ခြိမ်းခြောက်သူ
Vol. 57 Ch. 4.372
"မိန်းကလေးလီ မင်းမှာ ဓားရှည်တစ်လက်လောက် ရှိလား? ကျုပ် သုံးဖို့ ငှားလို့ရမလား?"
လီလင်ရှို့ အနည်းငယ် အံ့သြသွားသည်။ လုရွှမ်က လှံရှည်ကိုပဲ သုံးတတ်မယ်လို့ သူမထင်ခဲ့ပြီး ဓားတစ်လက်ကို အသုံးပြုဖို့ တောင်းဆိုလာမယ်လို့ မထင်ထားခဲ့ချေ။ သို့သော် သူမ ဓားရှည်တစ်ချောင်းကို အလျင်အမြန် ထုတ်ကာ လုရွှမ်အား ပေးလိုက်သည်။
ထိုအချိန်တွင် လမ်းတစ်ဝိုက်ရှိ လမ်းသွားလမ်းလာများသည် တစ်ခုခု မှားယွင်းနေတာကို သိသိသာသာ သတိထားမိလာသည်။ လီလင်ရှို့ရဲ့ အသွင်အပြင်ကို မှတ်မိလိုက်တဲ့ အခိုက်မှာ လူစုခွဲသွားကာ သူတို့ကို ကျယ်ဝန်းသော နေရာတစ်ခု ချန်ထားပေးခဲ့သည်။
ဒါဇင်နဲ့ချီတဲ့ သူတော်စင်တွေဟာ ရယ်မောရင်း အထင်အမြင်သေးတဲ့ အမူအရာတွေနဲ့ အဲဒီနေရာတဝိုက်မှာ စုရုံးနေကြ၏။
လုရွှမ်ရဲ့ စွမ်းရည်ကို မြင်ပြီးနောက် လီလင်ရှို့ လုံးဝ မစိုးရိမ်တော့ပေ။ ဤသူကား မဟာသူတော်စင်တောင်မှ မယှဉ်နိုင်တဲ့ လူတစ်ယောက်ပဲလေ။
"သခင်မလေးလီ.... မင်းရှေးဟောင်းလကမ္ဘာကို သွားပြီး မဟာသူတော်စင်ကို ဖိတ်ခေါ်ချင်နေခဲ့တာလို့ ငါကြားပါတယ်.... ကျစ် ကျစ်... မင်းက မဟာသူတော်စင်ကို မဖိတ်လာဘဲ အဲဒီအစား ချောမောတဲ့ ကောင်လေး တစ်ယောက်ကို တွေ့လာခဲ့တာပဲ... ကောင်မလေး တစ်ယောက်က အပြင်ရောက်သွားတဲ့အခါ နွေးဦးအိပ်မက်တွေ မက်လာတတ်တယ်တဲ့... ကျွတ် ကျွတ် အဖေက ထောင်ကျနေတုန်းတောင် သမီးလုပ်တဲ့သူက စိတ်ထဲမှာ ယောက်ျားလိုချင်လို့ အပြင်ထွက်သွားတယ်တဲ့... ငါမင်းအတွက် အကြံပေးချင်တာက သူကမင်းနဲ့ တကယ် ကိုက်ညီပါတယ်”
ထိုလူက ပြောပြီးသည်နှင့် ရယ်မောလိုက်ရရာ လူတိုင်းကလည်း သူတို့ သုံးယောက်လုံးကို ဂရုမစိုက်ဘဲ ရုတ်တရက် ရယ်မောလိုက်ကြသည်။
လီလင်ရှို့ ရှက်ပြီး ဒေါသထွက်သွားသည်။ လုရွှမ် ဘာဖြစ်လို့ အခုထိ မလှုပ်ရှားသေးတာလဲ ဆိုတာ နားမလည်နိုင်ပေ။
"အသက်တစ်ချောင်းက အရမ်း တန်ဖိုးရှိတယ်.... ဒါပေမဲ့ မင်းတို့က ကိုယ့်ကိုကိုယ် သတ်သေချင်နေတယ် ဆိုရင်တော့ ငါမင်းတို့ကို ပို့ပေးဖို့ ဝန်မလေးဘူး"
လုရွှမ် ဓားရှည်ကြီးကို လေထဲ ဝေ့ယမ်းပစ်လိုက်သည်။ ဓားရှည်ကြီးက ဓားရောင်ဝါ အပြည့်ဖြင့် လေထဲသို့ ပြေးထွက်သွား၏။
နောက်အခိုက်အတန့်မှာ အော်ဟစ်သံတွေ ထွက်ပေါ်လာပြီး အလင်းတန်းတွေ တဖျတ်ဖျတ် ခတ်သွားသည်။ အလင်းတစ်ချက် လတ်သွားတိုင်း ကျင့်ကြံသူတစ်ယောက် သူ့ လည်ပင်းကို အုပ်ပြီး မြေပြင်ပေါ် လဲကျ သေဆုံးသွားသည်။
ခဏအကြာတွင် အလင်းရောင်များ မှိန်ဖျော့သွားပြီး လုရွှမ် ဓားရှည်ကို ပြန်ဆွဲယူလိုက်သည်။ နီရဲနေသော မီးတောက်သည် သူ့လက်ဖဝါးထဲမှ ပြေးထွက် လောင်ကျွမ်းသွားပြီး သွေးများပင် လုံးဝ အငွေ့ပျံသွားသည်။
"မိန်းကလေးလီ လမ်းပြပါ...."
လီလင်ရှို့ အခုလို ကြောက်စရာကောင်းသော မြင်ကွင်းကို တစ်ခါမှ မမြင်ဖူးသော်လည်း ကြောက်ရွံ့မှုထဲ၌ ပျော်ရွှင်မှု အရိပ်အမြွက်များ ထွက်ပေါ်လာသည်။ သူမစိတ်ထားက ပျော့ညံ့သော်လည်း လွန်ခဲ့တဲ့ ခြောက်လအတွင်းတွင် ထိုလူများ သူမအိမ်သို့ အဖန်ဖန် ဝင်ရောက်လာကာ တံခါးများကို ရိုက်ချိုးခဲ့သည်။
သူမတို့ကို အနိုင်ကျင့်ကာ လယ်မြေများကို ရောင်းစား၍ ဇာတိမြို့မှ ထွက်ခွာသွားရအောင် လုပ်ခဲ့တာတွေကိုတော့ သူမ မမေ့နိုင်ပေ။
"ကောင်းပြီ... ကျွန်မတို့ ဝမ်အိမ်ကို သွားကြရအောင်"
မြို့တံခါးနားမှာ ဖြစ်ပွားခဲ့တဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအကြောင်း သူတို့လည်း ကြားသိခဲ့ရပုံပေါ်၏။ အခုအချိန်မှာတော့ ဝမ်အိမ်ရဲ့ အတွင်းနဲ့ အပြင်ကို ရာနဲ့ချီတဲ့ လူတွေကို သုံးထပ်စီ ဝိုင်းရံထားကြသည်။ သဲဝါကမ္ဘာ တစ်ခုလုံးရဲ့ ကျင့်ကြံမှုအဆင့်ကို ကန့်သတ်ထားသောကြောင့် အစောင့် အများစုတွင် သူတော်စင်မျာအဆင့် ရှိကြသည်။
သို့သော် အဖွဲ့ကို ဦးဆောင်နေသော သူတော်စင် နှစ်ယောက်ရှိပြီး သူတို့၏ ကျင့်ကြံမှု အဆင့်များသည် မဟာသူတော်စင် ပထမအဆင့်နှင့် ဒုတိယအဆင့်သာ ဖြစ်သည်။
ဝမ်မိသားစုက ဒီလိုကြီးမားသော အစောင့် အသွင်သဏ္ဌာန်ကို ချပြလာတာ မြင်လိုက်ရတော့ လီလင်ရှို့နှင့် သူမရဲ့ ကိုယ်ရံတော် မြောင်ယွဲ့တို့ ချက်ချင်း ထိတ်လန့်သွားကြသည်။
လုရွှမ်သည် မိမိတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်သူလို အမျိုးသမီးနှစ်ဦး၏ ရှေ့တွင် ရပ်လိုက်သည်။ သူတို့ရဲ့ သတိရှိသော မျက်လုံးများက လုရွှမ်ကို လူသတ်လိုစိတ်များဖြင့် စူးစူးဝါးဝါး စိုက်ကြည့်နေကြသည်။
လုရွှမ်က သူတော်စင် ၃၄ယောက်လောက်ကို ဓားတစ်ချောင်းနဲ့ သတ်ပစ်တဲ့ သတင်းနဲ့ ပတ်သက်ပြီး သတင်းပြန် ထွက်လာပြီးနောက် ဝမ်မိသားစုထဲက လူအားလုံး ထိတ်လန့်သွားကြသည်။ ဘယ်လို ဓားသိုင်းပညာမျိုးက ဒီလောက် ပြင်းထန်နိုင်ရတာလဲ။ ဝမ်မိသားစုတောင် အဲဒီလို မစွမ်းဆောင်နိုင်ပေ။
ဒီတစ်ကြိမ်မှာတော့ သူတို့ ကျွမ်းကျင်သူ တစ်ယောက်ကို စော်ကားခဲ့မိမှန်း သိလိုက်ရတာကြောင့် ဒီလို ကြီးမားတဲ့ ဖွဲ့စည်းမှုကို ထူထောင်ခဲ့တာပဲ ဖြစ်သည်။
"တာဝန်ရှိတဲ့သူ ထွက်လာခဲ့!"
လုရွှမ် သူ့ဓားကို လက်တစ်ဖက်က ကိုင်ထားလျက် ကျင့်ကြံသူ တစ်ယောက်ကို ကြည့်လိုက်သည်။ သူ့မျက်လုံးထဲက တည်ငြိမ်တဲ့ အကြည့်က သူတို့ကို လုံးဝ မျက်လုံးထဲ မထည့်ထားတာ ထင်ရှားလေသည်။
လူအုပ်ကြီးရဲ့ နန်းတော်ထဲမှာ။
"အစ်ကို... ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ?"
လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက မေးလိုက်သည်။ သူကတော့ လက်ရှိ ဝမ်အိမ်တော်သခင် ဝမ်ယန်ရဲ့ညီ ဝမ်ဟိုင်ပဲ ဖြစ်လေသည်။
ဝမ်ယန်က စားပွဲကို လက်ဖဝါးနဲ့ ရိုက်ချလိုက်ရာ စားပွဲမှာ အက်ကွဲသွားတော့သည်။
"ဟမ့်... လီလင်ရှို့ ဒီကလေးမလေးက သေနေတဲ့ ငါးတစ်ကောင်ကို လှန်ပြီး ဒီလို သခင်ကြီးတစ်ယောက်ကို ရှာတွေ့ လာနိုင်လိမ့်မယ်လို့ ငါ မထင်ထားဘူး... ငါတို့ ဘာလုပ်ရမလဲ? အရင် စောင့်ကြည့်ကြတာပေါ့ မဟာသူတော်စင် နှစ်ယောက်က အသက်ကြီးလာပြီ ဆိုရင်တောင် သူတို့ကို အလကား ထောက်ပံ့ထားတာ မဟုတ်ဘူး"
"ဒါပေမဲ့ သူတို့က အဲဒီကောင်လေးနဲ့ မယှဉ်နိုင်ဘူးလို့ ပြောတယ်"
"ဟမ့်... ပြိုင်ဘက်မဟုတ်ရင် မင်းကငါ့ကို မင်းဘာလုပ်စေချင်နေတာလဲ?"
"ဟုတ်ကဲ့!"
လုရွှမ် အချိန်အတော် ကြာအောင် စောင့်ခဲ့သော်လည်း ဝမ်မိသားစုမှ ဘယ်သူမှ ထွက်မလာရဲပေ။ သူ့မျက်လုံးများက မဟာသူတော်စင်ကြီး နှစ်ယောက်ကို တစ်ချက် ကြည့်လိုက်သည်။ သူတို့နှစ်ယောက်ကလည်း တစ်ယောက်ကို တစ်ယောက်ကြည့်နေကြသည်။
သူတို့နောက်ကွယ်မှာ ဝမ်မိသားစုက ဘာကိုဆိုလိုချင်နေလဲ ဆိုတာကို နားမလည်ကြသေးပေ။ တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ဒေါသတကြီး ပြုံးရင်း မတ်တပ်ထရပ်လိုက်ကြသည်။
လုရွှမ် သူ့ဓားနှစ်ချောင်းကို လှန်လိုက်သည်နှင့် ဓားစွမ်းအင်က တဟုန်ထိုး တိုးလာကာ သတ်လိုစိတ် အပြည့်ဖြင့် ကြည့််လိုက်သည်။
မဟာသူတော်စင် နှစ်ယောက်သည် သူတို့ သူအိမ်ငယ်များ ကျဉ်းမြောင်းသွားကာ ထိတ်လန့်မှုကို ခံစားလိုက်ရသည်။ ဒီဓားစွမ်းအင်နဲ့ လူသတ်ချင်တဲ့ ရည်ရွယ်ချက်က ယခင်ထွက်ရှိခဲ့သည့် သတင်းများထက် များစွာ ပိုကြောက်စရာ ကောင်းနေသည်။
သူတို့ရှေ့က လူငယ်လေးဟာ မိသားစုကြီး တစ်ခုရဲ့ အမာခံတပည့် ဖြစ်ရမယ်။ ဒါမှမဟုတ် ခွန်အားအပြည့်နဲ့ လေ့ကျင့်ထားတဲ့ သခင်ငယ်လေးလည်း ဖြစ်နိုင်ပါသေးသည်။
အဲဒီလိုလူနဲ့ ရန်သူသွားလုပ်ဖို့ ခွန်အားရှိမရှိ မပြောနဲ့။ ဒီအရှိန်အဟုန်နဲ့တင် သူတို့နှစ်ဦး လှုပ်ရှားဝံ့မည် မဟုတ်တော့ပေ။ မဟာသူတော်စင် တစ်ဦးအနေဖြင့် ဘယ်ကမ္ဘာငယ်လေးတွင်မဆို သခင်တစ်ဦးအဖြစ် မှတ်ယူနိုင်သည်။ အင်အားမရှိဘဲ ကိုယ့်ထက် သန်မာတဲ့ လူကို စော်ကားမိရင် ဒီသဲဝါကမ္ဘာမှာ အဆုံးသတ်သွားရမှာ မဟုတ်ဘူးလား။
ပြေးတော့!
နှစ်ယောက်သား ချက်ချင်း စိတ်ထဲထင့်ကနဲ ဖြစ်သွားသည်။ သူတို့နှစ်ဦးသည် အလင်းနှစ်ရောင်အဖြစ်သို့ ပြောင်းလဲကာ လူတိုင်းကို စွန့်ပစ်ပြီး ထွက်ပြေးသွားတော့သည်။
ခဏလောက်တော့ လုရွှမ် အံ့အားသင့်သွားပေမယ့် ဒီလူနှစ်ယောက်က အခွင့်အရေးကို အမြန် မြင်လိုက်ကြောင်း သဘောပေါက်လိုက်သည်။
သူတို့နောက်က ဝမ်မိသားစု အစောင့်တွေ အားလုံး အံသြသွားကြသည်။ မဟာသူတော်စင်တောင်မှ ထွက်ပြေးရတယ်ဆိုတော့ သူတို့က ဘာလို့ဒီမှာ ရှိနေရမှာလဲ။ တစ်ယောက်မှ ငတုံးတွေ မဟုတ်တာကြောင့် ချက်ချင်းလိုက်ကာ ထွက်ပြေးသွားတော့သည်။
ဝမ်မိသားစု ပျက်သုဉ်းသွားတော့မှာ ထင်ရှားနေပြီ။
မြေပြင်ပေါ်တွင် ဖရိုဖရဲ ပေါက်ကွဲသံများ ထွက်ပေါ်လာပြီး ယခင်က သပ်ရပ်သော ပုံစံဖြင့် ရှိနေခဲ့သော အစောင့်များသည် လျင်မြန်စွာ လူစုခွဲကာ ထွက်ပြေးသွားကြသည်။
ခဏကြာတော့ ဝမ်မိသားစု အိမ်တော်ကြီးသည် လုရွှမ်တို့ရှေ့တွင် လုံးလုံးလျားလျား ပေါ်လာခဲ့သည်။ ချီဓားနှစ်ချောင်းသည် ဝမ်မိသားစုအိမ်ကြီး၏ နံရံကို တိုက်ရိုက် တိုက်ခိုက်လိုက်ရာ ကျယ်လောင်သော ပေါက်ကွဲသံ တစ်ခုနဲ့အတူ ကွဲအက်သွားခဲ့သည်။
နှစ်ချက် ဆက်တိုက် ပေါက်ကွဲပြီး နံရံနှစ်ခုလုံး ပြိုကျသွား၏။
ထွက်ပြေးသွားတဲ့ လူတိုင်း နောက်ပြန် လှည့်ကြည့်မိလိုက်တဲ့အခိုက် ပိုလို့တောင် ထိတ်လန့်သွားတော့သည်။ ကံကောင်းလို့ ထွက်ပြေးလာခဲ့မိတာဟု တိတ်တဆိတ် တွေးမိကြရင်း သက်ပြင်းချလိုက်လေသည်။
လီလင်ရှို့နဲ့ မြောင်ယွဲ့တို့လည်း မျက်လုံးများ ပြူးကျယ်လျက် ဆွံ့အနေကြသည်။ လုရွှမ်ကတော့ တည်တည်ငြိမ်ငြိမ်နဲ့ပဲ အမျိုးသမီးနှစ်ယောက်ကို ခေါ်ကာ ဝင်ချသွားခဲ့သည်။
ဝမ်မိသားစု၏ ညီအကို လေးယောက် ဖြစ်သော ဝမ်ယန်၊ ဝမ်ဟိုင်၊ ဝမ်ထောင်နဲ့ ဝမ်လန်တို့သည် လုရွှမ်ကို မယုံကြည်နိုင်စွာ လှမ်းကြည့်နေကြသည်။ ထိုဓားနှစ်ချောင်းရဲ့ စွမ်းအားဟာ အလွန် အစွမ်းထက်လှ၏။ ဂုဏ်ယူစရာ ကောင်းသော သဲကန္တာရမှ စွမ်းအင်များဖြင့် ကြိုးပမ်းအားထုတ်ခဲ့သော တံတိုင်းကြီးသည် ဓားစွမ်းအင်ဖြင့် လွင့်ထွက်သွားခဲ့သည်။
"သွား... အကြီးအကဲကျန်းကို သွားခေါ်လာခဲ့... ပြီးတော့ ဆေးဆရာ လီကိုပါ သွားဖမ်းလာခဲ့"
ဝမ်ယန်က အံကြိတ်ထားသော အသံဖြင့် ဟောက်လိုက်သည်။ ဒီအချိန်မှာ တခြား ဘယ်သူတွေက သူ့ကို တိုက်နိုင်မှာလဲ။
ဝမ်ဟိုင်နှင့် ဝမ်ထောင်တို့ ညီအစ်ကိုများသည် အိမ်နောက်ဖေးသို့ အပြေးအလွှား ထွက်သွားကြသည်။ ဝမ်ဟိုင်တို့ ကံမကောင်းခဲ့ပေ။ မဟာသူတော်စင်ကျန်းက တံခါးပိတ် ကျင့်ကြံနေတာကြောင့် ဝမ်ထောင်သည် လီလင်ရှို့ရဲ့ အဖေကို ဆွဲထုတ်လာခဲ့သည်။
"အစ်ကို... အကြီးအကဲကျန်းက တံခါးပိတ် ကျင့်ကြံနေတုန်းပဲ"
ဝမ်ယန့ တိတ်တိတ်လေး ကျိန်ဆဲလိုက်သည်။ ဘယ်အချိန်ထိ တံခါးပိတ် ကျင့်ကြံနေတော့မှာလဲ။ ဒီအချိန်က တံခါးပိတ်ကျင့်ကြံဖို့ ကောင်းတဲ့အချိန် မဟုတ်ဘူးလေ။
"လီလင်ရှို့... မင်းဘာလုပ်ချင်နေတာလဲ? မင်းသိအောင် ပြောပြရရင် မင်းအဖေက ငါတို့လက်ထဲမှာ ရှိနေတုန်းပဲနော်... မင်း ရူးရူးမိုက်မိုက်တွေ လုပ်လို့ကတော့ မင်းအဖေသေမှာ သေချာတယ်!!!"