အနောက်ကမ္ဘာမြေ၏ ရှုရှန်းဟွာ
Vol. 69 Ch. 906
အနောက်ကမ္ဘာမြေ
မြို့ကြီးတစ်မြို့က ချင်မူ့အရှေ့တွင် ဖြတ်ပြေးသွားသည်။ ချင်မူမှာ အံ့အားသင့်သွားပြီး ကမန်းကတန်း လှမ်းအော်လိုက်၏။ “မမကြီး ဟယ့်ရီရီလား”
မြို့က အရှိန်လျှော့လိုက်သည်။ မြို့အပေါ်တွင် နတ်ဘုရားများ ရပ်နေကြပြီး ခေါင်းပြူထွက်လာကြကာ ပြောသည်။ “ဒါက အဖြူနတ်မင်းမြို့ကပါ မင်းရဲ့ မမကြီးမဟုတ်ဘူး... မင်းက ဘယ်သူလဲ”
ချင်မူ ဖြေလိုက်သည်။ “ကျွန်တော်က ကောင်းကင်နတ်အရှင်မူပါ.... အထက်ကောင်းကင်ဘုံတက္ကသိုလ်က အဖြူနတ်မင်းလက်အောက်မှာ ခိုလှုံနေတာလားဗျ”
မြို့အပေါ်ရှိ နတ်ဘုရားတစ်ပါးက လှမ်းပြောသည်။ “အထက်ကောင်းကင်ဘုံတက္ကသိုလ် ဟုတ်လား... အထက်ကောင်းကင်ဘုံကို ပြောချင်တာလား... အဲဒီအင်အားစုက အဖြူနတ်မင်းလက်အောက်မှာ မဟုတ်ဘူး... အဲဒီမှာ ဇာမဏီနတ်မင်းချီရှားယွီရဲ့ တပည့် ချီကျုံရီဆိုတဲ့တစ်ယောက် ရှိတယ်... ဇာမဏီနတ်မင်းက အဖြူနတ်မင်းနဲ့ ညှိနှိုင်းပြီး အနောက်ကမ္ဘာမြေကို ခွဲယူထားတာလေ... တောင်ကမ္ဘာမြေရဲ့တစ်ဝက်ကိုလည်း အဖြူနတ်မင်းဆီ ပေးထားတယ်... မင်းက ဘယ်သူလို့ ပြောလိုက်တာ”
“ကောင်းကင်နတ်အရှင်မူ” ချင်မူက ပြုံးပြလိုက်၏။
ထိုနတ်ဘုရားများမှာ စိတ်နှင့်ကိုယ် ပြန်ကပ်သွားပြီး တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ မှင်သက်နေကြသည်။
ချင်မူ မေးလိုက်သည်။ “ဒါဖြင့် အထက်ကောင်းကင်ဘုံတက္ကသိုလ်ဆီ ဘယ်လိုသွားရမလဲဗျ”
ထိုနတ်ဘုရားများသည် တစ်ယောက်နှင့်တစ်ယောက် တီးတိုးပြောနေပြီးနောက် တစ်ယောက်က လှမ်းဖြေ၏။ “ကောင်းကင်နတ်အရှင်မူ၊ ဟိုးက စိမ်းဖျော့ဖျော့ ကောင်းကင်ကို မြင်လား.. အဲဒါ အထက်ကောင်းကင်ဘုံပဲ.... အဲဒီကို ရောက်ရင် အထက်ကောင်းကင်ဘုံတက္ကသိုလ် ဘယ်မှာလဲ မေးကြည့်လို့ရတယ်”
ချင်မူ ကျေးဇူးတင်စကားဆို၍ နဂါးချီလင်ကို အထက်ကောင်းကင်ဘုံ ရှိရာဘက်သို့ ပြေးစေလိုက်သည်။ သူက ပြောသည်။ “အထက်ကောင်းကင်ဘုံက မဟာမြို့ပျက်နဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ လှုပ်ရှားမှုတွေကို မျက်စိဒေါက်ထောက် ကြည့်နေတဲ့ နေရာလို့ ထင်ခဲ့ဖူးပေမယ့် အခုမှပဲ ကမ္ဘာဦးဘုံရဲ့ ကောင်းကင်ဘုံတွေထဲက မပြောပလောက်တဲ့ ကောင်းကင်ဘုံမှန်း သဘောပေါက်တော့တယ်”
နဂါးချီလင်က ပြော၏။ “ဂိုဏ်းသခင်၊ ကောင်းကင်နတ်သိုင်းပညာရှင်လေးတစ်ယောက်ပဲ ဖြစ်နေတုန်းကတော့ အထက်ကောင်းကင်ဘုံဟာ ကြောက်စရာသတ္တဝါကြီးလို့ ထင်မှာပဲလေ... အခု ဂိုဏ်းသခင်က ကောင်းကင်နတ်အရှင်မူတောင် ဖြစ်နေပြီ... အထက်ကောင်းကင်ဘုံက ဂိုဏ်းသခင်အတွက် ဘာမှမဟုတ်တော့ဘူး”
ချင်မူ ရယ်လိုက်မိသည်။ “ဖက်တီးနဂါးက ထက်မြက်လာပြီပဲ... အရွယ်လည်း ရောက်လာပြီ”
နတ်ဘုရားများမှာ သူတို့ထွက်သွားသည်ကို ငေးကြည့်ရင်း ကျန်ခဲ့သည်။ နတ်ဘုရားတစ်ပါးက မေးသည်။ “ကောင်းကင်နတ်အရှင်မူ ကမ္ဘာဦးဘုံရဲ့ အနောက်ကမ္ဘာမြေကို ရောက်လာတဲ့အကြောင်း အဖြူနတ်မင်းဆီ အသိပေးသင့်လား”
“သူက ဇာမဏီနတ်မင်း ပိုင်နက်ဆီ သွားနေတာလေ... အဖြူနတ်မင်းရဲ့ အဆင့်မြင့်ကောင်းကင်နတ်သိုင်းပညာရှင်တွေ သူ့ကို တားလိုက်ရင် ဇာမဏီနတ်မင်းကို စော်ကားရာမကျဘူးလား”
အသက်ကြီးကြီးနတ်ဘုရားတစ်ပါးက ရင့်ကျက်တည်ငြိမ်စွာ ပြော၏။ “သူက ကောင်းကင်နတ်အရှင်.... ဘယ်သူက သူ့ကို သူ့ကို ထိရဲမှာလဲ... လွှတ်ထားလိုက်”
ကျန်နတ်ဘုရားများ သဘောတူလိုက်ကြပြီး မြို့ကြီးသည် ဖုန်လုံးများအကြား ဆက်ပြေးသွားတော့သည်။
လမ်းတစ်လျှောက်တွင် မြို့ပျံများစွာ ချင်မူ မြင်တွေ့ရသည်။ မြို့ပျံတို့ကား အလွန်မြန်၍ အနောက်ကမ္ဘာမြေ၏ နတ်ဘုရားမိစ္ဆာများအတွက် သွားရေးလာရေး လျင်မြန်စေရန် ပို့ဆောင်ရေးယာဉ်အဖြစ် အသုံးပြုခံရသည်။ ပုန်ကန်မှုများ နှိမ်နှင်းရန်အတွက် စစ်သည်တော်များ လိုက်လံပို့ဆောင်ရလည်း လွယ်ကူလေသည်။
“ဒါက အစစ်အမှန်ကောင်းကင်နန်းတော်ရဲ့ မှော်အစီအရင်ပဲ... ဒါပေမဲ့ အစစ်အမှန်ကောင်းကင်နန်းတော်က ပြင်ပကောင်းကင်နတ်ဘုံကပဲ မဟုတ်လား”
ချင်မူ အသံတိုးလိုက်သည်။ “အစစ်အမှန်မယ်တော်ကြီးက ပြင်ပကောင်းကင်နတ်ဘုံရဲ့ အစစ်အမှန်နတ်ဘုရားတစ်ပါး... သူက အဖြူနတ်မင်းလက်အောက်မှာ ဖြစ်လောက်တယ်”
အနောက်ကမ္ဘာမြေတွင် အထက်ကောင်းကင်ဘုံနှင့် အစစ်အမှန်ကောင်းကင်နတ်ဘုံ ရှိသည့်အတွက် စစ်ရေးအခြေအနေက ထာဝရငြိမ်းချမ်းရေးအင်ပါယာလောက် မပြင်းထန်ခဲ့၍ နိစ္စဒူတအလုပ်များ ဟန်မပျက် လုပ်ဆောင်နိုင်ကြသေး၏။
ချင်မူ ဇာမဏီနတ်မင်း၏ပိုင်နက်သို့ ရောက်သည့်အခါ အဖြူနတ်မင်း၏ ပိုင်နက်ထက် ပို၍ အုပ်ချုပ်ရေးစနစ် ကောင်းမွန်ကြောင်း မြင်တွေ့ရသည်။ ဤနေရာတွင် အနောက်ကမ္ဘာမြေသူများသည် အတိတ်တုန်းကအတိုင်း အေးချမ်းစွာ နေထိုင်၍ အလုပ်လုပ်နေကြ၏။
မိန်းကလေးတချို့က သူ့ကို မြင်သွားပြီး မှတ်မိသွားကြသဖြင့် လှမ်းခေါ်ကြသည်။
“အထက်ကောင်းကင်ဘုံတက္ကသိုလ် မရှိတော့ဘူး.. အထက်ကောင်းကင်နတ်ဂိုဏ်းပဲ ရှိတော့တယ်.... ဂိုဏ်းခေါင်းဆောင်ကတော့ အထက်ကောင်းကင်ဘုံတက္ကသိုလ်ရဲ့ ပါမောက္ခချုပ်ဖြစ်ခဲ့ဖူးတဲ့ ရှုရှန်းဟွာပါ”
ထိုမိန်းကလေးများသည် သူ့ကို ပြောပြနေကြ၏။ “ချီကျုံရီကတော့ ပိုလို့တောင် အဆင်ပြေနေသေးတယ်... သူက အထက်ကောင်းကင်နတ်ဂိုဏ်းရဲ့ ဂိုဏ်းခေါင်းဆောင်ကို ရှိတယ်လို့တောင် သဘောမထားဘူး ... သူက အနောက်ကမ္ဘာမြေရဲ့ နတ်ဘုရားမိစ္ဆာတစ်ဝက်ကို အုပ်ချုပ်တဲ့ အနောက်ကမ္ဘာမြေသခင်လေး လုပ်နေတယ်”
နဂါးချီလင်က စိတ်လှုပ်တရှား ပြောသည်။ “ချီကျုံရီက ကျွန်တော့်ညီလေးပဲ”
“ရှုရှန်းဟာက တော်တယ်... အထက်ကောင်းကင်ဘုံတက္ကသိုလ်က ချက်ချင်း အထက်ကောင်းကင်နတ်ဂိုဏ်းလို့ ပြောင်းပြီး ဂိုဏ်းနာမည်ခံလိုက်တာပဲ”
ချင်မူ တလေးတစား ချီးကျူးမိသည်။ “သူလို လူသာ ကျင့်ကြံတဲ့နေရာမှာ အားစိုက်ထည့်ရင် သေချာပေါက် တိုးတက်လာလိမ့်မယ်... ခံစားချက်တွေမှာ စိတ်ထည့်ထားရင် အင်မတန် ခံစားလွယ်လိမ့်မယ်... ကမ္ဘာလောကကြီးအပေါ် စိတ်နှစ်ထားရင် အားကိုးရတဲ့လူတစ်ယောက် ဖြစ်လာလိမ့်မယ်... သူက ငါနဲ့ယှဉ်ရင် သိပ်နောက်ကျမကျန်ခဲ့ဘူးပဲ”
သူက အထက်ကောင်းကင်နတ်ဂိုဏ်းနှင့် ဇာမဏီနတ်မင်း၏ ယာယီတော်ဝင်စံအိမ်ကို မေးမြန်းပြီးနောက် မိန်းကလေးများကို နှုတ်ဆက်လိုက်ပြီး အထက်ကောင်းကင်နတ်ဂိုဏ်းဆီသို့ ဆက်ထွက်သွားသည်။
အထက်ကောင်းကင်နတ်ဂိုဏ်းက အထက်ကောင်းကင်ဘုံတက္ကသိုလ်သာ ဖြစ်ပြီး ဇာမဏီနတ်မင်း၏ ယာယီတော်ဝင်စံအိမ်ဘေး၌ တည်ရှိသည်။ ယာယီတော်ဝင်စံအိမ်က ကောင်းကင်ယံတွင် တည်ဆောက်ထားခြင်းဖြစ်သည့်အတွက် အထက်ကောင်းကင်နတ်ဂိုဏ်းမှာ အစစ်အမှန်နန်းတော်၏ ပတ်ဝန်းကျင်တွင် နေရာချထားခံရ၏။
ရက်အနည်းငယ်ကြာသော် နဂါးချီလင် အထက်ကောင်းကင်နတ်ဂိုဏ်းဆီသို့ ရောက်လာသည်။ သူက ချင်မူ့ကို ချက်ချင်း ထားခဲ့ပြီး ဇာမဏီနတ်မင်း၏ ယာယီတော်ဝင်စံအိမ်ဆီ ပြေးတက်သွားကာ လှမ်းအော်သည်။ “ဂိုဏ်းသခင်၊ ကျွန်တော် သွေးသောက်ညီလေးနဲ့ သွားတွေ့လိုက်ဦးမယ်”
“ချီကျုံရီကို စိတ်တိုအောင် မလုပ်နဲ့ …. တော်ကြာ မင်းကို ကင်စားနေဦးမယ်” ချင်မူ လှမ်းအော်ပြောလိုက်သည်။
နဂါးချီလင်က ပြန်အော်ပြော၏။ “စိတ်မပူပါနဲ့ ကျွန်တော်တို့မှာ မြေအောက်ဘုံအရှင်သခင် ပဋိညာဉ်ရှိပါတယ်…. တစ်နေ့တည်း မမွေးလာခဲ့ပေမယ့် တစ်နေ့တည်း အတူသေဖို့ ကတိပေးထားပြီးသား… မမကြီးယန်အာ၊ လိုက်မှာလား”
ယန်အာက အလျင်အမြန် ပျံသန်းသွားကာ ပြောသည်။ “သခင်လေး၊ ငါ ဖက်တီးနဂါးအစားမခံရအောင် လိုက်သွားပေးလိုက်ဦးမယ်”
ချင်မူမှာ ခေါင်းတယမ်းယမ်းဖြင့် အထက်ကောင်းကင်နတ်ဂိုဏ်းဆီ သွားလိုက်သည်။ ရှုရှန်းဟွာက သူ ရောက်လာကြောင်း ကြားလျှင် အလျင်အမြန် ထွက်ကြိုသည်။ “ဂိုဏ်းသခင် မတွေ့တာတောင် ကြာပြီ… မင်း ပိန်တောင်သွားပါလား… ထာဝရငြိမ်းချမ်းရေးအင်ပါယာ အခြေအနေ ဘယ်လိုရှိလဲ”
ချင်မူက ပြောသည်။ “စကားနဲ့ ပြောဖို့ ခက်တယ်… ငါ မင်းနဲ့ အနောက်ကမ္ဘာမြေ အဆင်ပြေရဲ့လား လာကြည့်တာ…. မင်းတို့အားလုံး အန္တရာယ်ကင်းတာ မြင်ရတော့ ငါ စိတ်အေးသွားပါပြီ”
“ချီကျုံရီရဲ့ ကျေးဇူးကြောင့်ပါ… သူမရှိရင် အနောက်ကမ္ဘာမြေလည်း ကပ်ဆိုက်ခဲ့မှာ”
ရှုရှန်းဟွာက ဆက်ပြော၏။ “အနောက်ကမ္ဘာမြေက အထက်ကောင်းကင်ဘုံနဲ့ အစစ်အမှန်ကောင်းကင်နန်းတော်နဲ့ ပတ်သက်မှုရှိပေမယ့် ကောင်းကင်နတ်ဘုံ အနောက်ကမ္ဘာမြေကို ဖျက်စီးချင်ရင် ဒီပတ်သက်မှုတွေကို ဂရုစိုက်နေမှာမဟုတ်ဘူး…. ချီကျုံရီက ဇာမဏီနတ်မင်းရဲ့ တပည့်ဆိုတော့ သူဝင်ပါပေးတာကြောင့် ငါတို့ အနောက်ကမ္ဘာမြေကို ကာကွယ်ပေးနိုင်ခဲ့တာပါ”
ဇာမဏီနတ်မင်းချီရှားယွီဟု ကြားလျှင် ချင်မူ တိတ်ဆိတ်သွားသည်။
ကောင်းကင်နတ်ဘုံ သူ့ကို ဝိုင်း၍ ဖိနှိပ်ခဲ့တုန်းက ချီရှားယွီ ပါဝင်ခဲ့သည်။ နတ်မင်းလေးပါးသည် သူ့ကို ကူကယ်ရာမဲ့အောင် ဝိုင်းချောင်ပိတ်ခဲ့ကြသောကြောင့် သူ့အတွက် အစ်ကိုကြီးကို စွန့်ပစ်လိုက်ရုံအပြင် ရွေးချယ်စရာမရှိခဲ့ပေ။
သူသည် သူ့ဝိညာဉ် အထုတ်ခံလိုက်ရစဉ်က ခံစားခဲ့ရသော နာကျင်မှုအား တစ်ခွန်းမဟခဲ့ဖူးပေ။ ထိုနာကျင်မှုက ဓားဖြင့် အရိုးကို လှီးနေသော နာကျင်မှုထက် အဆတစ်ရာ ဆိုးရွားသည်။
သို့သော် သူ့အတွက် အနာကျင်ရဆုံးမှာ သူ့အစ်ကိုကြီး ချင်ဖုန်းကျင့်ကို စွန့်ပစ်၍ ညီအစ်ကိုဘဝကို မျက်ကွယ်ပြုကာ ချင်ဟန်ကျန်းနှင့် ကြင်ယာတော်မင်းသမီးကျန်းတို့၏ သားမဖြစ်နိုင်တော့ခြင်းပင်။
သူက လမ်းလျှောက်နေသော အလောင်းတစ်လောင်းသာ ဖြစ်၏။
ရှုရှန်းဟွာမှာ သူ့ဒုက္ခများ၊ သူ ခံစားခဲ့ရသော နာကျင်မှုများနှင့် ဝေဒနာများအကြောင်း မသိပေ။
အနောက်ကမ္ဘာမြေမှ ပြည်သူများသည်လည်း ထာဝရငြိမ်းချမ်းရေးအင်ပါယာ တောင့်ခံခဲ့ရသည့် နာကျင်မှုအား နားမလည်နိုင်ပေ။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ လူဦးရေ သန်းတစ်ရာမှ သန်းအနည်းငယ်သာ ကျန်တော့သည့်တိုင်အောင် လျှော့ချခံခဲ့ရသည်။ တချို့က ထွက်ပြေးရင်း သေဆုံးကြရပြီး အတော်များများမှာ နတ်ဘုရားမိစ္ဆာတို့၏ အစားခံခဲ့ရသည်။ တချို့ကိုမူ မိစ္ဆာများနှင့် မကောင်းဆိုးဝါးများက ဖမ်းဆီးကာ ကျွန်ပြုထားကြသည်။
အသက်ရှင်ကျန်ခဲ့သည့်နှုန်းမှာ ဆယ်ပုံမှ တစ်ပုံသာ ရှိသည်။ ယင်းက ထာဝရငြိမ်းချမ်းရေးအင်ပါယာ ရင်ဆိုင်နေရသော အခြေအနေပင်။
ထို့အပြင် ဤသည်မှာ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ကောင်းကင်နတ်သိုင်းပညာရှင်များနှင့် နတ်ဘုရားများ တရစပ် ပြန်တိုက်ခိုက်ရင်း ပြည်သူများကို ကာကွယ်ပေးခဲ့သည့် ရလဒ်ဖြစ်သည်။ သူတို့သာ မကာကွယ်ပေးခဲ့လျှင် သေဆုံးနှုန်းသည် ပို၍ပင် မြင့်မားခဲ့လိမ့်မည်။ အသက်ရှင်ကျန်ခဲ့သူများမှာလည်း အစားခံရဖို့၊ ကျွန်ပြုခံရဖို့သာ စောင့်နေရလိမ့်မည်။
ထို့ကြောင့် ချင်မူသည် ထာဝရငြိမ်းချမ်းရေးအင်ပါယာ နန်းစိုက်မြို့တော်သို့ ရောက်လာကာ အရှေ့ကောင်းကင်၏ အစိမ်းနတ်မင်းနှင့် ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်ကို ခုခံခဲ့ခြင်း ဖြစ်၏။
ကောင်းကင်နတ်အရှင်မူဆိုသည့် နာမည်ကိုလည်း ထုတ်သုံးခဲ့ရသည်။ မသုံးခဲ့လျှင် ထာဝရငြိမ်းချမ်းရေးအင်ပါယာကို စောင့်ကြိုနေသည်မှာ လူမျိုးတုံးကပ်ဘေးကြီးသာ ဖြစ်လိမ့်မည်။
“ငါ ထာဝရငြိမ်းချမ်းရေးအင်ပါယာ အသက်ရှင်နိုင်မယ့် လမ်း ရှာဖို့ ကမ္ဘာဦးဘုံကနေ ထွက်ပြီး ကောင်းကင်နတ်ဘုံဆီ သွားမလို့ လုပ်နေတာကြောင့် မင်းကို လာလည်တာ”
ချင်မူက ပြုံးသည်။ “မင်း ဒီနှစ်တွေထဲ ထာဝရငြိမ်းချမ်းရေးအင်ပါယာဆီ ပြန်မလာတော့ လမ်းတွေလည်း ပျက်စီး၊ သတင်းတွေလည်း ပြတ်တောက်နေမှာပဲ… မင်း ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ပြုပြင်ပြောင်းလဲမှုတွေနဲ့ မထိတွေ့ခဲ့ရတာ ကြာပြီ… ငါ ကပ်ဘေးကြီးမတိုင်ခင် ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို သင်ယူဖို့ တက္ကသိုလ်တွေဆီ သွားခဲ့တယ်… ငါ့ခရီးမှာ အသက်ရှင်ပါ့မလား မသိတာကြောင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ပြုပြင်ပြောင်းလဲမှုအသီးအပွင့်တွေကို မင်းဆီ ပေးခဲ့ချင်တယ်”
ရှုရှန်းဟွာမှာ မှင်သက်သွားပြီး ပြုံးလိုက်သည်။ “ကောင်းကင်နတ်ဘုံလား… ငါ မင်းနဲ့ လိုက်ခဲ့မယ်”
ချင်မူ ရင်ထဲ ထိသွားသော်လည်း ခေါင်းယမ်းလိုက်၏။ “လိုက်လို့မရဘူး… ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ပြုပြင်ပြောင်းလဲမှုတွေ ပျောက်ကွယ်သွားလို့ မဖြစ်ဘူး…ငါ ကောင်းကင်နတ်ဘုံမှာ အသတ်ခံရရင် အနည်းဆုံး မင်းကတော့ ပြုပြင်ပြောင်းလဲမှုတွေ ဆက်လက်လုပ်ဆောင်ဖို့ ရှိသေးမှာပဲ… မင်းရဲ့ လောကသခင်ခန္ဓာက အတုဆိုပေမယ့် ငါ့အောက် အနည်းငယ်ပဲ အားနည်းတာပါ… ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ မင်း ရှိနေသရွေ့ ငါတို့ရဲ့အသိပညာတွေကို ဆက်လက်မျှဝေပေးလို့ ရမယ်”
ရှုရှန်းဟွာက ထပ်ပြောချင်သော်လည်း ချင်မူက မြေတွင် ဒူးထောက်၍ တောင်းဆိုသည်။ “တာအိုမိတ်ဆွေ၊ ကျေးဇူးပြုပြီး”
ရှုရှန်းဟွာမှာ သူ့ကို ကပျာကယာ ပြန်ထူပေးပြီး ပြော၏။ “ငါ မင်းနဲ့ မလိုက်တော့ပါဘူး.. ဒါပေမဲ့ မင်း ဂရုစိုက်ရမယ်”
ချင်မူ ပြုံးလိုက်သည်။ “ငါ ဂရုစိုက်ပါ့မယ်… နောင်တော်ရှု၊ မင်း ငါတို့ အရင်တုန်းက လောင်းခဲ့တာကို မှတ်မိသေးလား.. ခုနစ်ခုမြောက်ကောင်းကင်ရတနာ ပြဿနာကို ဖြေရှင်းနိုင်တဲ့သူက လောကသခင်ခန္ဓာအစစ် ဖြစ်မယ်ဆိုတာလေ”
ရှုရှန်းဟွာ ပြုံးသည်။ “တိုက်တိုက်ဆိုင်ဆိုင်ပဲ… မင်း ထွက်သွားပြီး သိပ်မကြာခင် ငါ သတ္တမကောင်းကင်ရတနာ ဖွင့်လှစ်နိုင်မယ့် နည်းလမ်းတွေ စဉ်းစားနိုင်ခဲ့တယ်… နောက်ဆုံးမှာ အားလုံးထဲကနေ အကောင်းဆုံးတစ်ခု ရွေးထားတယ်… ငါ မင်းကို စောင့်နေခဲ့တာ ကြာပြီ.. မထင်မှတ်ဘဲ ကပ်ဘေးတွေ ရောက်လာတော့ ငါတို့နဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာ အဆက်အသွယ် ပြတ်သွားတော့တာပဲ”
ချင်မူက မျက်လုံးများမှေးကျဉ်း၍ ပြောသည်။ “ဒါဆို သတ္တမကောင်းကင်ရတနာဖွင့်လှစ်နိုင်မယ့် အဖြေတွေ ချရေးပြီး ဘယ်သူ့ဟာက ပိုကောင်းမလဲ ကြည့်ကြတာပေါ့”
ရှုရှန်းဟွာက သဘောတူသည်။ သူတို့နှစ်ယောက်စလုံး တစ်ယောက်ကိုတစ်ယောက် ကျော်ခိုင်း၍ အဖြေများ ချရေးကြသည်။
ထို့နောက် ပြိုင်တူမျက်နှာချင်းဆိုင်လိုက်ကြ၏။ ချင်မူက ‘ကောင်းကင်နတ်မြစ်ကောင်းကင်ရတနာ’ ဟု ရေးထားပြီး ရှုရှန်ဟွာသည် ‘မာန်ဟုန်မြစ်ကောင်းကင်ရတနာ’ ဟု ရေးထားလေသည်။
နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်မိကြပြီး ချင်မူက အောင့်သက်သက် ပြောသည်။ “မင်းထက်အရင် ကောင်းကင်နတ်မြစ်ကောင်းကင်ရတနာကို ငါ ဖွင့်ခဲ့တာ သေချာပါတယ်… ငါ ကောင်းကင်နတ်မြစ်ကောင်းကင်ရတနာ ဖွင့်လှစ်တုန်းက ထူးဆန်းတဲ့အဖြစ်အပျက်တွေ ဖြစ်ပေါ်လာတယ်”
ရှုရှန်းဟွာကလည်း ပြောသည်။ “ငါ မာန်ဟုန်မြစ်ကောင်းကင်ရတနာကို ဖွင့်လှစ်တုန်းက ကောင်းကင်နဲ့မြေပြင်ရဲ့ မဟာတာအိုမှာ လှိုင်းဂယက်တွေ ထလာပြီး ပြောင်းလဲသွားတာ ခံစားခဲ့ရတယ်… သိပ်မသိသာပေမယ့် မဟာတာအို အပြောင်းအလဲတွေကို ငါ မသိဘဲ မနေဘူး”
ချင်မူ တုန်လှုပ်သွား၏။ သူ ကောင်းကင်နတ်မြစ်ကောင်းကင်ရတနာ ဖွင့်လှစ်ခဲ့တုန်းက ကောင်းကင်နှင့်မြေပြင် မဟာတာအိုတွင် အပြောင်းအလဲ မခံစားခဲ့ရပေ။
ဤအခြင်းအရာက ရှုရှန်းဟွာက သူ့ထက်အလျဉ် မာန်ဟုန်မြစ်ကောင်းကင်ရတနာကို ဖွင့်လှစ်ခဲ့ကြောင်း ပြသနေသည်။
‘အဲဒီတုန်းက ငါ ကောင်းကင်ရတနာအမျိုးအစား ၂၆ ခုကို တစ်ခုပြီးတစ်ခု စမ်းသပ်နေတာနဲ့ အချိန်ကြာသွားတယ်… ရှုရှန်းဟွာက မစမ်းသပ်ဘဲ အကောင်းဆုံးဟာကို ရွေးချယ်ခဲ့တာပဲ’
ချင်မူ နောက်ကျခဲ့သည့်အကြောင်းရင်းကို နားလည်သွားသည်။ သူက မျက်နှာအမူအရာမပျက်ဘဲ ပြုံးလိုက်၏။ “ကြည့်ရတာ ငါတို့နှစ်ယောက် တစ်ပြိုင်တည်း ဖွင့်လိုက်ကြတဲ့ပုံပဲ… ငါ ကောင်းကင်နတ်မြစ်ကောင်းကင်ရတနာကို ဖွင့်တုန်းက ထူးဆန်းတဲ့အဖြစ်အပျက်တွေက သိပ်ကြောက်ဖို့ကောင်းတယ်သိလား… ကဲကွာ သရေလို့ပဲ သဘောထားကြတာပေါ့.. နောက်မှ ဆက်ပြိုင်ကြမယ်”
ရှုရှန်းဟွာသည် ပြုံးရုံသာ ပြုံးနေပြီး သူနှင့် မငြင်းပေ။ သူက ရောက်လာသည့် ကျင်းယန်ဆီသို့ ပြောလိုက်သည်။ “မိန်းမ၊ ဂိုဏ်းသခင်ချင်နဲ့ မောင်ကြီး တံခါးပိတ်ကျင့်ဖို့ လိုတယ်…. ဒီအတောအတွင်း မိန်းမ ကိုယ်တို့အတွက် အစားအသောက်တွေ ပို့ပေးလို့ရမလား… ဒါပေမဲ့ ကျန်တဲ့ကိစ္စတွေ ရှိလာရင် လာသတင်းပေးစရာမလိုဘူး”
ချင်မူက အရိုအသေပေးလိုက်သည်။ “မရီးကို အနှောင့်အယှက်ပေးမိလို့ အားနာပါတယ်”
ကျန်းယန်က ပြုံးသည်။ “အစားအသောက်ပို့ပေးတာက ပင်ပန်းတာမှမဟုတ်တာ… ရှင်တို့နှစ်ယောက်သာ ကိုယ့်ကိုယ်ကို အရမ်းဖိအားမပေးကြနဲ့”
“မပူပါနဲ့ မရီး၊ ကျွန်တော် မရီးရဲ့မောင်ကြီးကို ဂရုစိုက်ပေးပါ့မယ်”
ထို့နောက် နှစ်ယောက်သား ခပ်ကျယ်ကျယ် ခန်းမတစ်ခုထဲ ဝင်လိုက်ကြသည်။ ရှုရှန်းဟွာ လက်ဝှေ့ယမ်းလိုက်သည့်အခါ ခန်းမ၏အထက်ရှိ သင်္ကေတအမှတ်အသားများသည် အလင်းတန်းများသဖွယ် ဖြာကျလာ၏။ ခန်းမတစ်ခုလုံး ဧရာမခေါင်းလောင်းကြီးဖြင့် လုံလုံခြုံခြုံ ဖုံးအုပ်ခံလိုက်ရသည့်အလားပင်။ သူက ပြောသည်။ “ကျန်းယန်က ငါ့ကောင်းကင်နတ်သိုင်းကို သိတယ်… သူတစ်ယောက်ပဲ အထဲ ဝင်လာနိုင်မှာ… ဂိုဏ်းသခင်ချင်၊ စလို့ရပါပြီ”
ချင်မူ သမ်းဝေကာ ပြုံးလိုက်သည်။ “ငါ့အိပ်မက်ထဲမှာ ဆရာစားမချန်ဘဲ မင်းကို အကုန်ပေးမယ်” ဤသို့ပြောပြီးနောက် သူက ဘေးတစ်စောင်း လဲကာ အိပ်ပျော်သွားသည်။
ရှုရှန်းဟွာမှာ အံ့အားသင့်သွားပြီးနောက် ရယ်လိုက်၏။ “ဒါက ဗြဟ္မဗုဒ္ဓရဲ့ ကျင့်စဉ်လား.. ကြားဖူးပေမယ့် တစ်ခါမှ မမြင်ခဲ့ဖူးဘူး”
သူလည်း ချင်မူ့ဘေး၌ လှဲအိပ်ကာ အိပ်ပျော်သွားသည်။
ရှုရှန်းဟွာ၏ မျက်စိအရှေ့ရှိ အမှောင်ထုသည် ကန့်လန့်ကာသဖွယ် ထင်ရ၏။ ၎င်း ဘယ်နှင့်ညာသို့ ဆွဲဖွင့်ခံလိုက်ရသည့်အခါ လှပသော နေရောင်ခြည်တို့ ဖြာကျလာသည်။
ရှုရှန်းဟွာမှာ လက်မြှောက်၍ အလင်းတန်းများကာလိုက်ပြီး သူ့မျက်လုံးများ အလင်းရောင်နှင့် အသားကျသွားသည့်အခါမှ လက်ပြန်ချလိုက်သည်။ သူက လင်းလက်တောက်ပနေသော ကမ္ဘာထဲ ဝင်ရောက်သွားသည့်အခါ သူ့ဆီသို့ လမ်းလျှောက်လာနေသော ချင်မူ့ကို မြင်လိုက်ရ၏။ “နောင်တော်ရှု ရောက်လာပြီဆိုတော့ ငါတို့ စလို့ရပြီ”
“ငါတို့ဟုတ်လား”
ရှုရှန်းဟွာမှာ ချင်မူများစွာ လမ်းလျှောက်လာသည်ကို မြင်ရသည့်အခါ မှင်သက်သွား၏။ မကြာခင် ချင်မူများက အယောက်တစ်ရာကျော်သွားပြီး သူတို့နောက်၌ နောက်ထပ်ချင်မူများလည်း ရှိနေသည်။ သူတို့သည် စားပွဲတွင် ထိုင်ကာ အားတက်သရော စာရေးရင်း ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ပြုပြင်ပြောင်းလဲမှုများကို မှတ်တမ်းတင်နေကြ၏။
ရှုရှန်းဟွာမှာ တအံ့တဩဖြင့် လှမ်းမေးလိုက်မိသည်။ “ဘယ်လောက် ကြာမှာလဲ”
“ငါ့အတွက် ထာဝရငြိမ်းချမ်းရေအးင်ပါယာရဲ့ ပြုပြင်ပြောင်းလဲမှု ခုနစ်ဆယ်ရာခိုင်နှုန်းကို သင်ယူဖို့ နှစ်နှစ်၊ သုံးနှစ် ကြာခဲ့တယ်”
ချင်မူတစ်ယောက် ပြောသည်။ “မင်းလည်း နှစ်နှစ်၊ သုံးနှစ်လောက် အချိန်ယူရလိမ့်မယ်… ဒါပေမဲ့ ငါ့အိပ်မက်ထဲမှာတော့ ခဏလောက်ပဲ ကြာမှာ… စကြစို့”
ရှုရှန်းဟွာက စိတ်ရောကိုယ်ပါ နှစ်ကာ အာရုံစိုက်တော့သည်။
ထိုအချိန်တွင် ကျင်းယန်က သူတို့အတွက် စားသောက်ဖွယ်ရာများ ပြင်ဆင်ပြီး၍ ခန်းမထဲ ဝင်လာသည့်အခါ နှစ်ယောက်သား ကြမ်းပြင်ထက်၌ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည်ကို မြင်လိုက်ရသည်။ သူမမှာ ခေါင်းတယမ်းယမ်းဖြင့် ထမင်းဟင်းများကို သူတို့ဘေး၌ ချကာ တိတ်ဆိတ်စွာ ထွက်သွားသည်။
ချင်မူနှင့် ရှုရှန်းဟွာက ဗိုက်ဆာလာသည့်အချိန်တွင် နိုးလာပြီး မြန်မြန်ဆန်ဆန် စားလိုက်ကြသည်။
ထို့နောက် ချင်မူက ဟင်းပန်းကန်များ ဆေးချင်နေ၍ ရှုရှန်းဟွာမှာ ရယ်ရမလား ငိုရမလား မသိတော့ဘဲ ပြောသည်။ “ဂိုဏ်းသခင်ရာ အပင်ပန်းခံမနေပါနဲ့ … ခြင်းထဲသာ ပြန်ထည့်ထားလုက်… ငါ့မိန်းမ လာယူပြီး ဆေးပေးပါ့လိမ့်မယ်… ငါ ဆက်အိပ်ကြရအောင်”
ချင်မူ ခေါင်းညိတ်လိုက်သည်။
သူတို့နှစ်ယောက် လှဲလိုက်ကြသော်လည်း တခဏကြာသော် ရှုရှန်းဟွာက ပြန်ထပြီး ပြောသည်။ “ပန်းကန်မဆေးရသေးတော့ အိပ်မပျော်ဘူး… လာ ဆေးကြစို့”
ချင်မူလည်း အိပ်မက်ထဲ မဝင်နိုင်ဖြစ်နေ၍ ချက်ချင်း ထကာ ရယ်လိုက်သည်။ “ငါလည်း အိပ်မပျော်ဘူး… ပန်ကန်းဆေးလိုက်မှ နေသာထိုင်သာ ရှိမယ်ထင်တယ်”
သူတို့နှစ်ယောက်သည် ဖန်ဆင်းပညာဖြင့် ရေဖန်ဆင်းကာ ပန်းကန်များ ဆေးကြော၏။ ရှုရှန်းဟွာက ခန်းမတစ်ခုလုံး ပြောင်လက်လာသည့်တိုင်အောင် ကြမ်းတိုက်လိုက်သေးသည်။ ထို့နောက်မှ နှစ်ယောက်သား စိတ်အေးလက်အေး ဖြစ်ကာ အိပ်ပျော်သွားကြသည်။
“ဧကရာဇ်အတိုင်ပင်ခံနဲ့ ဧကရာဇ်ယန်ဖုန်း မဟာအကျဉ်းထောင်ထဲမှာ ဘယ်လိုအိပ်ခဲ့လဲ မသိဘူး.. တော်တော်ညစ်ပတ်တာကို…” ချင်မူက ဗလုံးဗထွေး ပြောရင်း တခေါခေါ ဟောက်နေတော့သည်။