အစ်ကိုကြီး
Vol. 61 Ch. 913
“ ဟီးဟီး… ညီမလေး တစ်ထည်လိုချင်တယ်… မမ… နင်နဲ့ အင်္ကျီ အတူတူ ဝတ်ရင် စိတ်မဆိုးဘူးမလား..” ကော်နင်ယွဲ့ အပြုံးလေးဖြင့် ပြောလိုက်၏။
“ ဘာစိတ်ဆိုးစရာ ရှိလို့…” ကျီချင်းရန် ပြောလိုက်ပြီး “ သွားစို့.. ငါနင်တို့ကို လိုက်ဝယ်ပေးမယ်..”
“ ဟေ့… မင့်ဘဲကလည်း ချမ်းသာတယ် မဟုတ်ဘူးလား..” လင်းရီ ပြောလိုက်ပြီး “ အဲ့တာကို ဘယ်သူ့လာပြီး ဝယ်ခိုင်းနေတာ…”
“ ညီမကောင်လေးရဲ့ ပိုက်ဆံတွေက မိုးပေါ်ကနေ ကျလာတာမှ မဟုတ်ပဲကို..”
“ အဲ့တော့ ငါ့ပိုက်ဆံတွေက ကျလာတယ်ပေါ့…”
“ အမှန်ပဲလေ…” ကော်နင်ယွဲ့ ပြောလိုက်ပြီး “မမပြောတာ အစ်ကို့မှာ ပိုက်ဆံတွေ အများကြီးရှိတယ်တဲ့…. သိမ်းထားရင် မှိုတက်ကုန်မှာပေါ့…”
ထိုစကားဝိုင်းကို ကြားတော့ ကျီချင်းရန် ပြုံးလိုက်မိသည်။
လင်းရီ ဂေဟာကို လာလည်တိုင်း နင်ယွဲ့လည်း ရောက်လာတာ မဆန်းတော့ပါဘူး.. အစ်ကိုနဲ့ ညီမရဲ့ ဆက်ဆံရေးဆိုတာ ဒီလိုမျိုး ဖြစ်နေရမှာ…
“ မမယွဲ့… ညီမတို့ ဒီမလာခင်တုန်းက အစ်ကို့ဆီကနေ ဘာမှ မပူဆာရဘူးလို့ မေမေဝမ် သတိပေးထားတယ်လေ… အဲ့ဒီကုတ်က တစ်ထည်ကို ယွမ် နှစ်သိန်းတောင် ပေးရမှာ… မမယွဲ့က အရမ်း ရဲတင်းနေတာပဲ..” ကျိန်းရာဝမ် ပျော့ပျောင်းသည့် လေသံဖြင့် ပြောလိုက်၏။
“ ဘာမှ မဖြစ်ဘူး… ငါတို့က ယောင်းမလေးရဲ့ ပိုက်ဆံကို သုံးကြမှာ… စိတ်ပူမနေနဲ့..” ကော်နင်ယွဲ့ ပြောလိုက်ပြီး “ ပြီးတော့ မေမေက Burberry က ဘာဆိုတာလည်း သိမှာ မဟုတ်ဘူး… တကယ်လို့ မေးလာခဲ့ရင် တစ်ထည် ယွမ်နှစ်ရာပေးရတယ်ပဲပြောပေါ့… အမေက ဘာသိမှာကျလို့…”
“ အဲ့လိုဆိုတောင် ညီမတော့ မလုပ်ရဲပါဘူး… မေမေဝမ် ဆူမှာ ကြောက်တယ်…”
“ အဲ့တာဆိုလည်း ယောင်းမလေး လက်ဆောင်ဝယ်ပေးတယ်လို့သာ ပြောလိုက်… ငါတို့ မယူပါဘူးဆိုတာတောင် အတင်းဝယ်ပေးလိုက်တယ် ပြောလိုက်ရင် ဘာတတ်နိုင်မှာ… မေမေက ယောင်းမလေးဆို ဘာမှ ပြောမှာ မဟုတ်ဘူး…”
ကျီချင်းရန် ငိုရအခက် ရယ်ရအခက် ဖြစ်သွားခဲ့တော့၏။
ငါက ဘယ်လိုလုပ်ပြီး စတေးခံသိုးလေး ဖြစ်သွားခဲ့တာ…
မောလ်သို့ ရောက်သည်နှင့် လူခြောက်ယောက်မှာ ချက်ချင်း အုပ်စုနှစ်စု ကွဲသွားခဲ့လေသည်။
မိန်းကလေး လေးယောက်မှာ ရှေ့ဆုံးမှ အတူဦးဆောင်နေပြီး လင်းရီနှင့် ချိန်ရွှမ်းယွီကတော့ အုပ်စုနောက်မှ ဖြည်းညင်းစွာ လိုက်ပါလာခဲ့၏။
“ မင်းမှာ ကွန်ပျူတာ မရှိသေးဘူးမလား..” လင်းရီ မေးလိုက်ပြီး “ ခဏနေကျရင် တစ်လုံး သွားရွေးလိုက်…”
“ အာ.. အစ်ကို… မလိုပါဘူးဗျာ… ကျွန်တော်က တတိယနှစ်တောင် ရောက်နေပြီကို အဲ့တာတွေ မလိုတော့ပါဘူး…”
“ ဘာလဲ… မင်းက မင်းအစ်ကိုကို အပြင်လူလို သဘောထားနေတာလား…” လင်းရီ ပြောလိုက်ပြီး “ ငါအမေ့ကို ပေးထားတဲ့ ပိုက်ဆံတွေကလည်း ဂေဟာအတွက် သုံးပစ်လောက်ပြီ… မင်းအတွက် ကွန်ပျူတာ ဝယ်ပေးဖြစ်လိုက်မှာ မဟုတ်ဘူး… ခု ဝယ်ထားတော့လည်း မင်း နောက်ကျ လေ့လာတဲ့အခါ ပိုပြီး အဆင်ပြေတာပေါ့…”
“ ဟုတ် အစ်ကို… ကျေးဇူးပဲ…”
ချိန်ရွှမ်ယွီ အပြုံးလေးဖြင့် ပြောလိုက်သည်။ သူက လင်းရီထက် အရပ်အနည်းငယ် မြင့်နေသော်လည်း ရိုးကျိုးသည့် အမူအရာဖြင့် စကားပြောသည့် အခါ၌ ကုပ်ကုပ်လေး ဖြစ်နေသည့် သွင်ပြင်က မည်သူက အကြီး မည်သူက အငယ်ဖြစ်ကြောင်း ထင်းနေစေတော့သည်။
“ အစ်ကို… ကျွန်တော် တစ်ခုလောက် မေးလို့ရလား…”
“ ဘာလဲ…”
“ အစ်ကို့မှာ ပိုက်ဆံ ဘယ်လောက်တောင် ရှိနေတာ…. ယွမ်နှစ်သိန်းကျော် ပေးရတဲ့ အင်္ကျီ တစ်ထည်ဝယ်ဖို့တောင် မျက်တောင်တစ်ချက် မခတ်ဘူးဆိုတော့…..” ချိန်ရွှမ်းယွီ ပြောလိုက်ပြီး “ ကျွန်တော် အမေ့မေးကြည့်တော့လည်း မပြောပြဘူး… ကျွန်တော့်ကိုတောင် အစ်ကို့နား ပိုက်ဆံ မတောင်းရဘူးလို့တောင် ပြောလိုက်သေးတယ်…”
“ အမေပြောတာ ခေါင်းထဲထည့်မနေနဲ့..” လင်းရီ ပြောလိုက်ပြီး “ မင်းတို့ကောင်တွေ အကုန် လေဖြတ်ကုန်ရင်တောင် တစ်သက်လုံး ထောက်ပံ့ပေးထားဖို့ လုံလောက်တယ် ဟုတ်ပြီလား…”
“ ဒါဆို လူဆိုးဓားပြရန်ကို မကြောက်ဘူးလား… ကျွန်တော့်အထင်တော့ အစ်ကို သက်တော်စောင့်တစ်ချို့လောက်တော့ ငှားထားသင့်တယ်လို့ ထင်တယ်..”
“ မင်းလည်း ဇာတ်ကားကြည့်တာလေးတွေ လျှော့… ကျိုးဟိုင်လို နေရာမျိုးမှာ ဘယ်သူက အဲ့တာမျိုး လုပ်ရဲမှာ.... ”
ချိန်ရွှမ်းယွီ ရယ်မောပြီးနောက် တီးတိုးလေသံဖြင့် “ အစ်ကို… အစ်ကိုက ပိုက်ဆံ အရမ်းရှိတော့ အစ်ကိုကြီးကို ရှာပေးလို့ မရဘူးလား…”
“ သူ ထောင်ရှစ်နှစ် ကျနေတယ် မဟုတ်ဘူးလား… လွတ်ဖို့ သုံးနှစ်တောင် လိုသေးတာကို…”
“ မဟုတ်ဘူးဗျ…. ပြစ်ဒဏ်လျော့ပေါ့ပေးတဲ့ထဲ ပါသွားပြီး အစောကြီးကတည်းက လွတ်လာခဲ့ပြီ…”
“ ဟမ်… အဲ့တာကို ငါ ဘာလို့ မသိရတာ… ဒါနဲ့ မင်းက ဘယ်လိုလုပ်ပြီး သိတာ…”
“ ကျွန်တော် အိမ်ပြန်ရောက်တုန်းက အိမ်မှာ အဲ့ဒီအကြောင်း ပြောနေတဲ့ အသံ ကြားတာပဲ.. အစ်ကိုကြီး လွတ်သွားပြီဆိုတဲ့ အသံကြားတော့ အမေက မျက်ရည်သုတ်နေတာ…” ချိန်ရွှမ်းယွီ ပြောလိုက်ပြီး “ ကျွန်တော့်အထင် အမေ အစ်ကိုကြီးဆီ ထောင်ဝင်စာ သွားတွေ့တဲ့အချိန် ထောင်စောင့်က အစ်ကိုကြီး လွတ်ပြီးသွားတာကို ပြောလိုက်တာနေမယ်… လွတ်ပြီးတာ သုံးလတောင် ကျော်နေပြီ… ဒါပေမယ့် အစ်ကိုကြီးဆီကတော့ ဘာ သတင်းမှ မကြားသေးဘူး.. ဂေဟာကိုလည်း ပြန်မလာဘူး…”
“ အင်းပါကွာ… ငါပြန်ရောက်ရင် တစ်ချက် သွားကြည့်ပြီး တစ်ခုခု ကြံကြည့်လိုက်ပါ့မယ်…”
ပြောပြီးနောက် လင်းရီ သက်ပြင်းချလိုက်လေသည်။
“ ကျွန်တော်တို့ အစ်ကိုကြီးကို ရှာတွေ့နိုင်ရင်တော့ အကောင်းဆုံးပေါ့..” ချိန်ရွှမ်းယွီ ပြောလိုက်ပြီး “ အမေက အစ်ကိုကြီးကို အမြဲတမ်း ဆူငေါက်နေလို့ အထင်မလွဲလိုက်နဲ့… အမေလည်း ကျွန်တော်တို့ မသိအောင် သတိရနေတာပါပဲ…”
ချိန်ရွှမ်းယွီ ပြောနေသည့် အစ်ကိုကြီးဆိုသူက ဂေဟာ၏ ပထမအသုတ် စတင်မွေးစားသည့် ကလေး ဝူဖေးယွဲ့ပင်။
သူက အကြီးဆုံးသား ဖြစ်ပြီး လင်းရီထက်လည်း အသက်ငါးနှစ်ကြီး၏။
လွန်ခဲ့သည့် ငါးနှစ်ခန့်က ခိုက်ရန်ဖြစ်ပွားမှုကြောင့် ထောင်ရှစ်နှစ် ကျရန် အမိန့်ပေးခံခဲ့ရသည်။ သို့သော်လည်း သူ၏ ထောင်သက် သုံးနှစ်ကို အစိုးရမှ ပြန်လည်လျော့ပေါ့ပေးပြီး ထောင်မှ ထွက်လာခဲ့ပြီးနောက် ရန်ချိန်မှ ထွက်ခွာသွားခဲ့ကာ လူတိုင်းနှင့်လည်း အဆက်အသွယ် ဖြတ်တောက်ထားခဲ့၏။
“ ငါ နားလည်တယ်…” လင်းရီ ပြောလိုက်ပြီး “ ဟိုငေး ဒီငေး လုပ်မနေနဲ့… ခုက နှစ်သစ်ကူး… မင်းအတွက်လည်း အဝတ်တွေ သွားကြည့်ချည်…”
“ ဂေဟာမှာ ကျွန်တော်တို့အတွက် အဝတ်အစားတွေ ဝယ်ပေးထားပြီးသား မဟုတ်ဘူးလား… အမေ ကျွန်တော့်ကို တစ်စုံ ပေးထားပြီးပြီ… အဲ့တာပဲ ဝတ်လိုက်တော့မယ်…”
“ အဲ့တာတွေက ငါ ကျပန်း ဝယ်ထားတဲ့ဟာတွေ… လူကိုယ်တိုင်တောင် ဒီရောက်နေပြီးမှတော့ ငါ မင်းအတွက် အဝတ်ကောင်းကောင်းလေးတွေ ကြည့်ပေးမယ်…”
“ ဟုတ် အစ်ကို .. ကျေးဇူး…”
လူခြောက်ယောက်ပါသည့် အုပ်စုကြီးမှာ တစ်နေ့လည်ခင်းလုံး ဈေးဝယ်ထွက်ကြလေသည်။ ဒါဇင်ချီသည့် ပစ္စည်းများအား ဝယ်ယူခဲ့ပြီး အားလုံး စုပေါင်း တွက်ချက်လိုက်ချိန်တွင်တော့ ယွမ် ခုနစ်သန်းကျော်မျှ ကျသင့်သွားခဲ့၏။ လင်းရီလည်း အဲ့ဒီနေ့က တော်တော်လေးကို နှလုံးသွေး ယိုစီးကျသွားခဲ့လေသည်။
စားသောက်ဆိုင် တစ်ဆိုင်တွင် ညစာစားသောက်ပြီးနောက် လင်းရီ အားလုံးကို ကာရာအိုကေဆိုရန် လိုက်ပို့လိုက်သည်။ ည ကိုးနာရီလောက် ရောက်တော့ ကျိုကျုံးဗီလာထံ ပြန်လာခဲ့ကြ၏။
ကော်နင်ယွဲ့နှင့် ကျန်သူများမှ လင်းရီ နေထိုင်သည့် နေရာကို မြင်တော့ ရှော့ခ် အကြီးကြီး ရသွားခဲ့ကြပြီး“ အစ်ကို… ဒါက နင်နဲ့ ယောင်းမနဲ့ နေတဲ့ နေရာပေါ့… ဘာလို့ အရမ်းကြီး ခမ်းနားနေတာ… ညီမတို့ ဂေဟာထက်တောင်မှ ကြီးနေသေး…”
“ ဒါလည်း ခုကစပြီး ဒါ နင်တို့ရဲ့ အိမ်ပဲလေ…” ကျီချင်းရန် ဆက်လက်၍ “ နင် ကျိုးဟိုင်လာတဲ့အချိန်ကျရင် ဒီမှာ နေလို့ရတယ်…”
“ ဟီးဟီး ကျေးဇူးပါ မမ… “
ထိုညတွင်တော့ လင်းရီနှင့် ချိန်ရွှမ်းယွီတို့ စာကြည့်ခန်းထဲ၌ ဂိမ်းကစားကြပြီး ကျီချင်းရန်နှင့် ကော်နင်ယွဲ့တို့ကတော့ ဧည့်ခန်းထဲ၌ သူမတို့၏ ဘာသာဘာ၀ အလှကုန်ပစ္စည်းများအကြောင်း၊ အိုင်ဒေါ မင်းသားများအကြောင်း ဆွေးနွေးနေခဲ့ကြသည်။ အရာရာတိုင်းမှာ သူ့ဟာနှင့်သူ အဆင်ပြေပြေ ရှိနေကြလေသည်။
သို့သော်လည်း အိပ်ရာဝင်ချိန်ရောက်တော့ ကျီချင်းရန်မှ လင်းရီကို သူမအခန်းထဲ ခေါ်ကာ အတူအိပ်ရန် ပြောလာခဲ့၏။
လင်းရီ၏ မောင်နှမအားလုံးမှာ အိမ်ရောက်နေကြပြီး အကယ်၍ သူမတို့ နှစ်ယောက်က ခွဲအိပ်နေကြသည်ကို မြင်လျှင် လင်းရီအပေါ်၌ အရိုသေတန်သလို ဖြစ်သွားပေမည်။
ထို့ပြင် ယခုက သူမ လင်းရီနှင့် ပထမဆုံးအကြိမ် အတူ အိပ်သည်မျိုးလည်း မဟုတ်ပေ။
လင်းရီနှင့် အတူအိပ်စက်ရသည်မှာ သူမဖို့ အင်မတန် နှစ်လိုဖွယ်ကောင်းလှ၏။ တစ်ခါတစ်ရံ သူမဘက်က ထိုသို့သော အတွေးများ ရှိနေသော်လည်း ထုတ်ပြောရန် ရှက်ရွံ့နေခဲ့ရလေသည်။
နောက်တစ်နေ့နံနက်တွင်တော့ လင်းရီ နင်ယွဲ့တို့ တစ်သိုက်အား ကျိုးဟိုင်ရှိ အထင်ကရနေရာများသို့ လိုက်ပို့ပေးရန် ဟန်ပြင်လိုက်၏။ သို့သော်လည်း ကော်နင်ယွဲ့မှ လင်းရီ၏ ကုမ္ပဏီသို့သာ သွားလည်ချင်ပါသည်ဟု ဂျီထိုးနေလေရာ အဆုံးတွင်တော့ လင်းယွမ်အုပ်စုသို့ တစ်နေ့သာ လှည့်ပတ်ကြည့်ရှုသည့် ခရီးစဉ်အသွင် ကူးပြောင်းသွားခဲ့လေသည်။
…………….
ကော်နင်ယွဲ့နှင့် ကျန်သူများ၏ အထောက်အထားကိုလည်း သိတော့ လင်းယွမ်အုပ်စု၏ အောက်ခြေဝန်ထမ်းများမှအစ ထိပ်ပိုင်းရှိ အမှုဆောင် အဖွဲ့ဝင်များအဆုံး လူတိုင်းက ရိုသေမှုကြီးစွာဖြင့် ပြုမူဆက်ဆံကြတော့၏။
“ အစ်ကို … ညီမ ဟိုမှာ အလုပ်သွားလုပ်ရင်ကျတော့ ညီမဘေးနားက လူတွေပဲ ညီမကို ပတ်ခိုင်းနေကြတာ…ဒီနေ့ အစ်ကို့ဆီ အလည်လာတော့ လူတိုင်းက ခေါင်းညိမ့်ပြီး အရိုအသေးပေးနေကြတယ်… အရမ်း စိတ်ကျေနပ်ဖို့ ကောင်းတာပဲ…”
“ ဒါဆိုလည်း ကြိုးစား… ငါ့နာမည် သုံးပြီးတော့ သူများတွေကိုလည်း အနိုင်လိုက်ကျင့်မနေနဲ့ဦး…”
လင်းရီ၏ အမြင်တွင် သူကိုယ်၌က ချမ်းသာနေသော်လည်း ဂေဟာရှိ သူ့ ညီငယ် ညီမငယ်များကိုယ်တိုင် ကြိုးစားရန် လိုအပ်နေသေးလေသည်။
သူက တစ်ခဏမျှသာ ကူညီပေးနိုင်ပြီး တစ်သက်လုံး ကူညီပေးနိုင်သွားလိမ့်မည် မဟုတ်ပေ။
ကိုယ်ပိုင်ဆိုင်သည့် အရည်အချင်းကသာလျှင် ချမ်းသာမှုကို ဖန်ဆင်းရာ၌ အဓိက လိုအပ်သည့် အခြေအနေတစ်ရပ် ဖြစ်၏။
‘ ဒါပေသိ… သင်ပိုင်ဆိုင်ထားတာက စနစ်ဆိုရင်တော့ တစ်မျိုးပေါ့…’
“ ဟုတ် အစ်ကို… “ ကော်နင်ယွဲ့ ပြောလိုက်ပြီး “ဒါနဲ့ နောက်လေးရက်ဆို နှစ်သစ်ကူးရောက်ပြီ.. အစ်ကိုက ဘယ်အချိန်လဲ ပြန်လာမှာ… “
“ မနက်ဖြန်…. မင်းတို့နဲ့ အတူပြန်မယ်…”
လင်းရီ မူလက နှစ်ရက်သုံးရက်ခန့် ဆက်နေရန် စဉ်းစားထားသော်လည်း ချိန်ရွှမ်းယွီနှင့် ဝူဖေးယွဲ့အကြောင်းပြောဆိုပြီးနောက် ကြိုတင်သွားရန် ဆုံးဖြတ်ပြီး ဤကိစ္စကို ကိုင်တွယ်နိုင်ခြင်း ရှိမရှိ သွားကြည့်ပေမည်။
အကယ်၍ သူတို့အားလုံး လူစုံတက်စုံဖြင့် နှစ်သစ်ကူးနိုင်သည်ဆိုလည်း ကောင်းခြင်းတစ်ပါးပင် မဟုတ်ပါလော။
“ ငါ မနက်ဖြန် လုပ်စရာရှိတယ်… တကယ်လို့ မင်းတို့ ဘာမှ လုပ်စရာ မရှိဘူးဆို မင်းတို့ အစ်မ ကုမ္ပဏီကို လိုက်သွားပြီး သွားကူပေးလိုက်ကြ..” လင်းရီ ပြောလိုက်ပြီး “ ပြီးတာနဲ့ မင်းတို့ကို လာကြိုမယ်…. အဲ့တာပြီးရင် ရန်ချိန်ကို အတူပြန်ကြမယ်…”
“ ဟိုလေ..... အဲ့တာကျ…. ညီမတို့ရဲ့ အရည်အချင်းနဲ့ ယောင်းမကို ကူညီချင်တယ်ဆိုရင်တောင် ဘယ်လိုလုပ်ပြီး ကူညီပေးနိုင်မှာ…”
“ အဲ့မှာ တံမြက်လှည်း၊ သန့်ရှင်းရေးလုပ်၊ မှန်တွေသုတ်ပေါ့… အဲ့လောက်တော့ မင်းတို့တွေ လုပ်နိုင်ပါတယ်… ဟုတ်တယ်မလား…”
“ ရီ… နင်ဘာတွေ ပြောနေတာ.. ရုံးက သန့်ရှင်းရေး ဝန်ထမ်းတွေ အဲ့အလုပ် လုပ်ရမှာလေ.. သူတို့ လုပ်စရာ မလိုပါဘူး..”
“ သူတို့ အားနေမှတော့ အလုပ်ပေးထားတယ်ပဲ သဘောထားလိုက်ပေါ့….”
“ အိုကေလေ… ပြဿနာ မရှိပါဘူး…” ကော်နင်ယွဲ့ ပြောလိုက်ပြီး “ ညီမလည်း ယောင်းမရဲ့ ကုမ္ပဏီကို သွားလည်ချင်နေတာနဲ့ အတော်ပဲ…”
ထိုညတွင်တော့ နှစ်ယောက်သား ရေမိုးချိုး၍ အိပ်ရာဝင်လိုက်ကြသည်။
“ နင် ဒီတစ်ခေါက် နှစ်သစ်ကူး ခရီးစဉ်ကနေ ဘယ်တော့လောက်မှ ပြန်လာမှာ…” ကျီချင်းရန် တိုးညင်းစွာဖြင့် အိပ်ယာထဲ မေးလိုက်၏။