← Chapters

တတိယမျက်လုံး၏ အန္တရာယ်

Vol. 69 Ch. 909

တတိယမျက်လုံး၏ အန္တရာယ်

Vol. 69 Ch. 909

“ငါက မင်းကို လိမ်စရာလား”

ချင်မူက မြေပုံကို ခေါက်၍ ပြောသည်။ “ဘာကိုမှ ဂရုမစိုက်ဘဲ လျှောက်သွားပြီး အတိတ်ရဲ့ လျှို့ဝှက်ချက်တွေ၊ သမိုင်းထဲက အမှန်တရားတွေ ဖော်ထုတ်တတ်တဲ့ အစ်ကိုကြီးတစ်ယောက် ငါ့မှာ ရှိတယ်... သူက ငါ့အတွက် မြေပုံတွေအများကြီး ချန်ထားခဲ့တယ်... ဒါက အဲဒီထဲက တစ်ခုပဲ”

ချီကျုံရီသည် သင်္ဘောအပေါ်ရှိ နတ်ဘုရားများကို မြေထုအနား ချဉ်းကပ်သွားစေလိုက်၏။ “မင်းရဲ့ ဆရာတူအစ်ကိုကြီးက မင်းထက် အများကြီး သတ္တိကောင်းတာပဲ... သူက ကမ္ဘာဦးဘုံကနေ ဒီနေရာအထိတောင် ရောက်လာပြီး ပြန်လည်း ထွက်သွားနိုင်တယ်ဆိုတော့ သူ့သိုင်းအဆင့်နဲ့ အစွမ်းအစတွေက နယ်နယ်ရရတော့ မဟုတ်နိုင်ဘူး... သူ့နာမည်က ဘာလဲ”

“ဝေစွေ့ဖုန်း”

“ဝေစွေ့ဖုန်းတဲ့လား”

ချီကျုံရီက တခဏတွေးပြီးသောအခါ ‌ခေါင်းယမ်းလိုက်၏။ “တစ်ခါမှ မကြားဖူးဘူး”

ဇာမဏီနတ်မင်း၏ လက်အောက်ရှိ နတ်ဘုရားတစ်ပါးမှာ နာမည်ကြားလိုက်၍ မျက်နှာအမူအရာ အနည်းငယ်ပြောင်းလဲသွားသည်။ သူက ခပ်တိုးတိုး ကပ်ပြောသည်။ “သခင်လေး၊ ဝေစွေ့ဖုန်းက အဆုံးမဲ့တိမ်နန်းဆောင်ရဲ့ ဧကရာဇ်ပဲ”

ချီကျုံရီမှာ အံ့အားသင့်သွားပြီး ခပ်တိုးတိုး ပြန်ပြောလိုက်၏။ “အဆုံးမဲ့တိမ်နန်းဆောင်ရဲ့ ဧကရာဇ်ဟုတ်လား... ဒီဝေစွေ့ဖုန်းက ကောင်းကင်နန်းဆောင် သုံးဆယ့်ခြောက်ဆောင်ထဲက အရှင်သခင်တစ်ပါးပေါ့... အဲဒီအဆင့်အတန်းက ငါ့ဆရာမ,အောက် နည်းနည်းလေးပဲ နိမ့်ကျတယ်... သူက ဘယ်လိုလုပ်ပြီး ချင်မူ့လို သူပုန်ရဲ့ အစ်ကိုကြီး ဖြစ်လာရတာလဲ”

နတ်ဘုရားသည် ခပ်တိုးတိုး ပြန်ရှင်းပြ၏။ “အဆုံးမဲ့တိမ်နန်းဆောင်ရဲ့ ဧကရာဇ်ကလည်း သူပုန်ပဲလေ.. သူက လွန်ခဲ့တဲ့ နှစ်ထောင်ဂဏန်းလောက်တုန်းက ပုန်ကန်ခဲ့ပေမယ့် ကောင်းကင်နတ်ဘုံရဲ့ ကောင်းကင်နတ်အရှင်တွေက သူ့အစီအစဉ်တွေကို မြင်ခဲ့တာမလို့ ဖမ်းဆီးပြီး အကျဉ်းချခဲ့တယ်... သူ့ဘဝက အရှင်လတ်လတ် ငရဲကျနေသလိုပဲ”

ချီကျုံရီက ရုတ်တရက် သဘောပေါက်သွားပြီးနောက် ရယ်လိုက်၏။ “တံငါနားနီး တံငါ၊ မုဆိုးနားနီး မုဆိုးတဲ့... ဂိုဏ်းသခင်ချင်ရဲ့ မိသားစုဝင်အားလုံး သူပုန်တွေပဲ ဖြစ်ရမယ်”

ချင်မူ ခေါင်းဟန့်၍ သူ့ကို သတိပေးလိုက်သည်။ “နောင်တော်ချီ၊ ငါ နားထောင်နေတယ်နော်”

ချီကျံရီက မကြားချင်ယောင်ဆောင်နေသည်။ ဇာမဏီသင်္ဘော အရှိန်လျှော့နေစဉ် ချင်မူက မြေပုံဖွင့်၍ ဝေစွေ့ဖုန်း မှတ်ထားသောနေရာကို ရှာသည်။ ထို့နောက် မြေပုံနှင့် မြေပြင်ကို တိုက်ကြည့်ရင်း ဝေစွေ့ဖုန်း၏ လျှို့ဝှက်ရတနာ ရှိနေမည့် နေရာအား တွက်ချက်ကြည့်နေ၏။

ဇာမဏီသင်္ဘောသည် မြေပြင်ထက်၌ ပျံဝဲနေရာမှ တဖြည်းဖြည်း နိမ့်ဆင်းလာ၏။ ရုတ်တရက် ပြင်းထန်အားကောင်းသော အားတစ်ရပ်က ဇာမဏီသင်္ဘောကို ပင့်မြှောက်ကာ တွန်းထုတ်ပစ်လိုက်၍ သင်္ဘောတစ်စင်းလုံး ပြင်းပြင်းထန်ထန် လူးလွန့်သွားသည်။

နတ်စစ်သည်တော် အယောက်ခြောက်ထောင်က မှော်စွမ်းအင်များကို ပြိုင်တူထုတ်လွှတ်လိုက်ကြ၏။ တခဏတွင်း သင်္ဘောအထက်၌ ကောင်းကင်နန်းဆောင်များ ဖွဲ့တည်လာကြပြီး မူလဝိညာဉ်များသည် နန်းဆောင်များအတွင်း၌ ရပ်လျက် ဇာမဏီသင်္ဘော၏ စွမ်းအားကို အသက်သွင်းနေကြ၏။

သင်္ဘော၏ ဇာမဏီတောင်ပံများက စတင်လည်လာပြီး ဓားရောင် တဖျပ်ဖျပ်လက်လျက် ခုန်ထစ်နေသည်။ တစ်စက္ကန့်လေးအတွင်း ထူးဆန်းစွာ ထွက်ပေါ်လာသည့် ထိုစွမ်းအားမှာ အပိုင်းပိုင်း ဖြတ်တောက်ခံလိုက်ရသဖြင့် သင်္ဘော ပြန်လည်ငြိမ်သက်သွား၏။

ဤအခိုက်အတန့်တွင် အောက်ရှိ အပျက်အစီးများဆီမှ ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာသည်။ အသံသည် လူပေါင်းများစွာ ယစ်ပူဇော်နေသကဲ့သို့ ဆန်းပြားသော ကြိမ်နှုန်းတစ်ခု ရှိနေလေသည်။

အသံလာရာ နေရာဆီမှ အလင်းရောင် ဖြာထွက်လာပြီး တောက်ပသထက် တောက်ပလာသည်။ အလင်းရောင်မှာ အလွန်စူးရှလွန်းသောကြောင့် အစိုင်အခဲအဖြစ် ဖွဲ့တည်လာသည့်အလား ထင်ရ၏။ ထို့နောက် အလင်းရောင်က ယခုလေးမှ တည်ငြိမ်သွားသော ဇာမဏီသင်္ဘောဆီသို့ ပြေးဝင်လာသည်။

သင်္ဘောပေါ်ရှိ လူတိုင်း ကြောက်လန့်တုန်လှုပ်စွာ ကြည့်နေကြစဉ် အလင်းရောင်သည် ဧရာမနတ်ဘုရားကြီးတစ်ပါးအဖြစ် ဖွဲ့တည်သွား၏။ ၎င်းက အကောင်အထည် မရှိသော ဝိညာဉ်ခန္ဓာနှင့် တူလေသည်။ အလင်းရောင်ကြောင့် ၎င်းခန္ဓာ၏ မျက်နှာပြင်ထက်၌ ထူးခြားသော သင်္ကေတများ ဖြစ်ပေါ်နေသည်။

သူ့ခန္ဓာကိုယ်က ဇာမဏီသင်္ဘောထက် အဆမတန် ကြီးမားပြီး သူ့ခေါင်းက သင်္ဘော၏ ဘယ်ဘယ်ခြမ်း၌ ဖြစ်သည်။ ခေါင်းအနောက်တွင် လှည့်ပတ်နေသော ရောင်ခြည်တော်စက်ဝန်းများစွာ ရှိ၏။ သူက လက်ဆန့်ထုတ်ကာ ဇာမဏီသင်္ဘောဆီသို့ ရိုက်ချလိုက်သည်။

ချင်မူမှာ ရှေးဟောင်းနတ်ဘုရားကြီးကို မှင်သက်စွာ ငေးကြည့်ရင်း အံ့အားသင့်နေသည်။

“ကောင်းကင်နယ်စားမင်း...”

ဧရာမနတ်ဘုရားကြီးသည် အဖြူရောင်မျက်ခုံးမွှေးများ၊ မုတ်ဆိတ်မွှေးများနှင့် မျက်လုံးများ ရှိသဖြင့် ကောင်းကင်နယ်စားမင်းနှင့် အလွန်ဆင်သည်။ အရေပြားအပေါ်ရှိ သင်္ကေတအမှတ်အသားများသာ ကွဲပြားနေရုံရှိ၏။ ထို့အပြင် လက်ရှိကောင်းကင်နယ်စားမင်းတွင် ထိုမျှရှုပ်ထွေးသော ရောင်ခြည်တော်စက်ဝန်းများ မရှိ‌ပေ။

သင်္ဘောအပေါ်ရှိ နတ်ဘုရားအယောက်ခြောက်ထောင်က ဒေါသတကြီး အော်ဟစ်ပြီး အင်အားအလုံးစုံ ထုတ်ဖော်လိုက်ကြသည်။ သို့သော် ကောင်းကင်နယ်စားမင်းနှင့် ဆင်တူသော ဧကရာမနတ်ဘုရားကြီး၏ လက် ကျဆင်းလာသည့်အခါ အားလုံး၏ ချီနှင့်သွေးများ ဆူပွက်လာ၍ ညည်းတွားကာ သွေးအန်ကြရသည်။

ဤအခိုက်အတန့်တွင် သင်္ဘော၏အတွင်းမှ ကြောက်မက်ဖွယ်ရာ စွမ်းအင် ထွက်ပေါ်လာသည်။ ဧကရာဇ်ပလ္လင်အဆင့် အဆင့်မြင့်သိုင်းပညာရှင်တစ်ယောက် ပေါ်ထွက်လာသည့်အလား ထင်ရ၏။ ချင်မူ ‌မော့ကြည့်လိုက်သည့်အခါ ဇာမဏီသင်္ဘော၏အပေါ် ကောင်းကင်ထဲတွင် ခေါင်းကိုးလုံး ဇာမဏီတစ်ကောင်၏ ပုံရိပ်အသွင် ဖွဲ့တည်လာသည်ကို မြင်လိုက်ရသည်။

ထိုအခါ ဇာမဏီသင်္ဘောသည် ကြောက်မက်ဖွယ်ရာ အမြန်နှုန်းဖြင့် ကောင်းကင်နယ်စားမင်းနှင့် ဆင်တူသည့် နတ်ဘုရားကြီး၏ ဒုတိယတိုက်ကွက်ကို ရှောင်တိမ်းလိုက်၏။ တခဏအတွင်း ၎င်းက ဧရာမနတ်ဘုရားကြီး၏ နဖူးသို့ ထိုးဖောက်၍ နောက်စေ့မှ ဖောက်ထွက်သွားသည်။

ထို့နောက် ဧရာမနတ်ဘုရားကြီးမှာ ရေတံခွန်မှ ရေစီးကျလာသကဲ့သို့ ပြိုကျသွားတော့သည်။

သင်္ဘောပေါ်ရှိ လူများမှာ ကုန်းရုန်းထရင်း အံ့အားသင့်နေကြဆဲပင်။

ချင်မူမှာ မျက်ဝန်းထောင့်စွန်းများ တွန့်နေသည်။ ဇာမဏီသင်္ဘော စောစောက အရှိန်မြန်သွားခြင်းမှာ နတ်စစ်သည်တော် ခြောက်ထောင်၏ စွမ်းအားကြောင့်မဟုတ်။ ဇာမဏီနတ်မင်းချီရှားယွီ၏ စွမ်းအားက သင်္ဘော၏အစွမ်းကို အဆုံးစွန်ထို မြှင့်တင်ပေးလိုက်ရင်း ကောင်းကင်နယ်စားမင်းနှင့် ဆင်တူသည့် နတ်ဘုရားကြီးကို ချေမှုန်းလိုက်ခြင်းကြောင့် ဖြစ်သည်။

သို့သော် ချီရှားယွီသည် သင်္ဘောအပေါ်တွင် မရှိပေ။ အလွန်ဝေးကွာသော ကမ္ဘာဦးဘုံ၌ ဖြစ်သည်။ သူမက သင်္ဘောအန္တရာယ် ရှိနေသည်ကို ခံစားလိုက်ရသဖြင့် ကမ္ဘာဦးဘုံမှနေ၍ မှော်စွမ်းအင်မှတစ်ဆင့် ဇာမဏီသင်္ဘော၏အစွမ်းကို အသက်သွင်းပေးခဲ့သည်။

ကြောက်စရာမကောင်းလွန်းဘူးလော။

ချင်မူ ချီရှားယွီနှင့် မကြာခဏ ဆုံဖူးသည်။ ယခင်တုန်းက ချီရှားယွီသည် သူနှင့် သိကြားဗုဒ္ဓနောက်သို့ လိုက်ဖမ်းခဲ့၏။ သူမက ကမ္ဘာလောကစည်း ခြားနေသော ဗြဟ္မဘုံတွင် ရှိနေခဲ့သော်လည်း သူမ၏ ဗျပ်စောင်းသံစဉ်က သူတို့နောက် လိုက်လာခဲ့သေးသည်။ ဤသည်ကား အမှန်တကယ် ကြောက်စရာကောင်းလှ‌သော်လည်း ရင်သပ်ရှုမောဖွယ်ရာလည်း ဖြစ်၏။

ကမ္ဘာဦးဘုံတွင် ချီရှားယွီနှင့် ကျစ်ရှီ ဗျပ်စောင်းပညာဖြင့် တစ်ယောက်နှင့်တစ်ယောက် ယှဉ်ပြိုင်ခဲ့သည်ကိုလည်း ချင်မူ မြင်တွေ့ခဲ့ဖူးသည်။ အမိကမ္ဘာမြေနှစ်ယောက် တိုက်ခိုက်သည့်အခါ ချီရှားယွီက ဝင်မပါဘဲ ချက်ချင်း ပြန်သွားခဲ့၏။

နောက်ပိုင်း အကြိမ်အနည်းငယ် ထပ်ဆုံခဲ့သေးသည်။ ကမ္ဘာဦးဘုံစစ်ပွဲတွင်တော့ ချီရှားယွီသည် ချင်မူနှင့် ချင်ဖုန်းကျင့်ကို တိုက်ခိုက်ကာ အပြတ်အသတ် အနိုင်ယူခဲ့သည်။

သူမက သန်မာအားကောင်းလှသည်ဟူသော ခံစားချက်ကို မပေးသလို၊ သူမ၏ပြိုင်ဘက်ကင်းပညာရပ်က သံစဉ်တေးသွားတာအို ဖြစ်ဟန်တူ၏။

ချင်မူ မက်မွန်တောအုပ်သို့ သွားသည့်အချိန်မှ ချီရှားယွီသည် ကောင်းကင်နတ်အရှင်ယွဲ့၏ တပည့်ဖြစ်ကြောင်း သိခဲ့ရသည်။ ကောင်းကင်နတ်အရှင်ယွဲ့က နေရာဟင်းလင်းပြင်ပညာတွင် ကြောက်ခမန်းလိလိ အဆင့်တစ်ဆင့်သို့ ရောက်နေခဲ့ချေပြီ။ သူမ၏ မိုင်တစ်ထောင်အရှည် မက်မွန်တောအုပ်က နေရာဟင်းလင်းပြင်ကို အကြိမ်ပေါင်းများစွာ လိပ်ခေါက်ကာ ထပ်ထားခြင်း ဖြစ်သည်။

ချီရှားယွီက သူမဆီမှ နေရာဟင်းလင်းပြင်ပညာ သင်ခဲ့ရသည့်အတွက် အဝေး၌ ရှိနေသည့်တိုင် မှော်စွမ်းအင်ကို ကူးပြောင်းပေးပို့နိုင်ခဲ့သည်။ သူမ၏မှော်စွမ်းအင်က ဇာမဏီသင်္ဘောကို အသက်သွင်း၍ သူတို့အား ဤကျဉ်းထဲကြပ်ထဲမှ လွတ်မြောက်အောင် ကူညီပေးခဲ့သည်။

‘သိကြားဗုဒ္ဓအတွက် သူ့ကို မှီဖို့ အတော်ခက်လိမ့်မယ်’ ချင်မူ တွေးလိုက်မိသည်။

ဇာမဏီသင်္ဘောသည် တည်ငြိမ်သွားပြီး ခေါင်းကိုးလုံး ဇာမဏီငှက်၏ ပုံရိပ်လည်း တစတစ မှေးမှိန်ပျောက်ကွယ်သွား၏။

ချီကျုံရီ၏မျက်နှာမှာ သွေးဆုပ်ဖြူလျော်နေသည်။ သူက ရုတ်တရက် ထအော်သည်။ “ဒီနေရာကနေ ပြန်ကြစို့”

ချင်မူ အလျင်အမြန် ပြောလိုက်သည်။ “ခဏလေး”

ချီကျုံရီက သူ့ကို စိမ်းစိမ်းဝါးဝါး ကြည့်ပြီး အော်ဟစ်၏။ “ပြန်မယ်”

ချင်မူက နဂါးချီလင်ကို လှမ်းဆွဲကာ ဇာမဏီသင်္ဘောအပေါ်မှ ခုန်ဆင်းလိုက်သည်။ ချီကျုံရီက ကပျာကယာ ပြောလေသည်။ “ခဏလေး ဂိုဏ်းသခင်ချင်... ဒီနေရာက အင်မတန် အန္တရာယ်များတယ်... ဘာကြောင့် သွားချင်နေသေးတာလဲ... စောစောက ကောင်းကင်နယ်စားမင်းရဲ့ တိုက်ခိုက်မှုက ငါတို့ကို ဒီနေရာဆီ မလာစေချင်တဲ့ သက်သေပဲလေ... ငါ့ဆရာမ ဇာမဏီသင်္ဘောရဲ့အစွမ်းကို အသက်သွင်းလိုက်လို့ မဟုတ်ရင် ငါတို့ သေနေလောက်ပြီ”

ချင်မူ နဂါးချီလင်ကို လွှတ်ပေးကာ ရယ်လိုက်သည်။ “စောစောက ကောင်းကင်နယ်စားမင်း မဟုတ်ပါဘူး... မြို့ပျက်ထဲက ဝိညာဉ်သန္ဓေသားနဲ့ တူတဲ့ ဆန်းကြယ်ဝိညာဉ်ခန္ဓာမျိုးပါ.. ငါ့အမြင်အရတော့ ဝိညာဉ်ခန္ဓာအနေနဲ့ ဇာမဏီနတ်မင်းကြောင့် မြန်မြန်ဆန်ဆန် ပြန်ထွက်လာနိုင်မှာမဟုတ်ဘူး... ဒါကြောင့် အခု အန္တရာယ်သိပ်မရှိတော့ပါဘူး... ဒီကို ရောက်ပဲ ရောက်နေပြီ၊ နည်းနည်းပါးပါးတော့‌ လေ့လာသင့်တယ်မဟုတ်လား”

“မင်း သေချင်ရင် မင်းတစ်ယောက်ပဲ သေ”

ချီကျုံရီသည် အေးစက်စက် နှာခေါင်းရှုံ့၍ နဂါးချီလင်ဆီသို့ ပြောသည်။ “ဒုတိယအစ်ကို၊ ကျေးဇူးပြုပြီး သင်္ဘောဆီ ပြန်လာခဲ့ပါ... သူ့နဲ့အတူ လျှောက်လုပ်နေစရာမလိုဘူး”

နဂါးချီလင်မှာ တွန့်ဆုန်နေပြီး ခပ်တိုးတိုး မေးလိုက်သည်။ “ဂိုဏ်းသခင်၊ ကောင်းကင်နယ်စားမင်းရဲ့ ဝိညာဉ်သန္ဓေသားက မြန်မြန်ထွက်မလာနိုင်တာ သေချာပါတယ်နော်”

ချင်မူ ခေါင်းညိတ်ပြလိုက်သည်။

နဂါးချီလင်လည်း စိတ်သက်သာရာရသွားကာ ရယ်လိုက်သည်။ “တတိယညီလေး၊ သင်္ဘောပေါ်မှာပဲ နေခဲ့ပါ... ငါ ဂိုဏ်းသခင်နဲ့ လိုက်သွားလိုက်မယ်”

ချီကျုံရီ၏ မျက်နှာမည်းမှောင်သွားသည်။ သူက သင်္ဘောပေါ်မှ ခုန်ချရင်း လှည့်အော်လိုက်၏။ “သိုင်းအဆင့်မြင့်တဲ့သူတွေ ငါနဲ့ လိုက်ခဲ့... ကျန်တဲ့သူတွေကတော့ သင်္ဘောအပေါ်မှာ စောင့်ပြီး အချိန်မရွေး တုံ့ပြန်ဖို့ အသင့်ပြင်ထားကြ”

ချင်မူ ခေါင်းယမ်းကာ ပြောလိုက်သည်။ “မမကြီးယန်အာက နတ်ကောင်းကင်ခန်းမအဆင့်မှာပါ... သူ ရှိနေသရွေ့ ဘယ်သူ့ကိုမှ ဒုက္ခထပ်ပေးစရာမလိုပါဘူး”

ချီကျုံရီက သုန်မှုန်နေပြီး သူ့ကို အဖက်မလုပ်ပေ။ သူက ချဉ်းကပ်လာနေသော နတ်ဘုရားကိုးပါးဆီသို့ ပြောသည်။ “မြို့ပျက်ကို ရောက်ရင် ငါ အန္တရာယ်ဖြစ်ရင်တောင် မင်းတို့ ငါ့ကို ကယ်စရာမလိုဘူး... ငါ့ရဲ့ ဒုတိယအစ်ကိုကို ကယ်ရမယ်... ဘယ်လိုပဲ ဖြစ်ဖြစ် သူ့ကို အန္တရာယ်မဖြစ်စေရဘူး... နားလည်လား”

နတ်ဘုရားကိုးပါးက အမိန့်နာခံသည်။ “သခင်လေးရဲ့ အကြင်နာတရားက မိုးကောင်းကင်ထက် မြင့်မားပါပေတယ်”

ချီကျုံရီမှာ အံတင်းတင်းကြိတ်၍ သူ့ဘာသာသူ တွေးနေမိသည်။ ‘အကြင်နာတရားပဲ မြင့်မားရဦးမယ် ပေါက်ကရ... ငါက ဒုတိယအစ်ကို သေသွားရင် ငါလည်း သေသွားမှာ ကြောက်တာဟ’

ချင်မူက တဟားဟား ထရယ်သည်။ “နောင်တော်ချီက သိပ်ကြင်နာတာပဲဗျာ... ဒီလိုဖြစ်လာမှတော့ ဆက်သွားကြတာပေါ့”

ယန်အာက သူ့ပခုံးပေါ်တွင် လာနားပြီး ကျန်ရှိသူများသည် သူ့အနောက်မှ လိုက်လာကြ၏။ နတ်ဘုရားကိုးပါးက နဂါးချီလင်၏ အနားတွင် ခြံရံကာ အလေးအနက် ကာကွယ်ပေးနေကြသည်။

ချင်မူ ကောင်းကင်ထက်မှ ဆင်းသက်ကာ မြေပြင်ပေါ် မရောက်ခင် မြေပုံဖွင့်ဖတ်သည်။ သူက မြေပြင်နှင့် တိုက်၍ စစ်ဆေးနေ၏။ မှတ်ထားသော နေရာက ဤမြေထု၏ အလယ်ဗဟိုမှ ညာဘက်လောက်တွင် ရှိနေသည်။

ထိုနေရာနှင့် သူတို့ သိပ်မဝေးပေ။

“အဲဒီကို ပျံမသွားနဲ့”

ချီကျုံရီက သူ့ဘေးသို့ ကပျာကယာ လာကာ အေးစက်စက် ပြောသည်။ “အနားပတ်ဝန်းကျင်မှာ ဘယ်လိုအန္တရာယ်တွေ ရှိနေမလဲ မပြောနိုင်ဘူး... မြေပြင်ပေါ်မှာ သွားတာက ကောင်းကင်ထဲမှာ ပစ်မှတ်ထားခံရတာထက် ပိုအဆင်ပြေတယ်... ငါတို့အင်အားကို ဖုံးကွယ်ထားဖို့၊ ထုတ်လွှတ်ဖို့လည်း ပိုလွယ်ကူတယ်”

ချင်မူ သဘောတူလိုက်သည်။ “နောင်တော်ချီက တကယ် အတွေ့အကြုံများတာပဲ”

ချီကျုံရီသည် နှာခေါင်းရှုံ့၍ မှင်သေသေ ပြန်ပြော၏။ “ငါက ဇာမဏီနတ်မင်းနဲ့ မဟူရာနတ်မင်းဆီက သင်ယူခဲ့ရတာလေ.... မင်းလို့ မိစ္ဆာဒိဋ္ဌိ တလွဲကောင်မဟုတ်ဘူး.. ငါ့မှာ အတွေ့အကြုံရှိတယ်... မြို့ပျက်ဆီ ရောက်ရင် ငါ့စကားနားထောင်”

ချင်မူက ကျယ်လောင်စွာ ရယ်မောရင်း မြို့ပျက်အကြားရှိ ရှေးဆန်သော အဆောက်အအုံတစ်ခုအပေါ် ဆင်းသက်လိုက်သည်။

ချီကျုံရီကလည်း သူ့အနောက်မှ လိုက်ဆင်းလာပြီး ပတ်ဝန်းကျင်ကို သတိအနေအထားဖြင့် ကြည့်ကာ စိုးရိမ်နေသည်။

ရုတ်တရက် ယန်အာက သူ့ပါးစပ်ထဲသို့ စွမ်းအင်ဆေးလုံးတစ်လုံး ထည့်လိုက်၏။

ချီကျုံရီ ထွေးထုတ်ချင်သော်လည်း အရသာမဆိုးသဖြင့် စားလိုက်သည်။

ယန်အာမှာ သူ့ကို ထပ်ကျွေးရန် ပြင်နေသော်လည်း ချီကျုံရီက ကပျာကယာ ငြင်းလိုက်သည်။ “မမကြီးယန်အာ၊ ကျွန်တော် ဒါတွေ မစားဘူး”

ယန်အာက ရယ်သည်။ “ငါ နင့်ဆရာမ ချီရှားယွီကိုတောင် ခွံ့ကျွေးခဲ့ဖူးပါတယ်... သူ ငယ်ငယ်တုန်းက ငါ ခွံ့ကျွေးတိုင်း သိပ်ကြိုက်တာ... ငါ့နောက်ကနေ အမြဲတကောက်ကောက် လိုက်ပြီး မမ, မမလို့လဲ ခေါ်တတ်တယ်”

“ကျွန်တော့်ဆရာမကို ခွံ့ကျွေးခဲ့ဖူးတယ်ပေါ့”

ချီကျံရီမှာ တစ်ယောက်တည်း‌ တွေးရင်း မှုန်ကုပ်နေသည်။ ‘ဒါဆို သူ့ကို မမကြီးယန်အာလို့ ခေါ်ရမှာလား... ဒေါ်လေးလို့ ခေါ်ရမှာလား’

ချင်မူ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ပြီးနောက် အဆောက်အအုံအပေါ်မှ မြေပြင်ပေါ် ဆင်းလိုက်သည်။

ချီကျုံရီက နဂါးချီလင်ကို အလျင်အမြန် တားလိုက်၏။ “ဒုတိယအစ်ကို ၊ အရင်မဆင်းနဲ့... ချင်မျိုးရိုး အရင်ဆင်းပြီး သေချာမှ လိုက်ဆင်းကြရအောင်... သူ ဆင်းသွားပြီ... လာ ဆင်းကြစို့”

ချင်မူ မျက်လုံးပိတ်ပြီး အိပ်မက်ထဲ ဝင်ကြည့်ရန် ကြိုးစားသည်။ ထို့နောက် မျက်လုံးများ ပြူးကျယ်သွားကာ အံ့အားသင့်နေဟန် ရှိ၏။

အနန္တကပ်ဘေးသုတ္တန် ထုတ်လွှတ်၍ အိပ်မက်ကမ္ဘာ ဖန်တီးမရပေ။

အစက ချင်မူသည် သူကိုယ်တိုင် မစူးစမ်းခင် အန္တရာယ်ရှိမရှိ သေချာအောင် အိပ်မက်ကမ္ဘာထဲမှ ချင်မူများဖြင့် ဤပတ်ဝန်းကျင်၌ လျှောက်သွားကြည့်ချင်ခဲ့၏။ သို့သော် သွေးသံချေးဇုန်တွင် အနန္တကပ်ဘေးသုတ္တန်ကို နှောင့်ယှက်ရင်း အိပ်မက်ကမ္ဘာဖွဲ့တည်မလာအောင် ဟန့်တားနေသော အသွင်သဏ္ဍာန်မဲ့စွမ်းအားတစ်ရပ် ရှိနေသည်။

စောစောက သူ အိပ်မက်ကမ္ဘာထဲ ဝင်ရောက်ရန် ကြိုးစားနေစဉ် ကျယ်လောင်ပြတ်သားသော ယဇ်ပူဇော်သံများ သူ၏စိတ်အတွင်းသို့ ဝင်ရောက်လာခဲ့၏။ အသံတွင် အားအင်ပါပြီး အနန္တကပ်ဘေးသုတ္တန် အိပ်မက်ကမ္ဘာအား ဖွဲ့မတည်နိုင်အောင် နှောင့်ယှက်နေသည်။

“ဒါဆို ကောင်းကင်နတ်သိုင်းတွေကိုရော ထုတ်လွှတ်နိုင်ပါ့မလား”

ချင်မူ ကောင်းကင်နတ်သိုင်းတစ်ခု ထုတ်လွှတ်ကြည့်ပြီးသည့်အခါ တိတ်ဆိတ်သွားမိသည်။ ကောင်းကင်နတ်သိုင်း ထုတ်ဖော်နေသည့်အချိန်တွင် ယဇ်ပူဇော်သံများ၏ အားအင်က သူ၏အသိစိတ်အလျဉ်ကို ဆက်လက်နှောင့်ယှက်လေသည်။

“ဗြဟ္မဗုဒ္ဓရဲ့ အနန္တကပ်ဘေးသုတ္တန်ကို စိတ်အယူအဆပဲ.. ဒီယဇ်ပူဇော်သံကလည်း အဲဒီလိုပဲ ထင်တယ်... ငါ အိပ်မက်ကမ္ဘာထဲ ဝင်ရောက်တဲ့အချိန် ဒီအသံကို ကြားရပေမယ့် နိုးနေတဲ့အချိန်ကျ မကြားရဘူး... ဒါဆို ဒီအသံက အသွင်သဏ္ဍာန်စွမ်းအား ဖြစ်လိမ့်မယ်... သွေးသံချေးဇုန်မှာ တည်ရှိနေတဲ့ ဒီယဇ်စွမ်းအားက စော‌စောက ကောင်းကင်နယ်စားမင်းလို နတ်ဘုရားကြီး ပေါ်ထွက်လာတာနဲ့ ပတ်သက်နေလောက်မလား”

သူက “ကောင်းကင်နယ်စားမင်း” ၏ အလင်းရောင် ထွက်ပေါ်လာသော နေရာဆီသို့ လျှောက်သွားသည်။

ချီကျုံရီက နောက်မှ လိုက်လာရင်း ပြောနေသည်။ “ဒုတိယအစ်ကို၊ ချင်မျိုးရိုးကိုပဲ ရှေ့က သွားခိုင်းရမယ်.... အန္တရာယ်ကင်းမှ ငါတို့ ဆက်သွားမယ်”

ချင်မူ လမ်းလျှောက်နေသည်ကို ရပ်လိုက်၏။ “ကောင်းကင်နယ်စားမင်း”၏ အလင်းရောင် ထွက်ပေါ်လာသည့် ဧရိယာတွင် ခမ်းနားကြီးမြတ်သော ယဇ်ပလ္လင်တစ်ခု ရှိနေသည်။ ဧရာမအရိုးစုကြီးများက ၎င်းကို ခြံရံနေလေသည်။

ယဇ်ပလ္လင်၏ အလယ်၌ အခေါင်းသဏ္ဍာန် ချိုင့်ခွက် ရှိနေသည်။ ၎င်း၏အတွင်းထဲ၌ ကြည်လဲ့နေသော အလင်းရောင်များ ကွန့်မြူးနေ၏။

ချင်မူ အရိုးစုတစ်စုဆီသို့ လျှောက်သွားကြည့်သည့်အခါ အရိုးစုသည် အဆပေါင်းများစွာ ကြီးမားသည်မှအပ လူအရိုးစုနှင့် ဆင်တူကြောင်း မြင်လိုက်ရ၏။ ဆဋ္ဌဂံသဏ္ဍာန် သလင်းကျောက်တစ်လုံးက ၎င်း၏မျက်ခုံးနှစ်ဖက်ကြား၌ နစ်ဝင်နေကာ မှိန်ပျပျ အလင်းရောင် ထုတ်လွှတ်နေသည်။

သူက ကောင်းကင်ပေါ် ပျံတက်၍ ဤဧရာမအရိုးစုကြီးကို လေ့လာနေသည်။

“အရိုးတွေအပေါ်မှာ မဟာတာအိုသင်္တေကအမှတ်အသားတွေ မရှိဘူး... သူတို့က ကောင်းကင်နတ်သိုင်းပညာရှင်တွေ၊ နတ်ဘုရားတွေနဲ့ ရှေးဟောင်းနတ်ဘုရားတွေ မဟုတ်ဘူး... ဒါပေမဲ့ သူတို့အရိုးစုတွေက နှစ်သန်းပေါင်းများ ကြာတဲ့အထိ မဆွေးမြေ့သေးဘူးဆိုတော့ မွေးကတည်းက သန်မာအားကောင်းတဲ့သူတွေပဲ ဖြစ်လိမ့်မယ်”

ချင်မူ ကမ္ဘာဦးသစ်ပင်၏ အူတိုင်ကို တွေးလိုက်မိသည်။ အူတိုင်၏ အသက်ရစ်ကွင်းများသည် ကမ္ဘာဦးအစအတွင်း အမိကမ္ဘာမြေ သေဆုံးလုနီးပါး ဖြစ်ခဲ့သော ကပ်ဘေးအန္တရာယ်ဆယ်ခု ရှိခဲ့ကြောင်း ပြသခဲ့၏။

အမိကမ္ဘာမြေ ကြုံတွေ့ခဲ့သော ကပ်ဘေးအန္တရာယ်ဆယ်ခုသည် ဤဧရာမအရိုးစုကြီးများနှင့် ပတ်သက်နိုင်သည်လား။

ချင်မူ ဧရာမအရိုးစုကြီး၏ မျက်ခုံးနှစ်ဖက်ကြားသို့ သွားလိုက်သည်။ ဆဋ္ဌဂံသဏ္ဍာန် သလင်းကျောက်က သူ့လောက်နီးနီး မြင့်မားသဖြင့် သူ့အပေါ် အရိပ်များ ကျနေသည်။

“ဒီသလင်းကျောက် အသုံးတည့်လောက်တယ်... သေချာပေါက် လေ့လာဖို့ တန်တယ်”

ချင်မူ မှော်စွမ်းအင်ဖြင့် သလင်းကျောက်ကို ကလော်ထုတ်သည်။ ရုတ်တရက် အရိုးစုကြီးမှာ ဝေါခနဲ ပြာများအဖြစ် ပျံ့လွင့်သွားလေသည်။

အောက်ရှိ ချီကျုံရီနှင့် ကျန်ရှိသူများမှ ထိတ်လန့်သွားသည်။ အရိုးစုကြီး ပြိုကျသွားရုံမှအပ တခြားအန္တရာယ်မရှိ၍ တော်သေး၏။

ချင်မူက ဆဋ္ဌဂံသဏ္ဍာန် သလင်းကျောက်ကို ထောင်ကျယ်အိတ်ထဲ ထည့်သည်။ ထို့နောက် နောက်အရိုးစုဆီသို့ ရွေ့လျားသွားသည့်အခါ သူ၏မျက်ခုံးနှစ်ဖက်ကြားတွင်လည်း ဆဋ္ဌဂံသဏ္ဍာန်သလင်းကျောက် ရှိကြောင်း မြင်လိုက်ရသည်။

သူ လှည့်ပတ်ကြည့်လိုက်ရင်း ကမ္ဘာဦးအစအရိုးစုတိုင်း၏ မျက်ခုံးနှစ်ဖက်ကြားတွင် သလင်းကျောက်တစ်လုံးစီ မြုပ်နေကြကြောင်း သတိထားမိသွား၏။ “ဒီဧရာမလူ့ဘီလူးကြီးတွေက သလင်းကျောက်တွေကို တတိယမျက်လုံးလို သုံးကြတာများလား... သူတို့ရဲ့ တတိယမျက်လုံးက ဘာလုပ်နိုင်တာလဲ”

All Chapters