တစ္ဆေသင်္ဘော
Vol. 59 Ch. 4.392
လုရွှမ်ကို ပိုပြီး အံ့သြသွားစေတာက ယွမ်ယန်ကျင့်စဥ်ဟာ နောက်ဆုံးတွင် စတုတ္ထအဆင့်အထိ ရောက်ရှိသွားခြင်းပဲ ဖြစ်သည်။
သူပို၍ လေ့ကျင့်လေလေ ယွမ်ယန်ကျင့်စဥ်က အဆင့်တက်ဖို့ ခက်ခဲလေလေပဲ ဆိုတာ သိလာခဲ့သည်။ အဆင့်တစ်ဆင့်တိုင်းဟာ လူတစ်ကိုယ်လုံးတွင် ပြောင်းလဲမှုကြီးများကို ကြုံတွေ့နေရသလို ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်က တည်ငြိမ်လာသည်။
စိတ်က ပိုအေးချမ်းပြီး ပိုရင့်ကျက်လာသလိုပင်။
လုရွှမ် မသိသောအရာမှာ သူတော်စင်နယ်ပယ်သို့ ဝင်ရောက်ပြီးနောက် ယွမ်ယန်ကျင့်စဥ်ဟာ အဆင့်တိုးနိုင်ဖွယ် ရှိနေတဲ့ အကြောင်းပါပဲ။ သို့သော်လည်း အမှောင် ယင်ချီတွေ သူ့ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်သွားပြီး ယွမ်ယန်ကျင့်စဥ်က သူ့တစ်ကိုယ်လုံးကို ပြေလျော့သွားစေမယ်လို့ မမျှော်လင့်ထားပေ။
ယခုအချိန် ကာလတွင် ပြင်းထန်စွာ ကျင့်ကြံပြီးနောက် လုရွှမ် ယွမ်ယန်ကျင့်စဥ်ကို နှစ်သက်သလို လှုပ်ရှားနိုင်ပြီဖြစ်သည်။ သူ၏ ဒန်တန်တွက် အမှောင်ယင်စွမ်းအင်တွေက အမြစ်တွယ်နေသော်လည်း ဒုက္ခပေးနိုင်တဲ့ သဲလွန်စ မရှိပေ။ ယခုအခါ ယွမ်ယန်ကျင့်စဥ်မှာ စတုတ္ထအဆင့်သို့ပင် ရောက်သွားခဲ့ပြီ ဖြစ်သည်။
စတုတ္ထအဆင့်သို့ ရောက်လာသောအခါ သူ့စိတ်ထဲမှာ တစ်ခုခုရှိနေမှန်း မသိစိတ်က ခံစားလိုက်ရပြီး ယွမ်ယန်ကျင့်စဥ်အပေါ် နားလည်မှုကလည်း ပိုပို၍ လေးနက်လာသည်။ ထူးကဲပြီး သန့်ရှင်းသော ယွမ်ယန်ကျင့်စဥ်မှာ လုရွှမ်ရှေ့တွင် ၎င်း၏ ပုံစံအစစ်အမှန်ကို တဖြည်းဖြည်း ထုတ်ဖော် ပြသလာခဲ့၏။
ယွမ်ယန်ကျင့်စဥ်ကို အဆင့်ကိုးဆင့် ခွဲခြားထားပြီး နောက်ထပ် အစောပိုင်းကာလ၊ အလယ်အလတ် ကာလနှင့် နှောင်းပိုင်းကာလများ အဖြစ် အဆင့်တစ်ဆင့်စီကို ခွဲထားပြန်သည်။
၎င်းတို့အားလုံးသည် မရေမတွက်နိုင်သော နယ်ပယ်များ ဖြစ်ကြသော်လည်း လုရွှမ်မှာလည်း သူ့ခံစားချက်များ ရှိသည်။ အစောပိုင်းကာလမှာ ခန္ဓာကိုယ် သန့်စင်ခြင်း ဖြစ်ပြီး အလယ်အလတ် ကာလမှာ စိတ်ဝိညာဉ်သန့်စင်ခြင်း၊ နှောင်းပိုင်းကာလမှာ နှလုံးသန့်စင်ခြင်း ဖြစ်တယ်လို့ ထင်ရ၏။
ရုပ်ခန္ဓာရဲ့ ခွန်အားသည် အခြေခံအုတ်မြစ် ဖြစ်ကာ စိတ်ဝိညာဉ်ရဲ့ စွမ်းအင်ကတော့ နှောင်းပိုင်းကာလကို ရောက်ဖို့ တံတားတစ်စင်း အနေဖြင့် ရပ်တည်နေတာ ဖြစ်သည်။
နှလုံးသားရှိတဲ့ နေရာတိုင်းကို ကမ္ဘာကြီးက တားလို့မရဘူး။ နှလုံးသားက ဘယ်သွားသွား မွေးရပ်မြေမဟုတ်တဲ့ နေရာမရှိဘူး။
လက်ရှိ အချိန်အထိတော့ လုရွှမ်သည် တတိယအဆင့်ရဲ့ အလယ်အလတ် ကာလကိုသာ ရရှိထားတာ ဖြစ်သည်။ အစောပိုင်းကာလနဲ့ နှိုင်းယှဉ်ပါက ၎င်းသည် အရည်အသွေး ကောင်းမွန်သော ပြောင်းလဲမှု တစ်ခုလို ခံစားရသည်။
ယွမ်ယန်ကျင့်စဥ်ရဲ့ အစောပိုင်းကာလမှာ သူ့ရဲ့ ကိုယ်ခံပညာ ကျွမ်းကျင်မှုများထက် များစွာ မြင့်မားသွားတာ မဟုတ်သော်လည်း အလယ်အလတ် ကာလမှာမူ အများကြီး ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။
ယွမ်ယန်ကျင့်စဥ်ရဲ့ ကျွမ်းကျင်မှု အဆင့်တွေဟာ တိမ်ပင်လယ် နယ်မြေက ကောင်းကင်အဆင့်နဲ့ မြေကြီးအဆင့် ကျွမ်းကျင်မှု အဖြစ်တောင် ဖော်ပြလို့ မရနိုင်ချေ။ ၎င်းသည် ကောင်းကင်အဆင့် ကျွမ်းကျင်မှုထက် ကျော်လွန်နေပြီ။
ရွှေကျီးကန်းက အစပိုင်းမှာ မိမိရဲ့ ကျင့်ကြံမှု စွမ်းရည်ကို ငြင်းပယ်နေခဲ့တာ အံ့ဩစရာတော့ မရှိပါဘူး။ ယွမ်ယန်ကျင့်စဥ်က ကောင်းကင်နှင့်မြေကြီး ကြားထဲမှာ နှိုင်းယှဉ်စရာကို မရှိလေဘူး။
ယခု လုရွှမ်သည် ယင်နှင့်ယန်တို့ ဆုံရာ ယွမ်ယန်ကျင့်စဥ်ရဲ့ စတုတ္ထအဆင့်သို့ တရားဝင် ဝင်ရောက်လာခဲ့ပြီ ဖြစ်သည်။
ရွှေကျီးကန်း အရင်က မိမိက ကံကောင်းတယ်လို့ ပြောခဲ့တာကို ပြန်သတိရမိတော့ လုရွှမ်လည်း ဟုတ်သလိုတောင် ခံစားလာရ၏။ မမျှော်လင့်ဘဲ အမှောင်ယင်စွမ်းအင်မှာ ခန္ဓာကိုယ်ထဲသို့ လုံးဝ ပေါင်းစပ်သွားပြီး ယွမ်ယန်ကျင့်စဥ် စတုတ္ထအဆင့်က အခက်ခဲဆုံး ပြဿနာကို ဖြေရှင်းပေးနိုင်ခဲ့သည်။
အမှောင်ယင်စွမ်းအင်ကို ပေါင်းစည်းကာ တစ်နေ့ပြီးတစ်နေ့ လေ့ကျင့်ပြီးနောက် လုရွှမ်သည် အနာဂတ် ယွမ်ယန်ကျင့်စဥ် အဆင့်တို့ကြားတွင် ပွတ်တိုက်မှုများ မရှိသလောက် ဖြစ်လာပြီး ယင်နဲ့ယန်ရဲ့ ပြီးပြည့်စုံသော လမ်းဆုံတစ်ခု ဖြစ်ပေါ်လာမယ်လို့ပင် မျှော်လင့်နိုင်ခဲ့ပြီ။
လုရွှမ် ယွမ်ယန်ကျင့်စဥ်ရဲ့ စတုတ္ထအဆင့်ကို ရောက်ပြီးနောက် ဒန်တန်မှာ အမြစ်တွယ်နေတဲ့ ယင်ချီတွေဟာ စတင်လှုပ်ရှားလာကာ ဒန်တန်ထဲမှာ ကူးခတ်နေတဲ့ ဝိညာဥ်စွမ်းအင် အဖြစ် တဖြည်းဖြည်း ပိုအားကောင်းလာတာကို ရှင်းရှင်းလင်းလင်း ခံစားခဲ့ရသည်။
လုရွှမ်လည်း ယင်ချီမှ စုပ်ယူ သန့်စင်ထားသော အအေးဓာတ်ကို နှစ်တစ်သောင်း ရေခဲဏဲ့ အအေးဓာတ်ထဲကို ဖြည်းဖြည်းချင်း ထိုးသွင်းနေဖို့ တွန့်ဆုတ်မနေပေ။
ယွမ်ယန်ကျင့်စဥ်ရဲ့ သဘောသဘာဝ အရ အမှောင် ယင်ချီသည် ခန္ဓာကိုယ်တစ်ဝက်ကို တဖြည်းဖြည်း ထိန်းချုပ်လာသောအခါ ယင်နဲ့ယန် ပေါင်းစည်ဖို့အတွက် အကောင်းဆုံး အချိန်ပဲ ဖြစ်သည်။ အမှောင်ယင်ချီရဲ့ အရည်အသွေးမှာ ကောင်းမွန်သော်လည်း ပမာဏမှာ နည်းပါးနေသေးသည်။
လုရွှမ် ကြိုးစားကြည့်ခဲ့သည်။ လက်ရှိ အမှောင်ယင်ချီသည် လက်တစ်ချောင်းစာသာ အများဆုံး တည်ရှိနေနိုင်ပြီး ၎င်းကို တိုက်ခိုက်တဲ့နေရာမှာ အံ့အားသင့်ဖွယ် နည်းလမ်းအဖြစ် အသုံးပြုနိုင်သည်။
အမှောင် ယင်ချီကို ဒန်တန်အဖြစ်သို့ ပြန်လည်ဖွဲ့စည်းပြီး ဖြည်းညှင်းစွာ မွေးမြူခဲ့သည်။ နှစ်တစ်သောင်း အနက်ရောင်ရေခဲနဲ့အတူ ယင်ချီတွေဟာ တဖြည်းဖြည်း ၃ဆအထိ တိုးလာလေ၏။
နောက်ထပ် သုံးလ ကြာပြီးနောက်တွင် လုရွှမ်သည် အနှစ်တစ်သောင်း အနက်ရောင်ရေခဲကို အမှောင်ယင်စွမ်းအင် အတွင်းသို့ ပေါင်းစည်းလိုက်သည်။ လုရွှမ်မှာ ယင်ချီရဲ့ စွမ်းအားကို မချီးမွမ်းဘဲကို မနေနိုင်ချေ။
သူ့လက်ထဲမှာ ယွမ်ယန်ကျင့်စဥ် နဲ့ ဝိညာဥ်မီးတောက် ရှိနေလို့သာ မဟုတ်ရင် အခု တတိယအဆင့် သူတော်စင် တစ်ယောက်ဖြစ်တဲ့ လုရွှမ်ဟာ လက်ဗလာနဲ့ အနှစ်တစ်သောင်း ရေခဲတုံးကို ဘယ်တော့မှ ထိရဲလိမ့်မည် မဟုတ်ချေ။ အမှောင်ယင်စွမ်းအင်ရဲ့ အအေးဓာတ်က နှစ်သောင်းချီရေခဲထဲ တိုက်ရိုက် ပေါင်းစပ်သွားခဲ့လေပြီ။
အမှောင်ယင်စွမ်းအင်နဲ့ ပတ်သက်ရင်တော့ လုရွှမ်မှာလည်း အံ့သြမှုနှင့် ကြောက်ရွံ့မှုတို့ဖြင့် ပြည့်နှက်နေသည်။ အစပိုင်းကတည်းက ယွမ်ယန်ကျင့်စဥ်ကို မလေ့ကျင့်ဘဲ အမှောင်ယင်စွမ်းအင်နဲ့ ထိတွေ့မိပါက ကြောက်မက်ဖွယ် ကောင်းသော အအေးဒဏ်ကို ခံနိုင်ရည် မရှိနိုင်ဘဲ သေသွားနိုင်သလို မသေရင်တောင် ပြင်းထန်စွာ ဒဏ်ရာရသွားမှာ သေချာ၏။
ဤနေ့တွင် တံခါးအပြင်ဘက်တွင် အစီအရင်ဟာ အနည်းငယ် အတက်အကျ ဖြစ်နေသလို နတ်သမီးကျင်းဟုန်ရဲ့ အသံက ထွက်ပေါ်လာခဲ့သည်။
"သခင်လေးလုရွှမ် ကျေးဇူးပြုပြီး ကုန်းပတ်ပေါ် တက်လာပြီး ဆွေးနွေးပေးပါ"
လုရွှမ် တစ်ချိန်လုံး လေ့ကျင့်နေခဲ့ရာ အနည်းငယ် ပင်ပန်းနေပြီး လေ့ကျင့်မှုကို ရပ်တန့်ကာ ကောင်းကောင်း အနားယူတော့မည် ဖြစ်သည်။
အခန်းထဲမှ ထွက်လာပြီးနောက် အခြားလူ သုံးယောက်ကလည်း အခန်းထဲမှ ထွက်လာပြီး ကုန်းပတ်ဆီသို့ အတူတူ လျှောက်သွားကြတာကို တွေ့လိုက်ရသည်။
လုရွှမ်ကို ကြည့်လိုက်ချိန် သူတို့သုံးယောက်လုံး အံ့အားသင့်သွားကြသည်။ ဒီနှစ်ဝက်အတွင်း လုရွှမ်ရဲ့ အငွေ့အသက်တွေက အများကြီး ပြောင်းလဲသွားခဲ့သည်။
ယခင်က အငွေ့အသက်က ငြိမ်သက်တဲ့ အရိပ်အမြွတ်မျိုး ပေးခဲ့မယ်လို့ ဆိုရလျှင် ယခုမှာ ငြိမ်သက်နေခြင်းက အတူတူပင် ဖြစ်သော်လည်း သူသည် ချုပ်နှောင်ထားနိုင်တဲ့ အငွေ့အသက်ကို အနည်းငယ်သာ၍ ပေးစွမ်းနိုင်နေပြီ ဖြစ်သည်။
တမင်တကာ လုပ်စရာကို မလိုဘဲ လမ်းလျှောက်ရင် ကျားတစ်ကောင်လို နဂါးတစ်ကောင်လို ခံစားရစေပါလိမ့်မည်။ နတ်သမီးဝမ်ယွဲ့ နှင့် ကောင်းကင်ဓားရှင်တို့ နှစ်ယောက်စလုံးသည် မဟာသူတော်စင်များ ဖြစ်သောကြောင့် ကောင်းကောင်း ခံစားနိုင်သည်။
ကျန်းယန်သည် လုရွှမ်ကို စိုက်ကြည့်ကာ မထိန်းနိုင်ဘဲ ထိတ်လန့်သွားတာကို ခံစားလိုက်ရပြီး သူ့စိတ်ထဲလည်း တစ်ဖက်လူကို ကြောက်လန့်တကြား ဖြစ်နေတော့သည်။
"သခင်လေးလုရွှမ်ရဲ့ ကြီးကျယ်ခမ်းနားတဲ့ တိုးတက်မှု အတွက် ဂုဏ်ပြုပါတယ်"
ဝမ်ယွဲ့က ပြုံးပြီး တိတ်တဆိတ် သက်ပြင်းချလိုက်ပါ၏။ ပါရမီရှင်က ပါရမီရှင်ပါပဲ။ ပါရမီရှင်ရဲ့ အရှိန်ကို သာမန်လူတွေ ဘယ်လိုမှ လိုက်မီနိုင်မှာ မဟုတ်ဘူး။
ဒါက နှစ်ဝက်ပဲ ရှိသေးတာ။ အချိန်နည်းနည်း ထပ်ပေးလိုက်ရင် အပြောင်းအလဲက ဘယ်လောက်တောင် ကြီးသွားမယ် ဆိုတာ ဘယ်သူက ခန့်မှန်းနိုင်မှာလဲ။
ကောင်းကင်ဓားရှင် ထျန်းတောက်သည် လုရွှမ်ကို လေးလေးနက်နက် စေ့စေ့ကြည့်ကာ လုရွှမ်ဟာ ပါရမီရှင် တစ်ဦးဖြစ်ကြောင်း ယခင်က ခံစားခဲ့ရသော်လည်း ယခုတော့ လုရွှမ်ဟာ သူ့ကို တိုက်ခိုက်ဖို့အထိ ခွန်အားရှိနေပြီဟု ရှင်းရှင်းလင်းလင်း ခံစားလာရပြီ။
သူသည် တည်ငြိမ်သူ ဖြစ်၍ စကားများများ မပြောတတ်သူ ဖြစ်ရာ လုရွှမ်အား ခေါင်းညိတ်ဏြကာ ကုန်းပတ်ပေါ်သို့ ဦးဆောင်ခေါ်လာခဲ့သည်။
လုရွှမ်နှင့် နတ်သမီးဝမ်ယွဲ့က ဘေးချင်းကပ်လျက်။ ကျန်းယန်သည် နောက်ဆုံးတွင် ရာထူးတစ်ခု ရယူပြီး သင်္ဘောကုန်းပတ်ပေါ် ပထမဆုံး တက်သွားချင်သော်လည်း စိတ်ထဲတွင် အေးစက်သွားကာ နောက်ပြန် ဆုတ်သွားခဲ့သည်။
ကုန်းပတ်ပေါ် ရောက်တော့ နတ်သမီးကျင်းဟုန် နဲ့ ရှောင်အာ့တို့က စောင့်နေပြီ။ လုရွှမ်ကို တွေ့တာနဲ့ တခြားလူတွေလိုပဲ နှစ်ယောက်စလုံး ထိတ်လန့်သွားကြသည်။
တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ချိန် သူတို့နှစ်ယောက်ရဲ့ မျက်လုံးထဲမှာ ခံစားချက်အရိပ်အယောင်တွေ တွေ့လိုက်ရတယ်။
"ဂုဏ်ပြုပါတယ် သခင်လေးလုရွှမ်... ကျင့်ကြံမှု တိုးတက်လာတဲ့အတွက် ဂုဏ်ပြုပါတယ်"
လုရွှမ်က ဖော်ရွေတဲ့ နှုတ်ဆက် စကားတွေကို ဖလှယ်ပြီး အကြောင်းအရာကို အမြန်ပြောင်းလိုက်သည်။
"ဘာဖြစ်တာလဲ?"
"ကျေးဇူးပြုပြီး ကြည့်လိုက်ပါ!"
နတ်သမီးကျင်းဟုန်က သင်္ဘောဦးမတိုင် ရှေ့မှာ လက်ကို ဝှေ့ယမ်းလိုက်ချိန် အလင်းတန်းတစ်ခု လင်းလက်လာသည်။ အလင်းရောင် မျက်နှာပြင်ပေါ်တွင် ကြီးမားသော ပင်လယ်ထက်၌ သင်္ဘောကြီးတစ်စင်းကို ပြသထားသည်။ ၎င်းသည် အတိုင်းအတာအရ သူတို့ရဲ့ သင်္ဘောထက် အဆပေါင်းများစွာ ပိုကြီးသော်လည်း ပျက်စီးယိုယွင်းနေသည့် အခြေအနေတွင် ရှိနေ၏။
နတ်သမီးကျင်းဟုန်က လုရွှမ်ကို "ကျေးဇူးပြုပြီး" ဟူသော စကားလုံးကို အမှန်တကယ် သုံးသွားတာကို ကြားလိုက်ရတော့ ကျန်းယန်ရဲ့ နှလုံးသားထဲတွင် ပို၍ပင် ပိတ်ဆို့သွားခဲ့သည်။ သူ့ကို ပွဲဦးထွက်ကတည်းက ပါရမီရှင် တစ်ယောက်လို့ တံဆိပ် ကပ်ထားပေမယ့် လုရွှမ်နဲ့ လူတိုင်းရဲ့ အမြင်မှာတော့ သူက ဘာမှမဟုတ်တော့ချေ။
အခုတော့ နတ်သမီးကျင်းဟုန်က "ကျေးဇူးပြုပြီး" ဟူသော စကားလုံးကို သုံးခဲ့ပြီး သူ့စိတ်ထဲတွင် သိမ်မွေ့စွာ ပြောလိုက်ကြောင်း ခံစားရ၏။ နတ်သမီးကျင်းဟုန်က သူ့ကိုတော့ "ကျေးဇူးပြုပြီး" ဟူသော စကားလုံးကို တစ်ခါမှ မသုံးခဲ့ပေ။
"နတ်သမီး.... ဒါက ဧကန္တ...."
ကောင်းကင်ဓားရှင် ထျန်းတောက်ရဲ့ မျက်နှာက လှုပ်သွားပြီး သူ့မျက်လုံးတွေထဲမှာ ထိတ်လန့်နေတဲ့ အရိပ်အယောင်တွေက ပြည့်နှက်နေ၏။
"တစ္ဆေသင်္ဘော!"
နတ်သမီးဝမ်ယွဲ့ အော်လိုက်ပေမယ့် သူမ အသံက တုန်တုန်ယင်ယင်နဲ့မို့ သူမ အလွန်ထိတ်လန့်နေမှန်း သိသာလေသည်။