သွေးသံချေးဇုန်
Vol. 69 Ch. 908
ချင်မူမှာ ဇာမဏီနတ်မင်း ချီရှားယွီဆီက လှေမတောင်းချင်၍ အနည်းငယ် နေရခက်သွားသည်။
ကောင်းကင်နတ်ဘုံ သူ့ကို ဝိုင်းတိုက်ခဲ့တုန်းက နတ်မင်းလေးပါးသည် အတူတူ ပူးပေါင်းခဲ့ကြပြီး ဇာမဏီနတ်မင်း ချီရှားယွီကလည်း သူ့အပေါ် မသက်ညှာခဲ့ပေ။
အသည်းမာနေမှဖြစ်မည့် ချီရှားယွီ၏အခြေအနေကို သူ နားလည်ပြီး သူမတွင် အလွန်အရေးပါသည့် အစီအစဉ်တစ်ခုရှိကြောင်း သိထားသော်လည်း ချင်မူမှာ အတော်လေး ကသိကအောက် ဖြစ်နေသေး၏။
သူက သစ်ခုတ်သမားလို သူတော်စင်တန်ခိုးရှင်တစ်ယောက် မဟုတ်ပေ။
တန်ခိုးရှင်သစ်ခုတ်သမားသည် စိတ်ခံစားချက်များကို စွန့်ပယ်ခွာပြီး သူ စိတ်၀င်စားသည့် အရာများကိုသာ လုပ်ဆောင်၏။ ကောင်းကျိုးဆိုးကျိုးကို အသေးစိတ် ဆန်းစစ်သုံးသပ်ပြီးနောက် ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ချနိုင်၏။
သို့သော် တန်ခိုးရှင်သစ်ခုတ်သမားက သူ့ကို တစ်ခါမှ မသင်ကြားပေးခဲ့သည့်အတွက် ချင်မူမှာ ခံစားချက်များကို မဖယ်ရှားတတ်ပေ။
တန်ခိုးရှင်သစ်ခုတ်သမားသည် ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံကိုသာ သင်ကြားပေးခဲ့၏။ ချင်မူနှင့် ဝေစွေ့ဖန်းကိုမူ သူတို့ဘာသာသူတို့ လေ့လာခွင့်ပေးပြီး ဂရုမစိုက်ပေ။
ချင်မူက စိတ်ပြန်ထိန်း၍ ပြောလိုက်သည်။ “ဒါဖြင့် ဇာမဏီနတ်မင်း ချီရှားယွီကို သွားတွေ့ကြတာပေါ့”
“ဆရာမက မင်းကို မတွေ့ချင်ဘူး”
ချီကျုံရီက ပြောသည်။ “မင်း အထက်ကောင်းကင်နတ်ဂိုဏ်းမှာ ရှိနေတုန်းက ငါ သူ့ကို ဆက်သွယ်ခဲ့ပြီးပြီ... ဆရာမက ပြောတယ်... သူ မင်းကို မတွေ့ချင်ပေမယ့် သူ့ရဲ့ ဇာမဏီသင်္ဘောကိုတော့ အချိန်တစ်ခုအထိ ငှားပေးနိုင်တယ်တဲ့ … မင်း ကောင်းကင်နတ်ဘုံကို ရောက်ရင် ပြန်ယူမယ်လို့ ပြောတယ်.... ဇာမဏိသင်္ဘေက မကြာခင် ဒီကို ရောက်လာလိမ့်မယ်”
ချင်မူ စိတ်သက်သာရာ ရသွားသည်။ ဇာမဏီနတ်မင်း ချီရှားယွီသည် မလုံမလဲဖြစ်နေ၍ သူတို့နှစ်ယောက်ဆုံလျှင် အနေရခက်မည့် အခြေအနေကို ရှောင်ရှားချင်နေပုံရသည်။
“သခင်လေး၊ ဇာမဏီသင်္ဘော ရောက်ပါပြီ” နတ်ဘုရားတစ်ပါးက နန်းတော်ထဲသို့ လမ်းလျှောက်၀င်လာကာ နှုတ်ဆက်သည်။
ချီကျုံရီက အရှေ့မှ ထွက်သွား၏။ ချင်မူက သူ့နောက်မှ လိုက်သွားပြီး စပ်စုကြည့်သည်။ “နောင်တော်ချီ၊ ဇာမဏီနတ်မင်းက ကမ္ဘာဦးဘုံမှာပဲ ရှိသေးတာလား... တောင်ကောင်းကင်ကို မပြန်ဘူးလား”
ချီကျုံရီက ဖြေသည်။ “မပြန်သေးဘူး.. သူက လီရုံလန်လို့ခေါ်တဲ့ သူတောင်းစားတစ်ယောက်ကို ရှာစရာရှိတယ် ပြောတယ်... လီရုံလန်က မကောင်းမှုတွေ အများကြီး ကျူးလွန်ခဲ့တယ်တဲ့လေ... အဲ့ဒါ့အပြင် ခိုင်ဧကရာဇ်ရဲ့ လက်ကျန်ပြည်သူတွေလည်း ရှိသေးတော့ ဒီမှာ နေဦးမယ်တဲ့”
ထိုအခါမှ ချီကျုံရီမှာ ချင်မူက ခိုင်ဧကရာဇ်၏ မျိုးဆက်ဖြစ်ကြောင်း မှတ်မိသွား၍ အနည်းငယ် အားနာသွားသည်။ သို့သော် ချင်မူ့အမူအရာကို အကဲခတ်လိုက်သည့်အခါ သူ့စကားများက သူ့ကို မရွှင်မပျဖြစ်သွားစေပုံမရပေ။
သူနှင့်ချင်မူသည် တစ်ယောက်နှင့်တစ်ယောက် အကြိမ်ပေါင်းများစွာ ရက်ရက်စက်စက် တိုက်ခိုက်ခဲ့ဖူးသော်လည်း တိုက်ပွဲများမှတဆင့် နှစ်ယောက်သား ရင်းနှီးလာခဲ့ကြ၏။ ချင်မူ့အပေါ်လည်း သူ လေးစားမိသည်။ ထို့အပြင် နဂါးချီလင်မှတဆင့် ပက်သက်မှုများလည်း ရှိနေသောကြောင့် သူ့ရင်ထဲတွင် ချင်မူ့ကို အပြင်လူတစ်ယောက်သဖွယ် သဘောမထားပေ။
ဇာမဏီသင်္ဘောသည် ကမ္ဘာလောကအသီးသီး၏ လောကစည်းများကို လွတ်လွတ်လပ်လပ် ဖြတ်သွားနိုင်သော ရှားမှရှားသည့် အဖိုးထိုက်ရတနာတစ်ခုဖြစ်၏။ သင်္ဘောကို အမည်မသိ သတ္တုတစ်မျိုးဖြင့် တည်ဆောက်ထားသည်။ သင်္ဘော၏အပြင်ဘက်တွင် ဇာမဏီတောင်ပံများ ရှိပြီး ပျံသန်းနှုန်းက အံ့အားသင့်ဖွယ်ကောင်း၏။
ကောင်းကင်နတ်ဘုံ၏ အဆင်မြင့်သိုင်းပညာရှင်များ အောက်ဘုံသို့ ဆင်းသက်ချင်လျှင် ဇာမဏီနတ်မင်း ချီရှားယွီဆီမှ ဤသင်္ဘောအား ငှားယူရလေသည်။
ချင်မူက ချီကျုံရီနောက်မှလိုက်၍ သင်္ဘောအပေါ် တက်သည်။ သင်္ဘောအပေါ်တွင် သင်္ဘောကို ထိန်းချုပ်၍ မောင်းနှင်နေကြသော ကောင်းကင်စစ်သည်တော်များနှင့် စစ်သူကြီးများ ရှိကြ၏။
“ဒီသင်္ဘောက ဧကရာဇ်ပလ္လင်အဆင့် ရတနာတစ်ပါးပဲ... အမြန်နှုန်းက ပြိုင်ဘက်ကင်းပေမယ့် အသက်သွင်းဖို့ မှော်စွမ်းအင်အများကြီး လိုအပ်တယ်... အဲ့ဒါကြောင့် စစ်သည်တော် ၆၀၀၀ လောက်နဲ့မှ အသက်သွင်းလို့ရတာ” ချီကျုံရီက ကောင်းကင်နတ်ဘုံသို့ သွားရန် အမိန့်ပေးလိုက်သည်။
ကောင်းကင်နတ်စစ်သည်တော် ၆၀၀၀ က ဇာမဏီသင်္ဘောကို အသက်သွင်းလိုက်သည့်အခါ သင်္ဘောသည် ကောင်းကင်ယံသို့ ပျံတက်သွားပြီး ဖြည်းဖြည်းချင်း အရှိန်တင်လာ၏။ ခမ်းနားလှပသော ဇာမဏီတောင်ပံနှစ်ဖက်က တဖြည်းဖြည်း ပြန့်ကားလာကာ တောက်ပသော အလင်းတန်းများနှင့် အရောင်အဝါများကို ထုတ်လွှတ်နေသဖြင့် သင်္ဘောတစ်စင်းလုံး လင်းထိန်လာသည်။
ဇာမဏီတောင်ပံများက အရောင်အသွေးစုံလင်လှ၏။ အပြည့်အ၀ ဖြန့်ကားပြီးသည့်အခါ တောင်ပံများသည် ဖြည်းဖြည်းချင်း တုန်ခါလာပြီးနောက် သင်္ဘော၏အမြန်နှုန်းက ဖြည်းဖြည်းမှန်မှန် မြင့်တက်လာ၏။
ချီကျုံရီက ဆက်ပြောသည်။ “ငါ့ဆရာမရဲ့ သင်္ဘောက ကမ္ဘာလောကစည်းတွေကြား ဖြတ်သွားနိုင်တဲ့ တစ်ခုတည်းသော ရတနာမဟုတ်ဘူး... အသက်သာဆုံး ရတနာပဲ... ဒီသင်္ဘောစီးရင်း ဟင်းလင်းပြင်လှိုင်းပုတ်ဒဏ်တွေကို သိပ်စိတ်ပူနေစရာမလိုဘူး”
ဇာမဏီသင်္ဘော၏ အမြန်နှုန်းသည် ကြောက်ခမန်းလိလိ မြင့်တက်လာသော်လည်း သင်္ဘောကား အတော်လေး ငြိမ်လှ၏။ ဇာမဏီငှက်တောင်ပံနှစ်ဖက်က အတူတူတုန်ခါရင်း အရှိန်ကို အဆုံးထိ မြှင့်တင်လိုက်သည်။ ၎င်းကာ ကမ္ဘာဦးဘုံထဲမှ ဝှစ်ခနဲ ပျောက်ကွယ်သွားချေပြီ။
ချင်မူက သင်္ဘောဦးတွင် ရပ်လျက် သင်္ဘော ဟင်းလင်းပြင်အား ထိုးဖောက်သွားသည်ကို စောင့်ကြည့်နေသည်။ နေရာဟင်းလင်းပြင်သည် လှပသော အလင်းအစင်းကြောင်းများသဖွယ် ဆန့်တန်းနေပြီး သင်္ဘောက ပြိုင်ဘက်ကင်းသော အမြန်နှုန်းဖြင့် ဤအလင်းအစင်းကြောင်းများတစ်လျှောက် ပျံသန်းနေသည်။
ဇာမဏီသင်္ဘော၏ အမြန်နှုန်းက ချင်မူ ထင်ထားသည်ထက် များစွာပိုနေကာ ဇာမဏီနတ်မင်း ချီရှားယွီ မည်မျှသန်မာအားကောင်းကြောင်း သက်သေပြနေ၏။
သိကြားဗုဒ္ဓသည် ဧကရာဇ်ပလ္လင်အဆင့်အထိ ကျင့်ကြံလို၍ ဗြဟ္မဗုဒ္ဓဆီမှ ကျင့်စဉ်များပင် ငှားယူခဲ့သည်။ သို့သော် ဧကရာဇ်ပလ္လင်အဆင့်နှင့် နတ်ကောင်းကင်ခန်းမအဆင့်မှာ မိုးနှင့်မြေပမာ ကွာခြား၏။ အသိအမြင်တွင်ဖြစ်စေ၊ အခြေခံတွင်ဖြစ်စေ၊ ကျော်လွန်းရန် မဖြစ်နိုင်သည့် အခက်အခဲပေါင်းများစွာ ပြည့်နှက်နေလေသည်။
ချင်မူမှာ သင်္ဘော၏အမြန်နှုန်းကြောင့် တလေးတစား စုပ်သပ်မိ၏။ ဇာမဏီနတ်မင်းချီရှားယွီ၏ အစွမ်းကား အံ့မခန်းပင်။ ထို့နောက် သိကြားဗုဒ္ဓနှင့် ဇာမဏီနတ်မင်းချီရှားယွီအကြားရှိ ရန်ငြိုးကို တွေးမိလိုက်သည်။ ‘ကမ္ဘာပေါ်မှာ နတ်ကောင်းကင်ခန်းမအဆင့် အဆင့်မြင့်သိုင်းပညာရှင်တွေ အများကြီး ရှိပေမယ့် ဧကရာဇ်ပလ္လင်အဆင့်က နည်းသေးတယ် .... နတ်ကောင်းကင်ခန်းမကနေ ဧကရာဇ်ပလ္လင်အဆင့် တက်ဖို့က ကောင်းကင်ဆီ ခုန်တက်ရတာလောက် ခက်ခဲတဲ့ပုံပဲ”
သိကြားဗုဒ္ဓသည် သိကြားကျမ်းစာကို သူ့ဘာသာသူ ဖန်တီးခဲ့၏။ သို့သော် သူ့ကျမ်းစာမှာ ဗြဟ္မဗုဒ္ဓ၏ အနန္တကပ်ဘေးသုတ္တန်နှင့် ယှဉ်လိုက်လျှင် အသိအမြင်နှင့် အခြေခံချင်း ကွာခြားမှုက ကျင့်စဉ်စွမ်းအင်တစ်ခုတည်းဖြင့် ဖြည့်စွက်ပေးနိုင်သည့်အရာ မဟုတ်ပေ။
ချီရှားယွီသည် ဗြဟ္မဗုဒ္ဓအောက် နိမ့်ကျသော်လည်း သိကြားဗုဒ္ဓထက် များစွာ အစွမ်းထက်သေး၏။
ဇာမဏီသင်္ဘောက နေရာဟင်းလင်းပြင်ကို ဖြတ်သွားပြီးနောက် အချိန်တစ်ခုကြာသည့်အခါ ညင်ညင်သာသာ ရပ်တန့်သွားသည်။ ၎င်းကား ဟင်းလင်းပြင်အတွင်းပိုင်းထဲသို့ တိုးဝင်ကာ ကြယ်တာရာကောင်းကင်တစ်ခု၏ အလယ်ဗဟို ရောက်လာသည်။
ချင်မူ သင်္ဘောဦးတွင် ရပ်၍ ပတ်ဝန်းကျင်အား ကြည့်ရှုလိုက်သည်။ ကောင်းကင်ထဲရှိ ကြယ်များသည် ထူးဆန်းစွာ တောက်ပနေပြီး လှပသော အလင်းတန်းများက ကြယ်တစ်စင်းနှင့်တစ်စင်းအကြား သံကြိုးများသဖွယ် ချိတ်ဆက်နေသည်။
ဤသည်မှာ ကြယ်တာရာကောင်းကင်အစစ် ဖြစ်သည်။ ကောင်းကင်မြေပုံ မဟုတ်ပေ။
“ဒါက ကောင်းကင်ကြယ် သုံးဆယ့်ခြောက်စင်းထဲက ခွန်အားကောင်းကင်ကြယ်ပဲ ... အလယ်မှာ ကျောက်စိမ်းချီလင်ကြယ်လို့ အသိများတဲ့ ခွန်အားမြို့ ရှိတယ်”
ချီကျုံရီက ဆက်ပြောသည်။ “မင်း မတူညီတဲ့ ရှုထောင့်က ကြည့်လိုက်ရင် ခွန်အားကြယ်က ကျောက်စိမ်းချီလင် ရှေးဟောင်းနတ်ဘုရားရဲ့ အသွင်သဏ္ဍာန် ရှိတာ မြင်ရလိမ့်မယ်... ခွန်အားကြယ်အရှင်သခင်က ခွန်အားမြို့ကနေ မွေးဖွားလာတာ”
နဂါးချီလင်မှာ စိတ်လှုပ်ရှားလာပြီး သင်္ဘောဦးတွင် ရပ်၍ ကြည့်နေသည်။ “ဒါဆို ဒါက ချီလင်နတ်ဘုရားမျိုးနွယ်ရဲ့ ရှေးဟောင်းဘိုးဘေးကြီး မွေးဖွားလာတဲ့ နေရာပေါ့.... ခွန်အားကြယ်အရှင်သခင်က ဒီမှာ မွေးတာလား”
ဇာမဏီသင်္ဘောက အတိုင်းထက်အလွန် မြန်သဖြင့် များစွာမကြာလိုက်ဘဲ ခွန်အားကြယ်အရှေ့သို့ ရောက်သွားသည်။ အဝေးမှ ကြည့်လျှင် ကြယ်သံကြိုးများသည် ကြယ်တာရာများကို ချိတ်ဆက်လျက် ချီလင်တစ်ကောင်၏ ပုံသဏ္ဍာန်အတိုင်း ရှိနေ၏။
ချိတ်ဆက်နေသော ကြယ်သံကြိုးများ၏ အလယ်၌ ကျောက်စိမ်းဖြင့် တည်ဆောက်ထားသော နတ်ဘုရားမြို့ကြီးတစ်မြို့ ရှိနေသည်။
ချီကျုံရီမှာ တခဏ တွန့်ဆုတ်နေပြီးနောက် ပြောသည်။ “ချီလင်အမျိုးအစားက အများကြီးရှိတယ်... ခွန်အားကြယ်အရှင်သခင်က ကျောက်စိမ်းချီလင်၊ ချီလင်တွေထဲမှာ အမြင့်မြတ်ဆုံး ချီလင်အမျိုးအစားပဲ... ဒါ့အပြင် ကမ္ဘာဦးဘုံမှာ ရေ၊ မီး၊ ရွှေ၊ သစ်သားနဲ့ မြေကြီးဆိုတဲ့ ဓာတ်ငါးပါးဝိညာဉ်ရှိတော့ မဟာချီလင်ရှေးဟောင်းနတ်ဘုရားငါးပါး ပေါ်ထွက်လာခဲ့တယ်... ဒုတိယအစ်ကိုက ခွန်အားကြယ်အရှင်သခင်ရဲ့ မျိုးဆက် ဟုတ်လားမဟုတ်လားတော့ ငါလည်း မသိဘူး”
နဂါးချီလင်၏အမူအရာ မည်းမှောင်သွားသည်။
သူ မွေးဖွားလာတုန်းက ချီလင်မီးလျှံကို ထိန်းချုပ်နိုင်ပြီဖြစ်ရာ ကမ္ဘာဦးဘုံသား မီးချီလင်၏ မျိုးဆက်ဖြစ်ကြောင်း သိသာပေသည်။ ခွန်အားကြယ်အရှင်သခင်နှင့် မည်သို့မျှ သွေးသားမတော်စပ်ပေ။
ဇာမဏီသင်္ဘောက ကောင်းကင်ကြယ်သုံးဆယ့်ခြောက်ဆင်း ဖွဲ့တည်ထားသော ကြယ်အစုအဝေးများကြားမှ ပျံသန်းသွားနေ၍ ကြယ်တာရာအသီးသီး၏ အလယ်ဗဟိုတွင် တည်ရှိနေသော နတ်ဘုရားမြို့များကို မြင်ကြရ၏။ ခေါင်းဆောင်မြို့၊ အသိအမြင်မြို့၊ ဆိတ်ငြိမ်မြို့၊ ထည်ဝါမြို့၊ သတ္တိမြို့၊ မေတ္တာမဲ့မြို့ အစရှိသဖြင့် တွေ့ကြရသည်။
ကြယ်တစ်စင်းနှင့်တစ်စင်း ပုံသဏ္ဍာန်လည်း မတူပေ။ ကြယ်သံကြိုးများက မတူညီသော ရှေးဟောင်းနတ်ဘုရားတို့၏ အသွင်အပြင်များအား ဖွဲ့တည်ထားကြသည်။ အသွင်အပြင်များက အတော်လေး ရက်စက်ကြမ်းကြုတ်မည့်ဟန် ရှိပြီး ကြောက်စရာကောင်းကြ၏။ ၎င်းတို့သည် ရှေးဟောင်းနတ်ဘုရားတို့၏ ပုံစံသာ ဖြစ်ချေရာ ထိုရှေးဟောင်းနတ်ဘုရားများလည်း အလားတူအသွင်အပြင်ရှိကြောင်း စိတ်ကူးကြည့်နိုင်ပေသည်။
“အဲဒီနတ်ဘုရားမြို့တွေက စစ်သည်တော်တွေ တပ်ချထားတဲ့နေရာပဲ”
ချီကျုံရီက ဆက်ပြောသည်။ “ကမ္ဘာဦးဘုံ စစ်ပွဲအတွက် ဆင်းလာကြတဲ့ ကောင်းကင်နတ်စစ်သည်တော်တွေထဲမှာ အများစုက ကောင်းကင်ကြယ်၊ မြေပြင်ကြယ်တွေရဲ့ နတ်ဘုရားမြို့တွေဆီ လာတယ်…. ကောင်းကင်နတ်ဘုံရဲ့ ကောင်းကင်နန်းဆောင် ၃၆ ဆောင်နဲ့ ပလ္လင်ခန်းမ ၇၂ ခုစလုံး လုံးဝမလှုပ်ရှားခဲ့ဘူး”
ချင်မူ ရင်ထဲတွင် တင်းကြပ်သွား၏။ ကောင်းကင်ကြယ်နှင့် မြေပြင်ကြယ်မှ ကောင်းကင်နတ်စစ်သည်တော်များသည် ကမ္ဘာဦးဘုံအား အပြတ်အသတ် အနိုင်ယူခဲ့လေသည်။ ကောင်းကင်နတ်ဘုံ၏ အင်အားဆိုလျှင်တော့ ဆိုဖွယ်မရှိချေပြီ။
ဇာမဏီသင်္ဘောသည် မြေပြင်ကြယ်အစုအဝေးဘေးမှ ဖြတ်ကျော်သွားရင်း ကြယ်တာရာကောင်းကင်အထဲ၌ ရွက်လွှင့်နေ၏။
ရုတ်တရက် ကြေမွနေသည့် ကြယ်တာရာကောင်းကင်တစ်ခုဆီသို့ သူတို့ ရောက်လာကြသည်။ ကြယ်အပိုင်းအစများ၊ မြေထုများသည် ပျံဝဲလွင့်မျောနေကြလေသည်။
ချင်မူ ချီကျုံရီဆီ ကြည့်ကာ မေးလိုက်မိသည်။ “နောင်တော်ချီ၊ ဒါက ဘာနေရာလဲ… ဘာလို့ ဒီက ကြယ်တာရာကောင်းကင်က ပြိုကွဲနေတာလဲ”
ချီကျုံရီက ပြန်ဖြေသည်။ “ကောင်းကင်နတ်ဘုံရဲ့ သွေးသံချေးဇုန်ပဲ”
“သွေးသံချေးဇုန် ဟုတ်လား”
“သွေးသံချေးဇုန်က ကမ္ဘာဦးခေတ်က မြို့ပျက်ပဲ… နဂါးဟန်ကောင်းကင်နတ်ဘုံ မတိုင်ခင်ကတည်းက တည်ရှိနေခဲ့တာ… ငါ ကြားရသလောက်တော့ သတ္တဝါတွေ ထွက်ပေါ်မလာခင်ကတည်းကတဲ့”
ချီကျုံရီသည် ဆက်ပြောသည်။ “ဘယ်လိုဖြစ်ပေါ်လာသလဲတော့ ငါလည်း ကောလဟာလတွေပဲ ကြားဖူးတယ်…. ကောလဟာလတွေအရ ရှေးခေတ်တုန်းက ဒီနေရာမှာ မျိုးနွယ်စုတစ်စု နေထိုင်ခဲ့ကြတယ်တဲ့… ဒါပေမဲ့ ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်နဲ့ သူ့အပေါင်းအပါတွေက သူတို့ကို သတ်ပစ်လိုက်တော့ ရှေးဟောင်းနတ်ဘုရားခေတ် ဖြစ်လာတယ်… ရှေးဟောင်းနတ်ဘုရားခေတ်ကိုလည်း ကမ္ဘာဦးအစခေတ်လို့လည်း ပြောကြတယ်”
ဇာမဏီသင်္ဘောသည် ဧရာမဂြိုဟ်ကြီးတစ်လုံးဘေးမှ ဖြတ်သွားကြသသည်။ ဂြိုဟ်ကြီးသည် အလွန်တိတ်ဆိတ်နေပြီး အလွန်နှေးကွေးစွာ လှည့်ပတ်နေ၏။ ဂြိုဟ်ကြီး သူတို့ဘက်သို့ မျက်နှာမူလာသည့်အခါ ဦးခေါင်းခွံကြီးဖြစ်ကြောင်း ချင်မူ သဘောပေါက်သွားသည်။
အရိုးခေါင်းကြီးသည် စိတ်ကူးဖြင့် မှန်းဆမကြည့်နိုင်လောက်အောင် ကြီးမားလှ၏။
သံချေးရောင်သွေးဇုန်တွင် အလားတူကြီးမားသော အရိုးခေါင်းများစွာ ရှိသည်။ ၎င်းတို့သည် ပျက်စီးနေသော ကြယ်များအကြား ပျံဝဲနေကြပြီး မှေးမှိန်နေကြ၏။ သတိမထားလျှင် ဝင်တိုက်မိနိုင်သည်။
ဇာမဏီသင်္ဘောမှာ ဤဇုန်အတွင်းမှ ဖြတ်သွားနေစဉ် အရှိန်လျှော့ထားသည်။ ချင်မူက သင်္ဘော၏ လက်ရန်းအနားတွင် ရပ်လျက် အပြင်သို့ ကြည့်နေသည်။ ဇာမဏီသင်္ဘော၏ အပေါ်တွင် ဧရာမမြေထုကြီးတစ်ခု လွင့်မျောနေပြီး ထိုမြေပြင်ထက်၌ ကမ္ဘာဦးအစ မျိုးနွယ်စု၏ အပျက်အစီးတချို့ ရှိနေသေးသည်။
ချင်မူ ခေါင်းမော့ကြည့်လိုက်သည့်အခါ ထိုမြေပြင်ထက်ရှိ နန်းတော်များသည် အလွန်ခမ်းနားပြီး ကြီးမားလှကြောင်း မြင်လိုက်ရ၏။ ရှည်လျားကြီးမားလှသည့် တိုင်လုံးကြီးများလည်း လွင့်မျောနေကြပြီး မြေပြင်ထက်၌ ခံ့ညားထည်ဝါသော နတ်ဘုရားရုပ်တုများလည်း တွေ့မြင်ရသည်။ ဤနတ်ဘုရားရုပ်တုများအနောက်၌ ဧရာမစက်ကွင်းကြီးများ ရှိကြသည်။
“ဒီစက်ကွင်းတွေက ရှေးဟောင်းနတ်ဘုရားတွေဆီက ကောင်းချီးရရင် ခေါင်းအနောက်မှာ ဖွဲ့တည်လာတဲ့ အလင်းစက်ဝန်းတွေနဲ့တူတယ်”
ချင်မူ အံ့အားသင့်သွားသည်။ ခေါင်းနောက်တွင် ရောင်ခြည်တော်အလင်းစက်ကွင်းများ ရှိခြင်းသည် ရှေးဟောင်းနတ်ဘုရားခေတ်မှ ဓလေ့အစဉ်အလာတစ်ခု ဖြစ်၏။ သူ နဂါးဟန်ခေတ် ကောင်းကင်နတ်ဘုံသို့ ရောက်သွားတုန်းက ခေါင်းအနောက်တွင် ရောင်ခြည်တော်စက်ဝန်းများ ရှိသည့် ရှေးဟောင်းနတ်ဘုရားများနှင့် နတ်ဘုရားတစ်ပိုင်း အတော်များများ မြင်ခဲ့ဖူးသည်။
အားလုံးအထဲ အခမ်းနားဆုံးသည် ကောင်းကင်နတ်အရှင်ခုနစ်ပါး၏ ရောင်ခြည်တော်စက်ဝန်းများ ဖြစ်ကြ၏။
ကောင်းကင်နတ်အရှင်ခုနစ်ပါးလုံး ရှေးဟောင်းနတ်ဘုရားဆီမှ ကောင်းချီးများကို လက်ခံရရှိခဲ့သည့်အတွက် သူတို့ခေါင်းအနောက်၌ အလင်းစက်ဝန်းများ၊ ရောင်ခြည်တော်စက်ဝန်းများ ဖွဲ့တည်နေခဲ့ကြသည်။ အထူးသဖြင့် ကောင်းကင်နတ်အရှင်ယွီ၏ ခေါင်းအနောက်၌ အလွန်ရှုပ်ထွေးသော အလင်းအလွှာအထပ်ထပ် ရှိပေသည်။ သူက ရှေးဟောင်းနတ်ဘုရားအားလုံးဆီမှ ကောင်းချီးများ လက်ခံရရှိထားသူ မဟုတ်ပါလော။
မှန်သည်၊ ကောင်းကင်နတ်အရှင်များတွင်သာ ရောင်ခြည်တော်စက်ဝန်းများ ရှိခြင်းမဟုတ်၊ သိုင်းအဆင့်မြင့်မားသည့် နတ်ဘုရားတစ်ပိုင်းများတွင်လည်း အလားတူ ကောင်းချီးများ လက်ခံရရှိနိုင်သည်။
ရှေးဟောင်းနတ်ဘုရားတို့၏ မဟာတာအိုသင်္ကေတအမှတ်အသားများနှင့် ကောင်းချီးများကို လေ့လာခဲ့ပြီးနောက်တွင် ချင်မူအနေဖြင့်လည်း ကျန်ရှိသူများဆီသို့ ကောင်းချီးပေးအပ်နိုင်လာသည်။ ကောင်းချီးပေးခြင်းနှင့်ပတ်သက်သည့် အစွမ်းအစသည် သူ့အတွက် လျှို့ဝှက်ချက်မဟုတ်ပေ။
သို့သော် ဤကမ္ဘာဦးမြို့ပျက်၏ ပတ်ဝန်းကျင်ရှိ နတ်ဘုရားရုပ်တုများသည် ရှေးဟောင်းနတ်ဘုရားတို့၏ ကောင်းချီးအစဉ်အလာမှာ ရှေးဟောင်းနတ်ဘုရားတို့ထံမှ အစပြုခဲ့ခြင်းမဟုတ်ဘဲ ကမ္ဘာဦးမျိုးနွယ်စုဆီမှ ဖြစ်ကြောင်း သက်သေပြနေ၏။
ချင်မူ ချီကျုံရီဆီသို့ မေးခွန်းထုတ်မိသည်။ “သွေးသံချေးဇုန်ရဲ့ ကမ္ဘာဦးမျိုးနွယ်စုက ဘယ်လို သိုင်းကျင့်ခဲ့တာလဲ”
ချီကျုံရီက ရယ်သည်။ “ဂိုဏ်းသခင်၊ ငါ ပြောတဲ့ ကမ္ဘာဦးမျိုးနွယ်စုဆိုတာ ကောလဟာလပါကွာ… သိပ်ကြီး တွေးမနေနဲ့… ဘာလို့ လျှောက်သိချင်နေတာတုန်း”
ချင်မူသည် ပို၍ပင် လေးနက်လာ၏။ “အလေးအနက် ထားရင် ကမ္ဘာပေါ်မှာ ဖုံးကွယ်ထားတဲ့ အကြောင်းအရာတွေ ရှိတော့မှာ မဟုတ်ဘူး… သွေးသံချေးဇုန်က ကမ္ဘာဦးခေတ်မှာ တည်ရှိခဲ့ပြီး မျိုးနွယ်စုတစ်စုလည်း နေထိုင်နေခဲ့တာဆိုတော့ ငါတို့တွေ ပညာယူလို့ရမယ့် နေရာတွေ ရှိကို ရှိလိမ့်မယ်… လေ့လာရ တန်ပါတယ်ကွာ… ခဏလောက် ရပ်ပြီး စပ်စုကြည့်တာပေါ့”
ချီကျုံရီမှာ ရယ်ရမလား၊ ငိုရမလား မသိတော့ပေ။ “ဂိုဏ်းသခင်ချင်၊ ငါ့ဆရာက မင်းကို ကောင်းကင်နတ်ဘုံဆီ မြန်မြန်ရောက်အောင် ဒီသင်္ဘောငှားလိုက်တာပါ… လျှောက်စပ်စုနေဖို့ မဟုတ်ဘူး”
ချင်မူ ရယ်လိုက်သည်။ “ခဏပဲကြည့်မှာပါ.. သိပ်မကြာစေရဘူး… နောင်တော်ချီ မင်းလည်း သွေးသံချေးဇုန်လို ကမ္ဘာဦးမြို့ပျက်ကို မသိချင်ဘူးလား”
“မသိချင်ပါဘူး” ချီကျုံရီသည် ပြတ်ပြတ်သားသား ပြန်ဖြေ၏။
ထိုသို့ပြောလိုက်သော်လည်းသူက စစ်သည်တော်များကို သင်္ဘောအား အရှိန်လျှော့ခိုင်းလိုက်သည်။ ထို့နောက် သူက ရုပ်တည်တည်ဖြင့် ပြောသည်။ “ဂိုဏ်းသခင်ချင်၊ ငါတို့ ဒီသွေးသံချေးဇုန်ကို ဖြည်းဖြည်းချင်း ပတ်သွားလို့ရပေမယ့် အကြာကြီးနေလို့မရဘူး… ဒါက ကမ္ဘာဦးမြို့ပျက်မဟုတ်လား.. အန္တရာယ်တွေ ရှိနေရင် ဘယ်နှယ့်လုပ်မလဲ… နှစ်စဉ်နှစ်တိုင်း ဒီနေရာမှာ လာစပ်စုပြီး သေသွားတဲ့ ကောင်းကင်နတ်ဘုံသားတွေ တစ်ပုံကြီးပဲ”
ချင်မူ ခေါင်းညိတ်၍ ပြောလိုက်သည်။ “မပူပါနဲ့ တစ်ချက်ပဲ ကြည့်ချင်တာပါ”
ရုတ်တရက် သူ့အမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။ သူက လွင့်မျောနေသော မြေအပိုင်းအစတစ်ခုကို စိုက်ကြည့်ပြီးနောက် သူ၏ထောင်ကျယ်အိတ်ထဲမှ မြေပုံတစ်ခု အလျင်အမြန် ထုတ်လိုက်သည်။ မြေပုံကို ကြည့်ရင်း နီးသထက် နီးလာနေသည့် မြေထုကို မော့ကြည့်လိုက် လုပ်နေ၏။
“နောင်တော်ချီ”
ချင်မူက ဟက်ခနဲ ရယ်သည်။ “ငါတို့ သင်္ဘောကို အဲဒီမြေထုပေါ်မှာ ရပ်လိုက်လို့ရလား... ငါ့အစ်ကိုကြီးက ငါ့အတွက် အဲဒီမှာ တစ်ခုခု ချန်ခဲ့လို့”
ချီကျုံရီက ဒေါသထွက်သွားသည်။ “မင်း ပြောတော့ တစ်ချက်ပဲ ကြည့်ချင်တာဆို... အခု စကားမတည်ပြန်ဘူး... ခွေးသူတောင်းစားချင်၊ ငါ့ဒုတိယအစ်ကိုကြီးနဲ့ မင်း ရင်းနှီးလို့ ငါ မင်းကို မျက်နှာသာပေးမယ် မထင်နဲ့... ဟိုတုန်းက ငါ မင်းကို ဖမ်းဖို့ မဟူရာနတ်မင်းရဲ့ အမိန့်နဲ့ အောက်ဘုံဆီ ဆင်းသက်လာတာ မေ့သွားပြီလား... ငါ မင်းကို သည်းခံနေရတာ ကြာပြီနော်”
ချင်မူ နဂါးချီလင်ဆီသို့ ကြည့်လိုက်ရာ နဂါးချီလင်သည် ချောင်းဟန့်၍ ဝင်ပြေ၏။ “တတိယညီလေး၊ ဂိုဏ်းသခင်က မင်းကို အဲဒီနေရာဆီ သွားစေချင်မှတော့ သွားလိုက်သင့်တယ်”
ချီကျုံရီမှာ မီးပုံယမ်းကျ ပေါက်ကွဲတော့မတတ် ဖြစ်သွားသော်လည်း ဒေါသကို မြိုသိပ်လိုက်သည်။ သူက အေးစက်စက် ပြန်ဖြေလေသည်။ “မင်း အဲဒီမှာ သေရင် ငါ့ကို အဆိုးမဆိုနဲ့... မင်းရဲ့ မြေပုံက အမ်”
သူသည် ချင်မူ့လက်ထဲရှိ မြေပုံကို ကြည့်ပြီးနောက် နီးကပ်လာနေသည့် မြေပြင်ဆီသို့ ကြည့်ကာ မျက်လုံးပြူးကျယ်သွား၏။ သူက ဇဝေဇဝါဖြင့် မေးတော့သည်။ “ဘာလို့ မင်းမှာ သွေးသံချေးဇုန်ရဲ့ မြေပုံ ရှိနေတာလဲ... မင်းအတွက် အဲဒီမှာ တစ်ခုခု ချန်ပေးခဲ့တဲ့ အစ်ကိုကြီးတစ်ယောက် တကယ် ရှိတာလား”