တိုက်ပွဲ
Vol. 57 Ch. 4.370
မြောင်ယွဲ့ လုရွှမ်ပါးစပ်ကို လျင်မြန်စွာ ဖုံးအုပ်လိုက်သည်။ လီလင်ရှို့ကလည်း လုရွှမ် ပါးစပ်ထဲမှ မကောင်းတဲ့ စကားလုံးတွေ ထွက်လာမှာကို ကြောက်ရွံ့နေပုံပေါ်သည်။
ဒါပေမဲ့ သူ့တို့အနောက်က လှေပေါ်ရှိ မဟာသူတော်စင်ကတော့ ဒီအခြေအနေကို အာရုံစိုက်နေခဲ့တာကြောင့် လုရွှမ်ရဲ့ စကားကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရရာ သူက ကျယ်လောင်စွာ ဟစ်အော်လိုက်ပြီး
"ဒီအငယ်လေးက ကျုံးယန်ဆိုတဲ့ ကျုပ်နဲ့ မောက်မောက်မာမာ တိုက်ချင်နေတာ ဒီကလူတွေအားလုံး ကြားတယ်နော်... ကျုပ်သာ သဘောမတူလိုက်ရင် သူ့ကို မျက်နှာသာ မပေးရာကျတော့မှာပေါ့ မဟုတ်ဘူးလား?"
အလောင်းများကြား လပေါင်းများစွာ ငါးဖမ်းနေရသောကြောင်း လှေပေါ်ရှိ ကယ်ဆယ်ခံသူများသည် အလွန်ပင် ငြီးငွေ့နေပြီ ဖြစ်သည်။ လက်ရှိ အခြေအနေကို မြင်တော့ စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်ကြသည်။
"တိုက်!"
"တိုက်!"
ပွဲက ကြီးကြီးမားမား မဖြစ်သွားရင် စိတ်လှုပ်ရှားစရာ မကောင်းမှာလည်း စိုးရိမ်နေကြသည်။ ဒီလိုသာဆို သူတို့ကို ငြီးငွေ့သွားစေမှာပဲ မဟုတ်လား။
ကျုံးယန်လည်း ရယ်မောလိုက်ပြီး သူ့ဘေးနားက အမျိုးသမီး နှစ်ယောက်ရဲ့ တင်ပါးကို ပုတ်လိုက်သည်။ လက်ညိုးကို လုရွှမ်ဆီသို့ ထိုးညွှန်လိုက်သည်။ ထို့နောက် အလင်းတန်းတစ်ခုက ကောင်းကင်သို့ လွင့်ထွက်ပြီး မတ်တပ်ရပ်ရန် အခင်းအကျင်း တစ်ခုကို ဖန်တီးကာ ကျုံးယန် ထိုပေါ်သို့ ခုန်တက်လိုက်သည်။
လုရွှမ် လှေအထက်မှာ အရှိန်အဟုန် ပြင်းပြင်းဖြင့် သူ့ခန္ဓာကိုယ်ကို ဖုံးအုပ်ထားသော်လည်း အခင်းအကျင်းပေါ် ပျံတက်သွားတာကိုတော့ တားလို့ မရခဲ့ပေ။
"သတိထား အရူး"
မြောင်ယွဲ့ ဒေါသတကြီး အော်လိုက်သည်။
"သခင်လေး... သတိထားပါ"
လီလင်ရှို့လည်း ထပ်တူထပ်မျှ ဒေါသထွက်နေသော်လည်း သူမအသံတွင် အကူအညီမဲ့မှုများ ပိုပါရှိနေသည်။
လုရွှမ်သည် အလွန်ခိုင်ခံ့သော ခြေဖဝါးဖြင့် အခင်းအကျင်းပေါ်သို့ ပေါ့ပေါ့တန်တန် နင်းလိုက်သည်။ နေမင်းမျက်လုံး နှစ်လုံးက တစ်ယောက်ကို တစ်ယောက် စိုက်ကြည့်နေ၏။ သူတို့နှစ်ယောက် ခုန်တက်သွားရာ စင်မြင့်က အကြီးကြီး မဟုတ်ပေ။ အချင်းဝက် တစ်မိုင်ခန့်သာ ရှိကာ စင်မြင့် အပြင်ဘက်တွင်ရှိ နေရာတိုင်းတွင် အခင်းအကျင်းများဖြင့် ကန့်သတ်ချက်ထားကာ သူတို့နှစ်ဦးကို ဖုံးအုပ်ထားသည်။
ကျုံးယန်က လုံးဝသည်းခံချင်ပုံ မပေါ်ပေ။ လုရွှမ် စင်မြင့်ပေါ် တက်လှမ်းလာတာကို မြင်သောအခါ။
"ကောင်လေး မင်းမှာ သတ္တိရှိမယ်လို့ မထင်ထားဘူး... ဒါပေမဲ့..."
လုရွှမ် အကောင်းမွန်ဆုံးနှင့် လက်တွေ့အရှိဆုံး လက်ဝါးချက်ဖြင့် ရုတ်တရက် တိုက်ခိုက်လိုက်သည်။
နဂါးဆင်ရွှေလက်ဝါး!
ယခု လုရွှမ်သည် သူတော်စင်နယ်ပယ်သို့ ရောက်ရှိသွားခဲ့ပြီး သူ့ခွန်အားသည် သိသိသာသာ တိုးလာခဲ့သည်။ လက်ဝါးတစ်ချက်ဖြင့် နဂါးတစ်ကောင်နှင့် ဆင်တစ်ကောင် ထွက်ပေါ်လာကာ မှော်လက်နက် ပစ္စည်းအဖြစ် ပေါင်းစပ်လုနီးပါး ဖြစ်သွားသည်။
လူတိုင်းသည် လေထုအလယ်ရှိ စင်မြင့်ပေါ်က တိုက်ပွဲကို ကြည့်ရှုနေကြသည်။ ဒီလိုတိုက်ပွဲက ယခင်က မမြင်ဖူးခဲ့တာ မဟုတ်ပေ။ ဒါပေမဲ့ ပုံမှန်ဆို နှစ်ဖက်စလုံးက ခွန်အားချင်း တူညီသော်လည်း အခုနှစ်ယောက်ရဲ့ ခွန်အား ကွာခြားချက်က ကြီးမားလွန်းသည်။ ငတုံးမဟုတ်ရင် ယှဉ်ပြိုင်ဖို့ စင်ပေါ် ဘယ်သူမှ တက်မှာ မဟုတ်ဘူး။
လူတိုင်းကတော့ လုရွှမ်တစ်ယောက် သူ့ ကိုယ်ပိုင် အရည်အချင်းများကို လွန်ကဲစွာ တွက်ဆနေတယ်လို့ပဲ ထင်နေကြသည်။ ဘယ်သူက သာလဲ ဘယ်သူက ရှုံးမလဲဆိုတာ ကျွမ်းကျင်သူတိုင်း သိလိမ့်မည်။ လုရွှမ်ရဲ့ လက်ဖဝါးကို ကြည့်ရုံဖြင့် ဤလူငယ် အမှန်တကယ် တန်ခိုးကြီးကြောင်း တချို့လူများ နားလည်ကြသည်။
ဒီကပ်ဆိုး တိုက်ခတ်မှုမှာ ဒီလူ လွတ်မြောက်နိုင်ခဲ့တာ အံ့ဩစရာတော့ မရှိပါဘူး။ ကံကောင်းရုံသာမကဘဲ သူ့မှာ အစွမ်းအစတွေ တကယ် ရှိနေတာပဲ။
ကျုံးယန်ရဲ့ စကားလုံးများ ရုတ်တရက် ရပ်တန့်သွားသည်။ လုရွှမ်ရဲ့ လက်ဝါးစွမ်းအင်က ဒီလောက် အစွမ်းထက်လိမ့်မယ်လို့ မမျှော်လင့်ထားသော်လည်း မထိန်းနိုင်ဘဲ တုန်လှုပ်ခြောက်ခြားသွားခဲ့သည်။ ကျုံးယန် သူ့လက်သီးများကို လျင်မြန်စွာ ဝေ့ယမ်းရင်း သူတော်စင် စွမ်းအားများကို ဖြန့်ကျက်ကာ လုရွှမ်ကို ပြန်တိုက်ခိုက်ရန် အစွမ်းထက်ဆုံး နည်းလမ်းကို အသုံးပြုလိုက်သည်။
သူတော်စင် တစ်ယောက်ကို ရုတ်တရတ် ရှုံးနိမ့်သွားရင် မျက်နှာပျက်မသွားနိုင်ဘူးလား။
လက်ဝါးနဲ့ လက်သီးစွမ်းအင်များ တိုက်မိသွားကာ အလင်းရောင်များ ဖြာထွက်သွားသည်။ လုရွှမ်ရဲ့ ခန္ဓာကိုယ်က မလှုပ်ရှားသွားဘဲ ကျုံးယန်ကသာ နောက်သို့ ခြေလှမ်းနှစ်လှမ်းခန့် ဆုတ်သွားရ၏။ သူ့လက်များ နာကျင် ထုံကျင်သွားကာ နှလုံးကလည်း တုန်လှုပ်သွားလေသည်။
"ပြင်ပကမ္ဘာက မဟာသူတော်စင်တွေက မျှော်လင့်ထားသလို ပိုသန်မာသားပဲ"
လုရွှမ် ပြုံးပြုံးရွှင်ရွှင်နဲ့ ပြောလိုက်သည်။ ကျုံးယန်က မဟာသူတော်စင် အဆင့်၃ ဖြစ်သော်လည်း ခွန်အား ဖြစ်ဖြစ်၊ လက်ဝါးစွမ်းအင် ဖြစ်ဖြစ် ကျွမ်းကျင်စွာ ထိန်းချုပ်နိုင်တဲ့ အရှိန်အဟုန်ကတော့ အလွန် အစွမ်းထက်သည်။ သူသည် မဟာသူတော်စင် အဆင့်၅ ဖန်းမင်ယန်ရဲ့ အထက်မှာ ရှိနေလောက်သည်။
ကျုံးယန်ခေါင်းတွေ ရှုပ်ပွသွားပြီး ကျိန်ဆဲလိုက်သည်။
"ကောင်လေး"
လုရွှမ် သူ့ဆီကို လက်ဝါးစွမ်းအင်ဖြင့် ထပ်မံ ထိုးသတ်လိုက်သည်။ ဝုန်းကနဲ ပေါက်ကွဲသံနှင့်အတူ ကျုံးယန် နောက်တစ်ကြိမ် ထပ်မံ ဆုတ်သွားခဲ့သည်။
"မင်း"
လုရွှမ်က သူ့ကို အနားယူချိန်တောင် မပေးဘဲ အလွန်လျင်မြန်စွာ တိုက်ခိုက်လိုက်ပြန်သည်။ ကျုံးယန် ဆက်တိုက် နောက်ပြန် ဆုတ်သွားရပြီး သူ့မျက်နှာကလည်း အထပ်ထပ် ဖျော့တော့ကာ စကားတောင် မပြောနိုင်တော့ဘဲ လဲကျသွားတော့သည်။
"မင်း မာနကြီးနေခဲ့တာ မဟုတ်ဘူးလား? မင်း နောက်ထပ် နည်းနည်းလောက် ကျိန်ဆဲကြည့်ပါဦး ငါနားထောင်ကြည့်မလို့"
လုရွှမ် သူ့ကို ထပ်ခါထပ်ခါ ထိုးသတ်ရင်း ဆိုနေသည်။
ခုနစ်ချက် ဆက်တိုက် ထိုးပြီးနောက် ကျုံးယန် သည်းမခံနိုင်တော့ဘဲ ပါးစပ်ထဲမှ သွေးများ ထွက်ကျလာသည်။ သူ့ခမျာ မာနမကြီးနေရဲတော့ဘဲ လက်ကို ဝှေ့ယမ်းကာ သိုလှောင်လက်စွပ်မှ လှံတစ်ချောင်းကို ထုတ်၍ လုရွှမ်ရဲ့ လက်ဝါးချက်ကို ကာထားလိုက်သည်။
လုရွှမ် ပြုံးလိုက်သည်။ ဒီလူက ဉာဏ်ကောင်းသားပဲ။ လက်ရှိထွက်ပေါက် ဝင်ပေါက် နေရာသည် လှံတောင်ထွတ် ဖြစ်သည်။ ဤနေရာတွင် လှံလက်နက်ကို အသုံးပြုခြင်းက လှံရဲ့ စွမ်းအားကို တိုက်ရိုက် အသက်သွင်းနိုင်သည်။ လှံထုတ်လိုက်တာနဲ့ စွမ်းအားက အနည်းဆုံး 30% တိုးလာမှာပဲ ဖြစ်သည်။
အောက်ဖက်မှ လှောင်ပြောင်သံများ ထွက်ပေါ်လာခဲ့သည်။
"အရှက်မရှိဘူး.... မဟာသူတော်စင် အဆင့်၃ ဖြစ်ပြီးတော့ အဆင့်၁ဆီက အကြိမ်ကြိမ် ရိုက်နှက်ခံရတဲ့အပြင် အခု လက်နက်တွေတောင် သုံးနေပြီ... အသုံးကို မကျဘူး"
"သတ်... သတ်"
ကျုံးယန်ရဲ့ မျက်နှာမှာ အလွန် ပူလောင်နေပြီး ရောင်ရမ်းလုနီးပါး ဖြစ်နေပြီ။ သူက လုရွှမ်ကို မုန်းတီးစွာ စိုက်ကြည့်ရင်း အပိုင်းပိုင်း ခွဲထုတ်ပစ်ချင်လာသည်။
ပြင်ပကမ္ဘာက လူတွေရဲ့ စွမ်းအားကို မြင်ပြီးနောက် လုရွှမ်လည်း လျှော့မတွက်ဝံ့တော့ပေ။ သူတို့ကြားက နယ်ပယ် ကွာဟချက်မှာလည်း အလွန်ကြီးမားလွန်းလေသည်။ အခု ကျောက်စိမ်းပြားထဲက ပစ္စည်းတွေကို မထုတ်နိုင်တော့တဲ့အတွက် လုရွှမ် သူ့လက်သီးတွေကိုပဲ အားကိုးရတော့မည်။
"ကျုံးယန်... မင်းက ငါ့ရဲ့ လေးလံတဲ့ လက်ဝါးချက်ကို လှံတစ်ချောင်းတည်းနဲ့ ခံနိုင်ရည် ရှိမယ်လို့ ထင်နေတာလား? မင်းကို သတ်ပစ်ဖို့က လွယ်လွန်းတယ်.... မင်း မဟာသူတော်စင် ဖြစ်လာအောင် ဘယ်လိုများ ကျင့်ကြံခဲ့လဲ ဆိုတာ ငါ အံ့သြလို့တောင် မရဘူး"
ကျုံးယန်ကလည်း ဒေါသတကြီး ကျိန်ဆဲလိုက်ပြီး
"ကောင်လေး ငါ မင်းကို သတ်ပစ်မယ်!! မင်းကို အပိုင်းပိုင်း ဖြတ်ပစ်မယ်!!"
လှံကိုဝေ့ယမ်းကာ တစ်ချက် ထိုးချလိုက်တာနဲ့ လှံစွမ်းအားက ဆက်လက် ပေါက်ကွဲ ထွက်လာသည်။ စင်မြင့်ပေါ်တွင် စိမ်းပြာရောင်လှံ စွမ်းအား စီးကြောင်းများ ထွက်ပေါ်လာပြီး ကျုံးယန်ရဲ့ လှံစွမ်းအားထဲသို့ ပေါင်းစပ်သွားပြီး စွမ်းအားသုံးပုံတစ်ပုံကို ပေါင်းထည့် ပေးလိုက်သည်။
လှံရှည်ရဲ့ စွမ်းအားကို ခံစားလိုက်ရသဖြင့် ကျုံးယန် သူ့မျက်နှာပေါ်တွင် ရက်စက်သော အပြုံးတစ်ပွင့်ဖြင့် လုရွှမ်ထံ အမြန်ချဉ်းကပ်သွားခဲ့သည်။ သူက လုရွှမ်ကို ရွှံ့ဘောလုံးလို ကြည့်ရာ အနိုင်ယူလိုစိတ်တွေ ပြင်းပြလာခဲ့၏။
လုရွှမ်ကတော့ သူ့စိတ်ထဲကနေ လှောင်ရယ်လိုက်ပြီး လေထဲကို လက်တစ်ဖက် ဝေ့ယမ်းရင်း ဝိညာဉ်စွမ်းအင်များကို စုဆောင်းလိုက်သည်။ ဝိညာဥ်စွမ်းအင်များက လှံရှည်အဖြစ် လျင်မြန်စွာ ပုံသွင်းသွားသည်။
ဝိညာဥ်စွမ်းအင်ဖြင့် ဖွဲ့စည်းထားသော်လည်း တကယ့် လက်နက်များနှင့် နှိုင်းယှဉ်ပါက အရည်အသွေးနှင့် ထိရောက်မှုမှာ အလွန်နိမ့်ကျပြီး သူတော်စင်စွမ်းအား လိုအပ်သည်။
လုရွှမ် လုံးဝမကြောက်ပေ။ အခုသူ့မှာ တခြားအရာတွေ မရှိသော်လည်း သူတော်စင် စွမ်းအားကတော့ မြောက်များစွာ ရှိသည်။
နည်းလမ်းတစ်ခုပဲ ရှိရင်တောင် နည်းလမ်းအားလုံးကို ဦးတည်စွားနိုင်သည်။ လုရွှမ် ဓားသိုင်းကို အပြင်းအထန် လေ့လာခဲ့သလို လှံရှည်တွေ အကြောင်းကိုလည်း လေးနက်စွာ နားလည်သဘောပေါက်ခဲ့သည်။ လှံရှည်ရဲ့ သိုင်းစွမ်းအင်က ဓားပညာကျွမ်းကျင်မှုလောက် မကောင်းမွန်သော်လည်း ၎င်းကို အစွမ်းထက်တဲ့ အရာတစ်ခုအဖြစ် ယူဆထားဆဲ ဖြစ်သည်။
ကျုံးယန်ရဲ့ လှံကျွမ်းကျင်မှုအရဆို သိုင်းစွမ်းရည်က အလွန်ရိုးရှင်းကြောင်း အကြည့်တစ်ချက်ဖြင့် ပြောနိုင်သည်။ ကျုံးယန်က လိမ္မာပါးနပ်စွာနဲ့ ဒီနေရာက လှံစွမ်းအားကို အသုံးချဖို့ ကြိုးစားနေခြင်းသာ ဖြစ်သည်။
သူ ပြန်လည် တိုက်ခိုက်တာမျိုး မလုပ်ဘဲ ရပ်နေပြီး လှံစွမ်းအားကို ဆက်လက် ထုတ်လွှတ်နေပါက လုရွှမ်ကို မတိုက်ခိုက်နိုင်သော်လည်း လုံခြုံသွားမှာတော့ သေချာသည်။
ဒါပေမဲ့ သူ မောက်မာစွာနဲ့ ရှေ့ကို ပြေးချင်နေသေးရင်တော့ သေခြင်းတရားကို ရှာဖွေနေတဲ့ သူ့ကံဆိုးမှုကြောင့် အသက်ရှင်နိုင်မှာ မဟုတ်တော့ပေ။
လုရွှမ် လက်ထဲက လှံသည် နဂါးငယ်လေးအဖြစ်သို့ ပြောင်းလဲသွားကာ လွတ်လပ်စွာကူးခတ်ပုံက အလွန်လျင်မြန်လှသည်။ ဘယ်လို ထုတ်လွှတ်လိုက်သလဲ မသိတဲ့ လူတွေတောင် လုရွှမ်ရဲ့ စွမ်းရည်က ကျုံးယန်ထက် အများကြီးသာလွန်နေတာကို တွေ့နိုင်၏။
"သွေးခုန်နှုန်းကို ဖြတ်စေ!"
"စိတ်ဝိညာဉ်ကို သန့်စင်စေ!"
"တုန်လှုပ်စေ!"
"ဝိညာဉ်ကို ဖမ်းဆီးစေ!"
ကျုံးယန် အနီးသို့ အမြန်ပြေးလာရင်း လုရွှမ်ရဲ့ လှံရှည်ဟာ ရုတ်တရက် အရိပ်လေးခု ကွဲသွားပြီး နတ်နဂါး တစ်ကောင်ကဲ့သို့ ဟောက်လိုက်လေသည်။