← Chapters

ယောင်းမ အာဏာ တည်ဆောက်ခြင်း

Vol. 61 Ch. 912

ယောင်းမ အာဏာ တည်ဆောက်ခြင်း

Vol. 61 Ch. 912

“ မများပါဘူး… ဘာလုပ်မလို့တုန်း…”

“ ညီမမှာ အစ်ကို့ဖို့ သတင်းကောင်းပါလာတယ်.. ညီမတို့ မကြာခင် ကျိုးဟိုင် ရောက်လာတော့မှာ…အလုပ်မများဘူးဆိုရင် လာကြိုပေး…” ကော်နင်ယွဲ့ အပြုံးလေးဖြင့် ပြောလိုက်၏။

“ ဘာကြီး…. မင်း ပြောတာ ငါ မကြားလိုက်ရလို့….”

“ ညီမပြောတာ ညီမတို့ ကျိုးဟိုင် ရောက်တော့မယ်လို့….”

“ ငါပြောတာ မင်း ပထမဆုံး ပြောတဲ့စကား…”

“ အစ်ကို အလုပ်များနေလားလို့လေ…”

“ အေး… ငါ အရမ်း အလုပ်များနေတယ်….”

“ အားးးး…. အစ်ကို… နင် အဲ့လိုလုပ်လို့ မရဘူးလေ….နောက်တစ်နာရီဆို အမြန်ရထားပေါ်က ဆင်းတော့မှာ… မြန်မြန် လာကြိုပေးလှည့်…”

“ အဲ့တာ သတင်းကောင်းလို့ ပြောဖို့ ခက်သလိုပဲနော…”

“ ညီမတို့ တစ်လလောက်နီးပါး မတွေ့ရတာကို ညီမဖြစ်သူက အလည်လာမှာ အစ်ကိုက မပျော်ဘူးလား…”

“ မင်းဘာမင်း လာတွေ့တွေ့ အသုံးမဝင်ဘူး… ငါ့ပိုက်ဆံတွေ အကုန်လုံးကို မင့်အစ်မပဲ အကုန်သိမ်းထားတာ… ငါကိုယ်တိုင် သုံးဖို့တောင် ပိုက်ဆံ မရှိဘူး..”

“ အိုး … အဲ့လိုလား… တီ တီ တီ… “

ကော်နင်ယွဲ့ ဖုန်းချသွားခဲ့သည်ကို မြင်တော့ လင်းရီ မျက်နှာ မည်းမှောင်သွားခဲ့လေသည်။

“ ဘယ်လိုဟာမလေးပါလိမ့်…”

“ နင်ယွဲ့က ကျိုးဟိုင်ရောက်လာတော့ နင့်နား မုန့်ဖိုးတောင်းချင်လို့ နေမှာပေါ့.. နင်က ပိုက်ဆံ မရှိဘူး ပြောလိုက်မှတော့ သေချာပေါက် နင့်ကို ဟိုက လျစ်လျူရှုပြီပေါ့ဟဲ့…”

“ ကျွတ်.. လူ့ဘာသာဘာဝတွေများ ကြောက်စရာ ကောင်းချက်..”

“ မဆိုင်ပါဘူးအေ…. နင်ကိုက စေးနည်းလွန်းတာပါ…. နင်သာ အစ်ကိုတစ်ယောက်အနေနဲ့ ရက်ရောမယ်ဆို ယွဲ့ယွဲ့ကလည်း အဲ့လိုလုပ်မှာ မဟုတ်ဘူး…”

ကလင် ကလင် ကလင် …

ကျီချင်းရန်မှ စကားပြောနေစဉ် အိတ်ထဲရှိ ဖုန်းမှာ အသံမြည်လာလေသည်။ သံသယ ဝင်နေရန် မလိုပဲ ကော်နင်ယွဲ့ဖြစ်ကြောင်း တပ်အပ် နားလည်လိုက်၏။

“ မမ…. နင် အလုပ်များနေတာလား…”

“ မများပါဘူး….” ကျီချင်းရန် အပြုံးလေးဖြင့် တုံ့ပြန်လိုက်သည်။

“ ညီမ ခဏနေဆို ကျိုးဟိုင်ရောက်တော့မှာ.. ဒီည ရှော့ပင်း ထွက်ရအောင်လားလို့…”

“ ညအထိ စောင့်စရာ မလိုပါဘူး.. ခဏနေကျရင် နင့်ကို လာကြိုပေးမယ်…. ငါလည်း ပစ္စည်းတစ်ချို့ ဝယ်ချင်နေတာနဲ့ အတော်ပဲ…”

“ ဟီးဟီး… ယောင်းမက အကောင်းဆုံးပဲ… အစ်ကို့ထက်ကို အများကြီးကောင်းတယ်…. ငါလည်း အတိတ်က ဘာတွေများ လုပ်ခဲ့မိလို့ ကိုယ့်ညီမအပေါ် တစ်ပဲနိလေးတောင် မသုံးပေးချင်တဲ့ အကျင့်ပုတ် ယုတ်မာတဲ့ အစ်ကိုမျိုးနဲ့ လာဆုံနေလဲ မသိပါဘူး…ဝတ္ထုထဲမှာသာဆို သူ့လို ဗီလိန်မျိုးက သုံးခန်းထက် ပိုပါရမှာ မဟုတ်ဘူး…”

“ အဲ့လိုပြောလို့ နင်လိိပ်ပြာလုံရဲ့လား.. နင့်အစ်ကို ကြားသွားမှာကို မကြောက်ဘူးလား..” ကျီချင်းရန် ရယ်မောချင်စိတ်ကို ဖိနှိပ်ရင်း မေးမြန်းလိုက်၏။

“ ကြားပါစေပေါ့…. သူ ကြားရင်တောင် ကြံဖန်ပြီး ဂုဏ်ယူပြပါလိမ့်မယ်..” ကော်နင်ယွဲ့ ပြောလိုက်ပြီး “ ဟွန့်... သူ့မှာ ပိုက်ဆံရှိတယ်ဆိုရင်တောင် အမှန်တရားက ညီမဘက်မှာလေ…”

“ မှန်တယ်… ခဏနေကျရင် နင့်ကို ဘူတာမှာ လာကြိုပေးမယ်… ဟုတ်ပြီလား...”

“ ဟုတ်… ကျေးဇူးနော် မမ… “

“ ကဲ မစ္စတာလင်း… ရှင့်ညီမ… ရှင်နဲ့ နှစ် ၂၀ကျော်လောက် အတူနေခဲ့တဲ့ သူကတောင် အဲ့လိုပြောနေတယ်ဆိုတော့ ကိုယ့်ကိုယ်ကို ပြန်လည် သုံးသပ်သင့်ပြီ မထင်ဘူးလား..”

“ ခဏနေကြရင် ငါသူ့ကို ဘယ်လို ကိုင်တွယ်ပြမလဲဆိုတာ စောင့်ကြည့်လိုက်လေ…”

“ နင် လျှောက်မလုပ်နဲ့နော်… ယွဲ့ယွဲ့က သူ့ကောင်လေးနဲ့ လာမှန်းမသိ… သူက ခုဆို မိန်းကလေးကြီးတောင် ဖြစ်နေပြီ… နင် ရူးသွားခဲ့ရင်တောင် ဂရုစိုက်မှ ဖြစ်မှာ….”

“ ငါတော့ သူ့ကောင်လေးနဲ့ အတူ လာမယ်လို့ မထင်… သူ ဂေဟာက တခြား ကလေးတွေနဲ့ အတူလာတာပဲဖြစ်ရမယ်…”

“ ဂေဟာမှာ အသက်ကြီးဆုံး ကလေးဆို ဆယ်နှစ်လောက်ပဲ ရှိဦးမယ်… မေမေဝမ်က ဘယ်လိုလုပ် စိတ်ချပြီး သူနဲ့ ထည့်ပေးလိုက်မှာ…”

“ မင်းက တစ်စိတ်တစ်ပိုင်းလောက်ပဲ မြင်ဖူးတာကိုး… တစ်ချို့ဆို ကောလိပ်တောင် တက်နေကြပြီ… ခု အားလပ်ရက်ဆိုတော့ အိမ်ပြန်လာကြတာနေမှာ… အဲ့တာနဲ့ပဲ ယွဲ့ယွဲ့နဲ့ အတူလိုက်ခဲ့တာ ဖြစ်လောက်တယ်…”

“ ငါ မမြင်ဖူးတဲ့သူတွေလား…”

“ ဒါပေါ့…မင်း ခဏကျရင် မြင်ရမှာပါ…”

“ အာ ... ဒါဆို မဖြစ်ဘူး… ငါက ကျေးတောရွာနဲ့ ကိုက်ညီအောင်ဆိုပြီး ဒီအဝတ်တွေ ရွေးထားတာ… ကြည့်လို့လည်း မကောင်းဘူး… သူတို့ ဒီလိုပုံစံမျိုးနဲ့ တွေ့သွားခဲ့ရင် လှောင်ရယ်ကြလောက်တယ်…”

“ တယူမသန်စမ်းပါနဲ့ကွာ… သူတို့က ဘာလို့ လှောင်ရယ်ရမှာ…”

“ ဝတ်စုံက ကြည့်လို့မှ မကောင်းတာ… အရမ်းသာမန်ဆန်လွန်းတယ်… ငါ သည့်ထက်ပိုပြီး ကောင်းကောင်းကန်းကန်းလေး ဝတ်မှရမှာ…ပထမ အကြိမ် တွေ့ဆုံမှုမှာ အမြင်က အရမ်းအရေးကြီးတယ်….”ကျီချင်းရန် ပြောလိုက်ပြီးနောက် လင်းရီကို နှုတ်မှ လောလေတော့သည်။

“ မြန်မြန်မောင်း.. ငါတို့ ကျိုကျုံးဗီလာဆီ အရင်သွားကြမယ်… အဝတ်ရွေးပြီးမှပဲ ဘူတာသွားမယ်…”

“ အဲ့လိုလုပ်မှ ဖြစ်မှာလားဟ…. ဘာမှ အရေးကြီးတာလဲ မဟုတ်ပဲနဲ့…”

“ ဘယ်လိုလုပ်ပြီး မရေးမကြီးဘူး ဖြစ်ရမှာ… မြန်မြန် ကားစက်နှိုး.. ငါ့စကားကို နားထောင်စမ်း…”

ကျီချင်းရန်၏ အမိန့်ပေးမှုအောက်တွင် လင်းရီ လီဗာပေါ် ခြေထောက်နင်း၍ ကျိုကျုံးဗီလာထံ ဒုန်းဆိုင်းခဲ့လိုက်လေသည်။

ဗီလာဆီ ရောက်တော့ ကျီချင်းရန် အိမ်ထဲ၌ အဝတ်စားမလဲပေ။ ထိုအစား လိုချင်သည့် ဘောင်းဘီ၊ အင်္ကျီ၊ ဖိနပ်တို့အား စိတ်ကြိုက်ရွေးယူပြီး ကားထံပြန်လာကာ လဲရန် ဟန်ပြင်လေသည်။

“ ချင်းရန် … မင်း အရမ်း သတ္တိတွေကောင်းနေတယ်ပေါ့လေ… အေးပါတယ်ဆို ခြေအိတ်လေးတောင် မဝတ်ဘူး… “

“ ဒီနေ့က အထူး အခြေအနေမို့လေ… အဲ့ဒီ ခြေအိတ်ကိစ္စတွေ ဘေးချိတ်ထားလိုက်.. “

“ ဘာတွေများ အရမ်းထူးခြားနေလို့..”

“ ယောင်းမတစ်ယောက်အနေနဲ့ ငါ့ရဲ့ ကိုယ်လုံးကိုယ်ပေါက် ခြေတံလေးတွေက သူတို့ထက်မှ ပိုပြီး သွယ်လျမနေဘူးဆိုရင် အရှက်ရစရာပဲ မဟုတ်ဘူးလား…. မဟုတ်ရင် အနာဂတ်ကျ သူတို့အပေါ် ဘယ်လိုလုပ်ပြီး ဩဇာညောင်းတော့မှာ…”

“ ဩဇာက ကိုယ်လုံးကိုယ်ပေါက်နဲ့ တည်ဆောက်ရတာ မဟုတ်ပါဘူးကွာ…”

“ နင်နားမလည်ပါဘူး… အမျိုးသမီးတွေ အချင်းချင်းဆုံရင် အမြဲတမ်း အဲ့လိုပဲ ပြိုင်ဆိုင်နေကြ…”

“ မင်း အဲ့ဒီ ပေါက်တတ်ကရတွေကို ဘယ်ကနေ ကြားလာခဲ့တာ…”

“ ဘာကို ပေါက်တတ်ကရ…. “ ကျီချင်းရန် မကျေမနပ်ဖြင့် ပြန်လည် ချေပလိုက်ပြီး “ နင်တို့ ယောက်ျားတွေ ဆုံရင် ဘယ်သူက ပိုချမ်းသာလဲ ပြိုင်ကြသလိုပဲ ငါတို့ အမျိုးသမီးတွေ ဆုံရင်လဲ ဘယ်သူ့ ကိုယ်လုံးကိုယ်ပေါက်က ပိုလှလဲဆိုတာ ပြိုင်ကြတယ်….”

“ အာ…. အဲ့လိုကြတော့လည်း အဓိပ္ပာယ် ရှိသလိုလိုပဲ…”

ကျီချင်းရန် အဝတ်အစား အလျင်အမြန် လဲပြု၍ အချိန်အနည်းငယ်ခန့် အသုံးပြုကာ မိတ်ကပ်ခပ်ပါးပါး ပုတ်လိုက်လေသည်။

နာရီဝက်အတွင်း လယ်တောသူလေး အသွင်မှ ဩဇာညောင်းသည့် အမျိုးသမီး စီအီးအို အသွင်သို့ မယုံကြည်နိုင်ဖွယ် ပြောင်းလဲသွားပေတော့သည်။

ထိုစဉ် လင်းရီကတော့ အမြန်ရထား ဘူတာသို့ မောင်းနှင်နေပြီး မကြာမီ ဘူတာသို့ ဆိုက်ရောက်လာခဲ့၏။

သူတို့ ကားရပ်ပြီး သိပ်မကြာမီ၌ ကော်နင်ယွဲ့နှင့် အခြားသုံးယောက်မှာ ကျီချင်းရန်ထံ ခြေလှမ်း ခပ်စိပ်စိပ်ဖြင့် သွက်သွက်လေး လှမ်းလာနေကြောင်း လင်းရီ မြင်တွေ့လိုက်ရသည်။

“ ယောင်းမ… ငါနင့်ကို အရမ်းလွမ်းနေတာ…”

ကော်နင်ယွဲ့ ကျီချင်းရန်ကို ပွေ့မဖက်နိုင်မီ လင်းရီ သူမ၏ ကော်လံမှ ဆွဲ၍ သူ့အရှေ့ ဆွဲခေါ်လိုက်ပြီး “ မင်း ဘာပြောတယ်… ငါ့ကိုများ အကျင့်ပုတ် ယုတ်မာတယ်လေး ဘာလေးနဲ့ ဟုတ်လား..”

“ ယောင်းမ… နင်ငါ့ကို ဘယ်လိုတောင် ရောင်းစားရက်တာလဲ…”

“ ငါနဲ့ ဘာမှမဆိုင်..” ကျီချင်းရန် ပခုံးတွန့်၍ လက်ဖြန့်ပြလိုက်ပြီး “ နင်နဲ့ ဖုန်းပြောနေတုန်းက နင့်အစ်ကိုလည်း ဘေးနား ရှိနေတာလေ… နင်ပြောတာတွေ အကုန် သူကြားသွားတာပဲ…”

“ ဟီးဟီး…. ရုပ်ချောပြီး သဘောကောင်းလွန်းတဲ့ ငါ့အစ်ကိုလေး… ညီမက တမင်ရည်ရွယ်ပြီး ပြောတာ မဟုတ်ပါဘူးလို့… စိတ်ထဲ ထားမနေနဲ့နော်… ညီမ နှလုံးသားထဲမှာ အစ်ကိုကြီးက အမြဲတမ်း အကောင်းဆုံးပဲ mua….”

“ လစ်စမ်း…. ခုမှ ဘာရုပ်ချော သဘောကောင်းတုန်း… နောင်ကျ မင်းငါ့ပိုက်ဆံ တပြားမှ သုံးရဖို့ စိတ်မကူးနဲ့….”

“ မရတော့ကော ဘာဖြစ်လဲ… ဘာပဲဖြစ်ဖြစ် ယောင်းမက ပိုက်ဆံကိုင်တာလေ… ကျွန်မတို့က ယောက်ျားတွေအပေါ် မမှီခိုပဲနဲ့လည်း ရှင်သန်နိုင်တယ်…”

“ ဟမ့်.. ငါ ခွင့်မပြုရင် မင်း ယောင်းမက မင်းအတွက် ပစ္စည်းတွေ ဝယ်ပေးဝံ့လား ငါကြည့်စမ်းမယ်…”

“ ကဲ ကဲ … တော်လိုက်ကြတော့… စတွေ့တွေ့ချင်း ဘာလို့ ကိုက်ပဲ ကိုက်နေကြတာ…”

ကျီချင်းရန် ပြောရင်းဖြင့် လင်းရီကို သတိပေးသည့် အကြည့်တစ်ချက် ပစ်လွှတ်လိုက်သည်။

ထိုအခါ လင်းရီလည်း ကိုယ့်ကိုယ်ကို ထိန်းသိမ်းလိုက်ပြီး ကျန်သည့် ကလေးသုံးယောက်အား ကျီချင်းရန်နှင့် မိတ်ဆက်ပေးရန် ဟန်ပြင်လိုက်၏။

“ အဟမ်း .... မင်းတို့.... ငါမင်းတို့ကို မိတ်ဆက်ပေးမယ်…ဒါ ငါ့ရဲ့ ကြင်သူသက်ထား... သူမရဲ့ နာမည်က ကျီချင်းရန်တဲ့…. မင်းတို့လည်း ယွဲ့ယွဲ့လို ယောင်းမလို့ပဲ ခေါ်ချင်ခေါ်… မမလို့ပဲ ခေါ်ချင်ခေါ်…”

ပြောပြီးနောက် လင်းရီ ကောင်မလေး နှစ်ယောက်ကို ညွှန်ပြရင်း “ ဒီတစ်ယောက်ကျ ကျိန်းရာဝမ်… ရန်ကျင်းနိုင်ငံတကာ လေ့လာရေး တက္ကသိုလ်က လူသစ်လေးပေါ့… ဒီကောင်မလေးကျတော့ ဝန်ဝမ်ထင်း… ဖုန်းထျန်း ဆေးတက္ကသိုလ်က တတိယနှစ် ကျောင်းသူ…”

“ နောက်ဆုံး တစ်ယောက်ကျတော့ ငါ့ညီ… ချိန်ရွှမ်းယွီတဲ့… သူလည်း တုံးပေ ပင်းချန်တက္ကသိုလ်က တတိယနှစ် ကျောင်းသားပဲ… ဒီကောင်ကတော့ ကျောင်းကောင်းမှာ တက်နေတယ်လို့ ပြောလို့ရတယ်… အနည်းဆုံးတော့ ငါ့ရဲ့ ကျိုးဟိုင် နည်းပညာ ကောလိပ်ထက်တော့ ပိုကောင်းတာပေါ့…”

“ ဟယ်လို ယောင်းမ …”

“ ဟယ်လို မရီး…”

သုံးယောက်လုံးမှာ ကျီချင်းရန်၏ အရှိန်အဝါတို့ကြောင့် အနည်းငယ် ရှိန်နေကြလေသည်။

“ အဲ့လောက်ထိ ယဉ်ကျေးနေစရာ မလိုပါဘူးဟယ်… အရင်ဆုံး တစ်ခုခု သွားစားကြစို့… စားပြီးရင် ရှော့ပင်းထွက်ကြမယ်…”

လင်းရီမှ တည်ငြိမ်သည့် လေသံဖြင့် မိတ်ဆက်ပေးနေသော်လည်း ကျီချင်းရန် သဘာဝအလျောက် လင်းရီ၏ ဂုဏ်ယူနေမှုကို ခံစားနေမိ၏။

အစ်ကိုကြီး တစ်ယောက်အနေဖြင့် ညီငယ် ညီမငယ်များက တက်လမ်းကိုယ်စီဖြင့် တောက်ပနေသည်ကို မည်သို့ ဂုဏ်မယူပဲ နေနိုင်မည်နည်း။

“ ကျေးဇူးပါ မမ… “

သို့နှင့် ခြောက်ယောက်သား ကားထဲ ဝင်လိုက်ကြလေသည်။ ၎င်းနောက် လင်းရီ စားသောက်ဆိုင် တစ်ဆိုင်ရှာ၍ စားသောက်ပြီး တိုင်းစကွဲထံ မောင်းနှင်သွားလိုက်၏။

“ မမ… ညီမလေး ဒီနေရာကို Dou yin ပေါ်မှာ မြင်ဖူးတယ်… ဒီနေရာက ပစ္စည်းတွေက အရမ်း ဈေးကြီးတယ်ဆို…”ကောင်နင်ယွဲ့ ပြောလိုက်၏။

“ အဆင်ပြေပါတယ်.. ဘာပဲဆိုဆို ငါတို့သုံးမှာက နင့်အစ်ကို ပိုက်ဆံတွေလေ… လွတ်လွတ်လပ်လပ် စိတ်ကြိုက်သာသုံး…”

“ ဟီးဟီး… အဲ့လိုဆို ကောင်းတာပေါ့… ဒီလာတုန်းက လိုင်းပေါ်မှာ Burberry က ကုတ်အသစ် ထုတ်ထားတာ မြင်လိုက်တယ်…. အရမ်း အရမ်းလည်း လှတယ်… ညီမ တစ်ထည်လောက် လိုချင်လို့…” ကော်နင်ယွဲ့ ပြောပြီးနောက် ကျီချင်းရန်၏ အင်္ကျီကို ကြည့်လိုက်ရင်း “ ဒါနဲ့ မမ ဝတ်ထားတာက အဲ့ဒီ ကုတ်အသစ်နဲ့ ဆင်တူနေသလိုပဲနော်…”

“ အင်း... ငါအခု ဝတ်ထားတာကလည်း Burberry ကပဲလေ…”

All Chapters