တိမ်ပင်လယ်ကမ္ဘာမှ ထွက်ခွာခြင်း
Vol. 57 Ch. 4.367
လုရွှမ် တိတ်တဆိတ် ခေါင်းညိတ်ပြလိုက်သည်။ ဖန်းမင်ယန် ပြန်လာပြီးနောက် ပြဿနာတက်လိမ့်မယ်လို့ သူထင်ခဲ့သော်လည်း ကျိုးရန်ဧကရာဇ် အင်ပါယာက အခြားမိသားစုကြီး လေးခုဟာ ဒီလောက် ပြတ်ပြတ်သားသား ပြုမူလာလိမ့်မယ်လို့ သူ မထင်ထားခဲ့ပေ။
ဒါပေမဲ့ ဧကရာဇ်ကျိုးရန်ရဲ့ မျက်နှာကို စိတ်ပူပြီး ဖန်းမိသားစုကို အမှန်တကယ် အမြစ်ပြတ်အောင် မလုပ်ဝံ့ဘူးဆိုတာတော့ ထင်ရှားပါသည်။ ဖန်းမိသားစုသည် အင်ပါယာမှာ ဧကရာဇ်ကျိုးရန်၏ မျက်နှာသာ ရထားပေမယ့် သူတို့ အမှန်တကယ် ရက်စက်ကြမ်းကြုတ်စွာ ပြုမူရဲပါက လုရွှမ်ရှိလျှင်ပင် ဘယ်သူမှ လုပ်ဝံ့ကြမည် မဟုတ်ပေ။
လုရွှမ်ကတော့ ရလဒ်ကို ကျေနပ်နေပြီ ဖြစ်သည်။ တရားခံမှာ ဖန်းမင်ယန် ဖြစ်တာကြောင့် သူအသတ်ခံရပြီးရင် ကိစ္စတစ်ခုလုံး ပြီးသွားပြီ ဖြစ်သည်။
အထူးသဖြင့် ပြင်ပကမ္ဘာက လူတွေ လာနေပြီဆိုတော့ စည်းလုံးညီညွတ်သင့်ပြီလေ။ မဟုတ်ရင် တခြားသူတွေ ကျူးကျော်လာဖို့ ပစ်မှတ် ဖြစ်သွားမယ်။ တိမ်ပင်လယ်နယ်မြေမှာ စွမ်းအင် အရင်းအမြစ်များ အလွန်နည်းပါးလွန်းလို့ လူများက ၎င်းကို အလေးအနက် မထားသော်လည်း အကာအကွယ် အင်အားရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ အကျိုးဆက်များက လုံးဝ ကွဲပြားသည်။
သို့သော် လုရွှမ် စိတ်ငြိမ်သက်စွာဖြင့် ထွက်ခွာသွားပြီး တခြားကမ္ဘာငယ်လေးများကို သွားကြည့်ဖို့ ဆုံးဖြတ်ကာ ထွက်ခွာဖို့ ပြင်ဆင်လိုက်၏။
အဲဒီကမ္ဘာငယ်လေးတွေဆီ သွားကြည့်ဖို့ မသွားခင် လုရွှမ် သူ့သူငယ်ချင်းတွေနဲ့တော့ တွေ့ချင်သေးသည်။
သို့သော် ထွက်သွားခါနီးမှာ ပြဿနာရှာတဲ့ သူတစ်ယောက် ရောက်လာခဲ့၏။ လုရွှမ် နောက်ပြန် လှည့်ကြည့်လိုက်တော့ စားသောက်ဆိုင်ထဲက ဧည့်သည်တွေ ထွက်သွားနေပြီ ဆိုတာ တွေ့လိုက်ရသည်။
"ကောင်လေး.... မင်း"
လုရွှမ် လက်ထဲတွင် ရုတ်တရက် ဓားတစ်ချောင်း ပေါ်လာပြီး ဝေ့ယမ်း ခုတ်ထစ်လိုက်သော် ထိုလူမှာ သူ့စကားမဆုံးခင်တွင်ပင် နှစ်ပိုင်းပြတ်သွားအောင် အခုတ်ခံလိုက်ရပြီး မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။
"နောက်ထပ် ဘယ်သူရှိသေးလဲ?"
ထူးထူးဆန်းဆန်း အော်ဟစ်သံများ ထွက်ပေါ်လာကာ လူတိုင်းသည် ချက်ချင်းဆိုသလို ထွက်ပြေးသွားကြသည်။
"ရှောင်ပိုင် သွားရအောင်!"
လုရွှမ် အချိန်ဖြုန်း မနေချင်တာကြောင့် ရှောင်ပိုင်နဲ့အတူ ကောင်းကင်သို့ ပျံတက်သွားလေသည်။
"သြော်.... ငါ့နာမည်က လုရွှမ်ပါ"
အဝေးက အသံတစ်ခု ထွက်ပေါ်လာပြီးနောက် လုရွှမ်သည် ခြေရာလက်ရာမရှိဘဲ လုံးဝ ပျောက်ကွယ်သွားခဲ့လေသည်။
ဆယ်ရက်အကြာတွင် လုရွှမ်သည် ရွှမ်ယွီဂိုဏ်းသို့ ပြန်ရောက်လာခဲ့ပြီး လျှို့ဝှက်စာအုပ်များနှင့် သူ့ကိုယ်ပိုင် အသိဥာဏ်များစွာကို ချန်ထားခဲ့ကာ နတ်ဆိုးမျိုးနွယ်ဘက်တွင် ဖြစ်ပျက်ခဲ့သမျှ အားလုံးကို ပြောပြကာ တိတ်ဆိတ်စွာပဲ ထွက်ခွာသွားခဲ့သည်။
တစ်နှစ်ခွဲ အကြာတွင် လုရွှမ် ထျန်းလုံဧကရာဇ် အင်ပါယာသို့ တစ်ဖန် ပြန်လည် ရောက်ရှိလာခဲ့သည်။
ယခုအခါ တစ်စုံတစ်ယောက်သည် သူတော်စင်တစ်ပိူင်း ကမ္ဘာရှိ အာကာသ ဥမင်လိုဏ်ခေါင်းကို ဖြတ်ကျော်ပြီး ကျိုရန်ဧကရာဇ် အင်ပါယာရှိ လုရွှမ်ရဲ့ အဖြစ်အပျက်ကို ပြန်လည် ပြောပြခဲ့ရာ ထျန်းလုံဧကရာဇ် အင်ပါယာမှ လူတိုင်းသည် လုရွှမ်ဟာ လွန်ခဲ့သော နှစ်ပေါင်းသုံးရာခန့်က အရူးဧကရာဇ် ခွမ်ကျွင်း ဖြစ်ကြောင်းကို သိရှိခဲ့ကြရသည်။
လုရွှမ်သည် မင်းသမီးပိုင်လုံ၊ အရည်အချင်းရှိ အမျိုးသမီးလေးယောက် နှင့် အလုပ်သင် နှစ်ယောက် အပါအဝင် သူငယ်ချင်းများစွာနှင့် တွေ့ဆုံခဲ့ပြီး တချို့သော အရာများကို သင်ကြားပြီးနောက် ပြန်ထွက်သွားခဲ့သည်။
မကြာမီတွင် ထျန်းလုံဧကရာဇ် အင်ပါယာရဲ့ ထီးနန်းကို မင်းသမီးပိုင်လုံက ဆက်ခံမည်ဟု ကြေငြာခဲ့သည်။ ထျန်းလုံကျောင်းတော်ရဲ့ ကျောင်းအုပ်ကြီးဟာ အမည်ခံ ကျောင်းအုပ်ကြီး ဖြစ်လာပြီး ထိုရာထူးမှာ လစ်လပ်သွားခဲ့သည်။ သူသည် အနာဂတ်တွင် တစ်စုံတစ်ယောက် မဟာသူတော်စင် ဖြစ်လာမှသာလျှင် အရည်အချင်း ပြည့်မီမှာ ဖြစ်သည်။
နှစ်အနည်းငယ် အကြာတွင် လုရွှမ် မြို့ထောင်ချီ မဟာမိတ်သို့ ပြန်လာခဲ့သည်။ လုရွှမ် သူ့လက်အောက်ငယ်သားများ အများအပြားနှင့် တွေ့ဆုံခဲ့ပြီး ရတနာတချို့ကို ချန်ထားခဲ့သည်။ နောက်ဆုံးအကြိမ် သူငယ်ချင်းများနှင့် တစ်ကြိမ် တွေ့ဆုံပြီးနောက်တွင် နယ်မြေ ဖြတ်ကျော်သော တံဆိပ်ပြားကို တိုက်ရိုက် အသက်သွင်းပြီး တိမ်ပင်လယ်နယ်မြေမှ ထွက်ခွာသွားခဲ့သည်။
သူ့တစ်ကိုယ်လုံး နာကျင်ကိုက်ခဲမှုကြောင့် လုရွှမ် နိုးလာခဲ့သည်။ ကောင်းကင်တွင် နီရဲနေသော နေရောင်ကို ကြည့်လိုက်ရင်း သူ့အသားအရေက ပူလောင်လာ၏။ လည်ချောင်က အသက်ရှုကြပ်သလို၊ အန်ထွက်ချင်လောက်အောင် ဆိုးရွားလှတဲ့ အနံ့အသက်ဆိုးတွေနဲ့ ပြည့်နှက်နေတဲ့ နေရာတစ်ခုကို ရောက်သွားခဲ့သည်။
သူ လေပေါ်တွင် ဖြတ်သန်း သွားလာနေခဲ့တာကို သတိရပါသေးသည်။ ရုတ်တရက် အာကာသ တုန်ခါမှုကို ခံစားလိုက်ရပြီး အင်မတန် ကြီးမားသော စွမ်းအားတစ်ခုက လုရွှမ်ကို ရိုက်ခတ်လာခဲ့ရာ သူက သူတော်စင်အဆင့်တွင်သာ ရှိသေးတာကြောင့် တစ်ခါတည်း မေ့လဲသွားခဲ့သည်။
သတိလစ်နေရာက နိုးလာတော့ မထင်မှတ်ပဲ ဒီနေရာကို ရောက်နေခဲ့၏။
ဟိုဟိုဒီဒီ ကြည့်ရင်း အန်ထွက်လုမတတ် ဖြစ်သွားသည်။ သူ့နံဘေးမှာ လူသေ အလောင်းတွေက ပုပ်ပွနေတာပဲ။ အနံ့အသက်ဆိုးတွေ ထွက်လာတာ အံ့သြစရာတော့ မဟုတ်တော့ပေ။
မတ်တပ်ရပ်ဖို့ ရုန်းကန်လိုက်တော့ ပါးစပ်က သွေးတွေ ထွက်ကျလာတယ်။ သူ ဒဏ်ရာ ပြင်းပြင်းထန်ထန်ရပြီး အနည်းဆုံး ခဏလောက် ပြန်ကောင်းလာဖို့ လိုအပ်မှန်း သိလိုက်သည်။ လုရွှမ် စိတ်ရှုပ်သွားသည်။
တကယ်ပဲ ဘာဖြစ်သွားခဲ့တာလဲ? ဒီနေရာက ဘယ်ကမ္ဘာမှာလဲ?
ရွှီး!
ရှည်လျားတဲ့ မြှားတစ်စင်းက အလင်းတန်းကြီးတစ်ခု ဖန်တီးပြီး လုရွှမ်ရဲ့ ခေါင်းပေါ်ကနေ ဖြတ်ကျော်သွားကာ ကောင်းကင်က ငှက်ကြီးတစ်ကောင်ဆီ ပစ်လွှတ်လိုက်လေသည်။
လုရွှမ်လည်း ငှက်ကြီးက သူ့ဦးခေါင်းထက် မနီးမဝေးမှာ ရှိနေခဲ့တာကို တွေ့ရတော့ အံ့အားသင့်သွားခဲ့သည်။ အဲဒီငှက်ကြီးရဲ့ အသွင်အပြင်ကို ကြည့်လိုက်ပါက အနှေးနဲ့အမြန် သူ့ကို ဖမ်းမိတော့မည်မှာ သေချာလေသည်။ သူ့လက်ရှိအခြေအနေနဲ့ မသေရင်တောင် ဒဏ်ရာအပြင်းအထန် ရသွားလိမ့်မည်။
လှေငယ်တစ်စင်း လေထဲတွင် ရပ်တန့်သွားပြီး ငှက်ကြီးတစ်ကောင်ကို ကောက်ယူလိုက်၏။
"အိုး.... မသေသေးတဲ့သူ ရှိနေတုန်းပဲကိုး... ငါပြောပါတယ် တိမ်လွှာငှက်တစ်ကောင်က ပုပ်နေတဲ့ အသားကို စိတ်ဝင်စားမှာ မဟုတ်ပါဘူးဆို"
လှေငယ်လေးထဲက ၀င်ပေါက်နှင့် အလွန်နီးကပ်နေသော နေရာမှ အသံလေးတစ်သံ ထွက်ပေါ်လာသည်။ လုရွှမ်လည်း တစ်ဖက်လူကို အမြန် ကျေးဇူးတင်လိုက်သည့။
"ကျေးဇူးတင်ပါတယ် မိန်းကလေး"
"ရှင် ဒဏ်ရာ အပြင်းအထန် ရထားတာကို ကြည့်လိုက်ရင် အာကာသထဲ လျှောက်သွားနေတုန်းက ထိခိုက်သွားတာ ထင်တယ်... ရှင် မသေတာ ကံကောင်းသွားတာပေါ့... ဒီကို တက်လာခဲ့ပါ ကျွန်မဆုံဖို့ ရေစက်ရှိတယ် ထင်ပါတယ်"
လုရွှမ် နောက်တွင် အလင်းတန်းတစ်ခု လင်းလက်လာပြီး သူ့ကို လှေထဲသို့ ခေါ်ဆောင်သွားသည်။
လှေထဲသို့ ဝင်ပြီးနောက် လုရွှမ်လည်း လှေက အသေးစား အဆောက်အဦး တစ်ခုဖြစ်ကြောင်း တွေ့လိုက်ရတာကြောင့် အံ့သြသွားခဲ့သည်။ လှေထဲက ဧရိယာဟာ အလွန်ကျယ်သောကြောင့် အပြင်မှာ မြင်ရသည်ထက် အဆတစ်ရာ ပိုကြီးလေသည်။
အထဲတွက် ခြံဝင်းများစွာရှိပြီး အခန်းတွေကလည်း အထပ်ထပ်ဖြင့် အလွန် ခမ်းနားလှသည်။
အစေခံ အဝတ်အစား ဝတ်ထားသော ကလေးမလေးတစ်ယောက် ထွက်လာခဲ့သည်။ သူမက အသက် ၁၆နှစ် သို့မဟုတ် ၁၇နှစ်ခန့် ရှိပြီဖြစ်သည်။ သူမရဲ့အဆင့်မှာ သူတော်စင်တစ်ပိုင်း အဆင့်၅ ဖြစ်သော်လည်း ရောင်ဝါက အံ့မခန်းပင်။
"ဒီလူငယ်လေး ကျေးဇူးပြုပြီး အဝတ်လဲခန်းကို အရင်သွားသန့်စင် ပေးလို့ရမလား"
မိန်းကလေးက ပြောလာ၏။
လုရွှမ်လည်း ယခုအချိန်တွင် သူ့ခန္ဓာကိုယ်က အလွန်ဆိုးရွားတဲ့ အနံ့အသက်ဆိုးတွေ ထွက်နေတာကြောင့် မိန်းကလေးကို ကျေးဇူးတင်ကြောင်း ပြောပြီးနောက် အစေခံ ကောင်မလေးရဲ့ လမ်းညွှန်မှုနောက် လိုက်ကာ အခန်းထဲသို့ ၀င်သွားခဲ့သည်။ အထဲမှာ အရာအားလုံးကို ကောင်းကောင်းမွန်မွန် ပြင်ဆင်ထားပြီး လုရွှမ် အပြင်မထွက်ခင် သူ့ကိုယ်ပေါ်က အနံ့အသက်တွေကို အမြန် ရှင်းပစ်လိုက်သည်။
အ၀တ်လဲခန်းထဲမှာ သူ စမ်းကြည့်ပြီးသွားပြီ။ လောလောဆယ်မှာ ဒဏ်ရာ အပြင်းအထန်ရခဲ့ပေမယ့် သူ့ရဲ့အခြေခံအုတ်မြစ်က မပျက်စီးခဲ့ပါဘူး။ ကျောက်စိမ်းပြားထဲကို လောလောဆယ် ဆက်သွယ်လို့ မရပေမယ့် လုရွှမ်ကတော့ စိတ်မပူပါဘူး။
အာကာသ လေလှိုင်း ပြင်းပြင်းထန်ထန် တုန်လှုပ်သွားတာက ကျောက်စိမ်းပြားရဲ့ လုံခြုံရေးကို ခြိမ်းခြောက်နိုင်မှာ မဟုတ်ဘူးလေ။ လုရွှမ် သူ့အသက်ကို ကယ်တင်ခဲ့တာ ကျောက်စိမ်းပြား ဖြစ်နိုင်ကြောင်း သိပါသည်။ မဟုတ်ရင်တော့ သူသေသွားလိမ့်မည်။
ရွှေကျီးကန်း၊ ကျားဖြူလေး နဲ့ ရားရားတို့ အားလုံးဟာ အတွင်းထဲမှာ အရမ်းလုံခြုံမှာ သေချာသည်။ ယခုအချိန်မှာ သူ့ရဲ့ကျင့်ကြံမှု ဆယ်ရာခိုင်နှုန်းမှာ ၁ရာခိုင်နှုန်းတောင် အသုံးမပြုနိုင် သေးတာကြောင့် အလွန်အားနည်းပြီး အချိန်အကြာကြီး အနားယူရန် လိုအပ်လေသည်။
"ရှင်က တော်တော်ချောမယ်လို့ မမျှော်လင့်ထားဘူး.... သခင်မလေးနဲ့ တွေ့ဖို့ လိုက်ခဲ့ပါ...ဒါပေမဲ့ သခင်မလေးကို တွေ့ရင်တောင် မထိမိအောင် သတိထားရမယ် နားလည်လား?"
လုရွှမ်လည်း အလျင်အမြန် ခေါင်းညိတ်လိုက်ပြီး
"သတိပေးတာ ကျေးဇူးတင်ပါတယ်"
လုရွှမ် ဤမိန်းမငယ်လေးအား အလွန်ကျေးဇူးတင်မိပါသည်။ သူတက်လာသောအခါတွင် အလွန် ဝမ်းနည်းစရာ ကောင်းသော မြင်ကွင်းကို နေရာအနှံ့မှာ တွေ့လိုက်ရသည်။ ကြည့်လိုက်တဲ့ နေရာတိုင်းလိုလိုမှာ လူများ၊ သားရဲများနှင့် နတ်ဆိုးများ အပါအဝင် အားလုံးက လူသေကောင်ပင်လယ်ကြီးလို ဖြစ်နေသည်။
သူတို့ရဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှုကို ကြည့်လိုက်လျှင် တချို့ဆို မဟာသူတော်စင် ပြီးပြည့်စုံသောကာလကိုပင် ရောက်နေကြပြီ။
သူသာ ဒီလိုပြင်းပြင်းထန်ထန် ဒဏ်ရာရထားတဲ့ ခန္ဓာကိုယ်နဲ့ ဒီကထွက်ခွာလိုပါက ခွန်အား လုံးဝမရှိတော့ဘဲ အစောကငှက်မျိုး သို့မဟုတ် ဘီလူးတစ်ကောင်ဆီက စားသောက်တာကိုကို ခံရနိုင်ခြေများပါသည်။
ကန့်လန့်ကာများကို ဖြတ်လျှောက်ပြီးနောက် လုရွှမ် ပင်မခန်းမ တစ်ခုထဲသို့ ရောက်လာခဲ့သည်။
အသက်နှစ်ဆယ်ကျော်ခန့်ရှိ လှပပြီး မကျန်းမမာ ဖြစ်နေသော အမျိုးသမီးတစ်ဦးသည် ကုလားထိုင်ရှေ့တွင် ထိုင်နေသည်။ လုရွှမ်ကို တွေ့သောအခါ သူမက မတ်တပ်ထရပ်ကာ ဆိုလာ၏။
"မင်္ဂလာပါ သခင်လေး"
"သခင်မလေး... ဘာလို့ ထရပ်နေတာလဲ? မြန်မြန်ထိုင်လိုက်ပါ"
အမျိုးသမီးငယ်သည် နှစ်ကြိမ် ချောင်းဆိုးပြီး မျက်နှာနီမြန်းသွားသည်။