လင်းရီ .. နင် အရမ်း တရားလွန်သွားပြီ
Vol. 61 Ch. 914
“ အဲ့တာတော့ ပြောဖို့ ခက်တယ်… ငါ နှစ်သစ်ကူးပွဲတော် ငါးရက်မြောက်နေ့အထိပဲ နေချင်နေမယ်… ဒါမှမဟုတ် အဲ့ဒီထက်လည်း ကြာချင်ကြာမယ်…”
လင်းရီ တိကျသေချာသည့် အဖြေတစ်ခု မပေးလိုက်ချေ။
“ အမေကနှစ်တိုင်း အမျိုးအိမ်တွေ ဆွဲခေါ်ပြီး သွားလည်နေကြဆိုတော့ ဒီနှစ်လည်း လွတ်မယ် မထင်…”
“ ငါလည်း အဲ့လိုထင်တယ်…” ကျီချင်းရန် ပြုံးလိုက်ပြီး “ အရင်တုန်းကဆို နင် အရမ်းလည်း မအောင်မြင်သေးဘူး… အဲ့တာတောင် မေမေဝမ်က နင့်ကို အမျိုးတွေဆီ လိုက်ပြဖို့ စိတ်အားထက်သန်နေတယ်ဆိုတော့ ခု နင်ကိုယ်တိုင် နာမည် တစ်လုံးနဲ့ ဖြစ်လာပြီလေ… နင့်ကို ခေါ်ပြီး အမျိုးတွေဆီ လိုက်ကြွားဖို့က သူမအတွက် ပိုပြီး အရေးကြီးလောက်ရောပေါ့…”
“ ဒီလိုကိစ္စမျိုးတွေက အသက်ကြီးပိုင်း အမျိုးသမီးတွေအတွက် နေ့စဉ် ကိစ္စလိုကို ဖြစ်နေတာ… သူတို့ အတူဆုံမိလိုက်ပြီဆိုရင် ဆွေးနွေးလိုက်တိုင်း ဒီကိစ္စတွေချည်းပဲ - ငါ့ သမီးက ဘယ်ဘောစိနဲ့ ရည်းစားဖြစ်နေတာ… ငါ့သားက ဘယ်လို လစာကောင်းကောင်းနဲ့ အစိုးရဝန်ထမ်း ဖြစ်နေတာ… ဒါတွေပဲ အမြဲတမ်း အဲ့တာတွေချည်း သူ့ထက်ငါ အပြိုင်ပြောနေကြတာ..” လင်းရီ ပြုံးလျက် ပြောလိုက်သည်။
“ ကံကောင်းတာ ငါ့အဖေက တည်ငြိမ်ပြီး ဘယ်တော့မှ အဲ့ဒီ ကိစ္စတွေ မပြောလို့ပဲ… မဟုတ်လို့ကတော့ အိမ်မှာ အချိန်ပြည့် ဆူညံနေလောက်တယ်…”
“ အမျိုးသမီးတွေက အဲ့လိုတွေချည်းပါပဲ..”
“ ငါ့အမေဆိုလည်း ဘာထူးလို့… သူမ သူငယ်ချင်းတွေနဲ့ ဆုံတိုင်း ဘယ်လောက်ကောင်းတဲ့ သားမက် ရထားကြောင်း ထုတ်ကြွားနေတော့တာပဲ… မပြောဖို့ အကြိမ်ကြိမ်မှာထားရဲ့သားနဲ့လည်း အဲ့ဒီအကျင့်ဆိုးကြီးကို မဖျောက်ပစ်နိုင်ဘူး…”
“ ယောက္ခမကြီးက ကြွားနေတာ မဟုတ်ဘူး… အမှန်တရားတွေ ပြောနေတာ…”
“ ဟွန့်…. သူ့ကိုယ်သူကျ အမှန်တရားတဲ့…”
“ ဒါပေမယ့် မေမေဝမ်က နင့်ကို လိုက်ခေါ်လည်မယ်ဆိုရင် နင်လူတိုင်းကို ချေမှုန်းပစ်နိုင်လောက်တယ်… ဘယ်သူကမှ နင်နဲ့ မယှဉ်နိုင်ပဲကို…”
“ ငါလည်း အဲ့ဒီအတွက် ယုံကြည်ချက် အပြည့် ရှိပါတယ်..” လင်းရီ ဘဝင်ခိုက်စွာ ပြောလိုက်ပြီး “ ငါ့ဇာတိမြေကို ရောက်ရင် ငါက ရွာမှာ အချောဆုံး အခန့်ညားဆုံး ကာလသားပဲ…. အသစ်စက်စက် အိမ်ထောင်ကျပြီးသား ကညာပျိုလေးတွေတောင် ငါ့ကို နှစ်ခါလှည့်မကြည့်ပဲ နေနိုင်မှာ မဟုတ်ဘူး..”
“ နင် တစ်ယောက်လောက် ရမရ ကြိုးစားကြည့်ပါလား…”
“ အိုး… လင်းကတော်က အရမ်းတွေ စိတ်သဘောထား ပြည့်ဝနေတယ်ပေါ့…”
“ ငါကတော့ ဂရုမစိုက်ပါဘူး… ဒါပေမယ့် မေမေဝမ် ဂရုစိုက်မစိုက်တော့ ငါလည်း မပြောတတ်ဘူး…”
“ မင်းက အမေနဲ့ တစ်ဖက်တည်းပေါ့…… အမေက ဂရုမစိုက်မှပဲ ထူးဆန်းနေလိမ့်မယ်…”
“ ဟမ့်… နင်သိ ပြီးတာပဲလေ…”
ထိုညတွင်တော့ ကျီချင်းရန် လင်းရီကို ပန်ဒါဝက်ဝံကြီးအား ဖက်အိပ်နေရသကဲ့သို့ အားပါးတရ ပွေ့ဖက်ရင်း နှစ်ခြိုက်စွာ အိပ်ပျော်သွားခဲ့တော့သည်။
လင်းရီရင်ထဲ ကျီချင်းရန်နှင့် မခွဲခွာချင်သော်ငြား သူတတ်နိုင်သည်က ဘာမျှ မရှိပေ။ နှစ်သစ်ကူးပွဲတော်မှာ ဟွာရှ ရိုးရာ အစဉ်အလာပွဲတော်များရှိ အရေးကြီးဆုံး ပွဲတော်တစ်ခုဟု ပြော၍ရပြီး လူတိုင်းကလည်း အိမ်ပြန်၍ မိဘများနှင့်အတူ နှစ်သစ်ကူးကြလေ့ရှိလေသည်။
ကျီချင်းရန်ကတော့ သူမကိုယ်သူမ နှစ်သိမ့်ခြင်း၌ အင်မတန်ထူးချွန်ပေသည်။ မည်သို့ပင်ဆိုစေ မရှိခြင်းကလည်း လူကိုပို၍ ခုံမင်စွဲလန်းစေအောင် ပြုလုပ်ပေးသည် မဟုတ်ပါလား။
နောက်တစ်နေ့နံနက် ကော်နင်ယွဲ့နှင့် ကျန်သူများအားလုံး ကျီချင်းရန်နှင့်အတူ ချောင်ရန်အုပ်စုထံသို့ လိုက်ပါသွားခဲ့ကြသည်။ လင်းရီ သူ ကြိုတင် ဝယ်ယူထားသည့် လက်ဆောင်ပစ္စည်းများအား ပိုက်၍ ရှန်းထျန်းကျိုးနှင့် လီတိုဂရပ်ဖီစက်အကြောင်း ဆွေးနွေးရန် သုတေသန စင်တာသို့ မောင်းထွက်လာခဲ့လေသည်။
“ မင်း လာချင်တဲ့အချိန်လာလို့ရပါတယ်ကွာ… ဘာလို့ အဲ့လောက်တောင် အများကြီး ဝယ်လာခဲ့တာ… အပြင်လူလည်း မဟုတ်ပဲနဲ့ကို…” ရှန်းထျန်းကျိုး အပြုံးလေးဖြင့် ပြောလိုက်၏။
“ ဘာတန်ဖိုးကြီးတာမှ မပါပါဘူးဗျာ… ဒီတိုင်း ယူထားလိုက်ပါ…”
“ Buberry ရဲ့ ဈေးအပေါဆုံး မာဖလာကတောင် ယွမ် သောင်းဂဏန်းရှိတယ်… မင်း ဘယ်လိုများ တန်ဖိုး မရှိဘူးလို့ ပြောရက်ပါလိမ့်…” ပြောပြီးနောက် ရှန်းထျန်းကျိုး အရွှန်းဖောက်သည့် လေသံဖြင့် “ ငါတော့ မင်းတို့ စီးပွားရေးလုပ်ငန်းရှင်တွေကို တကယ်မနာလို ဖြစ်လာပြီဟေ့... ဟားဟား….”
“ ဒါရိုက်တာရှန်း… ကျုပ်ကို နောက်မနေစမ်းပါနဲ့… ကျုပ်က ခင်များရှေ့မှာဆို ပါမွှား ယင်ကောင်လေးပါပဲ….”
“ အဲ့လောက်ကြီးလည်း နိမ့်ချနေစရာမလိုပါဘူး… ငါ အောင်မြင်ပြီးတဲ့လူတွေ တော်တော်များများနဲ့ တွေ့ဖူးတယ်.. ဒါပေမယ့် ဘယ်သူမှတော့ မင်းလို နှစ်ဆယ် အစောပိုင်း မရှိကြဘူးကွ… မင်း ငယ်ရွယ်တုန်းမှာ ထင်ထင်ပေါ်ပေါ်နေ၊ ခပ်ကြွားကြွားနေသင့်တယ်… မဟုတ်လို့ကတော့ ငါ့လို အဘိုးကြီး အရွယ်ရောက်လာရင် အဲ့လို ထင်ပေါ်ချင်ရင်တောင် မရတော့ဘူး..”
“ စစ်မှန်တဲ့ ပညာရှိစကားပဲ..” လင်းရီ ပြောလိုက်ပြီး “ လူတိုင်းက ငယ်ရွယ်ပြီး ထူးချွန်ရင် နိမ့်နိမ့်ချချ နေတာကို သဘောကျတတ်ကြတယ်…ဒါပေမယ့် ဒါရိုက်တာရှန်း တစ်ယောက်တည်း ငယ်ရွယ်တုန်း ခပ်ကြွားကြွားနေလို့ ဆုံးမတာ ကြားဖူးတာပဲ… ကြည့်ရတာတော့ ဒါရိုက်တာရှန်းငယ်ငယ်က အိမ်မှာနေရတာ မကြိုက်တဲ့ သားလိမ္မာလေး ဖြစ်မယ်နဲ့တူတယ်…”
“ အဲ့တာ ငယ်တုန်းက ကိစ္စတွေပါကွာ… အဲ့အကြောင်းတွေ ဆက်မပြောကြစို့…” ရှန်းထျန်းကျိုး ပြောလိုက်ပြီး “ မင်း ငယ်တုန်းပဲ မင်းလုပ်ချင်တာ လုပ်လို့ရတာ.. နည်းနည်းလေး မဆင်မခြင် ဖြစ်သွားလည်း ကိစ္စမရှိဘူး…”
“ သင်ပြပေးတဲ့အတွက် ကျေးဇူးပါ ဒါရိုက်တာရှန်း..” လင်းရီပြောလိုက်ပြီး “ အနာဂတ်ကျ ကျုပ် ဘာလို့ အပြင်မှာပဲနေလဲ ကျုပ်ဇနီးမေးလာခဲ့ရင် ဒါရိုက်တာရှန်း သင်ပေးတာလို့ပဲ ပြောလိုက်တော့မယ်…”
“ ဟေ့ကောင်… မင်း ငါ့ကို အဲ့လို အပြစ်ပုံချလို့တော့ ဘယ်ရမှာ… တကယ်လို့ ဥက္ကဌကျီ သိသွားရင် ငါ့ကို လာရန်တွေ့လောက်တယ်… ဟားဟား…..”
နှစ်ယောက်မှာ အာလာပသလာပ အနည်းငယ် ပြောဆိုပြီးနောက် လင်းရီ အလုပ်ကိစ္စ ဆွေးနွေးရန် လမ်းကြောင်းဖောက်လိုက်၏။
“ ဘော့စ်ရှန်း… ကျုပ်ဘက်ကတော့ အလင်းအရင်းမြစ် ပြဿနာကို ဖြေရှင်းပြီးသွားပြီ… ဘော့စ်ရှန်း စကားဆိုလိုက်တာနဲ့ Cymer က သူတို့ ပစ္စည်းတွေကို တင်ပို့ပေးဖို့ အသင့်ပဲ… ကျန်တာကတော့ ဘော့စ်ရှန်းပေါ် မူတည်တော့တယ်နော…”
“ ဟမ်… အဲ့လောက် အမြန်ကြီး ကိုင်တွယ်ပြီးသွားပြီပေါ့…”
“ ဒါ မြန်တယ် မခေါ်သေးဘူး.. ကျုပ်သာ နည်းနည်းလေး ပိုပြီး တွန်းအားပေးလိုက်ရင် သည့်ထက်တောင် မြန်ဆန်သွားဦးမယ်..” လင်းရီ ပြောလိုက်ပြီး “ နောက်ပြီး အဲ့တာအပြင်ကို ကျုပ် Intel ရဲ့ ရှယ်ယာ ၁၁ ရာခိုင်နှုန်းလည်းရထားသေးတယ်…. ဒါနဲ့ဆို ကမ္ဘာ့ဈေးကွက်ကနေ အစိတ်အပိုင်းတစ်ချို့လောက် ဝယ်ယူနိုင်မယ်ထင်တာပဲ.. အချိန်ရရင် စာရင်း တစ်ခုလုပ်ထားလိုက်… ကျုပ် ရနိုင်အောင် အကောင်းဆုံး ကြိုးစားပေးမယ်.. မရတော့လည်း ကိုယ့်ဘာကိုယ် တီထွင်ကြံဆကြတာပေါ့…”
“ မင်းက Intel ရဲ့ရှယ်ယာတွေလည်း ရထားသေးတယ်…”
ရှန်းထျန်းကျိုး ပါးစပ်ပင် မစေ့နိုင်လောက်သည်အထိ ကြက်သေသေသွားခဲ့တော့၏။
“ အင်း ကျုပ်လည်း မထင်ထားဘူး… အပို ဘောနပ်စ်ရခဲ့တာပေါ့..”
“ ကြည့်ရတာတော့ ငါမင်းနဲ့ အတူ ဟွာရှပြန်ဖို့ ဆုံးဖြတ်ခဲ့လိုက်တာ မှန်တဲ့ ဆုံးဖြတ်ချက် ဖြစ်သွားတာပဲ… မင်းက တကယ့်ကို အံ့အားသင့်ဖို့ ကောင်းလွန်းတယ်…” ရှန်းထျန်းကျိုးမှ ချီးမွမ်းသည့် အပြုံးဖြင့် ပြောလိုက်သည်။
“ ဒါရိုက်ရှန်းက မြှောက်ပင့်လွန်းနေပါပြီ.. ဒါ ကျုပ်လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စပဲလေ…”
“ အင်း…. ဒါဆို ငါ့ဘက်က လုပ်ငန်းစဉ်ပဲ နှေးကွေးနေတာပေါ့..” ရှန်းထျန်းကျိုး စက္ကန့်အနည်းငယ်ကြာအောင် စဉ်းစားလိုက်ပြီး “ ငါ့ကို နောက်သုံးလ အချိန်ပေး…အဲ့လောက်ဆို နည်းပညာ အခက်အခဲတွေကို ဖြေရှင်းပြီးလောက်ပြီ… ဒါပေမယ့် နောက်ပိုင်း ချွတ်ယွင်းချက် ရှာဖွေတာနဲ့ တပ်ဆင်တဲ့ အပိုင်းကတော့ အချိန် တော်တော်လေး ကြာလိမ့်မယ်… အဲ့လိုပြောခါမှ ငါတို့ လီတိုဂရပ်ဖီစက်ကို အောင်အောင်မြင်မြင်နဲ့ ဖန်တီးနိုင်ပြီ ဆိုတဲ့အကြောင်း အများသိအောင် ကြေညာပြီး ပြည်တွင်း လျှပ်ကူးတစ်ပိုင်းနယ်ပယ်က ကုမ္ပဏီတွေကို စိတ်အားတက်ကြွအောင် လုပ်ပေးလို့ရတာပဲလေ… အဲ့အချိန်ကျ ရှယ်ယာ ဈေးနှုန်းတွေလည်း တစ်ဟုန်ထိုး မြင့်တက်လာမယ်… ဒါပေမယ့် နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုတွေနဲ့ ပတ်သက်ပြီးကတော့ ဂရုစိုက်သင့်တယ်…”
“ ကျုပ်ဘက်က တွေးထားပြီးသားပါ.. အဲ့တာက ပြဿနာမဟုတ်ဘူး…”
ရှန်းထျန်းကျိုး ခေါင်းညိမ့်လိုက်သည်။
“ ငါ သိပ်မကြာခင် လူသစ် နောက်တစ်အုပ်စု ခေါ်ဖို့ စီစဉ်ထားတယ်… ပြီးရင် ပစ္စည်းတချို့ ထပ်ဝယ်ပြီး သုတေသနကို အရှိန်အဟုန်မြင့်မယ်.. အဲ့ဒီအတွက် ရန်ပုံငွေ ပမာဏအများကြီးကလည်း လိုအပ်လာဦးမှာပဲ… အချိန်ကျရင် ငါမင်းကို ကြိုပြီး အသိပေးမှာပါ..”
“ ဘော့စ်ရှန်း… ကျုပ် ခင်များကို ပိုက်ဆံနဲ့ပတ်သက်ပြီး စိတ်ကြိုက်သုံးဖို့ ပြောထားပြီးသားလေ… ဘယ်သူ့ကိုမှ တောင်းဆိုနေစရာမလိုဘူး.. ကျုပ်တို့ လီတိုဂရပ်ဖီစက် ရဖို့ကပဲ အရေးကြီးတယ်…”
“ ငါ နားလည်ပြီ… “
အလုပ်ကိစ္စ ဆွေးနွေးပြီးနောက် လင်းရီ မတ်တပ်ထရပ်လိုက်သည်။ သို့သော်လည်း သူ တံခါးဖွင့်ပြီးနောက် ရုတ်တရက် ရပ်တန့်သွားကာ နောက်သို့ ပြန်လှည့်ကြည့်၍ “ လီတိုဂရပ်ဖီစက်က အရေးကြီးတယ်ဆိုပေမယ့် ကိုယ့်ကျန်းမာရေးကိုလည်း အထိခိုက်ခံမနေနဲ့ဦး…"
“ ငါ့အကန့်အသတ် ငါသိပါတယ်ကွာ… စိတ်မပူနဲ့…” ရှန်းထျန်းကျိုး အသိအမှတ်ပြု ကျေးဇူးတင်စွာဖြင့် ပြုံးလျက် ဆိုလိုက်သည်။
စင်တာမှ ထွက်လာခဲ့ပြီးနောက် လင်းရီ ရှန်းရှူးရီထံ ဖုန်းဆက်လိုက်လေသည်။
ပရောဂျက်၏ လျှို့ဝှက်မှုအား အပြည့်အဝ သေချာထိန်းသိမ်းနိုင်ရန်အလို့ငှာ လင်းရီ သူမအား အစိတ်အပိုင်းများ ဝယ်ယူသည့်အပိုင်းကို ကိုင်တွယ်စေလိုက်သည်။
ချီရှန်းကျောက်မှာ လုပ်ရည်ကိုင်ရည်ရှိသော်လည်း လင်းယွမ်အုပ်စု၏ အနေအထားက သူ၏ လုပ်နိုင်စွမ်းများကို အတိုင်းအတာ တစ်ခု အထိ ကန့်သတ်ထားလေသည်။
ပြည်တွင်းဈေးကွက်၌ အရာရာကို လွယ်လင့်တကူ ကိုင်တွယ်နိုင်သော်လည်း နိုင်ငံတကာ စီးပွားရေး လုပ်ငန်းများ ပါဝင်ပတ်သက်လာချိန်တွင်တော့ သူ၏လက်များအား ချုပ်နှောင်ခံထားရသလို ဖြစ်သွားပေလိမ့်မည်။
သို့သော်လည်း ရှန်းရှူးရီနှင့် သူမ၏ လက်အောက်ငယ်သားများကတော့ ခြားနား၏။
သူတို့အားလုံးက နိုင်ငံတကာ စီးပွားရေး ဈေးကွက်၌ နှစ်ပေါင်းများစွာ ကျင်လည်နေကြသည့် ကျွမ်းကျင်သူများ ဖြစ်ကြသည်။ ထို့ကြောင့် ခြေရာလက်ရာ မချန်ထားရစ်ခဲ့ပဲ လွယ်ကူစွာဖြင့် ကိုင်တွယ်နိုင်မည်မှာ လုံးဝ သေချာပေါက်ပင်။ ရှန်းရှူးရီနှင့် နာရီဝက်ခန့် စကားပြောပြီးနောက် အရာအားလုံး စီစဉ်သတ်မှတ်သွားခဲ့ပြီးလေပြီ။ ဤတစ်ကြိမ်၌ လင်းရီ၏ ကိစ္စများ ကိုင်တွယ်သည့် နည်းလမ်းကို ရှန်းရှူးရီ ထပ်မံ၍ အသိအမှတ်ပြုလိုက်ရ၏။
ရှန်းရှူးရီ၏ ဖုန်းကို ချပြီးနောက် လင်းရီ တိတ်ဆိတ်သည့် နေရာတစ်ခု ရှာ၍ နှစ်ကုန်အနှစ်ချုပ် မှတ်တမ်းတစ်ခု ရေးဆွဲနေလိုက်သည်။
ယခု အချိန်တွင်တော့ အရာရာတိုင်းက ချောချောမွေ့မွေ့နှင့် တက်လှမ်းနေလေသည်။
အာယာနဲ မစ်ဆူကသာလျှင် အလားအလာရှိသည့် တစ်ခုတည်းသော ခြိမ်းခြောက်မှု တစ်ခု ဖြစ်၏။
ဂိုအီချီမစ်ဆူ သေဆုံးပြီးနောက် သူမ လင်းရီအား နောက်တစ်ကြိမ် ထပ်လာမရှာတော့ပေ။ ဤသည်က မုန်တိုင်းမလာခင် ငြိမ်သက်နေသလိုမျိုး ခံစားရစေတော့၏။
ကလင် ကလင် ကလင်…
လင်းရီ ထိုကိစ္စများ တွေးတောနေစဉ် လျန်ရူရွှယ်မှ ဆက်သွယ်လာခဲ့၏။ သို့သော်လည်း သူ စကားမစရသေးခင် လျန်ရူရွှယ်မှ ဒေါသတကြီးဖြစ်နေသည့် လေသံဖြင့်
“ လင်းရီ .. နင်အရမ်း တရားလွန်နေပြီ…”