မြေသလင်းကျောက်
Vol. 58 Ch. 4.379
လုရွှမ် သူ့စိတ်ဝိညာဉ် စွမ်းအားဖြင့် လူနှစ်ယောက် ပျောက်ဆုံးသွားတာကို ခံစားမိသည်။ ထိုလူနှစ်ယောက် ပျောက်သွားခြင်းဟာ သူ့နှလုံးသားထဲ တုန်လှုပ် ချောက်ချားသွားစေခြင်း မရှိခဲ့ပေ။
သူနဲ့ မိုးကြိုးသားရဲတို့ရဲ့ အရှိန်က တဟုန်ထိုး မြန်လာသည်။ ဓားစွမ်းအင်သည် ဖြတ်ကျော်သွားစဥ် နတ်မိုးခြိမ်းသံကလည်း တဖျပ်ဖျပ် တောက်ပနေ၏။ သဲတွင်းရဲ့ ခုခံမှုကလည်း ပိုအားကောင်းလာကာ သူတို့ရဲ့ ခန္ဓာကိုယ်များကို ကြေမွပစ်လုနီးပါး ဖြစ်နေသည်။
လုရွှမ်၏ ခန္ဓာကိုယ်သည် အလွန် လွှမ်းမိုးနိုင်မှု ရှိသည်။ သူသည် ယခင်က မိုးကြိုးသားရဲဆီက လျှပ်စီးကြောင်းတွေနဲ့ တိုက်ခိုက် ခံခဲ့ရသော်လည်း ယခုအချိန်ထိ သူ့ခန္ဓာကိုယ် အတွင်းရှိ စိမ်းပြာနဂါးရဲ့ တန်ခိုးကြောင့် အဆင်ပြေနေဆဲ ဖြစ်သည်။ သူ့အရိုးတွေ တဆတ်ဆတ် တုန်နေပေမယ့် သူ့ဓားကို မကြာခဏ သုံးနိုင်နေတုန်းပါပဲ။
စိမ်းပြာနဂါးရဲ့ သန့်စင်သော စွမ်းအားကိုပင် မိုးကြိုးသားရဲထဲသို့ ညင်သာစွာ ထိုးသွင်းခဲ့သည်။ လုရွှမ်ရဲ့ လုပ်ရပ်များက မိုးကြိုးသားရဲရဲ့ အသက်ကို ကယ်တင်နိုင်ခဲ့ ရုံသာမက သူ့အသက်ကိုလည်း ကယ်တင်ခဲ့ပြီး မိုးကြိုးသားရဲကို အခက်ခဲဆုံး ကာလမှာ ရှင်သန်ခွင့် ပေးသလို ဖြစ်လာခဲ့သည်။
အမြှေးပါးတစ်ခုထဲ ထိုးဖောက် ဝင်ရောက်သွားသကဲ့သို့ နှစ်ယောက်သား စုတ်ပြဲနေသော သဲတွင်း အပေါက်ထဲသို့ ပြေးဝင်သွားကြသည်။
သူတို့ ခန္ဓာကိုယ်အပေါ် ဖိအားများ ရုတ်တရက် ပျောက်ကွယ်သွားကာ သဲတွင်း၏ တွန်းအားများလည်း ပျောက်ကွယ်သွားခဲ့သည်။ ဆန့်ကျင်ဘက် အနေနှင့် လူတစ်ဦးနှင့် သားရဲတစ်ကောင်သည် သူတို့ခွန်အားကို စုဆောင်းထားသောကြောင့် မရပ်တန့်မီအထိ အဝေးကို စွမ်းအင်များဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ကြသည်။
"ငါတို့ ဝင်နိုင်ခဲ့ပြီ!"
အခက်အခဲကို ဖြတ်ကျော်ပြီးနောက် လုရွှမ် သူ့ရဲ့ ပျော်ရွှင်မှု အရိပ်အမြွက်နှင့် ဂုဏ်ယူမှု အရိပ်အမြွက် ပြသဖို့ မထိန်းနိုင်ဘဲ ရယ်မောလိုက်သည်။
မိုးကြိုးသားရဲသည် အနည်းငယ် မူးနေသေးသော်လည်း နောက်ဆုံးတွင် နိုးလာခဲ့ပြီး စိတ်လှုပ်ရှားစွာ ဟောက်လိုက်သည်။ သူတို့ဖောက်ထားတဲ့ အပေါက်ကြီးထဲမှာ ပြေးလွှား အော်ဟစ်နေလေ၏။
"ကောင်းပြီ.... ငါတို့အပြင်မထွက်ခင် အဝါရောင် သဲမုန်တိုင်းတွေ ပျောက်သွားတဲ့အထိ ဒီမှာစောင့်နေရအောင်"
လုရွှမ်က ပြောလိုက်သည်။ သူ့လက်ကောက်ဝတ်တွေကို လှုပ်ခါရင်း သူ့ခေါင်းထိပ်ကို မော့ကြည့်လိုက်တော့ လူသတ်နေတဲ့ အရိပ်အယောင် တစ်ခုကို ခံစားလိုက်ရသည်။
ထိုမြို့ငယ်လေးရှိ ထိုလူများ၏ လုပ်ရပ်နှင့် ပတ်သက်၍ လုရွှမ်လည်း သူသာဆိုလျှင် သူလည်း အဲဒီလို လုပ်မိနိုင်ကြောင်း နားလည်ထားသော်လည်း ယခုမူကား သေခြင်းတရားမှ ကျဉ်းမြောင်းစွာ လွတ်မြောက်ခဲ့သူ ဖြစ်သောကြောင့် အကျိုးသက်ရောက်မှုက သဘာဝအားဖြင့် ကွဲပြားသွားတော့မှာပဲ ဖြစ်သည်။
မိုးကြိုးသားရဲ သူ့ဆီ ပြေးလာတာကြောင့် လုရွှမ် အနည်းငယ် ထိတ်လန့်သွားခဲ့သည်။
ဒီကောင်က ဘာလုပ်ချင်နေတာလဲ?
သို့သော် မိုးကြိုးသားရဲမှာ သူ့ဒူးတစ်ဖက်ကို ထောက်ချလိုက်တာကို မြင်လိုက်ရပြီး သူ၏ ကြီးမားသော ဦးခေါင်းပေါ်မှ ထွက်လာကာ သူ့လျှာကို ထုတ်ကာ လုရွှမ်ရဲ့ လက်ဖဝါးကို လျှက်လိုက်သည်။
"မင်းက ငါ့နောက်ကို လိုက်ချင်နေတာလား?"
လုရွှမ် မယုံနိုင်လောက်အောင် အံ့သြသွားတော့သည်။
ယခင်က မိုးကြိုးသားရဲ၏ အရိပ်အငွေ့မှ တစ်ဆင့် မိုးကြိုးသားရဲဟာ လူသားများကို မုန်းတီးသည့် အငွေ့အသက်များဖြင့် ပြည့်နှက်နေပြီ ဖြစ်ကြောင်း ထင်ရှားစွာ ခံစားခဲ့ရသည်။ အခုက ဘယ်လိုများ ဖြစ်သွားတာလဲ။
သဲဝါကမ္ဘာသည် စွမ်းအင် အရင်းအမြစ်များ ညံ့ဖျင်းပြီး နတ်ဆိုးမျိုးရိုးတွေ အသွင်ပြောင်းဖို့ အတွက် ရှားပါးရတနာ ဆိုတာတောင် မရှိချေ။ စင်စစ်သော်ကား မိုးကြိုးသားရဲသည် မဟာသူတော်စင် အဆင့်ထိ ကျင့်ကြံထားနိုင်ပြီ ဖြစ်သည်။ သူက တားမြစ်ချက်များကို ဖွင့်၍ နတ်ဝိညာဥ် အသိဖြင့် လုရွှမ်အား စကားပြောလာခဲ့သည်။
"မင်းက လူလား နတ်ဆိုးလား?"
မိုးကြိုးသားရဲ အခုလို ပြောလာတာက သူ့ကိုယ်ပေါ်က စိမ်းပြာနဂါးရဲ့ အငွေ့အသက်ကို ခံစားရမိတာကြောင့်ရော၊ မိုးကြိုးသားရဲကို စိတ်ရှုပ်ထွေးစေသည့် စိမ်းပြာနဂါးရဲ့ စွမ်းအားကြောင့် ဆိုတာ ချက်ချင်း နားလည်သွားခဲ့သည်။
ရှင်းလင်းချက် တချို့ကို ဆိုပြီးနောက် မိုးကြိုးသားရဲက နားလည်သော်လည်း တုံ့ဆိုင်းသွားခဲ့သည်။ လုရွှမ်လည်း သူ့ကို လျစ်လျူရှုလိုက်ကာ စိတ်ဝိညာဉ် စွမ်းအားများ ဖြန့်ကျက်၍ သူ့ပတ်ဝန်းကျင်က စွမ်းအားများကို လေ့လာလိုက်သည်။
သူ့ကို ချက်ချင်းပင် အံ့အားသင့်သွားစေသော အရာမှာ အလွန်ကြွယ်ဝသော မြေကြီးစွမ်းအားကို ခံစားလိုက်ရခြင်းပင်။ လုရွှမ် မြေစွမ်းအင် အထူထပ်ဆုံး နေရာကို သွား၍ ဂရုတစိုက် တူးဖော်လိုက်တဲ့အခါ အဝါရောင် သလင်းကျောက်ကို တူးဖော်နိုင်ခဲ့သည်။
မြေသလင်းကျောက်သည် အလွန်တောက်ပပြီး အတွင်းဘက်တွင် အဝါရောင် အခိုးအငွေ့များ စီးဆင်းနေသကဲ့သို့ အလွန်လှပသည်။ ကမ္ဘာမြေကြီး၏ ကြွယ်ဝသော ရောင်ဝါက ပတ်ဝန်းကျင်ကို လွှမ်းခြုံသွားကာ ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်သွားချိန်တွင် သူ့စိတ်ဝိညာဥ်ကို များစွာ ငြိမ်သက်သွားစေသလို ခံစားရစေသည်။
အကျိုးကျေးဇူးများကို မြင်လျှင် လုရွှမ် သဘာဝကျကျ လက်မလွှတ်တော့ဘဲ အလျင်အမြန် ဆက်လက် တူးဖော်နေလေသည်။ မကြာခင်မှာပဲ လုရွှမ်ဟာ မြေသလင်းကျောက်တုံးတွေကို သိုလှောင်အိတ်ထဲကို ပစ်ထည့်နိုင်ခဲ့၏။
လုရွှမ်ဟာ အလွန် လောဘကြီးတတ်သူ မဟုတ်ပေ။ ဤမြို့ငယ်လေးက အဝါရောင် သဲမုန်တိုင်းဒဏ်ကို ခံနိုင်ရည် ရှိတာက ဤသလင်းကျောက်များကြောင့် ဖြစ်နိုင်သည်။ သလင်းကျောက်များ ထပ်မံတူးဖော်လိုက်ပါက မြို့ငယ်လေး၏ အကာအကွယ် အခင်းအကျင်းကို ထိမိသွားမှာပဲ ဖြစ်သည်။
မိုးကြိုးသားရဲသည် မြေသလင်းကျောက်များကို မထိပေ။ သူက သဲကန္တာရတွင် နေထိုင်သော်လည်း မိုးကြိုးပစ်ချက်ကိုသာ အဓိကထား၍ လေ့ကျင့်သူဖြစ်လို့ သလင်းကျောက်များသည် သူ့အတွက် အသုံးမဝင်ပေ။
သူ့ပတ်ဝန်းကျင်က လေထုက သိပ်မပြင်းထန်တော့ဘူးလို့ ခံစားရတဲ့ အချိန်မှာ လုရွှမ် မိုးကြိုးသားရဲကို အော်ခေါ်လိုက်ကာ လူတစ်ယောက်နဲ့ သားရဲတစ်ကောင်က မြေပြင်ပေါ် ပြေးတက်လာခဲ့သည်။
သူတို့ မြေပြင်ပေါ်သို့ ဖောက်ထွက်လာသောအခါ မြို့ငယ်လေး၏ အလယ်ကို ရောက်သွားတာ တွေ့လိုက်ရ၏။ လုရွှမ် နားလည်သွားခဲ့တာက ဒီနေရာမှာ ရက်စက်ကြမ်းကြုတ်တဲ့ အကောင်တွေ အများကြီးကို ထားရှိနိုင်တဲ့ တွင်းပေါက်တွေ ရှိနေတယ် ဆိုတာပါပဲ။
ကောင်းကင်ကြီးက အရောင် မပြောင်းသေးဘဲ မှိန်ဖျော့နေသေးသည်။ အဝေးမှ အသံအချို့ကိုလည်း တိုးတိုးတိတ်တိတ် ကြားနေရသည်။
လုရွှမ် ဤလူများကို အနည်းငယ်မျှ ရင်းနှီးလိုစိတ် မရှိသောကြောင့် သူနှင့် မိုးကြိုးသားရဲတို့သည် ရင်ကော့ကာ ပျံသန်းသွားကြသည်။
"ဟာဟား ဆရာတူအစ်ကိုက တကယ်ကို အစီအစဉ်ကောင်း တစ်ခု ရှိနေတာပဲ.... ဒီရက်စက်ကြမ်းကြုတ်တဲ့ အကောင်တွေ သေသွားပြီဆိုတော့ ဒါကလည်း သူတို့ ကံကြမ္မာပဲပေါ့"
"ဟမ့် အဲဒီလူက ရှေးဟောင်းလျှပ်စီး ကမ္ဘာရဲ့ ကျော်ကြားတဲ့ မိသားစုထဲက ပါရမီရှင် တစ်ယောက်ဆိုတော့ရော ဘာဖြစ်လဲ?... သူက အဲ့ထဲမှာ သေသွားပြီလေ... ငါ့ကို ခြိမ်းခြောက်ချင်ရင်တောင် သေဖို့ လမ်းရှာနေတာနဲ့ အတူတူပဲ!"
လုရွှမ် မတတ်နိုင်စွာ ရယ်မောကာ သူ့လက်ခုပ်များကို တီးလိုက်သည်။
"မင်းတို့က အရမ်းမိုက်တာပဲကွ.... ကြောက်စရာ မရှိတဲ့ အချိန်မှာတော့ အသံကောင်းဟစ်နေဦးပေါ့ .. သေခြင်းတရားနဲ့ ရင်ဆိုင်ရရင် မင်းတို့ အခုလို ပြောနိုင်ဦးမလား ကြည့်ရသေးတာပေါ့"
လုရွှမ်၏ ကျယ်လောင်သော အသံသည် ထိုလူများ၏ နားထဲသို့ ချက်ချင်း ရောက်သွားသည်။
စူးစူးဝါးဝါး အော်သံနှင့်အတူ အလင်းတန်း ကိုးခုနှင့် အရိပ်များသည် လေထုအလယ်သို့ ပျံဝဲလာကာ သူတို့ဘက်သို့ ပျံသန်းလာနေသော လုရွှမ်နဲ့ မိုးကြိုးသားရဲတို့ကို မြင်လိုက်ရသည်။
"မင်းကိုး!"
ခေါင်းဆောင်ဟု ထင်ရသော အမျိုးသားက ထိတ်လန့်တကြား အော်ဟစ်လိုက်၏။
"မြို့ငယ်လေးထဲကို မင်း ဘယ်လို ဝင်လာတာလဲ?"
"လမ်းတစ်လမ်းဆိုတာ အဆုံး မရှိဘူး ကောင်လေး ဒါကို နောက်ဘဝအထိ မှတ်ထားလိုက်ပါ"
လုရွှမ်က ဆို၏။ အစောတုန်းက ဒီလူတွေပြောနေတဲ့ စကားကို ကြားပြီးနောက်တွင် သူ ဤလူများအပေါ် သနားချင်စိတ် မရှိတော့ပေ။
ဒီမြို့ထဲကို ဝင်လာမယ့် ရက်စက်ကြမ်းကြုတ်တဲ့ သားရဲတွေဟာ သူတို့ရဲ့ ဘေးကင်းမှု အန္တရာယ်ဖြစ်စေမှာကို ကြောက်ရွံ့နေတာကြောင့် ဆိုရင်တော့ ဒါဟာ ကောင်းပါတယ်။
အရင်ကတော့ လူသားတွေဟာ ထောင်နဲ့ချီတဲ့ သဲမုန်တိုင်းထဲမှာ သေဆုံးခဲ့ကြဖူးသည်။ လူသားနှင့် သားရဲတို့ ကွဲလွဲနေရင်တောင် လူသားချင်း စာနာမှု တစ်စုံတစ်ခု မရှိသရွေ့ ရက်စက်တဲ့ သားရဲတွေနဲ့ ဘာကွာတော့မလဲ။
လုရွှမ် စကားဆုံးသောအခါတွင် သူ့လက်ထဲက ဓားစွမ်းအင်ဟာ အသက်ဝင်လာပြီး ထိုခေါင်းဆောင်ဆီ ပြေးဝင်သွားလေ၏။
နောက်ကွယ်မှ လူတွေဟာ အလိုလို ဘေးသို့ ရှောင်ထွက်သွားသော်လည်း လုရွှမ် ပစ်ခတ်လိုက်သော ဓားစွမ်းအင်သည် လေထုအလယ်မှာပဲ လမ်းကြောင်းပြောင်းသွားပြီး ထိုသူ့ကို ထိမှန်သွားသည်။
မဟာသူတော်စင် ခေါင်းဆောင်မှာ သူ့ဓားကို လျင်မြန်စွာ ထုတ်ကာ ခုခံချင်သော်လည်း ဓားစွမ်းအင်က သူ့ကို ထိမှန်နေပြီ ဖြစ်သည်။
ဝုန်းကနဲ ပေါက်ကွဲသံနှင့်အတူ ဓားရှည်ကြီးမှာ ချက်ချင်းဆိုသလို အပိုင်းပိုင်း ကွဲထွက်သွားခဲ့သည်။ ဓားအပိုင်းအစများကို လုရွှမ်က သူ့ဓားစွမ်းအင်ဖြင့် နှိုးဆွလိုက်တဲ့အခါ ချွင်းကနဲ အသံနှင့်အတူ မဟာသူတော်စင်ရဲ့ ခန္ဓာကိုယ်ထဲသို့ ထိုးဖောက် ဝင်ရောက် သွားကြလေ၏။
ဓားစွမ်းအင် သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာတဲ့ အခိုက် မဟာသူတော်စင်မှာ သူ့ရင်ဘတ်က အပေါက်ကြီးကို မယုံကြည်နိုင်စွာ ကြည့်ရင်း မြေပြင်ပေါ်သို့ လဲကျသွားသည်။ သို့သော် သူက မျက်လုံးမှိတ်ရန် ငြင်းဆန်နေသေး၏။
တခြားလူများဟာလည်း ဓားစွမ်းအင်ကြောင့် လုံး၀ ထိတ်လန့်သွားကြသည်။ ခုခံ ကာကွယ်နိုင်ရန် အရပ်ရပ်သို့ ပြေးသွားကြရာ မိုးကြိုးသားရဲကလည်း အော်ဟစ်ပြီး ထိုကျင့်ကြံသူတွေဆီ ပြေးလိုက်သွားသည်။
လုရွှမ် ထိုယောက်ျားပျို၏ သိုလှောင်အိတ်ကို ကောက်ယူရန် ထွက်လာခဲ့သည်။ ပစ္စည်းကောင်းလေးတွေ အများကြီး ရှိနေ၏။ ဖြည်းညှင်းစွာ စစ်ဆေးပြီးနောက် လုရွှမ် သူ့လက်ကို ဝှေ့ယမ်းကာ လေထုထဲမှ အမျိုးသမီးတစ်ဦးကို ဆွဲထုတ်လိုက်သည်။
"ပုန်းနေတဲ့ လှည့်ကွက်ပုံစံက ကောင်းတယ်... နောင်ဘဝတွေမှ ပြင်းပြင်းထန်ထန် ဆက်လေ့ကျင့်လိုက်"
လုရွှမ် ထိုအမျိုးသမီးကိုလည်း ဓားစွမ်းအင် တစ်ချက်တည်းနဲ့ သတ်ပစ်လိုက်သည်။
လုရွှမ်ရဲ့ ဓားစွမ်းအင် အရှိန်အဟုန်ဟာ ခွန်အားအပြည့်ဖြင့် တိုက်ခိုက်သွားခြင်း ဖြစ်တာကြောင့် သဘာဝကျကျ အလွန် အစွမ်းထက်လေသည်။ သာမာန်ပြိုင်ပွဲသာ ဆိုရင် လုရွှမ် မဟာသူတော်စင်ကို သတ်နိုင်မယ်လို့ ယုံကြည်သော်လည်း အနည်းဆုံးတော့ ကြိုးစားရဦးမှာ ဖြစ်သည်။
ကျင့်ကြံသူ အမျိုးသမီးမှာ လုံးဝကို ထိတ်လန့်သွားသော်လည်း ထွက်ပြေးချိန် လုံးဝ မရခဲ့ချေ။
သူတို့နှစ်ဦးရဲ့ သိုလှောင်အိတ်များကို စုဆောင်းပြီးနောက် ခဏအကြာတွင် မိုးကြိုးသားရဲက သိုလှောင်အိတ် ခုနစ်လုံးကို ပါးစပ်ထဲတွင် ကိုင်လျက် ပြန်ရောက်လာသည်။ သူက ချော့မော့သောအကြည့်ဖြင့် လုရွှမ်ရှေ့သို့ ပစ်ချပေးလိုက်သည်။
လုရွှမ် သိုလှောင်အိတ်တွေကို သိမ်းကာ အကာအကွယ် အစီအရင်ကို ဖွင့်လိုက်သည်။ အပြင်ဘက်တွင်တော့ အဝါရောင် သဲမုန်တိုင်းကြီး ဖြတ်သန်းသွားပြီးရာ ကမ္ဘာကြီးသည် သန့်ရှင်း စင်ကြယ်သွားသလို ကြည်လင်သွားခဲ့သည်။
သွေးအရိပ်အမြွက်မှ လွဲ၍ သဲကန္တာရကြီး တစ်ခုလုံးဟာ ပြန့်ပြူးနေလေပြီ။