မရှိသည့်အရာကို ရှိသည်ဟု သဘောထားသည့်အခါ ရှိနေသည့်အရာကား မရှိတော့ပေ
Vol. 69 Ch. 905
ယန်ရှောင်ချင်း ရူးခါသွားသည်။ တစ်ယောက်တည်း ရယ်လိုက်ငိုလိုက် ဖြစ်နေသဖြင့် ထောင်စောင့်များက လက်လုပ်စများကို ကပျာကယာ ရပ်ကာ သူ့ဆီ ပြေးလာကြပြီး ဆွဲထူပေးနေ၏။
ယန်ရှောင်ချင်းက သူတို့လက်ထဲမှ ရုန်းရင်း စူးစူးဝါးဝါး အော်ဟစ်နေသည်။ “အတုတွေ၊ မင်းတို့အားလုံး အတုတွေ”
သူ့ကြောင့် ထောင်စောင့်တချို့ ဒဏ်ရာရသွားပြီး သေဆုံးသွားသူများပင် ရှိ၏။ ရုတ်တရက် သူ့ခန္ဓာကိုယ်မှာ သစ်သားရုပ်သေးရုပ်ပမာ တောင့်တင်းသွားပြီး သူ့လက်တွင် ပေနေသော သွေးများကို ငေးငေးကြောင်ကြောင် ငုံ့ကြည့်နေသည်။
အတန်ကြာသော် သူက ခက်ခက်ခဲခဲ ခေါင်းလှည့်၍ ချင်မူ့ဆီသို့ မေးသည်။ “ကောင်းကင်နတ်အရှင်မူ၊ ဒါ အတုလား၊ အစစ်လား”
ချင်မူ သက်ပြင်းချကာ ပြောလိုက်သည်။ “လက်ဝဲယံ လက်ထောက်ဝန်မင်း၊ ကျွန်တော် ပြန်တော့မယ်... လိုက်မပို့တော့ဘူးလား”
ယန်ရှောင်ချင်း၏ မျက်နှာကြွက်သားများ လှုပ်သွားပြီး သူ့မျက်နှာမှာလည်း မဲ့ရွဲ့သွားသည်။ သူက ချင်မူ့နောက်မှ အပြင်သို့ လိုက်လာ၏။
အတန်ကြာသော် အပြင်ရောက်လာသည့်အခါ ချင်မူသည် သူ့ဘက်သို့ လှည့်လာကာ ပြုံးရွှင်စွာ ပြော၏။ “လက်ဝဲယံ လက်ထောက်ဝန်မင်း၊ ကျွန်တော့်ကို လိုက်မပို့လို့ ရပါပြီ”
ယန်ရှောင်ချင်းက ဦးညွှတ်အရိုအသေပေး၍ ပြန်ဖြေသည်။ “နှုတ်ဆက်ပါတယ်၊ ကောင်းကင်နတ်အရှင်”
ချင်မူက ပြုံးလျက် ဖြည်းဖြည်းချင်း ထိုင်ချလိုက်သည်။ နဂါးချီလင်၏ ခြေထောက်အောက်၌ မီးလျှံတိမ်တိုက်များ ဖွဲ့တည်လာပြီး ချင်မူ့ကို ကျောတွင် တင်လျက် ပြေးထွက်သွား၏။
“ကောင်းကင်နတ်အရှင်မူ၊ စောစောက တကယ့်ဖြစ်ရပ်လား.. ပုံရိပ်ယောင်လား” ယန်ရှောင်ချင်း၏အသံသည် အဝေးမှ ပျံ့လွင့်လာသည်။
ချင်မူ နဂါးချီလင်ကို ခေါင်းကို ပုတ်လိုက်၍ နဂါးချီလင်က အလျင်အမြန် ရပ်လိုက်သည်။
ချင်မူက ရယ်လိုက်ပြီး လှမ်းပြောသည်။ “အစစ်ကို အတုလို့ သတ်မှတ်လိုက်တဲ့အခါ အတုက အစစ်ဖြစ်လာတယ်... ဘာမှမရှိတာကို ရှိနေသလို သဘောထားတဲ့အခါ ရှိနေတဲ့ဟာကလည်း မရှိတတ်တော့ဘူး... လက်ဝဲယံ လက်ထောက်ဝန်မင်း၊ ခင်ဗျားက ကောင်းကင်နတ်ဘုံမှာ နံပါတ်တစ် အသိစိတ်အလျဉ် ကောင်းကင်နတ်သိုင်းပညာရှင်ပါ... ဘယ်ဟာက အတု၊ ဘယ်ဟာက အစစ်၊ ဘယ်ဟာက မရှိဘူး၊ ဘယ်ဟာက ရှိတယ်က အဲဒီလောက် အရေးပါလို့လား... ကျေးဇူးပြုပြီး ပြန်ပါတော့”
ယန်ရှောင်ချင်းမှာ အတန်ငယ် တုန်ရီသွားပြီး ချင်မူ့အား လှမ်းကြည့်၏။
နဂါးချီလင်ကား ချင်မူနှင့်အတူ အဝေးသို့ ထွက်သွားချေပြီ။
ယန်ရှောင်ချင်း၏ မျက်ဝန်းထောင့်စွန်းများ တွန့်နေပြီး ချင်မူ့ကို လှမ်းကြည့်နေစဉ် နဂါးချီလင်၏အပေါ်ရှိ ချင်မူ၏အရိပ်သည် လူးလွန့်လာကာ အရိပ်သုံးခုအဖြစ် ကွဲထွက်သွားကြောင်း မြင်လိုက်ရ၏။
သူ့မှာ တစ်ခေါင်းစလုံး ပေါက်ကွဲသွားသကဲ့သို့ ပူထူသွားပြီး အကျဉ်းထောင်ဆီ ကပျာကယာ ပြေးထွက်သွားသည်။ သူက ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံနှင့် ဧကရာဇ်ယန်ဖုန်း အကျဉ်းခံထားရသည့် အကျဉ်းခန်းများထံ ပြေးသွား၏။ ထို့နောက် ဗလာကျင်းနေသော အကျဉ်းခန်းနှစ်ခန်းအရှေ့တွင် တစ်ယောက်တည်း ကြောင်ကြောင်ကြီး ရပ်နေသည်။ ဧကရာဇ်ယန်ဖုန်းနှင့် ဧကရာဇ်အတိုင်ပင်ခံနှစ်ယောက်လုံး အကျဉ်းခန်းများထဲ၌ မရှိတော့ပေ။
“ဒီလိုကိုး ဒီလိုကိုး....”
ယန်ရှောင်ချင်းက ခပ်တိုးတိုး ရယ်လိုက်၏။ “စောစောက ငါကိုယ်တိုင် မင်းတို့ကို အကျဉ်းခန်းတံခါးတွေ ဖွင့်ပေးခဲ့မိတာကိုး... ဒါက အသိစိတ်အလျဉ်ရဲ့ ပုံရိပ်ယောင်မဟုတ်ဘူး... အစစ်ကို အတုလို့ သတ်မှတ်လိုက်တဲ့အခါ အတုက အစစ်ဖြစ်လာတယ်... ဘာမှမရှိတာကို ရှိနေသလို သဘောထားတဲ့အခါ ရှိနေတဲ့ဟာကလည်း မရှိတတ်တော့ဘူး... လှလိုက်တဲ့အကွက်... လှလိုက်တဲ့အကွက်...”
ရုတ်တရက် ထောင်စောင့်တစ်ယောက်သည် ဘေးမှ ဖြတ်သွားပြီး ဗလာကျင်းနေသော အကျဉ်းခန်းနှစ်ခန်းကို သတိထားမိလျှင် အသည်းအသန် အော်ဟစ်၏။ “အကျဉ်းသားတွေ လွတ်သွားပြီ”
ယန်ရှောင်ချင်းက သူ့ကို လှည့်ကြည့်၍ ပြုံးလျက် ပြောသည်။ “အကျဉ်းသားတွေက အကျဉ်းခန်းထဲမှာ ရှိပါသေးတယ်... ဘယ်လိုလုပ် လွတ်သွားမှာလဲ”
ထောင်စောင့် ကြောင်တော်တောင် ဖြစ်သွား၏။ ယန်ရှောင်ချင်းက ပြောသည်။ “တစ်စိတ်ကို တစ်အိတ် လုပ်မနေနဲ့... သွား ကိုယ့်အလုပ်ကိုယ် လုပ်ချည်... နေဦး၊ ကောင်းကင်နတ်အရှင်မူ လာသွားတာ ဘယ်လောက် ကြာလိုက်လဲ”
ထောင်စောင့်က ပြန်ဖြေသည်။ “ဆယ့်ငါးမိနစ်ထက် မပိုပါဘူး”
“ဆယ့်ငါးမိနစ်ထက် မပိုဘူးလား”
ယန်ရှောင်ချင်း စိတ်ထဲ လေးလံလာသည်။ သူ့အတွက် လပေါင်းများစွာ ကြာခဲ့သယောင် ခံစားခဲ့ရ၏။ သူက လက်ဝှေ့ယမ်းကာ အစောင့်ကို ထွက်ခွာသွားစေ၏။
ယန်ရှောင်ချင်းမှာ အကျဉ််းထောင်ထဲမှ မောပန်းစွာ ထွက်လာရင်း သူ့ဘာသာသူ တွေးနေသည်။ ‘မင်း ဧကရာဇ်အတိုင်ပင်ခံနဲ့ ဧကရာဇ်ယန်ဖုန်း လွတ်သွားအောင် ကူညီခဲ့ပေမယ့် ငါလည်း မင်းရဲ့ ခြေရာလက်ရာတွေကို ဖုံးပေးဖို့အပြင် ရွေးချယ်စရာမရှိဘူး... ငါ့အသိစိတ်အလျဉ် ကောင်းကင်နတ်သိုင်းနဲ့ဆို ကောင်းကင်နတ်ဘုံက စုံးစမ်းဖို့ လူလွှတ်လိုက်ရင်တောင် ဧကရာဇ်ပလ္လင်အဆင့် မဟုတ်သရွေ့ အကျဉ်းခန်းထဲမှာ ရှိနေတဲ့ ကျန်းပိုင်ကွေ့နဲ့ ဧကရာဇ်ယန်ဖုန်းက ငါ့ရဲ့ပုံရိပ်ယောင်တွေပဲဆိုတာ သိမှာမဟုတ်ဘူး... ကောင်းကင်နတ်အရှင်မူ၊ မင်းက ငါ မင်းကို လိုက်မဖမ်းနိုင်မှန်း ကောင်းကောင်းသိတယ်... မင်းရဲ့ကောင်းကင်နတ်သိုင်းကို ငါ မချိုးဖျက်နိုင်မှန်းလည်း သိထားတယ်... ငါ မင်းကို လိုက်မှီရင်လည်း မင်းရဲ့ ပုံရိပ်ယောင်နဲ့ အိပ်မက်တွေထဲ ပြန်ရောက်သွားဦးမှာပဲ”
‘ငါက နတ်ဘုရားစီရင်ရာစင်မြင့်ဆီ တစ်ခါ အပို့ခံထားရဖူးပြီးသား ဆိုတော့ မင်းရဲ့ခြေရာလက်ရာတွေကို ဖုံးဖိပေးထားမှာကိုလည်း မင်း သိနေတယ်... ငါ့အနေနဲ့ ငါ့အသက်ကို ကာကွယ်ဖို့ မင်းကို ကူညီရလိမ့်မယ်... မင်းက မင်းအရိပ်ကိုတောင် တမင်တကာ သုံးခု ခွဲပြခဲ့သေးတယ်... ကျန်တဲ့အရိပ်နှစ်ခုက ဧကရာဇ်ယန်ဖုန်းနဲ့ ကျန်းပိုင်ကွေ့မဟုတ်လား....’
‘ကောင်းကင်နတ်အရှင်မူ၊ ကောင်းကင်နတ်အရှင်မူ... မင်းက သိပ်ကြောက်ဖို့ကောင်းတာပဲ’
သူက တရားစီရင်ရာခန်းမဆီ သွား၍ မှတ်တမ်းစာအုပ် ဖွင့်ကာ ရေးသည်။ “ကောင်းကင်နတ်အရှင်မူ အကျဉ်းထောင်သို့ လာရောက်လည်ပတ်သည့်အချိန်တွင်း မည်သည့်ကိစ္စမှ ဖြစ်ပျက်ခဲ့ခြင်းမရှိ။” ထို့နောက် စုတ်တံချကာ အတွေးထဲ နစ်မျောသွားသည်။
ရုတ်တရက် ယန်ရှောင်ချင်းသည် လက်သီးတင်းတင်း ဆုပ်လိုက်ပြီး လက်သည်းများက လက်ဝါးမှ သွေးထွက်လာသည့်တိုင်အောင် စိုက်ဝင်သွား၏။ ထို့နောက် သူက လက်ကို ဖြေလျော့ရင်း ခါးသက်သက် ရယ်ကာ လုပ်စရာရှိသည်များ ဆက်လုပ်နေသည်။
‘ငါ ရှုံးသွားပေမယ့် မင်းရဲ့ အသိစိတ်အလျဉ် ကောင်းကင်နတ်သိုင်းက ပြိုင်ဘက်မကင်းသေးဘူး.. မင်းရဲ့သိုင်းအဆင့်က နိမ့်ကျလွန်းတော့ မင်းရဲ့ ကောင်းကင်နတ်သိုင်းကို ဖြိုခွင်းဖို့ လွယ်တယ်... အပြင်က လူတစ်ယောက် နှောင့်ယှက်လိုက်ရင် မင်းရဲ့ကောင်းကင်နတ်သိုင်းက သူ့ဘာသာသူ အလိုအလျောက် ပြိုကွဲသွားတယ်.... အဲဒီလိုပဲ ကြာချိန်က တစ်နာရီတောင် မခံဘူး’
‘မင်း ကောင်းကင်နတ်ဘုံဆီ သွားမှာမဟုတ်ဘူးလား.... ဒီကောင်းကင်နတ်သိုင်းကို ကောင်းကင်နတ်ဘုံမှာ ထုတ်လွှတ်လိုက်ရင် မင်း သေချာပေါက် သေရမှာပဲ... ဒါပေမဲ့...’
သူက ကြောက်လန့်တုန်လှုပ်သွားသော အမူအရာဖြင့် မှတ်တမ်းများ ရေးနေသည်ကို ရပ်လိုက်သည်။ သူ့ကျောရိုးတစ်လျှောက် စိမ့်အေးသွားလေသည်။ ‘ဒါပေမဲ့ မင်း ဧကရာဇ်ပလ္လင်အဆင့်အထိ ကျင့်ကြံနိုင်သွားလို့ အသိစိတ်အလျဉ်ကောင်းကင်နတ်သိုင်း၊ အနန္တကပ်ဘေးသုတ္တန်နဲ့ ယိုတုမဟာတာအိုကို ပေါင်းစည်းလိုက်ရင်တော့ အင်မတန် ကြောက်စရာကောင်းမှာပဲ’
သူ့မှာ မည်မျှကြောက်စရာကောင်းမည်ကို စိတ်ပင်မကူးရဲပေ။
သူက မှတ်တမ်းများ ဆက်ရေးနေပြီး ခဏကြာသော် စုတ်တံထိပ်ဖျားက တုံ့ခနဲ ရပ်သွား၏။ သူ့မျက်ဝန်းထောင့်စွန်းများ တုန်ခါနေလေသည်။
“လက်ရှိငါက သူ့ရဲ့အိပ်မက်ထဲက လွတ်မြောက်လာတဲ့ ငါ ဟုတ်ရဲ့လား’
ယန်ရှောင်ချင်း၏ သူငယ်အိမ်များ မှေးမှိန်သွား၏။ ‘လက်ရှိငါက ပုံရိပ်ယောင်တစ်ခုပဲဆိုရင် ဘယ်လိုလုပ်မလဲ... အခု ငါက အိပ်မက်ထဲ ရောက်နေတာလားလား.. တကယ့်ကမ္ဘာထဲ ရောက်နေတာလား’
သူ ကူကယ်ရာမဲ့လာသည်။ ‘သူ ပြောခဲ့တဲ့အတိုင်း ငါ့ကောင်းကင်တံတား ကောင်းကင်ရတနာကို ဖျက်စီးပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို လက်ခံလိုက်မှ သူ့အိပ်မက်ကမ္ဘာကနေ နိုးထလာမှာလား... အဲဒီအတိုင်းဆို ငါက ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ သူပုန်တွေနဲ့ ဘယ်ကွာတော့မလဲ”
သူ့မျက်နှာပေါ်ရှိ ကြောက်လန့်နေမှုက အထင်းသား ပေါ်လွင်လာသည်။
ချင်မူ ထွက်သွား၍ ကောင်းကင်နတ်သိုင်း ရပ်တန့်သွားသော်လည်း အသိစိတ်အလျဉ် ကောင်းကင်နတ်သိုင်း၏ နောက်ဆက်တွဲအကျိုးဆက်များသည် သူ့နှလုံးသားအတွင်း၌ စိတ်နှလုံးမိစ္ဆာမျိုးစေ့သဖွယ် အမြစ်တွယ်သွားချေပြီ။
ရုန်းထွက်ချင်လျှင် ကောင်းကင်တံတား ကောင်းကင်ရတနာကို ဖျက်စီး၍ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ပြုပြင်ပြောင်းလဲမှုကို လက်ခံကာ ကောင်းကင်နတ်မြစ် ကောင်းကင်ရတနာကို ကျင့်ကြံရမည်ဖြစ်ကြောင်း ယန်ရှောင်ချင်း သိသည်။ မဟုတ်လျှင် သူ့တစ်သက်လုံး အိပ်မက်၊ အစစ်နှင့် ပုံရိပ်ယောင်ကို မခွဲခြားတတ်ဘဲ အမြဲတစေ စိုးထိတ်နေရလိမ့်မည်။ သူ့တာအိုနှလုံးသားအတွင်းရှိ အားနည်းချက်များကြောင့် ဧကရာဇ်ပလ္လင်အဆင့်သို့ တက်နိုင်တော့မည်မဟုတ်ပေ။
သို့သော် ကောင်းကင်နတ်ဘုံသည် ပြုပြင်ပြောင်းလဲမှုကို ခါးခါးသီးသီး တားမြစ်ထား၏။ သူ ကောင်းကင်တံတား ကောင်းကင်ရတနာကို လက်ခံလိုက်ပါက ပြုပြင်ပြောင်းလဲမှု၏ ဘက်တော်သား၊ ရာဇဝတ်သားတစ်ယောက် ဖြစ်လာလိမ့်မည်။
‘ကောင်းကင်တံတား ကောင်းကင်ရတနာကို ဖျက်စီးလိုက်ရင် ငါ့ကောင်းကင်နန်းဆောင် နင်းချေခံရပြီး ငါ သေသွားလိမ့်မယ်... ကျန်းပိုင်ကွေ့က သူ တောင်ကောင်းကင်မုခ်ဝကို ပိတ်ပေးနိုင်တဲ့ ကျင့်စဉ်တစ်ခု ဖန်တီးထားတဲ့အကြောင်း ပြောဖူးတယ်... အဲဒီအတိုင်းဆို ကောင်းကင်တံတား ကောင်းကင်ရတနာကို ဖျက်စီးရင်တောင် ငါ မသေတော့ဘူး... သူ ဘာလို့ ငါ့ကို အဲဒီအကြောင်း ပြောပြခဲ့တာပါလိမ့်’
ယန်ရှောင်ချင်း ရုတ်တရက် သဘောပေါက်သွား၏။ ‘ဆရာတူ ညီအစ်ကိုနှစ်ယောက် ပူးပေါင်းပြီး ငါ့ကို ထောင်ချောက်ဆင်ခဲ့ကြတာပဲ... ငါ ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို သွားလေ့လာမှဖြစ်တော့မယ်... တိတ်တိတ်ကလေးပဲ လေ့လာမယ်... ပြုပြင်ပြောင်းလဲမှုတွေမှာ ဝင်မပါဘူး”
အကျဉ်းထောင်ဆီမှ အဝေးသို့ ရောက်သည့်အခါ ချင်မူက နဂါးချီလင်ကို ရပ်ခိုင်းလိုက်သည်။ သူက ပြုံး၍ ပြောလေသည်။ “ယန်ရှောင်ချောင်း ကျွန်တော်တို့နောက် လိုက်လာမှာမဟုတ်ဘူး... ခင်ဗျားနှစ်ယောက် အခု ထွက်လာလို့ ရပြီ... ယန်ရှောင်ချင်းက ဉာဏ်ကောင်းတယ်.... သူ့အသိစိတ်အလျဉ် ကောင်းကင်နတ်သိုင်းနဲ့ ကျွန်တော်တို့ရဲ့ ခြေရာလက်ရာတွေကို ဖုံးကွယ်ပေးထားလိမ့်မယ်... ခင်ဗျားတို့ ထောင်က ထွက်ပြေးလာမှန်း ဘယ်သူမှ သိမှာတောင် မဟုတ်ဘူး”
သူ့ခြေထောက်တွင် အရိပ်သုံးခု ရှိနေသည်။ နှစ်ခုက လူးလွန့်၍ မတ်တပ်ကာ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံနှင့် ဧကရာဇ်ယန်ဖုန်းအသွင် ပြောင်းလဲသွား၏။
ဧကရာဇ်အတိုင်ပင်ခံက ချင်မူ့ဆီသို့ ဦးညွှတ်အရိုအသေပေးလိုက်သည်။ “ကယ်တင်ပေးလို့ ကျေးဇူးပါပဲ အစ်ကိုကြီး”
ချင်မူလည်း အလျင်အမြန် အရိုအသေပြန်ပေး၍ ပြုံးလိုက်သည်။ “ခင်ဗျားသာ မူလဝိညာဉ်သုံးသွယ် ထာဝရနတ်ဘုရားအသိစိတ်အလျဉ်ကို သူ့ဆီ မပေးခဲ့ရင် ကျွန်တော် သူ့သိုင်းကွက်ထဲက အားနည်းချက်တွေကို အလွယ်တကူ မြင်ပြီး သူ့တာအိုနှလုံးသားထဲမှာ စိတ်နှလုံးမိစ္ဆာမျိုးစေ့ ချနိုင်မှာမဟုတ်ပါဘူး... သူ့ရဲ့ မူလဝိညာဉ်သုံးသွယ် ထာဝရနတ်ဘုရားအသိစိတ်အလျဉ် ဧကရာဇ်ပလ္လင်အဆင့်ကျင့်စဉ်ကို ခေတ်နဲ့အမှီ အဆင့်မြှင့်တင်ဖို့ဆိုရင် လူအင်အားတော်တော် သုံးပြီး ဒီအားနည်းချက်တွေကို ပြုစုရလိမ့်မယ်”
ဧကရာဇ်အတိုင်ပင်ခံက အလေးအနက် ပြန်ဖြေသည်။ “ဒါပေမဲ့ သူ့ကို အဲဒီလောက်အတိုင်းအတာအထိ ဖမ်းချုပ်ထားနိုင်ဖို့က လွယ်ကူတဲ့ အရာမဟုတ်ဘူး”
“ကျွန်တော် ဗြဟ္မဗုဒ္ဓရဲ့ အနန္တကပ်ဘေးသုတ္တန်ကို သုံးပြီး အိပ်မက်ထဲ ဝင်ရောက်ခဲ့တယ်... အချိန်တခဏလေးအတွင်း သူ့ကို ရင်ဆိုင်နိုင်မယ့် ဖြစ်နိုင်ခြေပေါင်းများစွာကို တွေးခဲ့ရင်း အလွယ်ကူဆုံးနည်းလမ်းကို ထုတ်နုတ်ခဲ့တယ်.... ပြီးတာနဲ့ ယိုတုမဟာတာအိုနဲ့ သူ့တာအိုနှလုံးသားထဲမှာ စိတ်နှလုံးမိစ္ဆာမျိုးစေ့ ချတယ်... အဲဒီမိစ္ဆာမျိုးစေ့ကနေ မိစ္ဆာပန်း ပွင့်လာတဲ့အချိန်မှာ သူ အိမ်မက်တွေ၊ ပုံရိပ်ယောင်တွေထဲမှာ နစ်မျောသွားတော့တာပဲ”
ချင်မူက ဆက်ပြောသည်။ “ကျွန်တော့်ကောင်းကင်နတ်သိုင်းက သူ့တာအိုနှလုံးသားထဲ ကျူးကျော်ပြီး သူ့ကောင်းကင်ရတနာထဲမှာ အလိုအလျောက် အမြစ်တွယ်လိုက်တယ်... အဲဒီလိုဖြစ်သွားတာနဲ့ ကျွန်တော် သူ့အတွက် ဖန်တီးထားတဲ့ အိပ်မက်တွေ၊ ပုံရိပ်ယောင်တွေကနေ လွတ်မြောက်ဖို့ အင်မတန် ခက်ခဲသွားပြီ... ပုံရိပ်ယောင်တွေကနေ အတင်းအကြပ် ရုန်းထွက်ဖို့ ကြိုးစားတိုင်း ပိုပြီးနစ်မျောသွားလေပဲ... သူ ကျွန်တော့်ရဲ့ အသိစိတ်အလျဉ်ကောင်းကင်နတ်သိုင်းကို ချိုးဖျက်လေလေ၊ ပိုပြီးနက်ရှိုင်းတဲ့ အနန္တကပ်ဘေးတွေထဲ ဆင်းသက်ရလေလေပဲ”
ဧကရာဇ်ယန်ဖုန်းနှင့် ဧကရာဇ်အတိုင်ပင်ခံမှာ တလေးတစား စုပ်သပ်မိကြသည်။
အနန္တကပ်ဘေးသုတ္တန်သည် ဗြဟ္မဗုဒ္ဓ၏ ဧကရာဇ်ပလ္လင်အဆင့် အစစ်အမှန်ကျမ်းစာ ဖြစ်ပြီး ထာဝရနတ်ဘုရားအသိစိတ်အလျဉ်မှာ ချိဧကရာဇ်၏ ဧကရာဇ်ပလ္လင်အဆင့်ကျင့်စဉ် ဖြစ်သည်။ တာအိုနှလုံးသားထဲ၌ စိတ်နှလုံးမိစ္ဆာမျိုးစေ့ ချခြင်းကမူ တန်ခိုးရှင်သစ်ခုတ်သမား၏ မဟာဉာဏ်အလင်းပွင့် ကောင်းကင်နတ်ဆိုးကျမ်းစာမှ ကျင့်စဉ်တစ်ခု ဖြစ်ပေသည်။
ချင်မူက ဤကျင့်စဉ်သုံးမျိုးကို ပေါင်းစည်း၍ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ပြုပြင်ပြောင်းလဲမှုများကို အသုံးချကာ နတ်ကောင်းကင်ခန်းမအဆင့် ကြောက်မက်ဖွယ်ရာ နတ်ဘုရားတစ်ပါးကို ပိတ်လှောင်နိုင်ခဲ့၏။ သူ့အစွမ်းအစများကား ထူးခြားဆန်းပြားလှချေသည်။
ဧကရာဇ်အတိုင်ပင်ခံ၏ မျက်ဝန်းများ လင်းလက်သွားသည်။ “ယန်ရှောင်ချင်းက ငါတို့ရဲ့တာအိုမိတ်ဆွေ ဖြစ်လာနိုင်တယ်... ငါ သူ့အတွက် လမ်းပြပြီးပြီ.. ဆက်လျှောက်မလား၊ ဆက်မလျှောက်ဘူးလားက သူ့အပေါ်ပဲ မူတည်မယ်”
“ခင်ဗျားတို့နှစ်ယောက် အခုလွတ်သွားပေမယ့် လူမသိအောင် နေကြဦး... ရုပ်ပြောင်းလိုက်ရင် အကောင်းဆုံးပဲ” ချင်မူက သူတို့ကို သတိပေးသည်။
ဧကရာဇ်အတိုင်ပင်ခံနှင့် ဧကရာဇ်ယန်ဖုန်း ခေါင်းညိတ်လိုက်၏။ သူတို့နှစ်ယောက်စလုံး ဖန်ဆင်းပညာ၏ အဆင့်မြင့်ဆုံး ကျင့်စဉ်များဖြစ်သည့် မူလဝိညာဉ်သုံးသွယ် ထာဝရနတ်ဘုရားအသိစိတ်အလျဉ်နှင့် အန္တရဝသိုင်းနတ်ဘုရားကျင့်စဉ်ကို ကျင့်ကြံထားပြီးဖြစ်သည်။ ထို့ကြောင့် ရုပ်ပြောင်းရုပ်လွှဲရုံတင်မက မူလဝိညာဉ်များ၏ အသွင်အပြင်ကို ပြောင်းလဲခြင်းသည်ပင် သူတို့အတွက် ထမင်းစား၊ ရေသောက်ပမာသာ ရှိသည်။
ချင်မူ မှန်တစ်ချပ် ထုတ်၍ ဧကရာဇ်အတိုင်ပင်ခံဆီသို့ ပေးလိုက်သည်။ “ဒီမှန်ထဲမှာ ရှေးဟောင်းနတ်ဘုရားတွေရဲ့ မဟာတာအိုနဲ့ပတ်သက်ပြီး ကောင်းကင်နတ်ဘုံ နှစ်သန်းပေါင်းများစွာ လေ့လာထားတဲ့ အချက်အလက်တွေ ရှိတယ်.. တာအိုဘိုးဘေးကြီး ကျွန်တော့်ကို ဒါပေးခဲ့တာ.... ကောင်းကင်နတ်ဘုံက ဒီက အချက်အလက်တွေကနေတစ်ဆင့် ကောင်းကင်နတ်အရှင်ယွီလို လက်နက်ကို တည်ဆောက်ခဲ့တာပဲ.... ခင်ဗျားတို့လည်း သေသေချာချာ လေ့လာကြည့်သင့်တယ်”
ဧကရာဇ်အတိုင်ပင်ခံက ဂရုတစိုက် လေ့လာသည်။ မှန်အတွင်း၌ ကမ္ဘာတစ်ကမ္ဘာ တိမ်မြုပ်နေပြီး သင်္ကေတအမှတ်အသားမျိုးစုံ ခတ်နှိပ်ထားသည့် ကျောက်စိမ်းစာလိပ်များ ပြည့်နေ၏။
“ဒါကို ငါတို့ဆီပေးတော့ မင်းကရော” ဧကရာဇ်အတိုင်ပင်ခံက မေးသည်။
“ကျွန်တော်က ဒီမှန်ကို ဖန်တီးထားတာဆိုတော့ စိတ်ကြိုက် ပွားလို့ရတယ်”
ချင်မူ လက်လှန်ကာ မှန်တစ်ချက် ထပ်ထုတ်လိုက်သည်။ သူက ပြုံးလျက် ပြောသည်။ “မှန်နှစ်ချပ် မျက်နှာမူလိုက်ရင် ကျောက်စိမ်းစာလိပ်တွေကို တခြားမှန်အပေါ် ခတ်နှိပ်လိုက်လို့ ရတယ်.. ကျွန်တော့်မှာ မှန်တွေ အများကြီးပဲ စိတ်မပူနဲ့... ကဲ ဒီမှာတင် နှုတ်ဆက်ကြစို့”
သူက သူတို့နှစ်ယောက်ဆီသို့ အရိုအသေပေးလိုက်၏။ “ကျွန်တော် ကောင်းကင်နတ်ဘုံကို သွားတော့မယ်... ပြန်လာနိုင်ပါ့မလား မသေချာဘူး... ဧကရာဇ်ယန်ရှို့ကို နောက်တစ်နှစ်နေရင် လာတွေ့ပါ့မယ်လို့ ကတိပေးထားတာ ရှိတယ်.... ခင်ဗျားတို့နှစ်ယောက် ထာဝရငြိမ်းချမ်းရေးအင်ပါယာဆီ ပြန်ရင် ကျွန်တော် အန္တရာယ်ကင်းတဲ့အကြောင်း ပြောပေးပါဦး”
ဧကရာဇ်အတိုင်ပင်ခံ မေးလိုက်မိသည်။ “မင်း ပြန်မလိုက်ဘူးလား... ကောင်းကင်နတ်ဘုံကို တကယ် သွားမှာလား”
ချင်မူ ပြုံးလိုက်သည်။ “ကောင်းကင်နတ်ဘုံမှာ အားနည်းချက်ရှိလား ကိုယ်တိုင် သွားကြည့်ချင်တယ်... ရန်သူကို ကောင်းကောင်းသိမှ တိုက်ပွဲတိုင်း အနိုင်ရနိုင်မယ်မဟုတ်လား... ကောင်းကင်နတ်ဘုံကို မသွားရင် အခြေအနေမှန်တွေ ဘယ်သိနိုင်ပါ့မလဲ... ဒါကြောင့် သွားမှဖြစ်မယ်”
ဧကရာဇ်ယန်ဖုန်းက ရုတ်တရက် ထမေးသည်။ “မင်း ယွိရှို့ကို လက်ထပ်ပြီးပြီလား.. သူ့ရဲ့မိဖုရား ဖြစ်နေပြီလား”
ချင်မူ မျက်နှာနီရဲသွားပြီး အလျင်အမြန် လက်ခါပြ၏။ “အရှင်မင်းကြီး ဘာတွေလျှောက်ပြောနေတာတုန်း... ကျွန်တော်တို့က ရိုးရိုးသားသားပါဗျ”
ဧကရာဇ်ယန်ဖုန်းက တံတွေးထွေး၍ သရော်တော်တော် ပြောသည်။ “ဧကရာဇ်ယန်ရှို့ရဲံ့ဖအေအိုကြီးအနေနဲ့ ငါ မင်းတို့နှစ်ယောက် မရိုးသားကြပါစေနဲ့လို့တောင် ဆုတောင်းမိတယ်... ခွေးသူတောင်းစားလေး၊ မင်း မိန်းမမရမှာတောင် ငါ စိတ်ပူမိတယ်ကွ... ငါ့သမီးကို ရောင်းစားနေတယ်လို့တော့ မထင်လိုက်နဲ့... မင်း ဒီလောက်ရှက်ကြောက်နေရသလား... ငါက မင်းကို သတ်မှာမလို့လား.. မင်းလည်း ဧကရာဇ်အတိုင်ပင်ခံနဲ့ ဘာမှမထူးဘူး... တစ်သက်လုံး မင်းတို့သိုင်းပညာကိုမင်းတို့ လက်ထပ်ပြီး လူပျိုကြီးသာ ဖြစ်နေကြမှာ.... အဲဒီတုန်းကသာ ငါ ဧကရာဇ်အတိုင်ပင်ခံကို မိန်းမမပေးစားခဲ့ရင် သူ သောင်ပြင်မှာ လေလွင့်နေတဲ့ နွားကြီးလို အထီးကျန်အဘိုးအို ဖြစ်နေဦးမှာပဲ”
ဧကရာဇ်အတိုင်ပင်ခံက ချောင်းဟန့်ပြီး သူ့ကို သတိပေးသည်။ “အရှင်မင်းကြီး၊ ကျွန်တော်တို့ သွားသင့်ပြီ”
ဧကရာဇ်ယန်ဖုန်း သက်ပြင်းချမိသည်။ “ငါ ဧကရာဇ်မဟုတ်တော့ပါဘူးကွာ... ယွိရှို့ကမှ ဧကရာဇ်... မင်းလည်း ဧကရာဇ်အတိုင်ပင်ခံမဟုတ်ဘူး... အဲဒီခွေးသူတောင်းစားက ဧကရာဇ်အတိုင်ပင်ခံ ဖြစ်နေပြီ”
ချင်မူက ပြောသည်။ “အဲဒီခွေးသူတောင်းစားက အရှင်မင်းကြီးတို့ရဲ့ အသက်ကို ကယ်ပေးခဲ့တာနော်”
ဧကရာဇ်ယန်ဖုန်းက တဟားဟား ရယ်ပြီး လက်ပြနှုတ်ဆက်သည်။
ချင်မူက စိတ်အားတက်ကြွစွာဖြင့် အော်လိုက်၏။ “ဖက်တီးနဂါး၊ သွားစို့”
ဧကရာဇ်ယန်ဖုန်းနှင့် ဧကရာဇ်အတိုင်ပင်ခံသည် သူ ထွက်သွားသည်ကို ကြည့်နေကြ၏။ အတန်ကြာသော် ဧကရာဇ်ယန်ဖုန်းက ရုပ်ပြောင်းပြီး ပြောသည်။ “ယွိရှို့က ဧကရာဇ်၊ သူက ဧကရာဇ်အတိုင်ပင်ခံတဲ့... ကံကြမ္မာက ငါတို့ကို အရူးလုပ်သွားတာပဲ... ငါ သူတို့နှစ်ယောက် ပေါင်းဖက်ဖို့ မျှော်လင့်နေခဲ့တာ”
“အရှင်မင်းကြီး ဒီရလဒ်ကို တွေးထားပြီးသား မဟုတ်ဘူးလား”
ဧကရာဇ်အတိုင်ပင်ခံလည်း မျက်နှာအသစ်ဖြင့် ဖြစ်သည်။ သူက အရှေ့အရပ်သို့ လျှောက်သွားရင်း တည်ငြိမ်အေးဆေးစွာ ဆက်ပြော၏။ “ကျွန်တော်တို့ ဒီအတွက် ပြင်ဆင်ထားခဲ့တာ ကြာပါပြီ... ပြုပြင်ပြောင်းလဲမှုတွေ ကျရှုံးပြီး ကျွန်တော်တို့နှစ်ယောက် သေရမယ်ဆိုရင် ကျွန်တော်တို့ရဲ့ မပြီးမြောက်တဲ့အမွေကို ဆက်ခံဖို့ လူရှိရမယ်... အရှင်မင်းကြီး ရွေးချယ်ခဲ့တာက ဧကရာဇ်ယန်ရှို့နဲ့ ဂိုဏ်းသခင်ချင်ပါပဲ”
ဧကရာဇ်ယန်ဖုန်းက နောက်မှလိုက်လာသည်။ အတန်ကြာ တိတ်ဆိတ်နေပြီးနောက် သူက ပြန်ဖြေသည်။ “အဲဒီတုန်းက ငါက ဧကရာဇ်ဆိုတော့ ယွိရှို့ရဲ့ ပျော်ရွှင်မှုကို ထည့်မတွက်ခဲ့ဘူး... ငါတို့အမွေကိုပဲ ပေးချင်ခဲ့တယ်... အခု ဧကရာဇ်မဟုတ်ဘဲ အဖေတစ်ယောက် နေရာကနေ စဉ်းစားကြည့်တော့ သူ့ကို ဒီဝန်ထုပ်ဝန်ပိုးတွေ မထမ်းစေချင်တော့ဘူး... သူ သဘောကျတဲ့သူနဲ့ အေးအေးချမ်းချမ်း နေထိုင်သွားဖို့ပဲ မျှော်လင့်မိတယ်... သူ ဧကရာဇ်ဖြစ်လာတာက ချင်မူနဲ့ ပေါင်းဖက်နိုင်ခြေ သုညနဲ့ နီးကပ်သွားပြီလို့ ဆိုလိုတယ်လေ... အဲဒီခွေးသူတောင်းစားလေးက သူ့ရဲ့ မိဖုရား ဘယ်လိုလုပ် ဖြစ်လာမှာလဲ... သူတို့နှစ်ယောက်တော့...”
သူက ခေါင်းယမ်းကာ ဆက်မပြောတော့ပေ။
ဧကရာဇ်အတိုင်ပင်ခံသည် သူ့စကား၏ အဓိပ္ပါယ်ကို နားလည်၏။
လင်ယွိရှို့က ထီးနန်းဆက်ခံ၍ ဧကရာဇ်ယန်ရှို့ ဖြစ်လာခြင်းနှင့် ချင်မူက ဧကရာဇ်အတိုင်ပင်ခံ ဖြစ်လာခြင်းမှာ သူတို့နှစ်ယောက်တွင် ပေါင်းဖက်နိုင်မည့် အခွင့်အရေး မရှိတော့ဟု ဆိုလိုလေသည်။
လင်ယွိရှို့သည် ထီးနန်းဆက်ခံခဲ့သည့်အချိန်တုန်းက ဤရလဒ်ကို ကြိုသိခဲ့သော်လည်း ထီးနန်းကို ဆက်ခံခဲ့သေး၏။
ချင်မူကလည်း သူမ၏ ဧကရာဇ်အတိုင်ပင်ခံဖြစ်လာရန် ရွေးချယ်လိုက်စဉ်က ဤရလဒ်ကို သိနေခဲ့သော်လည်း သူမအတွက် ဧကရာဇ်အတိုင်ပင်ခံ လုပ်ပေးခဲ့သေးသည်။
နှစ်ယောက်စလုံးသည် တိုင်းပြည်အတွက် ခံစားချက်များကို နှလုံးသားထဲ၌ တိတ်ဆိတ်စွာ မြှုပ်နှံထားကြပြီး ဖွင့်ပြောကြတော့မည်မဟုတ်ပေ။