← Chapters

အဖွဲ့ခွဲမယ်

Vol. 59 Ch. 4.393

အဖွဲ့ခွဲမယ်

Vol. 59 Ch. 4.393

ကမ္ဘာငယ်လေးတိုင်းမှာ သရဲတွေ၊ နတ်တွေ၊ မသေနိုင်တဲ့ နတ်ဆိုးတွေအကြောင်း ဒဏ္ဍာရီတွေ ရှိတတ်ကြသည်။ အဲဒီဒဏ္ဍာရီတွေဟာ ရှေးဟောင်း လျှပ်စီးကမ္ဘာမှာ ပိုလို့တောင် ရေပန်းစားပြီး လူပြောအများဆုံး ဖြစ်နေကြသည်။

၎င်းတို့အနက် တစ္ဆေသင်္ဘောသည် ကြောက်စရာအကောင်းဆုံးနှင့် စိတ်ဝင်စားဖွယ် အကောင်းဆုံး အရာဖြစ်သည်။ လူတစ်ယောက် သေဆုံးပြီးနောက် သရဲတစ္ဆေ ဖြစ်လာမှာ ဖြစ်ပြီး တခြားရွေးချယ်စရာ ဘဝတစ်ခုကို ထူထောင်ခြင်းကလည်း ရှေးဟောင်းလျှပ်စီးကမ္ဘာက လူများကို သရဲတစ္ဆေများရှိကြောင်း အသိအမှတ် ပြုစေသည်။

လုရွှမ်လည်း တစ္ဆေသင်္ဘော ဒဏ္ဍာရီကို သဘာဝကျကျ ကြားဖူးပါ၏။ ယခုအချိန်တွင် တခြားလူတွေဆီက ထိတ်လန့်မှုကို သတိပြုမိရာ ဒါက အရေးကြီးကြောင်း သိလိုက်သောကြောင့် အလင်းတန်းဘက်ကို အမြန် ကြည့်လိုက်သည်။

အလွန်တရာ ကျိုးပဲ့သွားသော်လည်း အလွန်လှပသော သင်္ဘောတစ်စင်း ဖြစ်​ပေသည်။ သို့သော် တွင်းတွေနဲ့ ပြည့်နေပြီး ထိုတွင်းတွေက ပင်လယ်ရေတွေနဲ့ ပြည့်နေတာကို သေသေချာချာ မြင်နိုင်ပါ၏။

ပင်လယ်ရေက လှိုင်းလုံးကြီးတွေ အဖြစ်နဲ့ ကောင်းကင်ကနေ လှိမ့်ဝင်နေပေမယ့် ကျိုးနေတဲ့ အပိုင်းအစတွေနဲ့ ပင်လယ်ထဲမှာ ပျံဝဲနေပုံက လှိုင်းလုံးတွေနဲ့အတူ နစ်မြုပ်သွားမယ့် အရိပ်အယောင် လုံးဝ မပြချေ။

လုရွှမ် ပိုအံ့သြသွားသည်မှာ သူ့မျက်လုံးထဲတွင် ဧရာမသင်္ဘောကြီးသည် အလွန်ရိုးရှင်းပြီး သတိမပြုမိလိုခြင်းပဲ ဖြစ်သည်။ သူတို့ကသာ ဒါဟာ တစ္ဆေသင်္ဘောပဲလို့ ခေါ်ခဲ့တာကို မကြားခဲ့ရင် သူ့အနေနဲ့ လုံးဝ ဂရုမစိုက်မိလောက်ချေ။

ဒါက လုရွှမ် ပိုအံ့အားသင့်စေတဲ့ အချက်ပါပဲ။ ဒီလို သာမန်ရိုးရှင်းတဲ့ သင်္ဘောကို သူသတိမထားမိလိုက်ဘူးလေ။

"ကောလဟာလတွေ အရ ပင်လယ်နက်ထဲမှာ တစ္ဆေသင်္ဘောကို မြင်တဲ့သူတိုင်း သေမှာ သေချာတယ်တဲ့"

ကျန်းယန်က ရုတ်ချည်း ငြိမ်သက်စွာ ပြောလိုက်သည်။ သူ့အသံက အလွန် စိတ်မသက်မသာ ဖြစ်စေ၏။

ဘယ်သူကမှ ငြင်းလို့ မရပါဘူး။ ဒါက တကယ်ကို ကောလဟာလပါပဲ။

ဒါပေမဲ့ ဘယ်သူမှ မယုံ​ကြဘူး!

"သွားကြည့်ရအောင်.... တစ္ဆေသင်္ဘောနဲ့ တွေ့ရင် ဘယ်လောက်ပဲ ခက်ခက်ခဲခဲ ပြေးနေပါစေ မလွတ်မြောက်နိုင်ဘူးလို့ ကောလဟာလတွေ ရှိတယ်မလား? ​​ဆန့်ကျင်ဘက်ကို ပြေးလေလေ အန္တရာယ်ပိုများလေပဲ"

နတ်သမီးကျင်းဟုန်က လူတိုင်းကို စိုက်ကြည့်နေ၏။ ဒီစကားတွေကို ပြောပြီးတဲ့အခါ လူတော်တော်များများရဲ့ အမူအရာတွေက ပြောင်းလဲသွားတော့သည်။

ထိုအခါ ကျန်းယန်က

"နတ်သမီး... ကျုပ် အမြင်အရ.... ကျုပ်တို့ကြားက အကွာအဝေးက အခုထိတော့ ဝေးကွာနေသေးတယ် ဆိုတော့ ကျုပ်တို့ အရင်ထွက်ပြေးသင့်တယ်.... ကောလဟာလတွေက မှန်လား မှားလားဆိုတာ ဘယ်သူမှ မသိနိုင်ဘူးလေ... ဒါပေမဲ့ ကောလဟာလတွေ အကြောင်းကြောင့်နဲ့တော့ မြေအောက် တစ္ဆေသင်္ဘောကို သွားနှုတ်ဆက်ဖို့ အစပြုလိုက်ရင် နည်းနည်း အဆင်မပြေဘူးလို့ မထင်ဘူးလား?"

သူသည် ကောင်းကင်ဓားရှင်နဲ့ နတ်သမီးဝမ်ယွဲ့တို့ကို စိတ်အား ထက်သန်သော မျက်လုံးများဖြင့် ကြည့်ကာ သူတို့ဘက်က ထင်မြင်ချက်များကို လိုက်ရှာ​​ကြည့်​နေသည်။

ကောင်းကင်ဓားရှင်က စကားမပြောဘဲ သူ့ဓားရှည်ကိုသာ ဆွဲထုတ်တော့မလို ပုံစံကို လုပ်ထားသည်။ နတ်သမီးဝမ်ယွဲ့ကတော့ လုရွှမ်ကို ကြည့်ကာ

"လုရွှမ်... ရှင်ရော ဘယ်လိုထင်လဲ? အောင့်ယွဲ့က ရွှမ်ခုန်းတောင်မှာ ပိတ်မိနေတဲ့ အချိန်တုန်းက သူတို့ ရှင့်ရဲ့အစီအစဥ်တွေကိုပဲ နားထောင်ပြီး ထွက်ပြေးနိုင်ခဲ့တာမလား?"

လုရွှမ် စကားမပြောခင် ကျန်းယန်က အော်ချင်နေပြီ။

အရင်က နတ်သမီးကျင်းဟုန်ရဲ့ ယဥ်ယဥ်ကျေးကျေး အပြုအမူက သူ့ကို ငြီးငွေ့သွားစေလောက်အောင် ဖြစ်ခဲ့ပေမယ့် အခု နတ်သမီးဝမ်ယွဲ့ကပါ လုရွှမ်ရဲ့ စိတ်ကူးကို သေရေးရှင်ရေး ကိစ္စအတွက် ဆုံးဖြတ်ခိုင်းနေပြီ။

"နတ်သမီးဝမ်ယွဲ့ လုရွှမ်ရဲ့ အရည်အချင်းက ထူးခြားတယ် ဆိုတာ ကျွန်တော် ဝန်ခံပါတယ်.... ဒါပေမဲ့ သူက ရှေးဟောင်း လျှပ်စီးကမ္ဘာက မဟုတ်သလို အတွေ့အကြုံလည်း မရှိတာ သိသာပါတယ်.... ညီအစ်ကို လုရွှမ်မှာ ဆိုးရွားတဲ့ ရည်ရွယ်ချက်တွေ ရှိမယ်လို့တော့ ကျွန်တော် သံသယ မဝင်ဝံ့ပါဘူး... ဒါပေမဲ့ ကျွန်တော် ကြောက်တာက မတော်တဆ လမ်းလွဲသွားရင် လူတိုင်း အန္တရာယ် ကြုံလိုက်ရမှာကိုပဲ"

ထိုအခါ နတ်သမီးဝမ်ယွဲ့က

"ဘာလဲ? ကျွန်မလုရွှမ်ကို မေးလို့တောင် မရဘူးလား? သခင်လေးကျန်းမှာ အကြံဉာဏ် တစ်ခုခုများ ရှိလို့လား?"

ကျန်းယန်ရဲ့ မျက်နှာက နီမြန်းသွားသည်။ လုရွှမ်က သူ့ကို အထင်သေးပြီး ကောင်းကင်ဓားရှင်ကိုပင် မျက်လုံးထဲ မထည့်တာ နတ်သမီးဝမ်ယွဲ့က ဘာဖြစ်လို့များ လုရွှမ်ကို အသိအမှတ် ပြုနေရတာလဲ? ရှေးဟောင်းလျှပ်စီး ကမ္ဘာက နံပါတ်တစ် မိသားစုဝင် သူမလိုလူကိုတော့ စော်ကားဖို့ မတတ်နိုင်ပါ။

"ညီမဝမ်ယွဲ့... သခင်လေးကျန်းယန်ကလည်း အလျင်လိုနေလို့ပါ... လုရွှမ် မင်း ဘယ်လိုထင်လဲ ပြောပြပါဦး"

လုရွှမ်က ရယ်ပြီး ကျန်းယန်ကို တစ်ချက်ကြည့်လိုက်သည်။

"ငါ့မှာ ကျင့်ကြံမှုအဆင့် အနိမ့်ဆုံးနဲ့ အတွေ့အကြုံ အနည်းဆုံး ရှိတယ်.... ဒါကြောင့် စကားကို ပရမ်းပတာ မပြောရဲပါဘူး"

ထိုအခိုက် နတ်သမီးကျင်းဟုန်က နူးညံ့စွာ ပြုံးလျက် ဆိုလာ၏။

"ရှေးဟောင်းလျှပ်စီးကမ္ဘာကြီးက အရမ်း ကြီးမားပါတယ်.... ဒါပေမဲ့ ကြီးကြီးမားမား ထုတ်ဖော် ပြောဆိုနိုင်တဲ့ လူကတော့ အရမ်းကို နည်းပါးပါတယ်.... ဒါက ကိုယ်ခံပညာမှာ အရည်အချင်း သာမကဘဲ အခွင့်အရေးနဲ့ တိုက်ပွဲဝင်ရဲတဲ့ သတ္တိကိုပါ အမြတ်တနိုး တန်ဖိုးထားတဲ့ စိတ်တစ်ခုလည်း ဖြစ်တယ်"

"သခင်လေးလုရွှမ်က ရွှမ်ခုန်းတောင်မှာ ကြီးကျယ်ခမ်းနားတဲ့ ဂုဏ်သတင်းကို ဆွတ်ခူးနိုင်ခဲ့ပြီး နတ်သမီးအောင့်ယွဲ့နဲ့ တခြားသူတွေကို မျှော်ကြည့်မိစေခဲ့ပါတယ်..... ဒီအမြင်နဲ့ ဆုံးဖြတ်ချက်ချတွေက ကျွန်မ အရမ်းကို လေးစားမိတဲ့ အရာတွေပါပဲ"

ဒါကိုကြားတော့ ကျန်းယန် မျက်မှောင်ကြုတ်သွားသည်။ ပထမတော့ နတ်သမီးကျင်းဟုန်က သူ့အတွက် ဖာပေးတယ်လို့ ထင်ခဲ့ပေမယ့် နားထောင်လေ ပိုမှားလေလေပဲ။ လုရွှမ်က ချီးကျူးမှုကို ခံနေရတာပဲ။

သူ့စိတ်ထဲမှာ ဒေါသတွေ ထွက်နေပေမယ့် ခံနိုင်ရည်ရှိအောင် ကြိုးစားနေရသည်။

"နတ်သမီးကျင်းဟုန် ပြောတာလည်း မှန်ပါတယ်... ဒါဆို အစ်ကိုလုရွှမ်က ဘယ်လို အတွေးတွေ ရှိမလဲဆိုတာ ကျုပ် စောင့်နေပါ့မယ်"

လုရွှမ်ကတော့ ကျန်းယန်ရဲ့ အတွေးများကို ဖောက်မြင်ပြီးပါပြီ။ ဒီလူက နှလုံးသားမရှိတဲ့ လူကြမ်းတစ်ယောက် ဖြစ်သည်။ လောလောဆယ်တွင် လူတိုင်းသည် တစ္ဆေသင်္ဘော အောက်မှ လွတ်မြောက်ရန် အလုပ်ရှုပ်နေကြသော်လည်း ဒီလူယုတ်မာကတော့ အနားယူရန် စဉ်းစား​နေဆဲ ဖြစ်သည်။

သူ့မှာ အမြင်မရှိသလို ခြုံငုံကြည့်ရမယ့် အတွေးလည်း မတွေးတတ်ဘူး။ သူ့ရဲ့ခွန်အားက အဆိုးဆုံး ဖြစ်နေတုန်းပဲ။ ဒီလူကို သင်္ဘောပေါ် ဖိတ်ခေါ်လိုက်တဲ့ နတ်သမီးကျင်းဟုန်က ဘာလုပ်ချင်နေမှန်း သူတကယ် မသိ​တော့ဘူး။

နတ်သမီးကျင်းဟုန်က သူပြောသမျှကို လက်ခံပြီး ရိုးရှင်းတဲ့ အပေးအယူကို ပေါ့ပေါ့တန်တန် အဆိုပြုခဲ့တာကြောင့်လည်း ဖြစ်နိုင်သည်။

"အရင်ဆုံး စမ်းကြည့်ရအောင်....ငါကတော့ အုပ်စုနှစ်စုခွဲဖို့ အကြံပြုပေးချင်တယ်.... တစ်ဖွဲ့က တစ္ဆေသင်္ဘောဆီကို သွားကြမယ် ကျန်တဲ့အုပ်စုက တစ္ဆေသင်္ဘောဆီကနေ ပြေးကြမယ်... သိပ်အဝေးကြီး ပြေးဖို့ မလိုဘူး... ဒါမှ သိပ်မကြာခင်မှာ တစ်ခုခုဖြစ်လာရင် ပြောနိုင်မှာ"

တစ္ဆေသင်္ဘောနဲ့ ပတ်သက်၍ လုရွှမ်လည်း ထိုအကြောင်းကို အမှန်တကယ် သေသေချာချာ မသိခဲ့သဖြင့် တစ်ဖက်သတ် အကြံဥာဏ်များ ရုတ်တရတ် ပေးခဲ့သည်။ သူ ရွေးချယ်မှု မှားသွားသည်နှင့် တစ်ပြိုင်နက် အဆုံးမသတ်နိုင်သလို သေချာပေါက် ဒုက္ခများစွာကို ပေးလာလိမ့်မည်။

သို့သော် နတ်သမီးကျင်းဟုန်က ခေါင်းညိတ်ပြီး

"ကောင်းပြီ ဒါဆို သခင်​လေစလုရွှမ် ပြောတာကို လိုက်နာပြီး စမ်းသပ်​​ကြည့်ဖို့ ကျွန်မတို့ အဖွဲကို အုပ်စုနှစ်စု ခွဲလိုက်ရအောင်"

ထိုစကားများ ထွက်လာတာနဲ့ တပြိုင်နက် လူတိုင်း အံ့အားသင့်သွားကာ လုရွှမ်မှာ ပို၍ပင် တုန်လှုပ်သွားခဲ့သည်။ သူက ကျပန်းအကြံပြုချက် တစ်ခုမျှသာ ပေးလိုက်ခြင်း ဖြစ်သော်လည်း တစ်ဖက်က အမှန်တကယ် လက်ခံခဲ့သည်။

ဒါနဲ့ အုပ်စုနှစ်စုကို ခွဲမယ်ဆိုရင် ဘယ်လို ခွဲကြမလဲ?

"ငါ တစ္ဆေသင်္ဘောနဲ့ ဝေးရာကို သွားမယ်"

ကျန်းယန်က ပထမဆုံး အော်လိုက်သည်။

နတ်သမီးဝမ်ယွဲ့က ပြုံးလိုက်ပြီး

"ကျွန်မကတော့ လုရွှမ်နဲ့ အတူတူ သွားမယ်"

ကောင်းကင်ဓားရှင်က အသံမထွက်သေးချေ။ နတ်သမီးကျင်းဟုန်က ပြုံးပြီး လုရွှမ်ကို ကြည့်နေသည်။

"သခင်လေးလုရွှမ်ကရော?"

လုရွှမ်က သူ့စိတ်ထဲတွင် ထိုလမ်းကို မလိုက်ချင်ပေ။

"ဒီလိုလုပ်ရအောင်.... သခင်လေးလုရွှမ်၊ နတ်သမီးဝမ်ယွဲ့နဲ့ ကျွန်မက တစ္ဆေသင်္ဘောဆီကို ဦးတည်သွားမယ်.... မင်းနဲ့ သူတို့နှစ်ယောက်က ပွင့်လင်းတဲ့ ပင်လယ်ဘက်ကို လျှောက်သွားပြီး အချိန်တိုင်း အဆက်အသွယ် လုပ်ဖို့ ပြင်ထားလိုက်"

ကျင်းဟုန်ပြောတော့ ရှောင်အာ့က ဂရုမစိုက်သလို အပျော်သဘောဖြင့် ပြုံးကာ တုံ့ပြန်လိုက်သည်။

ရှောင်အာ့က မမျှော်လင့်ဘဲ သူ့လက်ထဲမှ လှေငယ်တစ်စင်းကို ထပ်မံ ထုတ်ယူကာ ပင်လယ်ပြင်ပေါ် ပစ်ချ၍ နောက်ထပ် အဆောက်အဦ လှေအဖြစ်သို့ ပြောင်းလဲကာ ပထမဦးစွာ ခုန်ချသွားခဲ့သည်။ ကောင်းကင်ဓားရှင်က တိတ်တဆိတ် လိုက်လာပြီး ကျန်းယန်လည်း အေးစက်စွာ လိုက်သွားခဲ့သည်။

နှစ်ဘက်လုံး လမ်းခွဲလိုက်ကြသည်။

ရှေ့က အကျပ်အတည်းကို သိလိုက်ရတော့ လုရွှမ်လည်း လေ့ကျင့်ဖို့ အခန်းထဲကို ပြန်မသွား​တော့ဘဲ ကုန်းပတ်ပေါ်မှာ အတူတူ ရပ်လိုက်ပြီး အဝေးက ရှုခင်းတွေကို ကြည့်နေလိုက်သည်။

နတ်သမီးကျင်းဟုန်ရဲ့ အဆိုအရ သူတို့သည် ပင်လယ်ရဲ့ အနက်ပိုင်းထဲသို့ ဝင်ရောက်နေပြီ ဖြစ်သည်။ ရေနက်ပိုင်းဟာ ယခုအချိန်မှာတော့ အလွန်ငြိမ်သက်နေပါ၏။ လုရွှမ် ပင်လယ်အောက်ကို လှမ်းကြည့်လိုက်ရာ ငါး​ပေါင်းများစွာ ကူးခတ်နေတာကို မြင်နေရကာ အသက်ရှင်နေတဲ့ အငွေ့အသက်တွေ ပြည့်နေသည်။

ဘာအန္တရာယ်မှကို မမြင်ရချေ။

လုရွှမ်သည် သူ့နောက်မှ ဆုတ်သွားသော အဆောက်အဦ လှေဘက်ကို မြဲမြဲမြံမြံ စိုက်ကြည့်နေသည်။ သူ့မျက်လုံးများထဲတွင် ကောင်းကင်မီးတောက်၏ အလင်းမှုန်များ တောက်ပလာပြီး ဒုတိယအဆင့် နေမင်းမျက်လုံးက အသက်ဝင်လာသည်။

ရုတ်တရက် ဆိုသလိုပဲ အနောက်က လှေဟာ ပျောက်ကွယ်သွားတော့၏။

"ကျွန်မရဲ့ ဆက်သွယ်ရေး ကျောက်စိမ်းပြားက အလုပ် မလုပ်တော့ဘူး"

နတ်သမီးကျင်းဟုန် ရုတ်တရက် ဆိုရင်း မျက်မှောင်ကြုတ်ကာ သူမ နောက်ကို လှည့်ကြည့်လိုက်သည်။

All Chapters