ဖေဖေ နှစ်ယောက်လုံး အတူတူ ရောက်လာကြပြီ
Vol. 58 Ch. 4.385
“အဲဒါကြောင့် ငါ့မှာ ခိုင်မာတဲ့ မိသားစု နောက်ခံရှိဖို့ လိုတယ်.... ခွန်အားမရှိရင် လာပြီး တိုက်ခိုက် လိုက်ရုံပဲ.... ကောင်းပြီ မင်းတို့ နှာခေါင်းတွေကို ရှုံ့မနေနဲ့ မြန်မြန် သတင်းကို အရင်ပြန်ပို့လိုက်...ဒါမှမဟုတ် တကယ် စကားပြောတတ်တဲ့သူ ထွက်လာအောင် လုပ်ခဲ့ပေါ့”
အခွင့်အရေး အတွက် တိုက်ပွဲဝင်ပြီးနောက် ကျိုးချောင်နဲ့ ကျန်းထျန်းတို့ရဲ့ မျက်နှာများ နီရဲလာခဲ့သည်။
လုရွှမ်ပြောတဲ့ အတိုင်းပဲ အိမ်တော်သခင် နှစ်ယောက်ဟာ အပြင်မထွက်မီ တူညီတဲ့ အမိန့်များပေးခဲ့သည်။ သားတစ်ယောက် ဒါမှမဟုတ် နှစ်ယောက် သေသွားရင်လည်း အရေးမကြီးဘူး။ လုရွှမ်သာ သူတို့မိသားစုထဲ ဝင်ဖို့ ဆွဲဆောင်နိုင်ရင် နောက်ထပ်သား ဆယ်ယောက် ဒါမှမဟုတ် ရှစ်ယောက် သေရလည်း ကိစ္စမရှိဘူးတဲ့။
"ဟမ့်.. ကောင်လေး ငါတို့ပူးပေါင်းပြီး မင်းကို သတ်မှာ မကြောက်ဘူးလား?"
ကျိုးချောင်က အော်လိုက်သည်။
"မင်းတို့ငါ့ကို ရပြီးရင် မင်းတို့ထက် ပိုအစွမ်းထက်တဲ့သူက ဖျက်ဆီးပစ်မှာကို မကြောက်ဘူးလား? မင်းတို့မှာ ခွန်အားမရှိရင် ဘာကိုမှ လုပ်လို့မရဘူးလေ"
ဘယ်သူမှ ဘယ်လို ပြန်ပြောရမှန်း မသိတော့ပေ။ လုရွှမ်က သူတို့နှစ်ယောက်ရဲ့ အစီအစဥ်လေးကို စောစောစီးစီး ရှာတွေ့လိုက်တာကြောင့် သူ့ကို အရူးလုပ်လို့ရမယ့် နည်းလမ်းတော့ မရှိတော့ဘူး ထင်ပါရဲ့။
"ငါတို့ ဘယ်လိုလုပ်မလဲ?"
နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသည်။
"သတင်းအရင် ပြန်ပို့ပြီးမှ ဆက်ပြောရအောင်"
ကိုးရက်တိုင်တိုင် မူးယစ်ခြင်း သေရည်ဆိုင်ရဲ့ အောက်ထပ်တွင် သူတို့အား ဝိုင်းရံနေသော လူအုပ်ကြီး ရှိနေပြီဖြစ်သည်။ အင်အားကြီးသူများက လေထဲသို့ ပျံတက်ကာ ပြတင်းပေါက်များမှတစ်ဆင့် အတွင်းဘက်က မြင်ကွင်းကို ကြည့်နေကြသည်။
လုရွှမ် သူ့နာမည်ကို ဆိုပြီးနောက်တွင် အောက်ဖက်ရှိ လူများစွာကလည်း သတင်းများကို ချက်ချင်း တိတ်တိတ်လေး လွင့်လိုက်ကြသည်။ သူက သန်မာသူငါးဦးနှင့် ယှဉ်နိုင်သော အံ့ဖွယ် ပါရမီရှင်တစ်ဦး ဖြစ်ပြီး လူငယ်များစွာ ကိုးကွယ်သည့် ရုပ်တုများထဲမှ တစ်ဦးဖြစ်သည်။
ဒီကိုရောက်ပြီးပြီးချင်း လုံယန်မင်းသား အိမ်တော်၊ ပိုင်ကုန်းအိမ်တော်တို့နဲ့ အငြင်းပွား သွားလိမ့်မယ်လို့ မမျှော်လင့်ထားဘူး။ ဒီနေရာမှာ အသက်မွေးဝမ်းကျောင်း လုပ်လေ့ရှိသော ကျင့်ကြံသူများဟာ ခုတလော ထိုအိမ်တော်က သခင်လေးတွေကြောင့် အလွန်အနိုင်ကျင့် ခံရကာ ဒေါသ ထွက်ကြသော်လည်း ပေါ်ပေါ်ထင်ထင် မထွက်ရဲကြပေ။
ထိုနှစ်ယောက်က လုရွှမ်ကို အမှန်တကယ် စိတ်အနှောင့်အယှက် ဖြစ်စေကြောင်း ကြားသိရသဖြင့် ထိုမိသားစုနှစ်စုကို လုရွှမ်မှ သင်ခန်းစာတစ်ခု သင်ကြားပြီး သက်ပြင်းချနိုင်မယ်လို့ အမှန်တကယ် မျှော်လင့်နေမိသည်။
"မင်းသားလုံယန် ရောက်ရှိလာပါပြီ!"
"သခင်ပိုင်ကုန်းလည်း ရောက်ရှိလာပါပြီ"
ရုတ်တရက် လူအုပ်ကြီးထံမှ အာမေဋိတ်သံများ ထွက်ပေါ် လာခဲ့သည်။ လူတွေ တစ်ယောက်ပြီး တစ်ယောက် ကောင်းကင်ကို မော့ကြည့်လိုက်တော့ လူအုပ်စုနှစ်စုဟာ သူတို့ဆီ ဦးတည်ပြီး မြန်မြန်ဆန်ဆန် ပျံဝဲလာနေတာကို တွေ့လိုက်ရ၏။
သူတို့ရဲ့ အနေအထားကို ကြည့်လိုက်တာနဲ့ လုံယန်မင်းသား အိမ်တော်က မင်းသားလုံယန်နဲ့ သခင်ပိုင်ကုန်ကလွဲလို့ တခြားဘယ်သူမှ မဖြစ်နိုင်ချေ။
နောက်ထပ် ပြဇာတ်တချို့ကို စောင့်မျှော်နေသော လူတစ်စုကလည်း လေထဲသို့ အမြန် ပျံတက်လာကြသည်။
လုရွှမ် အင်အားစုနှစ်စု ရောက်ရှိလာတာကို သတိပြုမိပြီးသား ဖြစ်သည်။ မကောင်းတဲ့ ရည်ရွယ်ချက်များဖြင့် ပရိသတ်များကြားတွင် သြဇာကြီးသော သခင်များ ရောနှောနေတာကိုလည်း ယောင်ဝါးဝါး ခံစားလိုက်ရသည်။
"မိတ်ဆွေလေးလုရွှမ် ကျေးဇူးပြုပြီး စကားပြောဖို့ ထွက်လာပေးပါ..."
ထိုပြတ်သားသော လေသံသည် အမှန်ပင် မင်းသားလုံယန်ရဲ့ အသံပဲ ဖြစ်သည်။
လုရွှမ်ရဲ့ နှလုံးက တစ်ချက် ခုန်သွားသည်။ ရန်ပြန်းမြို့တော်ရဲ့ ဘုရင် မင်းသားလုံယန်ဟာ ဧကရာဇ်လို့ ထင်ခဲ့ပေမယ့် ကိုးရက်တိုင်တိုင် မူးယစ်ခြင်း သေရည်ဆိုင်ရဲ့ နောက်ကွယ်က လူတွေကို မစော်ကားချင်ခဲ့ပုံပဲ။ သေရည်ဆိုင်ရဲ့ နောက်ကွယ်က လူတွေဟာ အလွန်အစွမ်းထက်တယ်ဆိုတာ ထင်ရှားလာလေပြီ။
လုရွှမ် ဒါကို တိတ်တဆိတ် အာရုံစိုက်နေခဲ့၏။
ထိုလျှို့ဝှက် သခင်များထဲတွင် သေရည်ဆိုင်ရဲ့ နောက်ကွယ်က လူများလည်း ရှိကောင်းရှိနိုင်သည်။
မင်းသားလုံယန်က အလွန် ချောမောသူဖြစ်သည်။ သူသည် ယခု လူလတ်ပိုင်း အရွယ် ဖြစ်သော်လည်း ရုပ်ရည် ပြေပြစ်သော အသွင်အပြင်က ရှိနေဆဲ ဖြစ်သည်။ သူက မုတ်ဆိတ်ရှည်ရှည်များဖြင့် လေထဲတွင် ညင်သာစွာ လွင့်ပြနေသည်။ ချောမောသော မျက်နှာနှင့် ကြည်လင်သော မျက်လုံးများကြောင့် အမှန်ပင် အလွန်ဖော်ရွေပုံ ပေါက်၏။
ယခုအချိန်တွင် သူ့မျက်နှာပေါ်က အပြုံးတစ်ခု ဆင်မြန်းထားပုံမှာ လုရွှမ်ဟာ ရက်ပေါင်းများစွာ မတွေ့ရသော သူငယ်ချင်းဟောင်း တစ်ဦးနှင့်တူသယောင် ကြည့်နေကာ သူ့သားရဲ့ သေဆုံးမှုအတွက် လုံးဝ မဝမ်းနည်းသလိုပင်။
တစ်ဖက်က သခင်ပိုင်ကုန်းနဲ့ နှိုင်းယှဥ်ကြည့်လျှင် သခင်ပိုင်ကုန်းရဲ့ အသွင်အပြင်ဟာ သူနဲ့ အတော်လေး ကွဲပြားသည်။ လက်ရှိအချိန်တွင် သူ့မျက်နှာက မည်းမှောင်နေပြီး သူ့မျက်လုံးများသည် အချိန်မရွေး အသက်အန္တရာယ် ရှိနိုင်သလို လုရွှမ်ကို စိုက်ကြည့်နေသည်။
မင်းသားလုံယန်က ကြီးမားသော ကျင့်ဝတ်ဖြင့် လက်သီးဆုပ်လျက် ပြောလိုက်သည်။
"ရွှမ်ခုန်း တောင်ပေါ်က မိတ်ဆွေလေးလုရွှမ်ရဲ့ အပြုအမူနဲ့ ပတ်သက်ပြီး ဟိုးအရင်ကတည်းက ကြားဖူးခဲ့ပြီးသားပါ.... တိုက်ပွဲတစ်ခုတည်းနဲ့ ကျော်ကြားလာခဲ့သူ...အခု နောက်ဆုံးတော့ ရှေးဟောင်း လျှပ်စီးကမ္ဘာကို ရောက်လာခဲ့ပြီပေါ့ နတ်သမီးအောင့်ယွဲ့ကတော့ အရမ်းပျော်နေလောက်ပြီ"
လုရွှမ် မင်းသားလုံယန်ကို စိုက်ကြည့်လိုက်သည်။ ဤလူမှာ လှည့်ကွက်တွေ ရှိနေတာပဲ။
"ခင်ဗျားက နတ်သမီးအောင့်ယွဲ့နဲ့ ကျုပ်ကြားက ဆက်ဆံရေး အကြောင်းကို မေးချင်နေတာလား? အပြိုင်အဆိုင် ဆက်ဆံရေးမျိုး သိချင်တာလား?"
မင်းသားလုံယန်က လုရွှမ် ကဲ့ရဲ့တာကို လုံးဝ ဂရုမစိုက်ဘဲ ရယ်မောလိုက်သည်။
"ဆိုရိုးစကား တစ်ခုရှိတယ်.... မင်းကို အကောင်းဆုံး သိတဲ့သူက မင်းရဲ့ရန်သူပဲ ဖြစ်ဖြစ် မင်းရဲ့ပြိုင်ဘက်ပဲ ဖြစ်ဖြစ် ကံကြမ္မာက ဘယ်ကို ဦးတည်သွားမယ် ဆိုတာ ဘယ်သူမှ မပြောနိုင်ဘူးတဲ့.... ဒီနေ့ ရန်သူဖြစ်နိုင်သလို မနက်ဖြန်မှာ မဟာမိတ် ဖြစ်သွားနိုင်တာပဲ... ဒီနေ့ ပြိုင်ဘက်ဖြစ်ပြီး မနက်ဖြန်မှာ သေရေးရှင်ရေးကို အတူတကွ မျှဝေပေးနိုင်တဲ့ ရင်းနှီးတဲ့ ချစ်သူတွေလည်း ဖြစ်သွားနိုင်တာပဲလေ"
သခင်ပိုင်ကုန်းက ဝင်၍ အော်ဟစ်လိုက်သည်။
"ကောင်လေး... မင်းက ငါ့သားကို သတ်လိုက်တဲ့သူလား?"
"မှန်တယ်.... ငါသူ့ကိုသတ်ခဲ့တာ။ မင်းတို့ထဲမှာ တစ်ယောက်က မျက်နှာဖြူနဲ့ တစ်ယောက်က မျက်နှာမည်းတယ်... အဓိပ္ပာယ် မရှိဘူး... မင်းတို့လက်စားချေချင်ရင်တော့ လှုပ်ရှားလိုက်တော့ မင်းတို့ငါ့ကို လူသစ်လို စုဆောင်းချင်ရင်တော့ အဟဲ မင်းတို့မှာ အဲ့လိုခွန်အားရှိလား ကြည့်ရသေးတာပေါ့"
သခင်ပိုင်ကုန်းက ပြင်းပြင်းထန်ထန် ဟစ်အော်သော်လည်း လုရွှမ်က သူတို့ရဲ့ ဝှက်ဖဲကို တိုက်ရိုက် ထုတ်ပြလာမယ်လို့ မမျှော်လင့်ခဲ့ပေ။ သူလည်း ဟန်ဆောင် မနေတော့ဘဲ မင်းသားလုံယန်ကို လှည့်ကြည့်လိုက်သည်။
"မင်းဘာပြောမလဲ?"
မင်းသားလုံယန်က ခဏလောက် စဉ်းစားပြီး
"မိတ်ဆွေလေးလုရွှမ်..... မင်းမှာ ဘာအကြံဥာဏ်တွေ ရှိလဲ? ဒါက မင်းရဲ့တိမ်ပင်လယ် နယ်မြေ မဟုတ်ဘဲ ရှေးဟောင်းလျှပ်စီးကမ္ဘာ ဆိုတာ နားလည်ထားရမယ်.... မင်းတို့ဆီက မဟာသူတော်စင်တွေက သိပ်မဟုတ်တဲ့ ကျင့်ကြံသူလေးပဲ... ကောင်းကင်ဘုံသခင်တောင် တခြားသူတွေရဲ့ စကားလုံး တစ်လုံးတည်းနဲ့ ဆုံးဖြတ်နိုင်မှာ မဟုတ်ဘူး"
"ခင်ဗျားတို့ဆီမှာ ကောင်းကင်ဘုံသခင်ရဲ့ အငွေ့အသက်တွေ မတွေ့ရတာ နှမြောစရာပဲ"
လုရွှမ်က လက်ခုပ်တီးပြီး
"ကောင်းပြီ ငါတို့အားလုံးက ဉာဏ်ကောင်းသူတွေမို့ မိုက်မဲတဲ့စကားတွေ ရပ်လိုက်ကြရအောင်.... ခင်ဗျားတို့ ကျုပ်ကို လာရှာတာ မန်ဟွမ်နတ်ဘုရားမျှော်စင်လို့ ခေါ်တဲ့ အရာကြီးကြောင့် မဟုတ်လား?"
"မန်ဟွမ်နတ်ဘုရား မျှော်စင်" ဟူသော စကားလုံး ထွက်လာသည်နှင့် တပြိုင်နက် သခင်ပိုင်ကုန်းနဲ့ မင်းသားလုံယန်တို့ရဲ့ အမူအရာများ ပြောင်းလဲသွားတော့သည်။
"စောစောက ပြောပေါ့.. ငါတို့အားလုံးက ဉာဏ်ကောင်းတဲ့သူတွေပဲ ဘာလို့ ငတုံးတွေလို ဟန်ဆောင်နေတာလဲ? မင်းတို့ရဲ့ အခြေအနေကို ပြောပြ.... အဆင်ပြေရင် မင်းတို့ကိုယ်စား ငါ တိုက်ပေးနိုင်တယ်"
မကြာသေးမီက အဓိက ဖြစ်ရပ်များအကြောင်း လုရွှမ်အား ကျန်းထျန်းနဲ့ ကျိုးချောင်တို့အား မေးမြန်းခဲ့သည်။ သူတို့နှစ်ယောက်မှာ မဟာသူတော်စင်တွေ ဖြစ်ပေမယ့် စကားပြောရတာနဲ့ ပတ်သက်လာရင်တော့ လုရွှမ်ဆီက ဘယ်ကိုမှ ဖုံးကွယ်လို့ မရခဲ့ချေ။ မကြာခင်မှာပဲ လုရွှမ်ဟာ သူတို့နှစ်ယောက်ဆီကနေ လျှို့ဝှက်ချက်တွေ အများကြီးကို သိလိုက်ရတော့သည်။
စိတ်လှုပ်ရှားစရာ အကောင်းဆုံး အရာမှာ သဘာဝအတိုင်း မန်ဟွမ်နတ်ဘုရားမျှော်စင်ရဲ့ ကိစ္စပဲ ဖြစ်သည်။
၎င်းသည် ရှေးဟောင်း လျှပ်စီးကမ္ဘာကို မွေးဖွားကတည်းက ပေါ်ထွန်းလာသည့် ပထမဆုံး ကမ္ဘာ့ရတနာ ဖြစ်လေ၏။ ၎င်းသည် အလွန်အစွမ်းထက်ပြီး အဆုံးမရှိသော မှော်အတတ်များကို အသုံးပြုထားတယ်လို့ ဆိုကြသည်။
"ဒါဆို မင်း ငါတို့သားကို သတ်တဲ့ကိစ္စကို လျစ်လျူရှုထားလို့ ရမှာတဲ့လား?"
သခင်ပိုင်ကုန်းက အော်လိုက်သည်။ ထိုအခိုက် မင်းသားလုံယန်ကလည်း တစ်ဆက်တည်း ပြောလာ၏။
"ပိုင်ကြီး အရမ်း မတွန့်တိုစမ်းပါနဲ့.... သားတစ်ယောက်ပဲလေ အမှိုက်က ဘယ်နေရာမှာ သွားသုံးလို့ ရမှာလဲ? အဲဒါက အစာကို ဖြုန်းတီးရာကျပြီး မင်းရဲ့ဂုဏ်သိက္ခာကို ဖျက်ဆီးခံရရုံပဲ အဖတ်တင်မယ်.... အမှိုက်ရဲ့ လုပ်ရပ်တွေက နေရာတကာမှာ မင်းကို လူမုန်းပွားစေလိမ့်မယ်"
"ဒါဆို မင်းအပေါ် စေတနာထားပြီး သူ့ကို သတ်ပစ်ပေးရမယ်လို့ ဆိုလိုချင်တာလား? မင်းစကားပြောတာ ယဉ်ကျေးနေဖို့ မလိုပါဘူး"
သခင်ပိုင်ကုန်းရဲ့ မျက်နှာသည် ဒေါသတွေကြောင့် ဖြူဖျော့သွားကာ အောက်ဖက်မှ လူများလည်း အံသြသွားကြသည်။
တခြားသူရဲ့ သားကို သတ်တာက တစ်ဖက်လူကို မျက်နှာသာ ပေးရာကျတာလား?
လူတိုင်းက မင်းသားလုံယန်နဲ့ သခင်ပိုင်ကုန်းတို့ကို စိုက်ကြည့်ကြပြီး သူတို့ဆီက အဖြေကို စောင့်နေကြသည်။
မင်းသားလုံယန်ရဲ့ မျက်နှာက သိပ်ကြည့်မကောင်းတော့ပေ။ သူ့သားကို လုရွှမ် သတ်သွားတယ်ဆိုတာ လူတိုင်း တွေ့ခဲ့သလို အခုလို လူအုပ်ကြီးက စောင့်ကြည့်နေတယ် ဆိုရင်တော့ သူ ပေါ့ပေါ့ပါးပါး လှုပ်ရှားဖို့ ခက်သွားလိမ့်မယ်။
"လုရွှမ်.... မင်း ရှင်းရှင်းလင်းလင်း တွေးကြည့်ရမှာက မင်း ငါတို့နှစ်ယောက်ရဲ့ ရန်သူ ဖြစ်ဖို့ ရွေးချယ်မှာလား ဆိုတာပဲ"
လုရွှမ်လည်း ဒီလူနှစ်ယောက်ရဲ့ အတွေးတွေကို ရိပ်မိပြီးသား ဖြစ်လေသည်။
သူတို့က သူတို့မျက်နှာ ပျက်သွားမှာကို မခံနိုင်လို့ပဲ မဟုတ်လား?
ဟမ့် ဘယ်သူက ဂရုစိုက်နေလို့လဲ?