမှာ…”

“ စစ်ဖန်းမြို့မှာ… ဒါပေမယ့် တခြား လုပ်စရာလေးတွေရှိသေးတော့ အလုပ်တွေ ပြီးမှပဲ သွားကြတာပေါ့..”

“ ဒါပေမယ့် နှစ်သစ်ကူးပွဲတော် ရောက်ဖို့က ဆယ်ရက်လောက် လိုတော့တာလေ… နင့်အလုပ်တွေ အကုန်ပြီးသွားတဲ့ အချိန်လောက်ဆို နှစ်အဆုံးတောင် ရောက်နေလောက်ပြီ..”

လင်းရီ ခေါင်းညိမ့်လိုက်ပြီး “ ငါလည်း နှစ်သစ်ရောက်မှ လုပ်ဖို့ စဉ်းစားထားတာပဲလေ… ခု ဥတုကလည်း နည်းနည်းအေးသေးတော့ နှစ်သစ်ကူးပြီးမှ အစေ့အစံတွေ စိုက်တာ ပိုကောင်းမယ်…”

“ ဒါဆို ငါတို့ အရင်ဆုံး သွားကြည့်ထားကြရင်ကော…”

“ ရတယ်လေ… ငါ့လက်ထဲ အလုပ်လေးတွေ ပြီးရင် သွားကြည့်ကြတာပေါ့….”

“ အွန်း အွန်း… ငါလည်း နင်နဲ့ လိုက်မယ်…”

နံနက်စာ စားပြီးနောက် ကျီချင်းရန် ချောင်ရန်အုပ်စုသို့ ထွက်သွားခဲ့လေသည်။

လင်းရီကတော့ အိမ်တွင်နေပြီး ရွှေရောင်မြေစေး၏ အသုံးဝင်ပုံအား လေ့လာရန် ဟန်ပြင်လိုက်၏။

ကလင် ကလင် ကလင် ….

သူ ဂိုဒေါင်သို့ ရောက်လျှင်ရောက်ချင်း တိုက်ဆိုင်ချင်းသားကောင်းစွာဖြင့် ဖုန်းမှာ အသံမြည်လာခဲ့သည်။

“ ဘော့စ်… Intel နဲ့ စီစဉ်စရာ ရှိတာတွေ အကုန် စီစဉ်ပြီးပါပြီ.. ကျွန်တော်တို့ ဒီနေ့ မွန်းလွဲတစ်နာရီမှာ ဆုံကြပါမယ်ဗျ…” ချီရှန်းကျောက်၏ အသံမှာ ဖုန်းထဲမှ ထွက်ပေါ်လာပြီး

“ နောက်ပြီး သူတို့ဘက်က မြို့တော်ဝန်လျန်ကိုလည်း ဖိတ်ကြားထားပါသေးတယ်…. သူတို့ဘက်က ဒီခု ပူးပေါင်းဆောင်ရွက်မှုရဲ့ သက်သေခံ ကြားလူဖြစ်စေချင်နေတဲ့ ပုံပါပဲ..”

“ ဒီသောက်အဘိုးကြီးက ဉာဏ်တွေ သိပ်ကောင်းနေပါလား… လျန်ရူရွှယ်ကိုတောင်မှ ခေါ်လိုက်သေးတယ်ပေါ့…”

အန်ဒီဂရို့ဖ် သူ အမှား မကင်းကြောင်း ကိုယ့်ကိုယ်ကို နားလည်ထားသောကြောင့် လင်းရီနှင့် ဆုံတွေ့သည့် အခါ၌ သေချာပေါက် စိတ်မချမ်းမြေ့ဖွယ်ရာ ကိစ္စများ ဖြစ်လာနိုင်ကြောင်း နားလည်ထားလေသည်။ ထို့ကြောင့် လျန်ရူရွှယ်အား အသိသက်သေ အဖြစ် ခေါ်ယူလိုနေခြင်းပင်။

“ သူတို့က နိုင်ငံတကာ ကုမ္ပဏီ … ပြီးတော့ မြို့တော်ဝန်လျန်ကလည်း ကျိုးဟိုင်ရဲ့ စီးပွားရေး တိုးတက်ဖို့ တာဝန်ယူထားတော့ သူတို့လုပ်တာက ကျိုးကြောင်းဆီလျော်တယ်လို့တော့ ထင်တာပဲ…”

“ အင်း.. ဘယ်မှာလဲ တွေ့ကြမှာ…”

“ ကျွန်တော်ကတော့ ပန်နီဆူလာဟိုတယ်မှာပဲ ချိန်းလိုက်တယ်… ကျွန်တော်တို့ ပိုင်နက်ဆိုတော့ ပြောရဆိုရ ပိုအဆင်ပြေတယ်လေ…”

“ ကောင်းပြီ… ငါသိပြီ…”

ဖုန်းချပြီးနောက် လင်းရီ ရွှေရောင် မြေစေးအား စတင် လေ့လာတော့၏။

အချိန်အကြာကြီး လေ့လာပြီးနောက်……

သူ မည်သည်ကိုမျှ ရှာမတွေ့သေးချေ။ ထိုအတောအတွင်း လျန်ရူရွှယ်ထံမှ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စနှင့် စပ်လျဉ်း၍ ဖုန်းဝင်လာခဲ့သေး၏။

လျန်ရူရွှယ်ကတော့ ဘာဖြစ်နေမှန်း မသိသေးကာ လင်းရီ Intel နှင့် အကျိုးတူ ပူးပေါင်းနိုင်ရန်သာ မျှော်လင့်နေတော့သည်။

မည်သို့ပင်ဆိုစေ Intel က ကမ္ဘာ့နံပါတ်တစ် ချစ်ပ် ထုတ်လုပ်သည့် စက်ရုံကြီး ဖြစ်ပြီး ၎င်းတို့နှင့် ပူးပေါင်း၍ အလုပ်လုပ်နိုင်မည်ဆိုပါက AMD နှင့် ပူးပေါင်းသည်ထက် အလားအလာ ပိုကောင်းပေသည်။

သို့သော်လည်း လင်းရီကတော့ ဝိုးတဝါးတားသာ သဘောတူလိုက်သည်။ သူ၏ အမြင်တွင်တော့ ယနေ့ တွေ့ဆုံမှုက အကျိုးတူ ပူးပေါင်းခြင်းကဲ့သို့ ရိုးရှင်းနေလိမ့်မည် မဟုတ်ချေ။

နေမွန်းတည့်တော့ လင်းရီ အဝတ်အစားလဲပြု၍ ပန်နီဆူလာ ဟိုတယ်ထံ ဦးတည်လိုက်သည်။

လင်းရီ ရောက်ရှိလာသည့် အချိန်၌ လျန်ရူရွှယ်နှင့် အန်ဒီဂရို့ဖ်တို့မှာ ဟိုတယ်သို့ ကြိုတင်ရောက်နှင့် နေချေပြီ။

လင်းရီကို မြင်တော့ နှစ်ယောက်လုံးမှ မတ်တပ်ရပ်လာခဲ့ကြပြီး “ ဥက္ကဌလင်း… ဒီဘက်က Intel ရဲ့ စီအီးအို မစ္စတာ အန်ဒီဂရို့ဖ်….”

ပြောပြီးနောက် လျန်ရူရွှယ် အန်ဒီဂရို့ဖ်ဘက်သို့ လှည့်၍ “ မစ္စတာ အန်ဒီ.. ဒါကတော့ ကျိုးဟိုင်မှာ နာမည်ကြီး အသက်အငယ်ဆုံး စွန့်ဦးတီထွင် စီးပွားရေးသမား လင်းယွမ် အုပ်စုရဲ့ ဥက္ကဌ လင်းရီလေ….”

“ ဟယ်လို မစ္စတာလင်း…” အန်ဒီဂရို့ဖ် ဖော်ရွေသည့် အပြုံးဖြင့် နှုတ်ခွန်းဆက်လာခဲ့၏။

သူ၏ မျက်နှာတွင် မလိုမုန်းတီးသည့် အရိပ်အယောင်တို့ တစိုးတစဉ်းမျှပင် ရှိမနေချေ။ မသိပါက သူတို့နှစ်ယောက်မှာ ယမန်နေ့က အချေအတင် မဖြစ်ခဲ့ကြသည့်နှယ်ပင်။

“ ဟယ်လို…”

လင်းရီလည်း အပြုံးဖြင့် တုံ့ပြန်ကာ ပြန်လည် လက်ဆွဲနှုတ်ဆက်လိုက်သည်။

လေထုမှာတော့ ကြည်လင်နေပြီး မည်သည့် ခဲယမ်းမီးကျောက် ရနံ့ကိုမျှ မရရှိသေးချေ။

“ ဒီနေရာက စကားပြောကောင်းတဲ့ နေရာမဟုတ်သေးဘူး… အထဲသွားပြီး ဆက်ပြောကြတာပေါ့…” လျန်ရူရွှယ် နှစ်ဘက်လုံးကို ကြည့်ပြီး ပြောလိုက်သည်။

“ အိုကေ… မြို့တော်ဝန်လျန် သဘောပါ…”

ထို့နောက် အုပ်စုမှာ ကြိုတင် စီစဉ်ထားသည့် သီးသန့်ခန်းထဲသို့ ရောက်ရှိလာကြ၏။

ထိုအတောအတွင်း လင်းရီ အန်ဒီဂရို့ဖ်အား သေချာလေး အကဲခတ်ကြည့်လိုက်သည်။

ထို သက်ကျားအိုကြီးနောက်၌ သက်တော်စောင့် ခြောက်ဦးက လိုက်ပါလျက်ရှိပြီး အိုဝန် ပြောထားသည့်အတိုင်း အကုန်လုံးက ဆရာ့ဆရာကြီးများဖြစ်ကြ၏။

သို့သော်လည်း ယင်းက သာမန်လူများနှင့် နှိုင်းယှည်သည့် စံချိန်စံနှုန်းပင်။ လင်းရီအဖို့တော့ ညာဘက်ခြမ်းတွင် ရပ်နေသည့် လူမှလွဲ၍ ကျန်သူများအားလုံးကို ထမင်းစားရေသောက် အနိုင်ယူ၍ ရလေသည်။ ထိုသူကသာ နက်နဲသည့် အရှိန်အဝါများ ပေးစွမ်းနေပြီး လင်းရီအား အနည်းငယ် ရှုပ်ထွေးအောင် ပြုလုပ်နေတော့သည်။

မကြာမီ အုပ်စုမှာ သီးသန့်ခန်းထဲ ရောက်လာခဲ့ကြပြီး ကြိုတင် ပြင်ဆင်ထားသည့် ဟင်းလျာတို့ကလည်း တစ်ပွဲပြီး တစ်ပွဲ ရောက်ရှိလာကြသည်။

နောက်တွင် ရပ်နေသည့် စားပွဲထိုး မိန်းကလေးမှ လင်းရီတို့ ရှေ့ ရောက်လာ၍ နှစ်ဦးလုံးအား ခွက်ဖြည့်ပေးနေစဉ်

“ ဒါက ဘာလဲ…” လင်းရီ ရုတ်ချည်း မေးမြန်းလိုက်၏။

လင်းရီ၏ အမူအရာ ပုံမှန်မဟုတ်သည်ကို မြင်တော့ စားပွဲထိုး မိန်းကလေးမှ ကြက်သေသေသွားခဲ့ပြီး ကမန်းကတမ်း ရှင်းပြလိုက်ရကာ

“ ဥက္ကဌလင်း.. ဒါက ကျွန်မတို့ ဟိုတယ်ရဲ့ အကောင်းဆုံး ပြင်သစ်ဝိုင်ပါရှင့်..”

“ မစ္စတာလင်း… ဒီရဲ့ chaeteau latour (ရှထူးလတူး) ကလည်း တော်တော်လေး ကောင်းပါတယ်… အမေရိကားဆို ကျုပ်သောက်နေကြ… ဒီနေ့ကလည်း စီးပွားရေးပဲ အဓိက ဆွေးနွေးကြမှာဆိုတော့ အရမ်းကြီး ယဉ်ကျေးနေစရာ မလိုပါဘူး…”

“ ကျုပ်စကားတွေကို ခင်များ အတွေးလွန်နေပြီ..” လင်းရီ တုံ့ပြန်လိုက်ပြီး “ ဟွာရှရောက်မှတော့ ဟွာရှလို့ ကျင့်တာပေါ့… ဒီရဲ့ ပေါက်လွတ်ပဲစားဝိုင်ကို သောက်စရာ မလိုဘူး..”

အန်ဒီဂရို့ဖ် နောက်တွင် ရပ်နေသည့် ကလက်ခ်မှာ လင်းရီထံမှ အေးစက်သည့် အရှိန်အဝါကို ခံစားမှုတော့ သူ၏ အမူအရာ ရုတ်ချည်း ပြောင်းလဲသွားခဲ့သည်။

သူတို့ ယနေ့ ဆွေးနွေးမှုကတော့ သာမန် စကားပြော၍ ပြီးဆုံးမည့်ပုံ မပေါ်ချေ။

လျန်ရူရွှယ်လည်း တစ်ခုခု မှားယွင်းနေသည့် ခံစားချက်မျိုး ခံစားလိုက်ရ၏။

သူမ လင်းရီအကြောင်း တော်တော်‌လေး နားလည်ထားပြီး လင်းရီ၏ နှုတ်အတည်ပြုချက်ကို ကြားရန်မလိုပေ။ သူ၏ မျက်လုံးများအား တစ်ချက်ကြည့်လိုက်သည်နှင့် လင်းရီ ယနေ့ တစ်ခုခု မှားယွင်းနေပြီဖြစ်ကြောင်း သူမ တပ်အပ်သိလိုက်၏။

စားပွဲအောက်တွင်တော့ လျန်ရူရွှယ် မနေနိုင်ပဲ လင်းရီလက်အား ညင်သာစွာ ဆုပ်ကိုင်လာခဲ့သည်။

လင်းရီ အဘယ်ကြောင့် ယခုလို ပြုမူနေလဲဆိုတာ သူမ နားမလည်သော်လည်း အတတ်နိုင်ဆုံး စိတ်ငြိမ်ငြိမ်ထားနိုင်ရန်တော့ သူမ မျှော်လင့်မိ၏။ မည်သို့ပင်ဆိုစေ အန်ဒီဂရို့ဖ် ဆိုသူကား ကမ္ဘာ့ထိပ်တန်း သူဌေးကြီး တစ်ဦးပင်။ ၎င်း၏ အဆင့်၌ ကိစ္စတော်တော်များများမှာ ဥပဒေစည်းမျဉ်းများဖြင့် တိုင်းတာ၍ မရနိုင်ချေ။

“ ဒါဆို ဥက္ကဌလင်းက ဘယ်လိုဝိုင်မျိုးကို ပြင်ပေးစေချင်တာလဲရှင့်…”

“ ငါတို့ဟိုတယ်မှာ မောက်ထိုင်နဲ့ ဝူလင်းရဲ့ ရှိတယ်မလား…”

“ ထားလိုက်... အဲ့နှစ်ကောင်ကို မေ့ထားလိုက်တော့… ကောင်းလျန် နှစ်လုံးပဲသွားယူလာခဲ့… အဲ့ဒါကမှ ငါတို့ ဟွာရှရဲ့ အထူးအရက်ပဲ…”

ထိုအခါ စားပွဲထိုးမှာ အခက်တွေ့နေဟန်ဖြင့် “ ဥက္ကဌလင်း.. ကျွန်မတို့ ဟိုတယ်မှာ အဲ့လို ဝိုင်မျိုး မရှိပါဘူးရှင့်..”

ကြယ်ငါးပွင့် ဟိုတယ်ဖြစ်သောကြောင့် ကျိုးဟိုင်၌ ထိပ်တန်း ဟိုတယ်တစ်ခု အဖြစ် သတ်မှတ်၍ရကာ ကောင်းလျန်ကဲ့သို့ ဈေး ပေါပေါပဲပဲနှင့် ဝယ်နိုင်သည့် ဝိုင်မရှိမည်မှာ သံသယဖြစ်နေရန် မလိုပေ။

“ မရှိရင် သွားဝယ်ပေါ့ကွ… ဘယ်လို ဝယ်ရမလဲအထိ သင်ပေးဖို့ လိုသေးတာလား…”

“ ဟုတ် ဟုတ်… နားလည်ပါပြီ…” တုံ့ပြန် ဖြေကြားပြီးနောက် စားပွဲထိုးမှ အလျင်စလို ထွက်ခွာသွားခဲ့လေသည်။

လင်းရီ၏ မည်းမှောင်နေသည့် မျက်နှာအမူအရာက သီးသန့်ခန်းထဲရှိ လေထုအား တင်းကြပ်လာစေတော့၏။

လျန်ရူရွှယ်ပင် စကားတစ်ခွန်း မဆိုဝံ့တော့ချေ။ အန်ဒီဂရို့ဖ်နှင့် လင်းရီကြား မည်သည့် အရာတို့ ဖြစ်ပျက်ထားခဲ့လဲဆိုတာလည်း သူမ မသိချေ။ သို့သော်လည်း မည်သည့် ကိစ္စတို့ ရှိနေစေကာမူ သူမကတော့ လင်းရီကိုသာ အပြည့်အဝ ထောက်ခံမည် ဖြစ်၏။

‘ သူ့ကို ဒီလိုမျိုး ဖြစ်ရလောက်တဲ့အထိဆိုတော့ ဘာတွေများ ဖြစ်ပျက်ထားလို့လဲနော်…”

All Chapters