စတော့များ လွှဲပြောင်းပေးခြင်း
Vol. 61 Ch. 906
ဤမြင်ကွင်းက ဟိုတယ် အတွင်းနှင့် အပြင်ရှိ လူတိုင်းအား ငြိမ်သက်သွားစေသည်။ သို့သော်လည်း အခန်းထဲရှိ လူတိုင်းကတော့ အပြင်ဘက်၌ မည်သည်တို့ ဖြစ်ပျက်နေလဲဆိုတာကို ဂရုစိုက်ရန် အချိန်ရှိမနေချေ။
အန်ဒီဂရို့ဖ်နှင့် ကလက်ခ်တို့၏ အာရုံမှာ လင်းရီအပေါ်၌ အပြည့်အဝ ရောက်ရှိနေပြီး ၎င်းတို့၏ အမူအရာမှာလည်း နဂိုကလောက် ယုံကြည်ချက် ပြည့်ဝနေခြင်း မရှိတော့ပဲ သတိချပ်ထားသည့် မျက်ဝန်းကိုယ်စီတို့ဖြင့် ဖြစ်လာခဲ့၏။
လင်းရီ၏ တိုက်ခိုက်ရေး စွမ်းအားမှာ ထိုမျှ ကောင်းမွန်နေလိမ့်မည်လို့ သူတို့ မျှော်လင့်မထားခဲ့ကြချေ။
“ အားလုံး… နောက်ဆုတ်ပြီး မစ္စတာဂရို့ဖ်ကို ကာကွယ်ကြ… “ ကလက်ခ် သတိကြီးကြီးထား၍ ပြောလိုက်၏။ ထို့နောက် သူတစ်ဦးတည်းသာ လင်းရီကို တစ်ကိုယ်တော် ရင်ဆိုင်ထားလေသည်။
“ မစ္စတာလင်း… ခုက ငါ့ရဲ့ နောက်ဆုံး အကြိမ် သတိပေးခြင်းပဲ.. တကယ်လို့ မင်းဘက်က ဆက်ပြီးတော့ ကမူးကရှူးဆန်နေဦးမယ်ဆိုရင် ငါလှုပ်ရှားပြီ…”
“ ခင်များကပဲ ပိုက်ဆံ လေးသန်းနဲ့ ကစ်တို့ကို ငှားယမ်းပြီး ကျုပ်ကို ပြန်ပေးဆွဲချင်နေတာ မဟုတ်ဘူးလား…” လင်းရီ ပြောလိုက်ပြီး “ အမှန်အတိုင်း ဝန်ခံရရင် ကျုပ် တကယ်ကို သိချင်မိတယ်… ကျုပ်ကို ဘာလို့ ပြန်ပေးဆွဲချင်နေရတာ… ကျုပ်ကို အိမ်ထဲ ဖမ်းချုပ်ထားပြီး ခင်များအတွက် အလုပ်လုပ်ခိုင်းမလို့လား…”
“ ဒါတွေ မင်း သိစရာ မလိုပါဘူး… မင်းဘက်က လက်လျော့ဖို့ ဆန္ဒမရှိဘူးဆိုရင် အကျိုးဆက်တွေကို ရင်ဆိုင်ဖို့ ပြင်ထားလိုက်…”
“ သောက်အဘိုးကြီး ကျုပ်ကို လာခြိမ်းခြောက်နေတယ်ပေါ့…”
လင်းရီ မျက်မှောင်ကြုတ်လိုက်ပြီး စားပွဲပေါ်ရှိ ပုလင်းအား ယူကာ ကလက်ခ်၏ ဦးခေါင်းသို့ ရိုက်ခွဲပစ်လိုက်၏။
အရာအားလုံးက စက္ကန့်ပိုင်းလေးအတွင်း ဖြစ်ပျက်သွားခဲ့ကာ ကလက်ခ် တုံ့ပြန်ရန်ပင် အချိန်မရလိုက်ချေ။ အရက်များက ကလက်ခ်၏ တစ်ကိုယ်လုံးအနှံ့ စီးကျသွားခဲ့လေသည်။
ယခုတစ်ကြိမ်တွင်တော့ လင်းရီ၏ အလျင်က ၎င်းတို့အားလုံးကို တစ်ဖန်အံ့အားသင့်သွားစေခဲ့ပြန်သည်။
သို့သော်လည်း မကြာမီ ကလက်ခ် အသိစိတ် ပြန်ဝင်လာခဲ့ပြီး လက်သီးဆုပ်၍ လင်းရီထံ တိုးဝင်လာခဲ့တော့သည်။
ဘန်း ဘန်း ဘန်း ဘန်း…….
နှစ်ယောက်မှာ ကိုယ်ခံပညာချင်း ဖလှယ်ရင်း အကွက်အနည်းငယ်ခန့် ဖလှယ်လိုက်ကြ၏။
ကလက်ခ်၏ ခွန်အားမှာလည်း လင်းရီထင်မှတ်ထားသည်ထက်ကို သာလွန်နေလေသည်။
ကိုယ်ခံပညာ တစ်ခုတည်း၌ပင် ၎င်း၏ အရည်အချင်းက ထိပ်တန်းအဆင့်သို့ ရောက်ရှိနေပြီး အကယ်၍ ထိုသူကသာ တန်းထျန်ထဲရှိ ခွန်အားများအား ပေါက်ကွဲ၍ အသုံးပြုလာမည်ဆိုပါက လင်းရီအဖို့ ခက်ခဲသွားနိုင်သည်။
ထို့အပြင် လင်းရီ ထူးဆန်းသည့် အချက်တစ်ခုကိုလည်း ရှာဖွေတွေ့ရှိသွားခဲ့၏။ အတိုင်းအတာ တစ်ခုထိတိုင်အောင် ကလက်ခ်၏ ခွန်အားက သာမန်လူတို့၏ အကန့်ကို ကျော်လွန်နေပြီး သူ၏ မျိုးနွယ်စု အားသာမှုကြောင့်ဆိုလျှင်တောင် သူ့အဖို့ ယခုလို အဆင့်ထိ ရောက်နိုင်ရန် ခဲယဉ်လှပေသည်။
ဒီကောင်လည်း အဲ့ဒီနည်းစနစ်ကို လေ့ကျင့်ထားတာများလား…
တိုက်ခိုက်နေစဉ်အတွင်း အတွေး မေးခွန်းပေါင်းများစွာတို့က လင်းရီ၏ စိတ်အာရုံထဲ ဝင်ရောက်လာသည်။
တစ်ဖက်လူကို ကောင်းစွာ လေ့လာပြီးနောက် လင်းရီ ဆက်လက်တိုက်ခိုက်လိုသည့် ဆန္ဒ မရှိတော့ချေ။
သူ့တန်းထျန်အတွင်း စုဆောင်းထားသည့် ခွန်အားတို့က ပေါက်ကွဲထွက်လာပြီး လင်းရီ သူ့ပြိုင်ဘက်ကို လွင့်ကန်ထုတ်လိုက်လေသည်။ သူ၏ အဟုန်ကြောင့် အစားအသောက်စားပွဲကြီးပင် လွင့်စင်သွားခဲ့တော့၏။
ကလက်ခ်လည်း ကြမ်းပြင်၌ လဲလျောင်းသွားခဲ့ရတော့သည်။ သူ အားယူ၍ ပြန်မထနိုင်မှီ လင်းရီ လက်စွဲတော် စကေဘာဖြင့် ကလက်ခ် ခြေထောက်ရှိ အရွတ်ကြောများအား ဖြတ်တောက်ပစ်လိုက်၏။ ထိုအချိန်တွင်တော့ သူ့ဘက်က ပြန်ထချင်လျှင်တောင် မဖြစ်နိုင်တော့ပေ။
ကလက်ခ်၏ ရှုမြင်မကောင်းသည့် အခြေအနေကို မြင်တော့ အန်ဒီဂရို့ဖ် သွက်သွက်ခါအောင် ထိတ်လန့်သွားခဲ့တော့သည်။
ကလက်ခ်ဆိုသူကား မည်သူနည်း။
သူ့ဘေး၌ နှစ်ပေါင်းများစွာကြာအောင် ကာကွယ်ပေးလာခဲ့သူတစ်ဦးဖြစ်ပြီး သာမန် သက်တော်စောင့်များထက် သာလွန်နေသူ တစ်ဦးဖြစ်သည်။
သို့သော် ယခုတော့ အနှီ ဟွာရှကောင်၏ အပြတ်သတ် ချေမှုန်းခြင်းကို ခံနေရသည်လော။
ဒီလူက ဘယ်လောက်တောင်မှ ခွန်အား ကြီးမားနေတာ….
ကလက်ခ် အံကို တင်းတင်းကြိတ်၊ မျက်တောင့်နီရဲစွာဖြင့် လင်းရီကို စိုက်ကြည့်လိုက်သည်။ မတိုက်ခင်အခါတုန်းက သူ့အရှေ့ရှိ လူအား ရှုံးနိမ့်လိမ့်မည်ဟု စိုးစဉ်းငယ်မျှသော အတွေးလေးပင် မရှိခဲ့ချေ။
သူသိရှိသလောက်တော့ လင်းရီကဲ့သို့ သန်မာနေသူ တစ်ဦးက ယခုလိုနေရာမျိုး၌ ရှိမနေသင့်ချေ။
လင်းရီကတော့ ၎င်းတို့ ဘယ်လိုစဉ်းစားနေလဲဆိုတာ သိရှိခြင်းမရှိ။ သူ အန်ဒီဂရို့ဖ်ထံ အေးဆေး လှမ်းသွားလိုက်သည်။
ထို့နောက် ဆံပင်မှ ဆွဲကိုင်ရင်း ရက်စက်တော့မည့် လေသံဖြင့် “ အဘိုးကြီး… ခင်များ အခု ဘာလုပ်သင့်လဲဆိုတာ နားလည်ပြီလား…”
“ မင်း… မင်း ဘာဖြစ်ချင်တာ… ငါ မင်းကို ချစ်ပ် ၃.၀ နဲ့ အလဲအလှယ်အတွက် Intel ရဲ့ ရှယ်ယာ ၁၁ ရာခိုင်နှုန်း ပေးနိုင်တယ်…”
“ ခင်များက အိပ်မက်မက်နေသေးတုန်းပဲလား…” လင်းရီ ပြောလိုက်ပြီး “ ကျုပ်ကို မလုပ်ကြံသေးခင်တုန်းက ဆိုရင်တော့ ဒီပမာဏလောက်ကို ကျုပ် လက်ခံပေးဖို့ အဆင်ပြေတယ်… ဒါပေမယ့် ကျုပ်က သေနတ်ဒဏ်ရာကို အလကား ထားလိုက်ရလိမ့်မယ်လို့ ထင်နေတာလား..”
“ ဒါဆို မင်းက ဘာဖြစ်ချင်တာ… မင်းကို အလကား ပေးစေချင်နေတာလား… အဲ့တာ လုံးဝ မဖြစ်နိုင်ဘူး… အဲ့လိုလုပ်လိုက်ရင် ငါ ရှယ်ယာရှင်တွေကို ပြန်ရှင်းပြနိုင်မှာ မဟုတ်ဘူး…”
“ ခင်များရဲ့ ရှယ်ယာရှင်တွေကကော ခင်များကို ဒီကမ္ဘာကြီးကနေ ပျောက်ကွယ်သွားစေချင်နေလိမ့်မယ်လို့ တစ်ခါမှ မတွေးဖူးဘူးလား… အဲ့လိုသာဆို Intel က သူတို့လက်ခုပ်ထဲကရေ ဖြစ်ပြီလေ…” လင်းရီ ပြောလိုက်ပြီး “ ဒီတော့ ခင်များ အခု သေသွားရင်တောင် ဘာမှ ကြီးကြီးမားမား ဖြစ်ပျက်လာမှာမဟုတ်ဘူး… ကိုယ့်ကိုယ်ကို အရမ်း အထင်ကြီးမနေစမ်းနဲ့…”
“ မင်းအဲ့လို လုပ်ရင် နှစ်နိုင်ငံကြား ကျိန်းသေပေါက် ပဋိပက္ခ ဖြစ်လာမှာကွ…”
လင်းရီ လက်ညိုး ရမ်းလိုက်ကာ “ အမှန်အတိုင်းဆိုရရင် ကျုပ်လက်နဲ့ သတ်စရာတောင် မလိုဘူး…”
“ ကျုပ်ဆီ လုပ်ကြံဖို့ လွှတ်လိုက်တဲ့ အိုဝန်နဲ့ ကစ်တို့ဆိုတာ ကျုပ်လက်အောက် ရောက်ကုန်ပြီ… တကယ်လို့ ဟွာရှအာဏာပိုင်တွေကသာ ခင်များကို လူသတ်ရန် ကြံစည်မှုနဲ့ စွပ်စွဲပါပြီရဲ့… အဲ့ခါကျ intel ရဲ့ ရှယ်ယာ ဈေးနှုန်းတွေ ဘယ်လိုဖြစ်သွားမယ်ထင်လဲ…”
“ ကျုပ်တို့ဘက်က လွှတ်ပေးလိုက်တယ်ဆိုဦးတော့... intel ရဲ့ ရှယ်ယာရှင်တွေက အလွှတ်ပေးမယ် ထင်နေလား….”
“ ခင်များရဲ့ ပြိုင်ဘက်ဟောင်းကြီး AMD နဲ့ ကျုပ် လက်ထဲက ချစ်ပ် ၃.၀ နည်းပညာနဲ့ဆိုရှင် Intel က စားပွဲလှန်ဖို့ အခွင့်အရေး ရှိမှာတောင် မဟုတ်ဘူး…”
အန်ဒီဂရို့ဖ် ကျောက်ရုပ်ကြီး တစ်ခုကဲ့သို့ အေးခဲသွားခဲ့တော့သည်။
သူ့ရှေ့ရှိ ဤလူက သူ၏ထွက်ပေါက်များအားလုံးအား ပိတ်ဆို့ထားပြီးဖြစ်ကာ သူ့အတွက် လွတ်မြောက်ရန် လမ်း မရှိတော့ချေ။
“ ဒါပေမယ့် စိတ်မပူပါနဲ့.. ကျုပ်က သဘောကောင်းတဲ့ကောင်လေ…” လင်းရီ ပြောလိုက်ပြီး “ ၁၀ ဘီလီယမ်ပေးပြီး ခင်များရဲ့ ရှယ်ယာ ၁၁ ရာခိုင်နှုန်းကို ဝယ်မယ်… ဒီငွေက ခင်များ ပင်စင်ယူတဲ့ အချိန် လုံလောက်ကောင်း လုံလောက်ပါတယ်… ဒါပေမယ့် အနားယူလို့တော့ မရသေးဘူး… Intel အတွက် အလုပ်လုပ်ပေးဖို့ ခင်များကို လိုအပ်နေသေးတုန်းပဲ… တကယ်လို့ ခင်များက ဆန္ဒမရှိဘူးဆိုလည်း ရတယ်…. နောက် ဘာဆက်ဖြစ်မလဲဆိုတာတော့ ကံစီမံရာပေါ့…”
အန်ဒီဂရို့ဖ်မှာ သေလုမြောပါး နောင်တရမိနေတော့သည်။
အကယ်၍ သူသာ လင်းရီကို လုပ်ကြံဖို့ လူ မငှားရမ်းမိခဲ့ပါက ယခုလို အခြေအနေမျိုးဖြင့် အဆုံးသတ်လိမ့်မည် မဟုတ်ချေ။ ယခုတော့ သူစိုက်ပျိုးသမျှကို သူ ပြန်ရိတ်သိမ်းနေရချေပြီ။
“ ထပ်ပြီးတော့ ချစ်ပ် ၃.၀ နည်းပညာကို intel ပိုင်တဲ့ Cymer ရဲ့ ရှယ်ယာ ၂၄ ရာခိုင်နှုန်းနဲ့လည်း လဲလှယ်ဖို့ ကမ်းလှမ်းချင်သေးတယ်… ကျုပ် တောင်းဆိုတာ သိပ်မများဘူးမလား…”
“ မင်း ရမှာ မဟုတ်ဘူး…” အန်ဒီဂရို့ဖ် ပြောလိုက်ပြီး “ cymer ရဲ့ ရှယ်ယာတွေက ငါ့လက်ထဲမှာ မရှိဘူး… တကယ်လို့ မင်းက ရှယ်ယာ ၂၄ ရာခိုင်နှုန်းကို ချစ်ပ် ၃.၀ နည်းပညာနဲ့ လဲလှယ်ချင်နေတယ်ဆိုရင်တော့ သူတို့ ဘယ်တော့မှ သဘောတူမှာ မဟုတ်ဘူး…” “ ကျုပ်သိတယ်..”
Cymer ထံ၌ ကမ္ဘာ့အဆင့်မြင့်ဆုံး Light source နည်းပညာရှိပြီး ASML အား ထောက့်ပံ့နေသူ တစ်ဦးလည်း ဖြစ်၏။ Cymer ၏ တည်ရှိမှုက ASML ၏ သိပ္ပံသုတေသန လုပ်ငန်းစဉ်အား ကန့်သတ်နိုင်ရုံတင်သာမက ကမ္ဘာ့လျှပ်ကူးတစ်ပိုင်း နယ်ပယ်၌ပင် ကြီးစွာလွှမ်းမိုးနိုင်စွမ်းတို့ ရှိလေသည်။
Intel ၏ ရှယ်ယာရှင်တို့မှ ၎င်းကို သဘောမတူသည်က နားလည်ပေး၍ ရ၏။
“ ဒါကတော့ ခင်များ အဆင်ပြေသလို ကြည့်လုပ်ပေါ့…. ဒါပေမယ့် ကျုပ် ၁၁ ရာခိုင်နှုန်းထက် နည်းတာတော့ မလိုချင်ဘူး… ကြည့်စီစဉ်လိုက်…”
“ အဲ့လောက်ဆိုရင်တော့ ငါကြိုးစားကြည့်ပေးမယ်…”
လင်းရီ အန်ဒီဂရို့ဖ်၏ ပခုံးကို ခပ်ပါးပါး ပုတ်ပေးလိုက်၏။
“ ခင်များ အစောကြီးကတည်းက ဒီလိုမျိုး လိမ္မာလိုက်ရင် ဒီလောက်ထိ ဒုက္ခရောက်စရာတောင် မလိုဘူး… ဒါပေမယ့်… ကျုပ်တို့ရဲ့ ဒီပူးပေါင်းဆောင်ရွက်မှုက သိုသိုသိပ်သိပ်နဲ့ပဲ ပြီးသွားလိမ့်မယ်လို့ မျှော်လင့်တယ်…တခြား ဘယ်သူကမှ ဒီအကြောင်း သိသွားတာမျိုး ကျုပ်မလိုချင်ဘူး…. ဒါကြောင့်မို့ အပေါ်ယံ အများအမြင်မှာတော့ ခင်များက Intel ရဲ့ အကြီးဆုံး ရှယ်ယာရှင် ဖြစ်နေသေးဦးမှာပဲ… ကျုပ် ဆိုလိုချင်တဲ့ သဘောကို ခင်များ နားလည်ပါတယ်...”
အကြာကြီး တိတ်ဆိတ်ငြိမ်သက်သွားပြီးနောက် အန်ဒီဂရို့ဖ်၏ အကြည့်များက ကလက်ခ်နှင့် ကြမ်းပြင်ပေါ်ရှိ အခြားသူများထံ ကျရောက်သွားခဲ့လေသည်။
သူ၏ ရည်ရွယ်ချက်ကမူ ထင်ရှား၏။
“ ကျုပ် ဒီလူတွေကို ဂရုစိုက်လိုက်မယ်.. ခင်များ စိတ်ပူစရာမလိုဘူး…” လင်းရီ ပြောလိုက်ပြီး “ ခုလောလောဆယ် ဒီမှာနေဦး.. ခဏနေကျရင် တစ်ယောက်ယောက် ခင်များကို ဆက်သွယ်လာလိမ့်မယ်… ခင်များဘက်က ပူးပေါင်းပါဝင်ပေးပြီး ဘာလှည့်ကွက်မှ မထုတ်ဘူးလို့တော့ မျှော်လင့်ရတာပဲ…”
ထိုစကားပြောပြီးနောက် လင်းရီ တစ်ဖက်သို့ လှည့်ကာ သီးသန့်ခန်းထဲမှ ထွက်လာခဲ့လေသည်။
အပြင်ရောက်တော့ လျန်ရူရွှယ် သူ့ထံ ချက်ချင်း ပြေးလာရင်း “ ငါ့နောက်က လိုက်ခဲ့…”
လျန်ရူရွှယ်၏ အမူအရာကို မြင်တော့ လင်းရီ ကြက်သေသေသွားခဲ့၏။
သူ မတုံ့ပြန်နိုင်ခင် အခြား လွတ်နေသည့် သီးသန့်ခန်းထဲသို့ ဆွဲခေါ်သွားခြင်း ခံလိုက်ရလေသည်။
“ မင်း ဘာတွေလုပ်နေတာ..”
“ နင် ဘယ်နေရာလဲ နာသွားခဲ့တာ… ပြ… ငါကြည့်ကြည့်မယ်…”
လျန်ရူရွှယ် လင်းရီ၏ အင်္ကျီကို လှန်လောရင်း လင်းရီ၏ ဒဏ်ရာကို စူးစမ်းချင်နေလေသည်။
“ ဘာကြည့်စရာမှ မရှိပါဘူးကွာ.. ငါအဆင်ပြေတယ်..”
“ မရဘူး.. ငါ ကြည့်မှကို ဖြစ်မှာ…” လျန်ရူရွှယ် ခေါင်းမာမာဖြင့် ပြောဆိုလိုက်၏။
“ ဒဏ်ရာက ဘောင်းဘီဂွနားမှာနော်…. မင်းတကယ်ကြီး ကြည့်ချင်နေတာ သေချာပြီလား…”