ကမ္ဘာဦးမှ ဖန်ဆင်းရှင်များ
Vol. 69 Ch. 910
ချင်မူက သူ့အရပ်လောက်ရှိသည့် ဆဌဂံသဏ္ဌာန် သလင်းကျောက် နောက်တစ်ခုကို ဖြုတ်ယူလိုက်သည်။ ထို့နောက် သလင်းကျောက်၏အနောက်၌ ရပ်၍ မြေပြင်ကို ကြည့်လိုက်၏။ သလင်းကျောက်၏ အလင်းယိုင်မှုကြောင့် ကမ္ဘာမှာ ပကတိမျက်စိဖြင့် မြင်ရသည်နှင့်မတူပေ။
“သလင်းကျောက်ကနေ ကြည့်ရင် မြင်ရတာက တကယ့်မျက်လုံးနဲ့ မြင်ရတာနဲ့ မတူတော့ဘူး... ဒါပေမဲ့ သလင်းကျောက်က ဒီအတွက်ပဲ သုံးတာ မဟုတ်ဘူးထင်တယ်”
ချင်မူက သူ့မျက်ခုံးနှစ်ဖက်ကြားရှိ ဘုသီးလေးကို ထိလိုက်သည်။ ကမ္ဘာဦးဘုံ၏ စစ်ပွဲအတွင်းတွင် သူ၏တတိယမျက်လုံးကို ဖောက်ထုတ်၍ ယိုတုထဲသို့ လွှင့်ပစ်ခဲ့ၕ၏။ ထိုအချိန်မှစပြီး မျက်လုံးဒဏ်ရာ ပျောက်ကင်းသွားကတည်းက အသားဘုလေးတစ်ဘု ရှိနေခဲ့လေသည်။
“အတိတ်တုန်းက ငါ့တတိယမျက်လုံးက ယိုတုနဲ့ ချိတ်ဆက်နေတာဆိုတော့ ယိုတုရဲ့ မဟာတာအိုကောင်းကင်သိုင်းကို ထုတ်လွှတ်ပေးနိုင်ခဲ့တယ်... ဒီကမ္ဘာဦးဘီလူးကြီးတွေက မျက်ခုံးနှစ်ဖက်ကြားမှာ သလင်းကျောက်ကို မြုပ်နှံထားတာဆိုတော့ ဘာကောင်းကင်နတ်သိုင်းကို ထုတ်လွှတ်ဖို့ ကြိုးစားနေတာဖြစ်မလဲ”
သူ့မှာ အတန်ကြာ တွေးကြည့်ပြီးနောက်တွင်ပင် အဖြေထွက်မလာပေ။ တခဏစဉ်းစားပြီးနောက် သူက ယဇ်ပလ္လင်၏အလယ်သို့ သွား၍ ကြည်လဲ့နေသော အလင်းရည်ကြည်ကို ကြည့်လိုက်သည်။ အလင်းရည်ကြည်သည် ရေကဲ့သို ရွေ့လျားရင်း အနည်းငယ်ဖြည်းဖြည်းချင်း လှုပ်နေ၏။
စောစောက ကောင်းကင်နတ်အရှင်ယွီ ဇာမဏီသင်္ဘောကို ထိန်းချုပ်ခဲ့၍ ထူးဆန်းသော ဝိညာဉ်ခန္ဓာကဲ့သို့ ကောင်းကင်နယ်စားမင်းကို ချေမှုန်းခဲ့သည့်အခါတွင် အလင်းရည်ကြည် လျော့နည်းသွားခဲ့၏။ ယခုတွင် အလင်းရည်ကြည်သည် ဖြည်းဖြည်းချင်း ပြန်တက်လာနေသည်။
ယဇ်ပလ္လင်တွင် ထိုထူးဆန်းသော အလင်းရည်ကြည် ပြည့်သွားလျှင် ကောင်းကင်နယ်စားမင်း နောက်တစ်ယောက် ပေါ်ထွက်လာပြီး ဤမြေပြင်ကို ကာကွယ်စောင့်ရှောက်ပေးမည့်ပုံရ၏။
“ဒီအလင်းရည်ကြည်တွေက ဘာတွေပါလိမ့်”
ချင်မူက အလင်းရည်ကြည်ကို ဂရုတစိုက် သဲ့ခပ်ကာ ကောင်းကင်မျက်လုံးများဖြင့် အသေးစိတ်ကြည့်လိုက်သည်။ သို့သော် ဤအလင်းရည်ကြည်ထဲတွင် မဟာတာအိုသင်္ကေတအမှတ်အသားများ မရှိပေ။ မည်သို့မှ မထူးဆန်းသည့်အလား ထင်ရ၏။
“ဒီအလင်းရည်ကြည်တွေက ဘယ်လိုလုပ်ပြီး ကောင်းကင်နယ်စားမင်းရဲ့ ဝိညာဉ်ခန္ဓာကို ဖွဲ့တည်ပေးနိုင်တာလဲ”
သူက ချီစွမ်းအင်ကို ထုတ်လွှတ်၍ အလင်းရည်ကြည်နှင့် ထိကြည့်သည်။ ရုတ်တရက် အလင်းရည်ကြည်ဆီမှ ပူစီဖောင်းထလာပြီး ငါးလက်မအရွယ်သာ မြင့်မားသည့် ကောင်းကင်နယ်စားမင်း အသေးစားလေးတစ်ယောက် ဖွဲ့တည်လာ၏။ ၎င်းက လက်သီးဖြင့် လှမ်းထိုးလေသည်။
ချင်မူမှာ အငိုက်မိသွားသဖြင့် အင့်ခနဲ ညည်းတွားလိုက်ပြီး သူ့ရင်ဘတ်မှ အရိုးကျိုးသံများနှင့်အတူ လွင့်ထွက်သွားကာ ကမ္ဘာဦးဘီလူးကြီးများထံ ဝုန်းခနဲ ၀င်တိုက်သွားတော့သည်။ နောက်ခဏတွင် သူ့မှာ ကမ္ဘာဦးအဆောက်အအုံတစ်ခုထဲ၌ ထိုးစိုက်သွားကြောင်း တွေ့လိုက်ရ၏။
ကောင်းကင်နယ်စားမင်းအသေးစားလေး၏ လက်သီးချက်က သူ့အနောက်ရှိ အဆောက်အအုံကြီးကို အက်ကွဲသွားစေသည်။ ထိုစွမ်းအားသည် ပြိုင်ဘက်ကင်းသော အင်အားဖြင့် ပြည့်နှက်နေဆဲဖြစ်ပြီး သူ့ကို ဖိနှိပ်လိုက်သောကြောင့် အဆောက်အအုံမှပင် ဖောက်ထွက်သွားရ၏။
ချီကျုံရီက ကျယ်လောင်စွာ လှမ်းအော်၏။ “သတိထား ဒုတိယအစ်ကိုကြီးကို ကာကွယ်”
နတ်ဘုရားကိုးပါးက နဂါးချီလင်ကို ခြံရံ၍ မဟာရန်သူတော်ကြီး ရောက်လာသကဲ့သို့ ကာကွယ်ထားကြသည်။
ယဇ်ပလ္လင်အပေါ်တွင် ငါးလက်မအမြင့် ကောင်းကင်နယ်စားမင်းက ခုန်တက်လိုက်ပြီး လက်ဖဝါးနှစ်ဖက်ကို စုကာ လေးခုမြောက် ကောင်းကင်တာအိုဟူသော တရုတ်စကားလုံးများကို ဖွဲ့တည်နေ၏။
ချင်မူက လက်ချောင်းဆယ်ချောင်းကို လှုပ်ရှား၍ ကျိုးသွားသောအရိုးများကို အလျင်အမြန် ပြန်ဆက်ရင်း မြေပြင်ပေါ် ဆင်းသက်လိုက်သည်။ ထို့နောက် ခေါင်းမော့ကြည့်လိုက်သည့်အခါ ကောင်းကင်နယ်စားမင်းအသေးစားလေးက လက်နှစ်ဖက်ဖြင့် ရှေ့သို့ ရိုက်ထုတ်လိုက်သည်ကို မြင်လိုက်ရသည်။ သူ့အမူအရာ အကြီးအကျယ် ပြောင်းလဲသွားတော့သည်။ “စတုတ္ထကောင်းကင်တာအို ၊ ကောင်းကင်မုဒြာလား”
ထိုတာအိုသည် ကောင်းကင်တာအိုများအနက် စတုတ္ထမြောက် ကောင်းကင်တာအိုဖြစ်သည်။ ယန်ချီလင်း သူ့ကို ပြောခဲ့သော စကားအရ တာအိုဘိုးဘေးကြီးသည် ကောင်းကင်နှင့်မြေပြင် မဟာတာအိုအမျိုးအစားများအား ခွဲခြား သတ်မှတ်ကာ ကောင်းကင်နတ်ဘုံအတွက် နံပါတ်စဉ်တပ်ပေးခဲ့၏။ ထိုသို့ဖြင့် ကောင်းကင်နယ်စားမင်း၏ ခန္ဓာကိုယ်အပေါ်ရှိ မဟာတာအိုသင်္ကေတအမှတ်အသားများအပေါ် အခြေခံ၍ ကောင်းကင်တာအို ၄၉ မျိုး ပိုင်းခြားနိုင်ခဲ့သည်။
ချင်မူက အစောင့်အရှောက်အဆောင်တွင် ရှေးဟောင်းနတ်ဘုရားတို့၏ မဟာတာအိုသင်္ကေတအမှတ်အသားများ မှတ်တမ်းတင်ထားသည့် ကျောက်စိမ်းစာလိပ် ရရှိခဲ့သည်။ ၎င်းတို့အနက်မှ လေးခုမြောက်၊ တာအိုလေးကို ကောင်းကင်မုဒြာဟု ခေါ်ချေသည်။
ယင်းက ကောင်းကင်နယ်စားမင်းအအသေးစားလေး ထုတ်လွှတ်နေသော အရာပင်။
ကောင်းကင်နယ်စားမင်းအသေးစားလေးဆီမှ မုဒြာသိုင်းကွက်နှစ်ကွက် ပျံသန်းလာပြီး စွမ်းအားသည် အင်မတန် ပြင်းထန်အားကောင်းလှ၏။ ယင်နှင့်ယန်၏ အပြန်အလှန်သက်ရောက်မှု ကိန်းဝပ်နေသကဲ့သို့ ကောင်းကင်နှင့်မြေပြင်တစ်ခွင် အုပ်စိုးကာ မည်သူကိုမျှ မရှောင်နိုင် ဖြစ်နေစေသည်။
ကောင်းကင်နယ်စားမင်းအသေးစားလေး၏ ကောင်းကင်မုဒြာကား ချင်မူ့အရှေ့သို့ ရောက်လာသည်။ မုဒြာသိုင်းကွက်နှစ်ကွက် ရိုက်ခတ်တော့မည့်အချိန်တွင် ချင်မူ့ပခုံးအပေါ်၌ နားနေသော ယန်အာသည် တောင်ပံတဖျပ်ဖျပ် ခတ်၍ ခြေသည်းတစ်ချောင်း ဆန့်ထုတ်ကာ ကောင်းကင်နယ်စားမင်းလေး၏ မျက်နှာကို ဆွဲစုပ်လိုက်သည်။
ကောင်းကင်နယ်စားမင်းလေးက ဒေါသတကြီး အော်ဟစ်သည်။ ကောင်းကင်မုဒြာက ရှေ့သို့ ရိုက်ထုတ်လိုက်သော်လည်း သူမအား မမှီပေ။ သူက မိုးမီးလောင်မတတ် ဒေါသထွက်သွားကာ မိုးခြိမ်းသံများလို ဟိန်းဟောက်သံများ ထုတ်လွှတ်နေတော့သည်။
“မမကြီးယန်အာ၊ သူ့ကို မသတ်နဲ့”
ချင်မူ အလျင်အမြန် တားလိုက်သည်။ “သူ့ကို ချုပ်ထားပေး….ကျွန်တော် လေ့လာချင်လို့… ကောင်းကင်နယ်စားမင်းရဲ့ ဝိညာဉ်ခန္ဓာက အမှန်တကယ် ထူးဆန်းတယ်”
ယန်အာက တောင်ပံနှစ်ဖက်ကို စက်ဝိုင်းသဏ္ဍာန် ဝှေ့ယမ်းလိုက်သည်။ ထိုအခါ ကောင်းကင်နယ်စားမင်းလေးသည် ထိုစက်ကွင်းထဲ၌ ပိတ်လှောင်ခံလိုက်ရ၏။
ကောင်းကင်နယ်စားမင်းလေးသည် အမျက်တစ်ချောင်းချောင်း ထွက်လျက် အော်ဟစ်ရုန်းကန်နေသော်လည်း မအောင်မြင်ပေ။ ရုတ်တရက် သူ့ပတ်ပတ်လည်၌ ကောင်းကင်မီးလျှံများ ထတောက်လာသည်။ သူက ၎င်းကို သုံး၍ စက်ကွင်းကို ဖျက်စီးရန် ကြံနေလေသည်။
ချင်မူ တလေးတစား စုပ်သပ်မိလိုက်သည်။ သူက ငါးလက်မအရွယ် ကောင်းကင်နယ်စားမင်းလေးကို ကောက်၍ ဘယ်ညာ ကြည့်နေသည်။
ကောင်းကင်နယ်စားမင်းလေးက သူ့ကို စိတ်ဆိုးမာန်ဆိုး ကြည့်နေသည်။ သို့သော် နတ်ကောင်းကင်ခန်းမအဆင့် ယန်အာ၏ ဖမ်းချုပ်ထားမှုကြောင့် မလှုပ်နိုင်ပေ.
“သခင်လေး၊ ဒီကောင်းကင်နယ်စားမင်း ပေါက်စလေးက ဘာလေးတုန်း”
ယန်အာ စပ်စုနေသည်။ “ကောင်းကင်နယ်စားမင်းရဲ့ သားလေးလား”
“မဟုတ်ဘူး”
“ဒါက အလင်းရည်ကြည်နဲ့ ဖွဲ့တည်လာတဲ့ ဝိညာဉ်ခန္ဓာအမျိုးအစားတစ်ခုပဲ”
ချင်မူက ကောင်းကင်နယ်စားမင်းကို စေ့စေ့ပေါက်ပေါက် စပ်စုနေသည်။ “ဝိညာဉ်လည်း မရှိ၊ ရုပ်ခန္ဓာလည်း မရှိ.. စွမ်းအင်ချည်းသက်သက်ပဲ… သူ့ကိုယ်ထဲမှာ မဟာတာအိုမရှိသလို သင်္ကေတအမှတ်အသားတွေလည်း မရှိဘူး… အသိစိတ်အလျဉ်လည်း မရှိဘူး… သူ ကောင်းကင်တာအိုကို ထုတ်ဖော်နိုင်နေတာ ထူးဆန်းတယ်…. ဘယ်လိုဟာလေးပါလိမ့်”
သူ လေ့လာနေလေလေ၊ သံသယများ ပေါက်ဖွားလာလေလေ ဖြစ်နေသည်။
ဝိညာဉ်လည်း မရှိ၊ ရုပ်ခန္ဓာလည်း မရှိ၊ အသိစိတ်အလျဉ်လည်း မရှိ၊ မဟာတာအိုလည်း မရှိ၊ သင်္ကေတအမှတ်အသားလည်း မရှိဘဲ အဘယ်သို့ပြု၍ ဤမျှသန်မာအားကောင်းနေသနည်း။
ယုတ္တိမရှိပေ။
“အလင်းရည်ကြည်နဲ့ပတ်သက်ပြီး ထူးဆန်းတာ မရှိဘူး… ကျွန်တော့်ချီစွမ်းအင်က အဲဒါနဲ့ ထိလိုက်လို့ ကောင်းကင်နယ်စားလေးအသွင် ပြောင်းလာတာ… ဒီပေါက်စလေလးက အင်မတန် သန်မာလွန်းတယ်… ကျွန်တော့်အရိုးတွေတောင် သူ့ကြောင့် ကျိုးသွားသေးတယ်”
ချင်မူမှာ တွေးမိလိုက်၍ ဒေါသထွက်သွားသည်။ သူက ကောင်းကင်နယ်စားမင်းလေးကို ကောက်၍ ကျောပေါ် နှစ်ချက်ချလိုက်၏။
ကောင်းကင်နယ်စားမင်းလေးက ပို၍ပင် ဒေါသူပုန်ထသွားသော်လည်း ရုန်းမထွက်နိုင်ပေ။
ရုတ်တရက် သူက ဘန်းခနဲ အလင်းစက်လုံးအသွင် ပြောင်းကာ ပျောက်ကွယ်သွားသည်။
ချင်မူ့လက်ထဲတွင် ယန်အာ၏ စက်ကွင်းသာ ကျန်ခဲ့လေသည်။
ချင်မူမှာ မှင်သက်သွားပြီး အတွေးထဲ နစ်မျောသွား၏။ သူက ယဇ်ပလ္လင်ကို ပတ်၍ လျှောက်ကြည့်လိုက်သည့်အခါ ကမ္ဘာဦးအရိုးစုကြီးများသည် ယဇ်ပလ္လင်အား မျက်နှာမူထားကြကြောင်း သတိထားမိသွားတော့သည်။ ယဇ်ပလ္လင်အပေါ်တွင်လည်း မည်သည့်သင်္ကေတအမှတ်အသားမှ မရှိပေ။ သာမန်ကျောက်တုံးများဖြင့် ပြုလုပ်ထားခြင်း ဖြစ်၏။
သူ့မှာ ကမ္ဘာဦးခေတ်မှ ဤဘီလူးကြီးများ အလင်းရည်ကြည်ကဲ့သို့ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအင်ကို မည်သို့မည်ဖုံ ဖန်တီးနိုင်ခဲ့မှန်း စဉ်းစားမရ ဖြစ်နေတော့သည်။
“အစ်ကိုကြီးက ငါ့ကို ဒီနေရာရဲ့ မြေပုံပေးခဲ့တာဆိုတော့ သေချာပေါက် တစ်ခုခု ရှာတွေ့ခဲ့လို့ နေမှာပဲ… “
ချင်မူ စိတ်အားတရှိန်းရှိန်း တက်လာပြီး မြေပုံပေါ်တွင် မှတ်ထားသော နေအရာဆီ လျှောက်သွားသည်။ နဂါးချီလင်က နောက်မှ အလျင်အမြန် လိုက်သွား၍ ချီကျုံရီမှာလည်း လိုက်သွားရုံအပြင် ရွေးချယ်စရာမရှိပေ။ သူ့ရင်ထဲတွင် စိုးရိမ်ပူပန်စိတ်များ ပြည့်နေသည်။
ချင်မူသည် အစွမ်းထက်သော်လည်း အလင်းရည်ကြည်မှ ဖွဲ့တည်လာသည့် ကောင်းကင်နယ်စားမင်းလေးကြောင့် သေလုမျောပါး ဖြစ်ခဲ့၏။ ဤနေရာ မည်မျှအန္တရာယ်များကြောင်း ကောင်းကောင်း စိတ်ကူးကြည့်နိုင်ပေသည်။
“အစ်ကိုကြီး မှတ်ထားတဲ့နေရာက ဒီနေရာပဲ”
ချင်မူက မြေပုံကို လိပ်၍ အရှေ့သို့ ကြည့်သည်။ ဝေစွေ့ဖုန်း မြေပုံပေါ်တွင် မှတ်ထားသော နေရာသည် နန်းတော်ခန်းမတစ်ခု ဖြစ်သည်။ ၎င်းက ပျက်စီးနေသော်လည်း အထင်ကြီးဖွယ် ကောင်းနေသေး၏။
ခန်းမက အမိုးမရှိသော ဟာလာလင်းပြင်းခန်းမ တစ်ခု ဖြစ်သည်။ ချင်မူက အထဲသို့ အရင်ဆုံး ဝင်သွားပြီး ရုပ်တုများစွာ ရေးထွင်းထားသော ကျောက်နံရံများအား မြင်လိုက်ရလေသည်။
ချင်မူ အရုပ်တစ်ရုပ်ချင်းစီ လိုက်ကြည့်သည်။ ဤရုပ်တုများသည် မြေပြင်ကို အုပ်စိုးသော ကမ္ဘာဦးဘီလူးကြီးများ ၏ ရုပ်တုများ ဖြစ်ပြီး အသက်ဝင်လှသည့် ဇာတ်ကြောင်းများကို ရုပ်ကြွပန်းချီများအဖြစ် ရေးထွင်းထားကြ၏။
ရုပ်တုကြီးများ၏ အရွယ်အစားက ကြောက်ခမန်းလိလိ ကြီးမားလှပြီး ကြယ်တာရာများကို ခူးဆွတ်၍ နေ၊လတို့ကို ဖြိုခွင်းပစ်နိုင်သည်အထိ သန်မာအားကောင်းမည့် အသွင်အပြင်များ ရှိသည်။
သူတို့နေထိုင်သော မြေပုံကလည်း စိတ်ကူးမကြည့်နိုင်လောက်အောင် ကျယ်ဝန်းပြီး မတူညီသော မျိုးနွယ်စုများက မတူညီသောနေရာများတွင် နေထိုင်ကြသည်။ ကျင်လည်ကျက်စားကြရာ ပတ်ဝန်းကျင်မှာ အလွန်ကြမ်းတမ်းပြီး ထူးဆန်းသော ကမ္ဘာဦးသားရဲကြီးများအား တွေ့မြင်ရ၏။
ဤဘီလူးကြီးများနှင့် သားရဲကြီးများက တစ်ဖက်နှင့်တစ်ဖက် မကြာခဏ တိုက်ခိုက်ရင်း နယ်မြေလုကြသည်။
“ဒီထဲက ကမ္ဘာဦးဘီလူးကြီးတွေမှာ မျက်လုံးသုံးလုံး မရှိဘူးပဲ”
ချင်မူ ဂရုတစိုက် ကြည့်နေစဉ် ဤရုပ်တုများ၏ မျက်ခုံးနှစ်ဖက်ကြားတွင် ဆဋ္ဌဂံသဏ္ဍာန်သလင်းကျောက်များ မရှိကြောင်း သဘောပေါက်သွားသည်။
ဤရုပ်တုများက ဘီလူးကြီးများ အမဲလိုက်နေသည့် မြင်ကွင်းများ၊ တိုက်ခိုက်နေသော တိုက်ပွဲများကို မှတ်တမ်းတင်ထား၏။ ချင်မူ မြင်ရသလောက် ဤကမ္ဘာဦးဘီလူးကြီးများသည် တာအိုသိုင်းကွက်များကို မသိသလို၊ ကောင်းကင်နတ်သိုင်းများလည်း ကျင့်ကြံထားပုံမရပေ။ သူတို့သည် ခွန်အားတစ်ခုတည်းကိုသာ အားထား၍ ဧရာမခန္ဓာကိုယ်ကြီးများဖြင့် တိုက်ခိုက်ကြ၏။၊ အလွန်ဆုံး အရိုးတင်းပုတ်ကြီးများ၊ အရိုးလက်နက်များ စွဲကိုင်သည် ဆိုရုံလောက်သာ ရှိသည်။
ချင်မူ့လို ကျင့်စဉ်၊ လမ်းစဉ်နှင့် ကောင်းကင်နတ်သိုင်းပညာတို့၏ ဆရာသခင်တစ်ယောက်အတွက် ဤတိုက်ပွဲမြင်ကွင်းများမှာ ကြည့်ရှုရန် မသက်မသာဖြစ်လွန်းသည်။ သို့သော် ခန်းမ၏အတွင်းထဲသို့ ဆက်လျှောက်လာသည်နှင့်အမျှ ရုပ်ကြွပန်းချီများကား စိတ်ဝင်စားစရာကောင်းလာတော့သည်။
ချင်မူက ရုပ်ကြွပန်းချီတစ်ခု၏ အရှေ့၌ ရပ်လိုက်သည်။ ပန်းချီထဲ၌ တောင့်တင်းကြံ့ခိုင်သော ဘီလူးကြီးတစ်ယောက်သည် လက်မနှင့် လယ်ခလယ်အကြား၌ ဆဋ္ဌဂံသဏ္ဍာန် သလင်းကျောက်တစ်ခုအား ကိုင်ထားရင်း နေရောင်အောက်တွင် လေ့လာနေသည်။
“ဒီသလင်းကျောက်က အပြင်က အရိုးစုကြီးတွေရဲ့ မျက်ခုံးနှစ်ဖက်ကြားက သလင်းကျောက်နဲ့ အတူတူလောက်ပဲ”
ချင်မူ ရင်ထဲ အနည်းငယ် လှုပ်ရှားသွားပြီး ကျန်ရုပ်ကြွပန်းချီများဆီ သွားကြည့်သည်။ ရုပ်ကြွပန်းချီများက ဤဘီလူးကြီးကိုသာ ဆက်ပြနေသည်။ သို့သော် သူက ရှာတွေ့ခဲ့သည့် ဆဋ္ဌဂံသဏ္ဍာန် သလင်းကျောက်ကို သူ၏ မျက်ခုံးနှစ်ဖက်ကြား၌ နှစ်မြုပ်ထားချေပြီ။
ကျန်ဘီလူးကြီးများက ကြောက်လန့်တုန်ရီစွာဖြင့် သူ့အရှေ့တွင် ဒူးထောက်ဝပ်စင်းနေကြသည်။
ဤဘီလူးကြီးသည် ကျန်ရှိသူများထက် များစွာ ကြီးမားသည်။ သူက ရွှေကျိုင်းတုတ်တစ်လက် ကိုင်ထားပြီး ခေါင်းတွင် နွားချိုခမောက် ဆောင်းထားသည်။ ကျန်လက်တစ်ဖက်က ရှေ့သို့ ညွှန်ထား၏။
သူ့မျက်လုံးနှစ်ဖက်ကြားရှိ သလင်းကျောက်က အလင်းအကွက်များ ထုတ်လွှတ်နေ၍ ချင်မူ အတန်ကြာ စူးစမ်းနေသော်လည်း အဓိပ္ပါယ်ကို နားမလည်ပေ။
ချီကျုံရီနှင့် ကျန်ရှိသူများလည်း ရောက်လာကြပြီး ရုပ်ကြွပန်းချီများကို ကြည့်နေကြသည်။
“ဂိုဏ်းသခင်ချင်၊ ဒါတွေအားလုံးက ကမ္ဘာဦးလူရိုင်းမလား… ကြည့်စရာ ဘာရှိလို့လဲ” ချီကျုံရီမှာ ဇဝေဇဝါ ဖြစ်နေသည်။
ချင်မူက ရုပ်ကြွပန်းချီနောက်တစ်တွဲဆီသို့ လျှောက်သွားရင်း လှန်းပြောသည်။ “ကမ္ဘာဦးလူရိုင်းတွေက ဇာမဏီနတ်မင်း ချီရှားယွီရဲ့ ဇာမဏီသင်္ဘောကိုတောင် ဖျက်စီးပစ်နိုင်တော့မလို ဖြစ်ခဲ့တဲ့ ကောင်းကင်နယ်စားမင်းလို ဖြစ်တည်မှုကို ဖန်တီးခဲ့တယ်လေ”
ချီကျုံရီက နှာခေါင်းရှုံ့သည်။
ရုတ်တရက် ချင်မူသည် သူ့အရှေ့ရှိ ရုပ်ကြွကို ကြည့်ပြီးနောက် အံ့အားသင့်သွားသော အမူအရာဖြင့် ဘုရားတလိုက်သည်။
ဤရုပ်ကြွပန်းချီများသည် ပိုမို၍ ကြီးထွားလာခဲ့သော ဘီလူးကြီးများကို ပြသထား၏။ သူတို့က စောစောက ဘီလူးကြီးကဲ့သို့ မျက်ခုံးနှစ်ဖက်ကြား၌ ဆဋ္ဌဂံသဏ္ဍာန်သလင်းကျောက်များ မြှုပ်ထားသည်။ မည်သည့်နေရာမှ ရှာတွေ့လာမှန်း မသိပေ။
ထူးဆန်းသည်မှာ ဤဘီလူးကြီးများ မျက်ခုံးနှစ်ဖက်ကြားတွင် ဆဋ္ဌဂံသဏ္ဍာန် သလင်းကျောက်များ မြှုပ်နှံလိုက်ပြီးနောက်တွင် သလင်းကျောက်များမှ အလင်းရောင်ဖြန့်ကျက်ကာ ထူးဆန်းသောအသွင်အပြင် ရှိသည့် အရာများကို ဖွဲ့တည်လိုက်၏။
အလင်းရောင်တချို့သည် ကမ္ဘာဦးသားရဲကြီးများအသွင် ဖွဲ့တည်ကြပြီး တချို့က စားသောက်ဖွယ်ရာလင်ဗန်းများ၊ တချို့က ဓားမ၊ လှံ၊ ကျိုင်းတုတ်အစရှိသော လက်နက်များကို ဖန်တီးကြသည်။
သူတို့၏ ‘တတိယမျက်လုံးဆီမှ အလင်းရောင်မှတစ်ဆင့် မိန်းမလှတစ်ယောက် ဖန်ဆင်းလိုက်သူများပင် ရှိလေသည်။
“ဒါက”
ချင်မူ မှင်သက်သွားပြီး သူ သိမ်းထားသည့် သလင်းကျောက်ကို အလျင်အမြန် ထုတ်လိုက်သည်။ သို့သော် သလင်းကျောက်က သူ့မျက်ခုံးနှစ်ဖက်ကြားထဲသို့ ထည့်ရန် ကြီးမားလွန်းလေသည်။
“မမကြီးယန်အာ… နေရာဟင်းလင်းပြင်ပညာရပ်နဲ့ မမကြီး ရင်းနှီးလား… ဒီသလင်းကျောက်ကို ချုံ့ပေးနိုင်လား”
ယန်အာက စစ်ဆေးကြည့်ပြီးနောက် ပြောသည်။ “နေရာဟင်းလင်းပြင်ပညာရပ်က သေးသွားသယောင် ထင်ရအောင်ပဲ လုပ်ပေးနိုင်တာ… တကယ်ချုံ့ပေးတာ မဟုတ်ဘူး… နင် ဒါကို မျက်ခုံးနှစ်ဖက်ကြားထဲ ထည့်လိုက်ရင် နေရာဟင်းလင်းပြင်ပညာ သက်ရောက်မှုမရှိတော့တာနဲ့ နင့်ခေါင်း ပေါက်ကွဲသွားလိမ့်မယ်”
ချင်မူ ရယ်လိုက်မိသည်။ “ကျွန်တော် မျက်ခုံးနှစ်ဖက်ကြားရဲ့ အရှေ့မှာပဲ ထားကြည့်မှာပါ… ထူးဆန်းတာ တစ်ခုခုဖြစ်မလား သိချင်လို့”
ယန်အာသည် ကောင်းကင်နတ်အရှင်ယွဲ့နှင့် နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့သူဖြစ်သည့်အလျောက် အချိန်တိုအတွင်း ဆဋ္ဌဂံသဏ္ဍာန် သလင်းကျောက်ကို တစ်လက်မအရွယ် ချုံ့ပေးလိုက်၏။
ချင်မူက သလင်းကျောက်အား မျက်ခုံးနှစ်ဖက်ကြား၏ အရှေ့တွင် ထားကြပြီး ချီစွမ်းအင် ပို့လွှတ်ကြည့်သော်လည်း သလင်းကျောက်မှ မည်သည့်တုံ့ပြန်မှုမှ မရှိပေ။
သူက လက်မလျှော့သေးဘဲ ချီနှင့်သွေး ပို့လွှတ်ရာတွင် သလင်းကျောက်ဆီမှ မည်သို့မှ ဖြစ်မလာချေ။ စိတ်စွမ်းအင် ထုတ်ဖော်ကြည့်သည့်အခါတွင်လည်း သလင်းကျောက်သည် ပြောင်းလဲခြင်းမရှိ။
“သလင်းကျောက် လူသားတွေအတွက် အသုံးမဝင်တာလား… ငါ့ရဲ့အစ်ကိုကြီး ငါ့ကို ဒီနေရာဆီ လာစေခဲ့တဲ့ ရည်ရွယ်ချက်က ဘာလဲ”
“မဟုတ်မှ…”
ချင်မူ အသိစိတ်အလျဉ်ကို စုစည်း၍ ကောင်းကင်နယ်စားမင်း၏ ပုံသဏ္ဍာန်ကို မြင်ယောင်ကြည့်လိုက်သည်။ သလင်းကျောက်မှ အလင်းရောက် ထွက်ပေါ်လာပြီး အလင်းရောင်အတွင်းတွင် ကောင်းကင်နယ်စားမင်းအသေးစားလေး ဖွဲ့တည်လာ၏။
ချင်မူမှာ အံ့ဩလွန်း၍ နောက်သို့ ယိုင်ထိုးသွားသည်။ ဤဆန်းကြယ်သလင်းကျော်ကမှတစ်ဆင့် မည်သည့်အရာကိုမဆို ဖွဲ့တည်နိုင်သည်ဟု သူ ခံစားလိုက်ရလေသည်။
သူ့အသိစိတ်အလျဉ် လွင့်ပျယ်သွားသည့်အခါ အလင်းရောင်အတွင်းရှိ ကောင်းကင်နယ်စားမင်းလေးလည်း ပျောက်ကွယ်သွား၏။
“ငါ့အသိစိတ်အလျဉ်က သန်မာအားကောင်းသင့်သလောက် သန်မာအားမကောင်းလို့ ထင်တယ်…. နေဦး ငါ့ ကျင့်ကြံထားတာက ထာဝနတ်ဘုရားအသိစိတ်အလျဉ်လေ”
ချင်မူ ထာဝရနတ်ဘုရားအသိစိတ်အလျဉ်ကို ထုတ်လွှတ်ကြည့်သည်။ ဤတစ်ကြိမ်တွင် မြေအောက်ဘုံအရှင်သခင်၏ ပုံသဏ္ဍာန်ကို တွေးကြည့်လိုက်၏။ သလင်းကျောက်ဆီမှ အလင်းရောင်ဖြန့်ကျက်လိုက်သည့်အခါ မြေအောက်ဘုံအရှင်သခင်အသေးစားလေး ထွက်ပေါ်လာသည်။
အလင်းရောင်အတွင်းရှိ မြေအောက်ဘုံအရှင်သခင်အသေးစားလေးသည် ပိုပို၍ အသက်ဝင်လာကာ အသွေးအသားများ ဖွဲ့တည်လာ၏။ တခဏကြာသော် လက်ဝါးအရွယ် မြေအောက်ဘုံအရှင်သခင်တစ်ယောက်ကား အားလုံး၏အရှေ့တွင် ပေါ်လာချေပြီ။
ချင်မူ ထာဝရနတ်ဘုရားအသိစိတ်အလျဉ်ကို ဖယ်ခွာလိုက်သည့်အခါ မြေအောက်ဘုံအရှင်သခင်လေးက မြေပြင်ပေါ် ကျသွားသည်။ သူက ပါးစပ်ဟ၍ ဘူးခနဲ အော်လိုက်သည်။
အားလုံး အံ့အားသင့်သွားကြသည်။ သူတို့မှာ မြေအောက်ဘုံအရှင်သခင် နွားလို တဘူးဘူး အော်နေသည်ကို ကြားလျှင် ရယ်ချင်ကြသော်လည်း မရယ်ရဲပေ။
“သူက မြေအောက်ဘုံအရှင်သခင်မဟုတ်ဘူး… မင်းတို့ စိတ်တိုင်းကျ ရယ်လို့ရတယ်…ကြောက်မနေနဲ့” ချင်မူက ပြောသည်။
ချီကျုံရီ၏အသံမှာ တုန်ရီနေလေသည်။ “ငါတို့ ဘာမှမရှိတာကနေ ဖန်တီးလိုက်သလိုကြီးလား… ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ… ကျောက်တုံးတစ်တုံးလေး သုံးပြီး ဗလာနတ္ထိကနေ တစ်ခုခုဖြစ်တည်လာအောင် လုပ်နိုင်တယ်တဲ့လား.. ဒီကမ္ဘာဦးဘီလူးကြီးတွေက ကမ္ဘာဦးခေတ် ဖန်ဆင်းရှင်တွေလား”
ချင်မူက သလင်းကျောက်ကို လျှောက်ဆော့ရင်း အေးအေးလူလူ ပြောသည်။ “သူတို့က ကမ္ဘာဦးခေတ်က ဖန်ဆင်းရှင်တွေ ဖြစ်လောက်တယ်… ဒါပေမဲ့ သူတို့ရဲ့ ဖန်ဆင်းနိုင်စွမ်းက ဒီသလင်းကျောက်ကနေ လာတာပဲ.. ငါ စောစောက ကြိုးစားကြည့်ရသလောက် ဒီသလင်းကျောက်တွေ အသိစိတ်အလျဉ်ကို အကြိမ်ပေါင်းများစွာ ပုံဖော်ပေးနိုင်တယ်…အသိစိတ်အလျဉ်သာ အားကောင်းရင် ဘာမဆို ဖန်ဆင်းနိုင်လိမ့်မယ်… ဒါပေမဲ့လည်း ဒီသလင်းကျောက်တွေကို သုံးနိုင်တဲ့သူ များများစားစား ရှိမှာမဟုတ်ဘူး”