← Chapters

ထွက်ခွာခြင်း

Vol. 58 Ch. 4.388

ထွက်ခွာခြင်း

Vol. 58 Ch. 4.388

သခင်ပိုင်ကုန်းသည် အလွန်လျင်မြန်စွာ ပျံသန်းသွားသော်လည်း လုရွှမ်ရဲ့ ဓားအလင်းက ပိုမိုမြန်ဆန်စွာ ပြောင်းလဲသွားပြီး တစ်မြို့လုံးကို ဖုံးအုပ်လုနီးပါး ဖြစ်သွားသည်။

လူတိုင်းက ဓားကို မယုံကြည်နိုင်စွာ ကြည့်နေကြ၏။ ဒါက သူတို့ နားလည်နိုင်တဲ့ ဓားပညာတော့ မဟုတ်ပေ။

သခင်ပိုင်ကုန်း နောက်ဆုံးတွင် အပြေးအလွှား ဆုတ်သွားခဲ့ရသည်။ ဓားရည်ရွယ်ချက်က သူ့အပေါ်ကို တံဆိပ်ခတ်ထားပြီးသား ဖြစ်တာကြောင့် မိုးမြေ ပင်လယ်တွေထဲ ပြေးရင်တောင် မလွတ်မြောက်နိုင်တော့ပါ။

မှော်လက်နက် မြောက်မြားစွာကို ထိုဓားအလင်းထဲမှာ ပေါင်းစပ်ထားတာမို့ အသက်ရှင်ရန် အတွက် သူ့အသက်ကို စွန့်စားရတော့မည်။

အလင်းဓားက ခုတ်ချလာပြီ!

သခင်ပိုင်ကုန်း သူ့ကိုယ်သူ ကာကွယ်ဖို့ လုပ်ခဲ့သမျှက ထင်ယောင်ထင်မှား ဖြစ်သွားခဲ့သလို အကျိုးသက်ရောက်မှု လုံးဝ မရှိတော့ချေ။

သူသည် ဓားဖြင့် အပိုင်းပိုင်း အဖြတ်ခံရပြီးနောက် အရိုးများပင် မကျန်အောင် တိုက်ရိုက် အငွေ့ပျံသွားခဲ့သည်။

လုရွှမ် သူ့လက်ကို ညင်သာစွာ ဝေ့ယမ်းလိုက်ကာ ရှည်လျားသော ဓားအဖြစ်သို့ ပြောင်းလဲသွားပြန်သည်။ ဤလှုပ်ရှားမှုသည် အံ့သြဖွယ် ကောင်းသော ဓားရည်ရွယ်ချက်ပေါ်တွင် လုံးလုံးလျားလျား မှီခိုနေ၏။

သူ့လက်အား ဝှေ့ယမ်းလိုက်တဲ့အခါ ဓားပေါင်းများစွာဟာ လူတိုင်း လက်ထဲသို့ ပြန်လည် ရောက်ရှိသွားခဲ့သည်။

လူတိုင်းသည် ဓားကို မိုက်မဲစွာဖြင့် တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသော်လည်း သူတို့ရဲ့ ခန္ဓာကိုယ်များမှာ တုန်လှုပ်နေဆဲ ဖြစ်​လေသည်။

အဲဒီမြင်ကွင်းက ကြောက်စရာ ကောင်းလွန်းလို့ သူတို့ ဘယ်တော့မှ မေ့နိုင်မှာ မဟုတ်တော့ပါဘူး။

ဓားတစ်သောင်း ရိုက်ချက်!

ဘယ်လောက်တောင် ကြီးစိုးလိုက်လဲ?

"ဒါက ထျန်းဝူမိသားစုရဲ့ ဓားကိုးစင်းသိုင်း လှုပ်ရှားမှု မဟုတ်ဘူး... ကောင်းကင် ဓားကိုးစင်းသိုင်းမှာ ဒီသိုင်းကွက်မပါဘူး"

ရုတ်တရက် အသံဟောင်း တစ်ခု ထွက်ပေါ်လာတာကို လုရွှမ် ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။ လုရွှမ် မိုးနတ်ဘုရားဓားကို ဖယ်လိုက်ပြီး မင်းသားလုံယန်ကို ကြည့်ကာ မေးလိုက်သည်။

"အခု မင်းဘာပြောချင်တာလဲ?"

မင်းသားလုံယန်ရဲ့ မျက်နှာသည် ဖြူဖျော့လာပြီး သူ့ခန္ဓာကိုယ်မှ ချွေး​အေးများ စီးကျလာကာ လုရွှမ်အား ကြောက်လန့်တကြား ကြည့်နေလေသည်။ အရင်က ကိုယ့်ကိုကိုယ် ယုံကြည်မှု ရှိခဲ့တာတွေ ပျောက်ကွယ်သွားပြီ။ အစောက အခြေအနေမျိုးမှာဆို သူ့ကိုယ်သူ ပြန်မေးကြည့်တာနဲ့ ဘယ်တော့မှ ခံနိုင်ရည်ရှိမှာ မဟုတ်မှန်း သဘောပေါက်ပါ၏။

"သခင်လေးလုရွှမ်... ငါ့သား မဟုတ်... ကျွန်တော့်သားကို ကောင်းကောင်း သင်ပေးရကောင်းမှန်း မသိခဲ့ဘဲ သခင်လေးကို စိတ်အနှောင့်အယှက် ဖြစ်စေမိတဲ့ အတွက် ခွင့်လွှတ်​ပေးပါ"

လူအုပ်ကြီး ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့သည်။ မမျှော်လင့်ဘဲ ရန်ပြန်းမြို့၌ အမြဲတစေ အုပ်စိုးနေခဲ့သော မင်းသားလုံယန်ဟာ တကယ်ကြီး တစ်ဖက်လူကို တောင်းဆိုနေခဲ့ပြီ။ ဒါပေမဲ့ လူတွေက ဒါက သိပ်ကို ပုံမှန်ပါပဲလို့ ထင်နေကြ၏။ အ​စောက ဓားချက်ကို မြင်ပြီးရင် မင်းသားလုံယန် ခုခံနိုင်မယ်လို့ ဘယ်သူမှ ထင်မှာ မဟုတ်တော့ဘူးလေ။

ဆက်ပြီး ခုခံရင် သေသွားလိမ့်မယ်။

"ကောင်းပြီ.... မင်းက ဉာဏ်ကောင်းသားပဲ တောင်းပန်တဲ့အနေနဲ့ မင်းရဲ့ သိုလှောင်လက်စွပ်ကို ပေးလိုက်ရင်ရော"

မင်းသားလုံယန် တခဏမျှ တုံ့ဆိုင်း မနေတော့ဘဲ လက်စွပ်ထဲမှ မိသားစု တိုကင်တစ်ခုကို ထုတ်ကာ သိုလှောင်လက်စွပ်ကို လုရွှမ်သို့ လှမ်းပစ်​ပေးလိုက်သည်။

ထို့နောက် လှည့်ကြည့်ကာ ပါးပြင်ကို အုပ်လျက် အမြန်ထွက်ပြေးသွားခဲ့သည်။

နောက်လိုက်လာတဲ့ တခြား နောက်လိုက်တွေကလည်း အကြီးအကျယ် ထိတ်လန့်နေကြပါပြီ။ သူတို့ရဲ့ အမြင်အရတော့ သူတို့တကယ် ကံကောင်းခဲ့တာပဲ။ ကံကောင်း ထောက်မစွာပဲ လုရွှမ်နဲ့ လိန်ဟော့တို့က သူတို့ကို အလေးအနက် မထားခဲ့ကြချေ။ မဟုတ်ရင် သူတို့လည်း သေသွားရနိုင်သည်။

လုရွှမ် လက်စွပ်ကို တစ်ချက် ကြည့်လိုက်ပြီး မသိစိတ်က ပြုံးလိုက်သည်။

"လိန်ဟော့ သွားရအောင်"

လိန်ဟော့ ညည်းတွားပြီး လုရွှမ် အနားတွင် နာခံစွာ ရပ်လိုက်သည်။ အစောက ဓားစွမ်းအင်ဟာ လူတိုင်းကို ကြောက်ရွံ့စေရုံသာမက သူ့ကိုလည်း ကြောက်ရွံ့စေခဲ့သည်။

သူတို့နှစ်ယောက် ထွက်သွားတာကို ဘယ်သူမှ မတားရဲဘဲ နေရာပြောင်း အစီအရင်ထဲ လျှောက်သွားနေတာကိုသာ ကြည့်နေကြလေသည်။ မြို့တစ်မြို့ကို ကျပန်း ရွေးချယ်လိုက်သောအခါလုရွှမ်နဲ့ လိန်ဟော့တို့ ခဏအတွင်း ပျောက်ကွယ်သွားကြသည်။

လူအုပ်ကြီး၏ ဝေးလံခေါင်သီသော နေရာတစ်ခုတွင် လူတစ်စုသည် အဘိုးအိုနှစ်ဦး အနောက်တွင် ဝိုင်းဖွဲ့နေကြသည်။

"သခင်... ကျွန်တော်တို့ လုပ်ရမလား?"

"မလုပ်နဲ့.... သူက မြင့်မားတဲ့ သစ်ပင်ဖြစ်နေပြီ အတင်းအကြပ် လုပ်လို့ မရဘူး.... သူ့ကိုလွှတ်လိုက်ပါ နောင်မှာ ဧရာမအကောင်ကြီး ဖြစ်လာမှာ သေချာတယ် သူ့ကို အထင်လွဲသွားအောင် မလုပ်လိုက်တာက ပိုကောင်းတယ်"

အကယ်၍ လုရွှမ်သာ ဒီနေရာမှာ ရှိနေခဲ့ပါက ကိုးရက်တိုင်တိုင် မူးယစ်ခြင်း သေရည်ဆိုင်ထဲတွင် အရက်မူးနေသော အဘိုးကြီးနှစ်ဦး ဖြစ်ကြောင်း သိကာ အံ့သြ တုန်လှုပ်သွားမှာပဲ ဖြစ်သည်။

နေရာပြောင်း အစီအရင်ထဲ လမ်းလျှောက်ပြီးနောက် ပင်လယ်ပြာမြို့ ခေါ်တဲ့ နေရာတစ်ခုကို ရွေးချယ်လိုက်၏။

ပင်လယ်ပြာမြို့သည် သုံးဖက်သုံးရံ ပင်လယ်များဖြင့် ဝန်းရံထားပြီး ပင်လယ်ထဲတွင် ကျွန်းများစွာရှိသည်။ တခြားနေရာများနှင့် နှိုင်းယှဉ်ပါက ဝိညာဥ်စွမ်းအင် အနည်းငယ် ကင်းမဲ့နေသော်လည်း လုရွှမ်အတွက် ၎င်းသည် နယ်ပယ် ဖြတ်ကျော်ရန် အတော်ပဲ ဖြစ်နေ၏။

စျေးထဲတွင် လုရွှမ် သူတော်စင် ဝိညာဥ်ကျောက်တုံးကို သုံးဖို့ မတွန့်တို​နေဘဲ သီးသန့်ကျွန်း တစ်ကျွန်းကို ငှားကာ လိန်​ဟော့နှင့်အတူ ပျံသန်းလာခဲ့သည်။ ထို့နောက် ဂူတစ်ခုဖွင့်ကာ တံခါးပိတ် ကျင့်ကြံလိုက်သည်။

အစီအရင်တစ်ခု တည်ပြီးမှ သက်ပြင်းတစ်ချက် ချလိုက်သည်။

သခင်ပိုင်ကုန်းကလည်း မဟာသူတော်စင် အဆင့်၅ ဖြစ်သည်။ သူ့ရဲ့ စစ်မှန်တဲ့ တိုက်ခိုက်ရေး စွမ်းအားအရ ဓားတစ်ထောင် ရိုက်ချက်ကို အစွမ်းကုန် အသုံးပြုနိုင်သော်လည်း သခင်ပိုင်ကုန်းကို သတ်ပစ်ချင်လျှင်ပင် မလုပ်နိုင်ပေ။

လုရွှမ်ဟာ စိမ်းပြာနဂါးရဲ့ စွမ်းအား၊ သူတော်စင် စွမ်းအားနှင့် ဝိညာဉ်စွမ်းအားတို့ကိုပ အသုံးပြုခဲ့ပြီးမှ သေချာသော လူသတ်ဓားကို ခုတ်ချနိုင်ခဲ့သည်။

ထိုဓားတစ်ချောင်းတည်းဖြင့် သူ၏ ခွန်အားအားလုံးနီးပါး ဆုတ်ယုတ်သွားခဲ့သည်။ ရွှေကျီးကန်းသည် ကျားဖြူလေးကို ကျောက်စိမ်း​ပြားမှ တစ်ဆင့် စွမ်းအားများ ဆက်တိုက် ပေးပို့ခွင့် ပြုထားလို့သာ မဟုတ်လျှင် လုရွှမ် ပျံသန်းနိုင်စွမ်းပင် ရှိ​​တော့မည် မဟုတ်ပေ။

သို့သော် ထိုဓားရဲ အကျိုးသက်ရောက်မှုက လွန်စွာ အောင်မြင်ခဲ့ပြီး လမ်းတစ်လျှောက် ဘယ်သူမှ သူ့နောက်သို့ မလိုက်လာခဲ့ချေ။ လုရွှမ်လည်း သူ့ရဲ့သိုင်းကွက်က အချိန်တိုအတွင်း ပျံ့နှံ့သွားကာ နောက်ဆုံး နာမည်ကြီး အကြောင်းအရာ ဖြစ်လာမည်ဟု ယုံကြည်ထားသည်။

ရှေး​ဟောင်းလျှပ်စီး ကမ္ဘာရှိ ထျန်းဝူမိသားစုက သူ့ကို ထပ်မံ သံသယမ၀င်တော့ဘဲ ရှိသွားမည်။ ထိုဓားသိုင်းသည် ဓားကိုးစင်းသိုင်းနှင့် လုံးဝ မတူကြောင်း နားလည်ပေလိမ့်မည်။

မင်းသားလုံယန်၏ သိုလှောင်လက်စွပ်ထဲတွင် သူ​တော်စင်ဝိညာဉ် သလင်းကျောက်များနှင့် ရှားပါးရတနာ များစွာရှိသည်။ ၎င်းက သူ့ရဲ့ ကိုယ်ခံပညာကို လေ့ကျင့်ရန် အတွက်သာ သင့်လျော်သည်။

ဤနေရာမှာ ဝိညာဉ်စွမ်းအင်များ မလုံလောက်သော်လည်း လုရွှမ်အတွက် ယခုအခါ ဝိညာဉ်စွမ်းအင်များစွာ မလိုအပ်တော့ပေ။ အဆက်မပြတ် ဖိနှိပ်ထားလို့သာ မဟုတ်လျှင် သူတော်စင် တတိယအဆင့် သို့မဟုတ် အထက်အဆင့်သို့ ဖြတ်ကျော်နိုင်ပေလိမ့်မည်။

သူတော်စင် မဖြစ်ရင် အမြဲတမ်း ပုရွက်ဆိတ် တစ်ကောင်ပဲ ဖြစ်​နေမှာ​လေ။

သူတော်စင် ဖြစ်လာသောအခါ အရာအားလုံးက လုံးဝ ခြားနားသွား​ပြီ။ ခန္ဓာကိုယ်ခွန်းအား၊ စိတ်ဝိညာဉ် သို့မဟုတ် စိတ်ဝိညာဉ် စွမ်းအားဖြစ်စေ အရည်အသွေးက ပြောင်းလဲမှုတစ်ခု ရှိလာနိုင်သည်။ ပတ်​၀န်းကျင်​​ လောကအပေါ် ခံယူချက်​နှင့်​ နည်းဥပဒေသတွေ အပေါ် အသုံးချခြင်းမှာလည်း လုံးဝခြားနားသွားမည်​။

သူတော်စင်အဆင့် တစ်ခုစီသည် သိသိသာသာ ကွာခြားနေတာမျိုး မဟုတ်သော်လည်း ပိတ်ဆို့ထားတဲ့ ကန့်သတ်ချက်တွေကတော့ ကွာခြားမှု ရှိသည်။ တစ်ဆင့် ကျော်လွှားပြီးလို့ အထက်ကို ဆက်တက်လိုပါက ဆက်လက် ကျော်လွှားရန် လိုအပ်ပါသည်။ ပိတ်ဆို့မှုကို ကျော်ဖြတ်ပြီးတိုင်း တစ်ဆင့် တိုးလာမှာ ဖြစ်​ပေသည်။

လုရွှမ် ထိုပါးလွှာသော ပိတ်ဆို့မှု အလွှာကို ခံစားမိနေပြီ ဖြစ်သည်။ တစ်ချိန်က သူ အင်အား အလွန်အကျွံ သုံးမိမည်ကို ကြောက်ရွံ့သဖြင့် ပိတ်ဆို့ခြင်းကို ဖြတ်ကျော်သွားခဲ့သည်။ ယခု သူ့​နယ်ပယ်ကို မနှောင့်ယှက်တော့ဘဲ သူတော်စင် စွမ်းအားသည် ရက်စက် ကြမ်းကြုတ်သော ဝိညာဉ်စွမ်းအား၏ လမ်းညွှန်မှုအောက်တွင် အထက်သို့ အလျင်အမြန် ထိုးတက်သွား၏။

ပိတ်ဆို့မှုများ လျင်မြန်စွာ ပွင့်လာပြီး လုရွှမ်မှာ အခြားကမ္ဘာထဲသို့ ရုတ်တရက် ဝင်ရောက်သွားသလိုမျိုး ခံစားလိုက်ရသည်။

စိတ်ဝိညာဥ် အာရုံများက လျင်မြန်စွာ ပျံ့နှံ့သွား၏။ အရင်က မထင်မရှား တချို့ပုံရိပ်ယောင်တွေ ပေါ်လာပေမယ့် လုရွှမ်ကတော့ အခက်အခဲ မရှိဘဲ ကျော်ဖြတ်သွားခဲ့သည်။

ကောင်းကင်ပေါ်က မိုးကြိုး တိမ်တိုက်များဟာ လုရွှမ် ငှားထားသော ကျွန်းငယ်လေးပေါ်တွင် တဖြည်းဖြည်း စုရုံးလာ​ကြသည်။

ကောင်းကင်ယံများက မိုးကြိုး တိမ်တိုက်များရဲ့ အပြောင်းအလဲကြောင့် အနီးနားရှိ ကျင့်ကြံသူများ ထိတ်လန့် တုန်လှုပ်ကာ အချင်းချင်း တီးတိုပြောရင်း အလွန် အံ့သြ​​နေကြသည်။

"ဒီအတားအဆီးကို လူတစ်ယောက်က ဘယ်လိုလုပ် ချိုးဖျက်နိုင်မှာလဲ?"

"ဒီနေရာက ဝိညာဉ်စွမ်းအင် အရမ်းညံ့တယ်.... နယ်ပယ်ကို မြှင့်တင်နိုင်ရင်တောင် မွေးရာပါ ချို့ယွင်းချက်တွေကို ဖြစ်ပေါ်လာစေမှာ မဟုတ်ဘူးလား?"

"ကျစ်! ဒါက ပင်လယ်သတ္တဝါတွေကို ဆွဲဆောင်မိသွားရင် ဘယ်လိုလုပ်မလဲ?"

ထိုစကား ထွက်လာသည်နှင့် တပြိုင်နက် ကျင့်ကြံသူများ ချက်ချင်းပင် စိုးရိမ်လာကြသည်။ ပင်လယ်ပြာမြို့မှာ ကျင့်ကြံသူ အများအပြား မရှိပါ။ အကြောင်းမှာ ဝိညာဉ်စွမ်းအင် နည်းပါးခြင်းကြောင့် ဖြစ်သော်လည်း တခြား အကြောင်းအရင်း တစ်ခုလည်း ရှိသေးသည်။ ဤနေရာတွင် လူသားများ အတွက် အလွန် အစွမ်းထက်ပြီး အလွန် ရန်လိုတတ်သော ပင်လယ်သားရဲ အများအပြား ရှိနေခြင်းကြောင့်ပဲ ဖြစ်သည်။

ဒီလို ကောင်းကင်နဲ့မြေကြီးကို အက်ကွဲစေနိုင်တဲ့ မိုးကြိုးအတိဒုက္ခက ပင်လယ် သားရဲများကို မဆွဲဆောင်ပါက အလွန် ထူးဆန်း​နေပေလိမ့်မည်။

All Chapters