မင်းသားလုံယန် နဲ့ လိန်ဟော့
Vol. 58 Ch. 4.386
"တခြား ဘာပြောစရာရှိသေးလဲ...မရှိရင် စလိုက်ကြရအောင်"
လုရွှမ်က ဆို၍ မိုးနတ်ဘုရားဓားကို ထုတ်ကာ ဓားဖျားကို သူတို့နှစ်ဦးထံ ညွှန်လိုက်သည်။
နှစ်ယောက်သား ရယ်ရခက် ငိုရခက် ဖြစ်သွားလေ၏။ သူတို့ရဲ့ နှလုံးသားထဲမှာတော့ လုရွှမ်ကို ဆူပူကြိမ်းမောင်းရင်း ဒီကောင်က လူမိုက်လားဟု တွေးနေတော့သည်။ ပေါ့ပေါ့ပါးပါး စကားလေးတစ်ခွန်းပြော၊ ခြေလှမ်းလေး ချလိုက်ရုံနဲ့ ပြီးသွားမှာ မဟုတ်ဘူးလား။ ဓားတွေနဲ့ တကယ်တိုက်ချင်နေတယ်ပေါ့။
"မိတ်ဆွေလေးလုရွှမ်.... မင်း ရှင်းရှင်းလင်းလင်း တွေးကြည့်ရမယ်နော် မင်း ငါတို့ မျက်နှာသာပေးတာကို ပယ်ချမယ်ပေါ့... မင်း ငါတို့ရဲ့ရန်သူ တကယ် ဖြစ်ချင်တာလား?"
မင်းသားလုံယန်က အော်လိုက်ပြီး သူ့အသံက အုံ့မှိုင်းနေသလို သူ့မျက်နှာကလည်း ခြိမ်းခြောက်မှုတွေနဲ့ ပြည့်နှက်နေ၏။
လုရွှမ်က အော်ရယ်လိုက်ရင်း။
"ကျုပ်မှာ ဒီခွန်အားမရှိရင် ခင်ဗျားတို့ကျုပ်ကို ဒီလိုပြောဦးမှာလား? မျက်နှာသာပေးတာ?? ဟားဟား ခင်ဗျားတို့နှစ်ယောက်ကို မေးပါရစေ... ခင်ဗျားတို့က မျက်နှာသာဆိုတဲ့ အရာကို တကယ် ဂရုစိုက်လို့လား?"
"မင်းအရမ်း သတ္တိရှိတာပဲ.... ငါမင်းကို နည်းနည်း သဘောကျလို့ ကြင်နာပေးလိုက်တာက ငါ့ရဲ့ပုံစံကို လျှော့ထားရာ ကျနေပြီကွ!"
လုရွှမ်က သက်ပြင်းချလိုက်ပြီး
"အရမ်းဖိအား မပေးပါနဲ့... ခင်ဗျား ပုံစံက ကျုပ်ကြည့်လို့ရတဲ့ အရာ မဟုတ်ဘူး"
လုရွှမ်လည်း မင်းသားလုံယန် ဘာစီစဉ်ထားတာလဲ ဆိုတာ ကောင်းကောင်းသိပါ၏။ နောက်ပြီး သူ့ဘက်ကလည်း လက်မည်းတွေကို ဒီအတိုင်း ချန်ထားရမယ့် ကိစ္စမဟုတ်ဘူး။ သူ့ကို အနိုင်ယူဖို့ ပြင်ဆင်ပြီးတဲ့ နောက်မှာတော့ သူတို့ဟာ သူတို့ရဲ့ ပင်ကိုယ်စွမ်းရည်နဲ့ ဂုဏ်သိက္ခာအတွက် မိမိကို ခြိမ်းခြောက်ချင်နေကြ၏။
သူ့ရှေ့မှာ ဒီလှည့်ကွက်တွေ ကစားနေတာက သိပ်ကလေးဆန်တာပဲ။ လွန်ခဲ့တဲ့ နှစ်ရာဂဏန်းလောက်ကတောင် သူဒီလှည့်ကွက်တွေကို မသုံးတော့ဘူးလေ။
မင်းသားလုံယန်က လုံးဝ ဒေါသမထွက်ပေ။ သူ့အမြင်အရ လုရွှမ်ဟာ အလွယ်တကူ မဲဆွယ်နိုင်သူ မဟုတ်ကြောင်း ရှင်းရှင်းလင်းလင်း သိပါသည်။ ထိုကဲ့သို့သော လူကို မနှိမ့်ချနိုင်ခဲ့ပါက သူ့ကိုသတ်ရုံကလွဲလို့ ရွေးချယ်စရာ မရှိပေ။ ဒီလိုမှမဟုတ်ရင် အခြေအနေတွေ အရှိန်ရလာတဲ့အထိ စောင့်ဆိုင်းနေမယ်ဆိုရင် ဒါက ကြီးမားတဲ့ လျှို့ဝှက်အန္တရာယ်ကြီး ဖြစ်လာပါလိမ့်မည်။
တစ်ဖက်လူဆီက လူသတ်ချင်သော ရည်ရွယ်ချက်နှင့် ပတ်သက်၍ လုရွှမ် ရှင်းရှင်းလင်းလင်း ခံစားမိတာကြောင့် သူက ပြောလိုက်သည်။
"ဟေး.... မင်းက ငါ့ကို မခေါ်နိုင်တာနဲ့ကို သတ်ချင်နေပြီပေါ့လေ ဟားဟား... မင်း ငါ့ကို တကယ်သတ်နိုင်တဲ့ အရည်အချင်း မရှိတာ သနားစရာပဲ...."
"လုရွှမ် မင်းအရမ်း မရိုမသေ ဖြစ်လွန်းနေပြီ... သေမင်းကို ရှာနေတာပဲ ငါ့သားကို စောင့်ရှောက်ဖို့ ငရဲကိုသွားပေတော့!"
မင်းသားလုံယန် လုံးဝ ဒေါသထွက်သွားရာ လက်ဖဝါးကို လှန်လိုက်ကာ လက်ထဲတွင် ဓားရှည်တစ်ချောင်း ပေါ်လာသည်။ လက်ကိုဝှေ့ယမ်းကာ ဓား ၈ ချောင်း အဖြစ် ဖန်တီးလိုက်ရင်း လုရွှမ်အား ပြင်းထန်သော အင်အားနှင့် လူသတ်ချင်းသည့် ရည်ရွယ်ချက်များဖြင့် ဓားရှစ်ချောင်းကို ပစ်ခတ်လိုက်သည်။
"စကားအတိုင်း မင်းက မင်းစုဆောင်းထားတဲ့ လူတွေနဲ့တူတာပဲ မင်းသားလုံယန်.... မင်းက ကြော့ရှင်းပြီး ဂရုမစိုက်တဲ့ပုံ ပေါက်ပါတယ်.... ဒါပေမဲ့ မင်းရဲ့လက်နက်တွေက မင်းရဲ့စရိုက် အစစ်အမှန်ကို ပေါ်လွင်စေတယ်.... အတုအယောင် ပုံစံတွေနဲ့ စရိုက်မှန်ကို ဖုံးကွယ်ထားနိုင်မယ်လို့ ထင်နေတာလား? အရမ်း မောက်မာလွန်းတယ်.... မင်းရဲ့ အရိုးထဲအထိ ကိုယ့်ကိုယ်ကို ဖြောင့်မတ်တည်ကြည်ပြီး သဘာဝကျကျ လွှမ်းမိုးချုပ်ကိုင်နေတာ အဲဒါကမှ မင်းရဲ့ သရုပ်မှန်ပဲ"
"ဒါဆို မင်းရဲ့သားက ဒီလိုမျိုး ကြီးလာတာကို ငါမအံ့သြတော့ပါဘူး.... ငါ့လိုပဲ သူက မာနကြီးတတ်ပါတယ်.... တစ်ခုတည်းသော ခြားနားချက်က ငါက ဟန်ဆောင်နိုင်တယ် မင်းရဲ့သားကတော့ အရမ်းတုံးတာပဲ"
လုရွှမ်က ရယ်မောပြီး သူ့လက်ကို ဓားစွမ်းအင်ရှစ်စင်းဖြင့် ဝှေ့ယမ်းကာ ပြောလိုက်သည်။
ဝုန်း!
ဓားစွမ်းအင်တို့ တညီတညွတ်တည်း တိုက်မိသွားကြပြီး အက်ကွဲသံများ ထွက်ပေါ်လာကာ လေထုကို တုန်ခါသွားစေ၏။
မင်းသားလုံယန်ရဲ့ မျက်လုံးများက တင်းမာနေသည်။ လုရွှမ်ရဲ့ ဓားစွမ်းအင်က သူ့အတွက် မစဉ်းစား နိုင်လောက်အောင် ထက်မြတ်လွန်း၏။ သူတော်စင်အဆင့်ရှိ အငယ်တန်း ဖြစ်သော လုရွှမ်ဟာ ဓားအပေါ် လွှမ်းမိုးနိုင်လွန်းသဖြင့် တူညီသော အဆင့်ရှိ လူများပင် ခံနိုင်ရည်ရှိမည် မဟုတ်ပေ။ လုရွှမ်က သူ့ရဲ့တိုက်ကွက်ကို လုံးဝနောက်မဆုတ်ဘဲ ခုခံနိုင်ခဲ့သည်။
လုရွှမ်ရဲ့ အရည်အချင်းနဲ့ နာမည် ဂုဏ်သတင်းဟာ အချည်းနှီး ထွက်လာခဲ့တာတော့ မဟုတ်ဘူးပဲ။
သူ့စိတ်ထဲမှာ ပိုလို့တောင် ကြောက်လန့်သွားပြီး လုရွှမ်ကို သတ်ပစ်တဲ့ ရည်ရွယ်ချက်က ပိုပြင်းထန်လာတော့သည်။ ဒီလိုလူကို စော်ကားမိတဲ့အတွက် သူ့မှာအသက် ရှင်သန်ခွင့် မရှိနိုင်လောက်တော့ဘူးလေ။
"ဟုတ်ပြီ မင်း ဒီလောက် မာနကြီးဝံ့တာ အံ့သြစရာတော့ မရှိပါဘူး.... ဒါပေမယ့် မင်းငါ့လို ဖြစ်ချင်ရင်တော့ အဝေးကြီး လိုနေသေးတယ်"
မင်းသားလုံယမ်က သူ့ရဲ့ အရင်က ပေါ့ပါး သွက်လက်ပြီး ကြော့ရှင်းတဲ့ ပုံစံကို ပြောင်းလဲ လိုက်ပါတော့သည်။ ယခု သူသည် ရန်လိုမုန်းတီးမှု အပြည့်နှင့် အလွန် ကြီးစိုးနေပုံရသည်။
လုရွှမ် သက်ပြင်းတစ်ချက် ချလိုက်ပြီး
"အရှက်မရှိဘူး! မဟာသူတော်စင် အဆင့်၅လောက်နဲ့ ငါ့ကို တိုက်ချင်သေးတယ်ပေါ့... လိန်ဟော့ မင်း သူ့ကို သင်ခန်းစာကောင်းကောင်း ပေးလိုက်ပါဦး...."
လိန်ဟော့က စားပွဲကနေ ချက်ချင်းထကာ အော်ဟစ်လိုက်ပြီး သူ့ရင်ဘတ်ကို လက်နှစ်ဖက်ဖြင့် ပြင်းပြင်းထန်ထန် ရိုက်ကာ မင်းသားလုံယန်ဆီသို့ ပြေးဝင်သွားခဲ့သည်။
လုရွှမ် သခင်ပိုင်ကုန်းဘက် လှည့်လိုက်ကာ။
"သခင်ပိုင်ကုန်း... ကစားကြမလား?"
သခင်ပိုင်ကုန်းက ကြံ့ခိုင်မှု အားနည်းသည်။ မဟာသူတော်စင် အဆင့်၃ ခွန်အားနှင့် သူ့ဝိညာဥ်စွမ်းအင်မှာ မင်းသားလုံယန်ထက် အဆမတန် နိမ့်လေသည်။
သူက မိသားစုကြီး တစ်ခုရဲ့ အကြီးအကဲဖြစ်လို့ သူ့ကို မသတ်နိုင်ပေမယ့် ခဏလောက် ထိန်းထားဖို့က မခက်ခဲလောက်ပါဘူး။
လူအုပ်ကြီးထဲမှာ ချောင်းကြည့်ရင်း ပုန်းအောင်းနေသူတွေ အများကြီး ရှိပါသေးသည်။ အခုက အားကောင်းတဲ့ နည်းလမ်းတွေ မသုံးဘဲ ထွက်သွားရမယ့် အချိန် မဟုတ်သေးပါဘူး၊ သူနဲ့ လိန်ဟော့ ထွက်သွားတဲ့ အခါမှသာ ဒီလူတွေ ထွက်လာဖို့ အချိန်တန်နေပြီလို့ ဆိုရလိမ့်မည်။
အဲဒီအခါ အဖွဲ့သုံးဖွဲ့က သူတို့နောက်ကို လိုက်လာလိမ့်မယ်။ ဒါက ပိုအန္တရာယ် များလိမ့်မယ်လို့ လုရွှမ် တွေးမိသည်။
သခင်ပိုင်ကုန်းရဲ့ မျက်နှာမှာ ဖြူလိုက်မည်းလိုက် ဖြစ်နေချေ၏။ တကယ်ကို အငယ်တန်း တစ်ယောက်က သူ့ကို ဒေါသထွက်လာစေတာပဲ။ သူသာ ဒီကလေးကို သင်ခန်းစာ မပေးရင် သူဟာသကြီး ဖြစ်သွားမှာ မဟုတ်ဘူးလား။
"ဒီကလေးကို ဘေးပတ်ပတ်လည်ကနေ ဝိုင်ထား! လုံးဝ မလွတ်သွားစေနဲ့"
သခင်ပိုင်ကုန်းမှာ သူ့ဒေါသကြောင့် မျက်စိကွယ်သွားခြင်း မရှိသေးဘဲ ပတ်ဝန်းကျင်ကို ကာကွယ်ရန် လာရောက်သူ အားလုံးကို ညွှန်ကြားလိုက်သည်။
လုရွှမ် သူ့စိတ်ထဲကနေ လှောင်ရယ်လိုက်တော့သည်။ ဒီလူတွေက သူတို့ကို တားနိုင်ပါ့မလား။ သူထွက်သွားချင်ရင် ကောင်းကင်ဘုံသခင် ရှိမနေဘူးဆိုရင် ဘယ်သူမှ သူ့ကို တားလို့မရပါဘူး။
တစ်ဖက်တွင်လည်း လိန်ဟော့က ရှေ့သို့ အရှိန်မြှင့်နေပြီ ဖြစ်သည်။
မင်းသားလုံယန်မှာ အလွန် ဒေါသထွက်နေသဖြင့် လုရွှမ်ကို လူကိုယ်တိုင် ပညာပေးရမှသာ ကျေနပ်မည်ဟု ခံစားနေရသည်။ သူ့ရှေ့က လူမည်းကြီးဟာ မဟာသူတော်စင်ကြီး ဖြစ်သော်ငြားလည်း အရေးယူထိုက်သူ ဖြစ်သည်။
ဒါပေမဲ့ သူ လှုပ်ရှားပြီးတာနဲ့ ဒီလူမည်းကြီးရဲ့ ခွန်အားကို ချက်ချင်း ခံစားလိုက်ရ၏။ သန့်စင်သော ကာယဗလ သာသာ ဖြစ်သော်လည်း လှုပ်ရှားမှုနှစ်ခုကို ဖလှယ်လိုက်တိုင်း သူ့ခန္ဓာကိုယ်သည် တုန်လှုပ်သွားကာ နာကျင်မှုကိုလည်း ခံစားလိုက်ရသည်။ ပြိုင်ဘက်ရဲ့ ခန္ဓာကိုယ်ပေါ်တွင် လျှပ်စီးကြောင်းလို အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။
လျှပ်စီးကြောင်းကို ပစ်ထုတ်လိုက်တာနဲ့ သူ့ခန္ဓာကိုယ်က ချက်ချင်း ထုံကျင်သွားလေ၏။
ပြိုင်ဘက်ရဲ့ တိုက်ခိုက်မှုက ခုခံဖို့ လွယ်ကူသည်။ ပြီးနောက် နယ်ပယ်ဟာ အဆင့်လေးဆင့်တောင် ကွာခြားလှ၏။ သို့သော် ထိုထူးဆန်းသော မိုးခြိမ်းသံနှင့် လျှပ်စီးကြောင်းတွေကတော့ ခုခံရန် အလွန်ခက်ခဲလှသည်။
နောက်ထပ် ထိုးချက်ပေါင်းများစွာ ထိုးနှက်ခံရပြီးနောက် မင်းသားလုံယန် တိတ်တဆိတ် ညည်းညူမိလာသည်။ ဒီလူမည်းကြီးက ဘယ်လိုလူကြီးလဲ မသိ။ သူ့ခန္ဓာကိုယ်က ကြောက်စရာ ကောင်းလွန်းတာပဲ ခံစားမိနေသည်။
လိန်ဟော့ တိုက်ခိုက်နေတဲ့ အဝိုင်းထဲက ထွက်ပြီး သင်ခန်းစာတစ်ခု ပေးဖို့ မှော်အစွမ်းကို သုံးချင်ပေမယ့် အဲဒီလို လုပ်လိုက်ရင် သူ့မျက်နှာ ပျက်သွားနိုင်ပြန်သည်။
မဟာသူတော်စင် အဆင့်၅ဟာ မဟာသူတော်စင် နယ်ပယ်ကို ဝင်ရောက်ခါစ လူဆီက အနီးကပ် တိုက်ခိုက်ခြင်း ခံခဲ့ရသည်။ ပြင်းထန်စွာ ရိုက်နှက်ခံခဲ့ရပြီး အကြိမ်ကြိမ် ပြန်ဆုတ်သွားရတဲ့အထိ ဖြစ်နေတာကို အဝေးကို ထွက်ပြေးရဦးဆို အတော်လေး ရှက်စရာ ကောင်းသွားပြီ။
မင်းသားလုံယန်သည် သူ့ရဲ့ခွန်အား အားလုံးကို စုစည်းနိုင်ခဲ့ပြီး သူ့ရဲ့ ဓား၈စင်း စွမ်းအင်ကို အစွမ်းကုန် ထုတ်သုံးရန် လုပ်ဆောင်လိုက်သည်။ သူသည် ပေပေါင်းများစွာ ရှည်လျားသော ဓားစွမ်းအင်ကို လက်ဖဝါးဖြင့် ချုပ်ကိုင်ကာ အစွမ်းကုန် ခုတ်ချလိုက်သည်။
တစ်ဖက်ကလည်း မိုးကြိုးဟောက်သံက တဟုန်ထိုး မြည်ဟီးလာ၏။ ဒီတိုက်ပွဲက အရမ်းပျော်စရာ ကောင်းတယ်လို့တောင် လိန်ဟော့ ခံစားမိလာသည်။
သူက မင်းသားလုံယန်ရဲ့ ဓားကို ခုခံဖို့ ခွန်အား အားလုံးကိုလည်း အသုံးပြုခဲ့သည်။ လက်နက် မပါဘဲ သူ့လက်သီးများ လျှပ်စီးကြောင်းများ ဖြာထွက်လျက် မင်းသားလုံယန်ရဲ့ ဓားစွမ်းအင်ကို ခုခံထားလိုက်လေသည်။
မင်းသားလုံယန်မှာ တိုက်ခိုက်ရတာ ကြာလေလေ စိတ်မသက်မသာ ဖြစ်လာလေလေပဲ။ လျှပ်စီးကြောင်းတွေ ထွက်လာတာနဲ့ လေထုထဲကနေ အချက်ပေါင်း များစွာသော မိုးကြိုး ခြိမ်းခြောက်မှုတွေက တိုးလာလေလေပင်။ ဓားစွမ်းအင်ကို လက်သီးနဲ့ ထိုးလိုက်တိုင်း နတ်မိုးခြိမ်းသံက သူ့လက်ဖဝါးကို နာကျင်စေတာကြောင့် သည်းမခံနိုင်ပေ။
အခုလို အနီးကပ်တိုက်ပွဲမှာ ဆက်လက် တိုက်ခိုက်ပါက ပြိုင်ဘက်ကို နောက်ပြန် မဆုတ်စေနိုင်တော့ဘဲ ကျားပါးစပ်က အရင် ပွင့်လာမှာကို သိလာပြီ။ အဲဒီအချိန်ရောက်ရင် သူ့ရဲ့ ကြီးစိုးနိုင်တဲ့ အရှိန်အဝါကိုတောင် ထိန်းထားနိုင်မှာ မဟုတ်ကြောင်း သဘောပေါက်လာတော့၏။
မင်းသားလုံယန်က ကျယ်လောင်စွာ ဟစ်အော်လိုက်ပြီး ဓားရှည်များစွာကို အဆက်မပြတ် ပစ်ခတ်ရင်း မိုးခြိမ်းသံကို တွန်းထုတ်ရန် အခွင့်အရေးယူကာ သူ့ခန္ဓာကိုယ်သည် လျင်မြန်စွာ ပြန်ပြေးထွက်သွားလေ၏။