← Chapters

ထာဝရတိုက်ခိုက်နေမည့် စိတ်ဓာတ်အားမာန်

Vol. 69 Ch. 907

ထာဝရတိုက်ခိုက်နေမည့် စိတ်ဓာတ်အားမာန်

Vol. 69 Ch. 907

အိပ်မက်ကမ္ဘာထဲတွင် ရှုရှန်းဟွာသည် ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ ပြုပြင်ပြောင်းလဲမှု၏ ရလဒ်များကို လေ့လာပြီးစီးသွား၏။ အချိန်က နှေးကွေးခံထားရသကဲ့သို့ သူ ခံစားနေရပြီး ပင်ပန်းနွမ်းနယ်နေ၏။ သို့‌သော် အမှန်တွင် သူတို့နှစ်ယောက် ထမင်းထစားသည့် အချိန်များပင် သိပ်မရှိသေးပေ။

မည်သို့ဆိုစေ ချင်မူ၏အိပ်မက်ကမ္ဘာမှာ မပြိုကွဲသွားပေ။

ရှုရှန်းဟွာ စိတ်‌ထဲတွင် ဇဝေဇဝါဖြစ်နေစဉ် ချင်မူက မှန်တစ်ချပ်ထုတ်၍ မတ်မတ်ထောင်လိုက်သည်ကို မြင်တွေ့လိုက်ရ၏။ ထို့နောက် မှန်၏မျက်နှာပြင်ဆီမှ ကျောက်စိမ်းစာလိပ်များကို ဖြန့်ကျက်လိုက်သည်။

ရှုရှန်းဟွာက ရှေ့တက်ပြီး အတန်ကြာစစ်ဆေးကြည့်ရှုပြီးနောက် အူကြောင်ကြောင်ဖြင့် မေးလေသည်။ “ရှေးဟောင်းနတ်ဘုရားတွေရဲ့ မဟာတာအိုအမှတ်အသားတွေပါလား... ဒါတွေက သင်္ချာကျမ်းကို သုံးပြီး တွက်ထုတ်ထားတဲ့ မဟာတာအိုအမှတ်အသားတွေပဲ... အာ... သိပြီ မင်းမှာ ဒီအမှတ်အသားတွေ ရှိနေပြီဆိုတော့ ထိုက်ဝေသင်္ချာကျမ်းကို တွက်ချက်ပြီးသွားပြီပေါ့”

သူက ခေါင်းငဲ့စောင်းကာ တွေးနေသည်။ “အောက်ဘုံကို အဲ့‌ဒီနေ့တုန်းက ဆင်းသက်လာခဲ့တဲ့ ကောင်းကင်နတ်အရှင်ယွီက သင်္ချာကျမ်းရဲ့ သင်္ကေတအမှတ်အသားတွေနဲ့ တည်ဆောက်ခံထားရတာလား”

ချင်မူက ဖြေသည်။ “ဟုတ်တယ်... သူက ကောင်းကင်နတ်ဘုံ ဖန်ဆင်းထားတဲ့ အစွမ်းထက်ဆုံး နတ်လက်နက်ပဲ... အဲ့လက်နက်မှာ ကောင်းကင်နတ်အရှင်ယွီရဲ့ ပုံစံရှိပေမယ့် တကယ်ထိန်းချုပ်နေတာက ကောင်းကင်နတ်ဘုံရဲ့ ကောင်းကင်မဟာမိတ်အဖွဲ့ထဲက အာဏာရှင်တွေ.... သူတို့က အဲ့ဒီလိုလက်နက်မျိုးကို အချိန်မရွေး စိတ်တိုင်းကျ တည်ဆောက်နိုင်တယ်”

ရှုရှန်းဟွာက မှန်သားပြင်မှ ဖြန့်ကျက်‌ထားသော ကျောက်စိမ်းစာလိပ်များအကြား၌ လမ်းလျှောက်နေသည်။ ချင်မူက ထိုက်ဝေသင်္ချာကျမ်းကို သုံး၍ ကျောက်စိမ်းစာလိပ်အတော်များများကို ပြန်လည်တွက်ချက်ထားသော်လည်း သမုဒ္ဓရာထဲက ရေတစ်စက်ခန့်သာ ရှိသေးလေသည်။

အိပ်မက်ကမ္ဘာထဲတွင် ချင်မူများစွာသည် ထိုက်ဝေသင်္ချာကျမ်းကို အသုံးပြု၍ ကျောက်စိမ်းစာလိပ်တို့ပေါ်ရှိ မဟာတာအိုသင်္ကေတများကို တွက်ချက်ကာ ပြန်လည်တည်ဆောက်နေ၏။

ရှုရှန်းဟွာမှာ ဤလုပ်ငန်းစဉ်ကြီးကြောင့် အံ့အားသင့်သွားသည်။ သို့သော် သူ၏မျက်နှာသည် မိုးပြိုကျလျှင်တောင်မှ ထိတ်လန့်သွားမည်မဟုတ်သည့်အလား တည်ငြိမ်ပြီးအေးဆေးနေ၏။ ရှုရှန်းဟွာက ကျောက်စိမ်းစာလိပ်များကို လှန်လှောဖတ်ရှုရင်း ပြောသည်။ “ကောင်းကင်နတ်ဘုံက ပြီးပြည့်စုံတဲ့ ကောင်းကင်နတ်ဘုံကျင့်စဉ်ကို စမ်းသပ်နေတာပဲ... ဒီကျင့်စဉ်က ရှေးဟောင်းနတ်ဘုရားတွေရဲ့ မဟာတာအိုကို ပေါင်းစည်းပေးနိုင်တယ်... အစွမ်းထက်ဆုံး လက်နက်တည်ဆောက်ဖို့က သူတို့ရဲ့ ရည်ရွယ်ချက်မဟုတ်ဘူး... ပေါင်းစည်းထားတဲ့ ကောင်းကင်နတ်ဘုံကျင့်စဉ်တစ်ခု ဖန်တီးဖို့ပဲ”

ချင်မူက ပြောသည်။ “သူတို့ ကောင်းကင်နတ်ဘုံကျင့်စဉ်က မဟာကောင်းကင်ရတနာ ၇ မျိုးရဲ့ အခြေခံအုတ်မြစ်ပေါ်မှာ တည်ဆောက်ထားတာ... ဒါပေမဲ့ ငါတို့အောက်ဘုံရဲ့ ပြုပြင်ပြောင်းလဲမှုက မူလကောင်းကင်ရတနာ ၇ မျိုးကို ပြောင်းလဲခဲ့ပြီးပြီ... ဒါကြောင့် သူတို့က ပြုပြင်ပြောင်းလဲမှုကို တားမြစ်နေတာပဲ... မဟုတ်ရင် သူတို့ နှစ်သန်းပေါင်းများစွာ ကြိုးစားအားထုတ်ခဲ့ရတာတွေက ဟာသကြီးဖြစ်သွားမှာပေါ့”

ရှုရှန်းဟွာက ပြောသည်။ “ဒါပေမဲ့ ဒီလက်နက်က သန်မာအားကောင်းလွန်းတယ်... ကောင်းကင်နတ်ဘုံ ဒီလိုလက်နက်မျိုး ဖန်တီးနိုင်ခဲ့တာ အထင်ကြီးစရာပဲ... အင်အားအကြီးဆုံး ရှေးဟောင်းနတ်ဘုရားရဲ့ ရုပ်ခန္ဓာကိုတောင် ယှဉ်နိုင်တယ်... ကောင်းကင်နတ်ဘုံအဆင့် ကျင့်စဉ်ကိုသာ ကျင့်ကြံလိုက်လို့ကတော့ ကောင်းကင်နတ်ဘုံကို ဘယ်သူမှ ယှဉ်နိုင်မှာမဟုတ်တော့ဘူး... ထိုက်ဝေသင်္ချာကျမ်း မရှိတာလေးတစ်ခုပဲ အားနည်းချက်ရှိတာ... ထိုက်ဝေသင်္ချာကျမ်းကိုပါ ထည့်ပေါင်းလိုက်လို့ကတော့...”

သူ့မှာ ‌ကျောချမ်းသွားမိ၏။ ထိုက်ဝေသင်္ချာကို ထည့်ပေါင်းလိုက်လျှင် သမိုင်းတလျှောက် အင်အားအကြီးဆုံး၊ အသန်မာဆုံး၊ အမာကြောဆုံး၊ အခိုင်ခံ့ဆုံး ရုပ်ခန္ဓာဖြစ်လာလိမ့်မည်။ ကောင်းကင်နတ်ဘုံအဆင့်ကျင့်စဉ်ပါ ကျင့်ကြံလိုက်လျှင် ထိုလက်နက်၏ အစွမ်းအစများသည် ပြိုင်ဘက်ကင်းသွားလိမ့်မည်။ ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ် အသက်ပြန်၀င်လာလျှင်ပင် သို့မဟုတ် ကောင်းကင်နယ်စားမင်းနှင့် မြေအောက်ဘုံအရှင်သခင် ပူးပေါင်း၍ တိုက်ခိုက်လျှင်ပင် ဤလက်နက်အား မည်သို့နည်းနှင့်မှ ယှဉ်နိုင်တော့မည်မဟုတ်ပေ။

“ဂိုဏ်းသခင် မင်းက ထိုက်ဝေသင်္ချာကျမ်းနဲ့ နောက်တစ်ကြိမ် တွက်ချက်ကြည့်နေတာလား”

ရှုရှန်းဟွာက ရုတ်တရက် ထပြောသည်။ “ငါ ရုတ်တရက်ကြီး ကြောက်လာမိတယ်”

ချင်မူမှာ သူ့ကို ကြောင်တောင်တောင်ဖြင့် လှည့်ကြည်မိ၏။

ရှုရှန်းဟွာက ပြောသည်။ “ဒီ ထိုက်ဝေသင်္ချာကျမ်းသာ ကောင်းကင်နတ်ဘုံလက်ထဲ ရောက်သွားရင် ဘယ်သူမှ သူတို့ကို ဆန့်ကျင်နိုင်မှာ မဟုတ်တော့ဘူး... သူတို့လက်ထဲ မရောက်ဘဲ ငါတို့လက်ထဲ ရှိနေရင်တောင်မှ ငါ ကြောက်မိတယ်... ငါတို့က တစ်နေ့ ငါတို့ကြောက်တဲ့ ကောင်းကင်နတ်ဘုံဖြစ်လာမှာတောင် စိုးရိမ်မိတယ်”

ချင်မူမှာ မှင်သက်သွားပြီးနောက် ရယ်လိုက်မိသည်။ “ငါတို့က အခု ငါတို့ကိုယ်ငါတို့တောင် မစောင့်ရှောက်နိုင်တာ... မဖြစ်လာသေးတဲ့အရာကို ဘာတွေ တွေးပူနေတာတုန်း”

ရှုရှန်းဟွာက တခဏ တိတ်ဆိတ်သွားပြီးနောက် ပြောသည်။ “ဂိုဏ်းသခင်ချင် နဂါးဟန်ခေတ်တုန်းက ကောင်းကင်မဟာမိတ်အဖွဲ့ကလည်း ပြုပြင်ပြောင်းလဲမှုနောက်ကွယ်က ပင်မအင်အားစုတစ်စု ဖြစ်ခဲ့ပေမယ့် ခြစားပျက်စီးသွားခဲ့ပြီလေ... ငါတို့လည်း နောင်တစ်ချိန်မှာ ရာထူးတွေ၊ အင်အားတွေ ရလာခဲ့ရင် သူတို့လို ပျက်စီးသွားရင် ဘယ်လိုလုပ်မလဲ... မင်း အာဏာတွေ၊ လိုချင်တပ်မက်မှုတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ရပ်တည်ချက် မပြောင်းလဲဘဲ နေနိုင်တာ သေချာလား... မင်း နေနိုင်တောင်မှ ကျန်တဲ့သူတွေကလည်း မင်းလိုဖြစ်နိုင်မယ် အာမခံနိုင်လား”

ချင်မူက ခေါင်းမော့၍ အတန်ကြာသည်အထိ တွေးနေသည်။ ထို့နောက် ခေါင်းရမ်းကာ ပြောသည်။ “အာမ,မခံနိုင်ဘူး”

ရှုရှန်းဟွာမှာ တိတ်ဆိတ်သွား၏။ ချင်မူ သူ့ပုခုံးကို ပုတ်၍ ရယ်လိုက်သည်။ “နောင်ကျ ငါတို့ ခြစားပျက်စီးသွားရင်တောင်မှ မျိုးဆက်သစ်တွေက ငါတို့ကို တွန်းလှန်‌ကြမှာပဲ... သိပ်ပြီး စိတ်ပူနေစရာမလိုပါဘူး”

ရှုရှန်းဟွာက ငြင်းသည်။ “ဒါပေမဲ့ ထိုက်ဝေသင်္ချာကျမ်းနဲ့ မူလသင်္ချာကျမ်းကို ပေါင်းစည်းပေးထားတဲ့ လမ်းစဉ်တွေ၊ ကျင့်စဉ်တွေ၊ ကောင်းကင်နတ်သိုင်းတွေက အမှန်တကယ်ကို ပြီးပြည့်စုံနေပြီ... ငါတို့ အနာဂတ်မှာ ခြစားပျက်စီးသွားရင် ဘယ်သူမှ ငါတို့ကို တွန်းလှန်နိုင်မှာမဟုတ်ဘူး... ငါတို့ဟာ အင်အားအကြီးဆုံးအာဏာကို ထိန်းချုပ်ထားပြီး နှစ်သန်းပေါင်းများစွာ မရေမတွက်နိုင်အောင် အင်အားအကြီးဆုံးပဲ ဖြစ်နေလိမ့်မယ်... ငါတို့ကို ကလန်ကဆန်လုပ်တဲ့သူတွေကို ဖျက်ဆီးဖို့ကလည်း ငါတို့အတွက် အလွယ်လေးဖြစ်လာလိမ့်မယ်... ငါတို့က ပိုပြီး‌ မျှော်လင့်ချက်မဲ့နေတဲ့ အနာဂတ်တစ်ခုကို တည်ဆောက်နေတာနော်”

“အခုထက်ပိုပြီးတော့ မျှော်လင့်ချက်မမဲ့နိုင်ပါဘူးကွာ” ချင်မူက အလေးအနက် ပြောသည်။ “နောင်တော်ရှု ဒီနေ့ ကောင်းကင်ဘုံက သူတို့မှာ အစွမ်းထက်ဆုံး နတ်လက်နက်ရှိတယ်လို့ ယုံကြည်ကြတယ်... အစွမ်းထက်ဆုံးကျင့်စဉ်ကိုလည်း ရှာတွေ့သွားကြပြီ... သူတို့က ဘယ်သူမှ သူတို့ကို မတွန်းလှန်နိုင်ဘူး၊ သူတို့ရဲ့ အာဏာတွေ၊ ဥပဒေနဲ့ ပိုင်နက်တွေကို ထာ၀ရသိမ်းပိုက်ထားနိုင်မယ်လို့ တထစ်ချ ယုံကြည်ကြတယ်...

“ဒါပေမဲ့ ငါတို့ ထိုက်ဝေသင်္ချာကျမ်းကို တွေ့ရှိပြီး ထာ၀ရငြိမ်းချမ်းရေးအင်ပါယာရဲ့ ပြုပြင်ပြောင်းလဲမှုတွေကိုလည်း ခံစားခဲ့ရတယ်... သူတို့ရဲ့ အစွမ်းထက်ဆုံး နတ်လက်နက်နဲ့ ကျင့်စဉ်က အခု ပြိုင်ဘက်ကင်းမဟုတ်တော့ဘူး... ငါတို့မှာ သူတို့ကို တွန်းလှန်နိုင်မယ့် အခွင့်အရေးတစ်ခု ရှိလာခဲ့ပြီ... ဘယ်သူသိမလဲ နောင်တစ်ချိန်မှာ လူသားတွေဟာ ငါတို့ရဲ့ ပြီးပြည့်စုံလှပါပြီဆိုတဲ့ ကောင်းကင်နတ်သိုင်းကျင့်စဉ်တွေထဲကနေ အားနည်းချက်တွေတစ်ပုံကြီး ဖော်ထုတ်နိုင်မလားဆိုတာ”

သူက ယုံကြည်ချက်အပြည့်ဖြင့် အားတက်သရော ရယ်လိုက်သည်။ “အတိတ်ကနေ ဒီနေ့ထက်ထိ ကျင့်စဉ်၊ လမ်းစဉ်တွေ၊ ကောင်းကင်နတ်သိုင်းတွေက အမြဲတမ်းပြောင်းလဲပြီး တိုးတက်နေတာ... မျိုးဆက်သစ်တိုင်းက မျိုးဆက်ဟောင်းတိုင်းထက် သာလွန်နေတယ်... အတိတ်တုန်းက ပြီးပြည့်စုံလှပါပြီဆိုတဲ့ အရာတွေက နောင်မျိုးဆက်တွေမှာ အားနည်းချက်တွေနဲ့ ပြည့်လာတက်ကြတယ်... အတိတ်တုန်းက အင်အားအကြီးဆုံးလူက အနာဂတ်မှာ အင်အားအကြီးဆုံး မဖြစ်နိုင်လောက်တော့ဘူး... အဲ့ဒါက တိုးတက်မှုပဲ မဟုတ်ပေလား... ငါတို့ လုပ်ဖို့လိုတာက ငါတို့ရဲ့ အတွေးအခေါ်တွေ၊ ရည်မှန်းချက်တွေ ပြည့်၀အောင် ဖြည့်ဆည်းဖို့ပဲ... သူတော်စင်တန်ခိုးရှင်လမ်းစဉ်ဆိုတာ သာမန်လူသားတွေအတွက် နိစဓူ၀သုံးနိုင်တဲ့အရာ .... နတ်ဘုရားတွေက မမြင့်မြတ်ဘူး... နတ်ဘုရားတွေက လူသားတွေရဲ့ သေခြင်းရှင်ခြင်းကို အုပ်ချုပ်ရင်း အထက်စီးမှာ နေလို့မရဘူးလို့ ဆိုလိုတယ်... သူတို့ကို လူသားတွေရဲ့ အကျိုးအတွက် အသုံးချရမယ်”

ချင်မူက လက်သီးတင်းတင်း ဆုပ်လိုက်သည်။ “ငါ ယုံကြည်တယ်... တစ်နေ့ကျရင် နတ်ဘုရားတွေက လူသားတွေအတွက် အလုပ်လုပ်‌ပေးရမယ်... သူတို့မလုပ်ရင် ပြုပြင်ပြောင်းလဲသူတွေက သူတို့ကို တွန်းလှန်ပုန်ကန်ကြလိမ့်မယ်... နောင်တော်ရှု ငါ့ရဲ့တာအိုမိတ်ဆွေကြီး ငါ့ရဲ့သွေးသောက်ရဲဘော်... ငါတို့ ခြစားပျက်စီးလာခဲ့ရင်... ငါတို့ကို တွန်းလှန်ပုန်ကန်မယ့်သူတွေ သေချာပေါက် ရှိလာပါလိမ့်မယ်”

ရှုရှန်းဟွာမှာ စိတ်ကို တည်ငြိမ်အောင် ထားပြီးနောက် ဂရုတစိုက် တွေးကြည့်မိသည်။ ချင်မူ၏စကားက ယုတ္တိရှိသည်ဟု သူ ခံစားမိ၏။ “ဘာလို့လဲတော့ မသိဘူး... ငါ မင်းနဲ့အတူ ရှိတိုင်း အမြဲအားတက်တယ်... အနာဂတ်အတွက် မျှော်လင့်မိတယ်... အဆိုးမြင်စိတ်တွေ မရှိတော့ဘူး... ဂိုဏ်းသခင်၊ မင်းက လူတွေရဲ့ နှလုံးသားကို ပြုစားတဲ့နေရာမှာ သိပ်တော်ပါတယ်ကွာ”

ချင်မူက ပြုံးသည်။ “ငါတို့မှာ တူညီတဲ့ ရည်ရွယ်ချက် ... တူညီတဲ့စိတ်၀င်စားမှုတွေ ရှိနေလို့ တာအိုမိတ်ဆွေတွေ ဖြစ်လာတာပဲမလား... မင်းမှာ သံသယတွေ ရှိကောင်းရှိနိုင်တယ်... ငါ လုပ်ပေးလိုက်တာက မင်း အတွေးတွေကနေ ရုန်းထွက်လာနိုင်ဖို့ပါပဲ”

ရှုရှန်းဟွာမှာ မှင်သက်သွားပြီးနောက် တဟားဟား ကျယ်လောင်စွာ ရယ်လိုက်သည်။ သူသည် ပုံမှန်အားဖြင့် အပြုံးအရယ် ကင်းမဲ့နေတတ်သော်လည်း ယနေ့တွင် မရယ်စဖူး ကျယ်လောင်စွာ ရယ်မောနေ၏။ ချင်မူက သူ တွေးခေါ်စဉ်းစားထားသည့် အရာများကို မျှဝေပေးပြီးနောက် ပြောသည်။ “ဧကရာဇ်ယန်ဖုန်းနဲ့ ဧကရာဇ်အတိုင်ပင်ခံလည်း ရှေးဟောင်းနတ်ဘုရားတွေရဲ့ မဟာတာအိုသင်္ကေတအမှတ်အသားတွေကို လေ့လာနေကြတယ်... တာအိုသခင်လင်းရွှမ်ကတော့ ဒီနယ်ပယ်မှာ ပိုပြီးတိုးတက်နေပြီ... သူတို့ မင်းကို လာရှာနိုင်ချေရှိတယ်”

ရှုရှန်းဟွာက ခေါင်းညိတ်လိုက်သည်။ ချင်မူက ကောင်းကင်နတ်အရှင်ယွီ ဝိညာဉ်သန္ဓေသားကောင်းကင်ရတနာနှင့် ကြယ်စင်စုကောင်းကင်ရတနာကို ဖွင့်လှစ်ခဲ့သည့် ကိစ္စကိုလည်း အသိပေးလိုက်ပြီး သူ၏ဝိညာဉ်သန္ဓေသားဆီမှ ဝိညာဉ်အသစ် မွေးဖွားလာသည့်အကြောင်းကိုလည်း ပြောပြလိုက်သည်။

ရှုရှန်းဟွာမှာ အထင်ကြီးလေးစားနေသော်လည်း အနည်းငယ်စိတ်ပူနေသည်။ ချင်မူက ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ၏ ပြုပြင်ပြောင်းလဲမှုများ၊ ရှေးဟောင်းနတ်ဘုရားတို့၏ မဟာတာအိုသင်္ကေတအမှတ်အသားများ၊ ကောင်းကင်နတ်အရှင်ယွီနှင့် ကောင်းကင်နတ်အရှင်ယွီ၏ ကောင်းကင်ရတနာများနှင့် ပက်သက်၍ မည်သည့်အချက်အလက်ကိုမှ မထိမ်ချန်ထားပေ။ မသေခင် လွှဲပြောင်းရမည့်အမွေကို ပေးအပ်နေသကဲ့သို့ ထင်ရ၏။ ရှုရှန်းဟွာလည်း အလွန်အလေးအနက် ‌လေ့လာနေသည်။ သူ့အနေဖြင့် ချင်မူ၏ဝိညာဉ်ဖန်တီးခြင်းနည်းလမ်းကို မကျင့်ကြံနိုင်၍ သူ့အတွက် အသုံးမတည့်သော်လည်း အားသွန်ခွန်စိုက် လေ့လာနေသေး၏။

ချင်မူ ဗြဟ္မဗုဒ္ဓ၏ အနန္တကပ်ဘေးသုတ္တန်ကို သူ့ဆီ သင်ပေးချင်သော်လည်း ဤဧကရာဇ်ပလ္လင်အဆင့် ကျင့်စဉ်သည် အလွန်ထူးခြား၏။ ဗြဟ္မဗုဒ္ဓ ဤကျင့်စဉ်ကို သူ့ထံ ပေးအပ်ခဲ့စဉ်တုန်းက မည်သည့်ကျမ်းစာမှ မသင်ကြားပေးခဲ့ပေ။ တစ်ရေးအိပ်လိုက်ရုံလေးဖြင့် ကျင့်စဉ်ကို အလိုအလျောက် ထုတ်လွှတ်နိုင်သွားခြင်း ဖြစ်သည်။

သူ သင်ပေးချင်လျှင်ပင် ရှုရှန်းဟွာကို မသင်ပေးနိုင်ပေ။

ချင်မူမှာ ထိုအတိုင်းသာ ထားလိုက်ရသည်။ သူက အိပ်မက်ထဲမှ ထွက်လိုက်ပြီး နှစ်ယောက်သား ခန်းမအပြင်သို့ လမ်းလျှောက်ထွက်လာကြသည်။ အပြင်တွင် ခြောက်ရက်သာ ကုန်သေးချေသည်။

“မင်းရဲ့ ကောင်းကင်နတ်ဘုံခရီးစဉ်က အင်မတန် အန္တရာယ်များတယ်... အန္တရာယ်က ဘယ်က လာမလဲ မသိနိုင်ဘူး... ဂိုဏ်းသခင် မင်း ဒီခရီးမှာ အသက်ရှင်ပါ့မလား ပြောရခက်တယ်”

ရှုရှန်းဟွာက ပြောသည်။ “မင်းကို လူအတော်များများက နားမလည်ကြဘူး... မင်းက မောက်မာတယ်၊ ဘာကိုမှ ဂရုမစိုက်ဘဲ လုပ်တတ်တယ် ထင်ကြတယ်... ဒါပေမဲ့ ငါ မင်းကို နားလည်ပါတယ်... သူတို့ မြင်ရတာက မင်းရဲ့ အောင်မြင်မှုတွေဆိုတော့ အပေါ်ယံကြည့်ပြီး မင်းကို ကြွားတတ်တဲ့သူ၊ ပြဿနာရှာတတ်တဲ့သူလို့ ထင်ကြတာပဲ... ဒါပေမဲ့ မင်း ရင်ဆိုင်ရတဲ့ အန္တရာယ်တွေကို သူတို့ မသိသလို၊ မင်း စတေးခဲ့ရတဲ့ အရာတွေကိုလည်း သူတို့ နားမလည်ကြဘူး... မင်းက ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ အနာဂတ်အတွက် မင့်အသက်ကို စတေးပေးရဲတဲ့တစ်ယောက်ပါ”

ချင်မူ ရယ်လိုက်မိသည်၊။ “ကောင်းကင်နတ်ဘုံဆီ သွားတာက အန္တရာယ်များပေမယ့် အသက်ရှင်နိုင်မယ့် လမ်းမရှိတာတော့ မဟုတ်သေးဘူး... ငါတို့မှာ မျှော်လင့်ချက်လေး ရှိသေးတယ်... အဲဒီမျှော်လင့်ချက်အတွက် ကောင်းကင်နတ်ဘုံကို ငါ သွားမှာ... ငါ မသွားရင် ထာဝရငြိမ်းချမ်း‌ရေးအင်ပါယာနဲ့ တခြားသတ္တဝါတွေ မျှော်လင့်ချက်မဲ့ကုန်လိမ့်မယ်”

သူ့မျက်ဝန်းများသည် ကြည်လင်ရှင်းလင်းနေ၏။ “ငါ့အတွက် စိတ်မပူပါနဲ့... ငါ သေသွားရင် ငါ့ရဲ့လောကသခင်ခန္ဓာ ကံကြမ္မာက မင်းဆီ ရောက်လာလိမ့်မယ်... အဲဒါဆို မင်း အစစ်အမှန်လောကသခင်ခန္ဓာ ဖြစ်နိုင်ပြီ”

ရှုရှန်းဟွာက နှာခေါင်းရှုံ့သည်။

ချင်မူ ဆက်ပြောမိသည်။ “မင်းလည်း မအောင်မြင်ရင် မင်းရဲ့ကံကြမ္မာကို ဆက်ခံပြီး ရှေ့ဆက်လျှောက်မယ့် လောကသခင်ခန္ဓာအသစ် ရှိလာလိမ့်မယ်... အဲဒီလောကသခင်ခန္ဓာက ငါတို့ထက် ပိုထက်မြက်မယ်၊ ငါတို့ထက် ပိုသန်မာမယ်... ငါတို့မလုပ်နိုင်တဲ့အရာတွေကို လုပ်နိုင်လိမ့်မယ်... နှုတ်ဆက်ဖို့ အချိန်ကျပြီ၊ တာအိုမိတ်ဆွေ”

ရှုရှန်းဟွာ၏ ရင်ဘတ်ထဲ၌ ပြင်းထန်အားကောင်းသော သူရဲကောင်းစိတ်ဓာတ်အားမာန်တို့ ရုန်းကြွလာသည်။ သူ့မှာ မာန်သွင်း၍ စိတ်အားထက်သန်မှုအပြည့်ဖြင့် အော်ဟစ်ချင်လာသည်။ သို့သော် သူ ငယ်ရွယ်စဉ်ကတည်းက သင်ကြားခဲ့ရသော အဆုံးအမများသည် ခံစားချက်များနောက် မလိုက်ရန်၊ ခံစားချက်များအား အလွယ်တကူ မဖော်ပြရန် တားမြစ်ထား၏။

သူက သူရဲ‌ကောင်းစိတ်ဓာတ်အားမာန်ကို ချုပ်တည်းရင်း လမ်းလျှောက်နေသည်ကို ရပ်လိုက်သည်။ ထို့နောက် ချင်မူ့လို အနှောင်အဖွဲ့ကင်းသော သူရဲကောင်းစိတ်ဓာတ်အားမာန်ဖြင့် သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့မည်ကို ကြောက်သဖြင့် ချင်မူ့အား လိုက်မပို့တော့ပေ။

ချင်မူနှင့် အတူ ရှိလေလေ၊ ချင်မူ၏ လွှမ်းမိုးမှု ခံရဖို့ လွယ်ကူလေလေပင်။

“မောင်ကြီး၊ သူက ကောင်းကင်နတ်ဘုံဆီ သွားမယ် ပြောပေမယ့် ဘယ်လိုသွားရမလဲ သိလို့လား” ကျင်းယန်က လမ်းလျှောက်လာကာ မေးသည်။

“ချီကျုံရီ သိတယ်... သူ သူ့ကို သွားရှာလိမ့်မယ်”

ရှုရှန်းဟွာသည် သူမ၏လက်ဖဝါးကို ဆုပ်ကိုင်လျက် ဇာမဏီနတ်မင်း၏ ယာယီတော်ဝင်စံအိမ်ဆီသို့ မော့ကြည့်လိုက်၏။ သူက တည်ငြိမ်အေးဆေးသော အသံပျော့ပျော့ဖြင့် ပြောသည်။ “ဂိုဏ်းသခင်ချင် သူ့ပခုံးအပေါ်မှာ ထမ်းထားရတဲ့ ဝန်ထုပ်တွေက ကိုယ့်ထက် အများကြီး လေးလံတယ်... ကိုယ် အတိတ်တုန်းက အဲဒါကို မခံစားခဲ့ရပေမယ့် အခု တစ်ခေါက် သူက ကိုယ့်ကို သူ့ရဲ့အသိပညာတွေ သင်ကြားပေးရင်း ကောင်းကင်နတ်ဘုံမှာ သူ သေသွားရင် ပြုပြင်ပြောင်းလဲရမယ့် တာဝန်က ကိုယ့်တာဝန်ဖြစ်လာလိမ့်မယ်လို့ ပြောတယ်... အဲဒီအချိန်ကျမှ သူ ထမ်းထားရတဲ့ တာဝန် ဘယ်လောက်လေးနေလဲ ကိုယ် သိရတာပဲ”

ကျန်းယန်က သူ့ပခုံးပေါ် မှီကာ နူးညံ့ပျော့ပျောင်းစွာ ပြောလေသည်။ “ဂိုဏ်းသခင်ချင်က အမြဲတမ်း နားရတယ်လို့ မရှိဘူး ... တစ်ခုမဟုတ် တစ်ခု လုပ်နေရတယ်.... သူနဲ့ယှဉ်ရင် မိန်းမတို့က အများကြီး ကံကောင်းတယ်နော်”

“ဟုတ်တယ်”

ရှုရှန်းဟွာ သက်ပြင်းချမိသည်။ “ဒါပေမဲ့ ဒီလိုနေ့ရက်တွေ ဘယ်‌လောက်ကြာကြာ ခံမလဲ မသိဘူး... ဂိုဏ်းသခင်ချင် အသက်ရှင်ရက် ပြန်လာဖို့ပဲ မျှော်လင့်မိတယ်... အဲဒါမှ ကိုယ်လည်း စိတ်‌အေးလက်အေး နေနိုင်မှာ”

သူက တခဏ ရပ်၍ ပြော၏။ “အိပ်မက်ကမ္ဘာထဲမှာ ဂိုဏ်းသခင်ချင်က ကိုယ့်ကို တာအိုမိတ်ဆွေလို့ ခေါ်ခဲ့တယ်... ကိုယ် တွေဝေနေတုန်းက လမ်းပြပေးခဲ့တဲ့လူက သူပဲ... ဒါပေမဲ့ သူ့မှာလည်း တွေဝေမှုတွေ၊ သံသယတွေ ရှိနေမှန်း ကိုယ် ခံစားခဲ့ရပေမယ့် .... သူ့ကို လမ်းမပြပေးနိုင်ခဲ့ဘူး... သူက ကိုယ့်ကို တာအိုမိတ်ဆွေတစ်ယောက်လို သဘောထားခဲ့ပေမယ့် ကိုယ် သူ့ကို မကူညီနိုင်ခဲ့ဘူး”

ကျင်းယန်က သူ့ကို တိတ်ဆိတ်စွာ ကြည့်နေသည်။

ရှုရှန်းဟွာ ခါးသက်သက် ပြုံးလိုက်မိ၏။ “ကိုယ်က တာအိုကိုပဲ ရှေ့ရှုတဲ့ အထက်ကောင်းကင်ဘုံက ဧည့်သည်တစ်ယောက် ဖြစ်ခဲ့ဖူးတယ်... ဒါပေမဲ့ သူက ကိုယ့်ရဲ့စိတ်ကို လှုံ့ဆော်ပေးပြီး သူ့ထက်သာအောင် ကြိုးစားစေခဲ့တယ်... ဒါကြောင့် ကိုယ် ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ပြုပြင်ပြောင်းလဲမှုမှာ ဝင်ပါခဲ့တာပဲ... လမ်းတစ်လျှောက်လုံး ကိုယ် သူ့ကို အမှီလိုက်နေခဲ့တာ.... သူ့ရဲ့ တွန်းအားတွေကြောင့်သာ မဟုတ်ရင် ကိုယ်က အထက်ကောင်းကင်ဘုံရဲ့ နတ်ဘုရားအတုတစ်ပါးပဲ ဖြစ်နေဦးမှာပဲ... အစွမ်းအစတချို့တော့ ရှိခဲ့ပေမယ့် သိပ်ကြီးကျယ်နေမှာ မဟုတ်ဘူး.... သူ့ရဲ့ အားပေးတိုက်တွန်းမှုတွေကြောင့်သာ ကိုယ် ဒီနေ့ ဒီနေရာအထိ ရောက်လာခဲ့တာ....သူ့အတွက် ကိုယ်က တာအိုမိတ်ဆွေမပီသဘူး”

ကျန်းယန်သည် သူ့လက်မောင်းကို ဆုပ်ကိုင်ကာ ပြုံးနေ၏။ “မောင်ကြီး၊ ဘယ်သူက ပိုဉာဏ်ကောင်းတယ် ထင်လဲ... မောင်ကြီးလား ၊ ဂိုဏ်းသခင်ချင်လား”

“မောင်ကြီးပေါ့”

ရှုရှန်းဟွာက တွေးပင် မတွေးဘဲ ပြတ်ပြတ်သားသား ဖြေသည်။ “ဂိုဏ်းသခင်ချင်က သိပ်ဉာဏ်ကောင်းပေမယ့် ကိုယ့်အောက် မျဉ်းတစ်ကြောင်း နိမ့်ကျနေသေးတယ်”

ကျင်းယန် တခစ်ခစ် ရယ်လိုက်မိသည်။ “မောင်ကြီးက သူ့ထက် ဉာဏ်ပိုကောင်းမှတော့ သူ့တာအိုမိတ်ဆွေ ဖြစ်‌တော့ရော ဘာဖြစ်လဲ... မိန်းမတော့ မောင်ကြီးက ဂိုဏ်းသခင်ချင်အောက် နိမ့်ကျတယ် မထင်ပါဘူး... ‌ဂိုဏ်းသခင်ချင်လို ပြိုင်ဘက်ကင်းတဲ့ တွန်းအား လိုအပ်နေတာပဲ ရှိတယ်... မောင်ကြီးမှာ ကောင်းကင်နတ်ဘုံကို အကြောက်အရွံ့မရှိ ရင်ဆိုင်ပြီး ဘယ်တော့မှ အရှုံးမပေးမယ့် စိတ်ဓာတ်အားမာန်မျိုး မရှိဘူး”

ရှုရှန်းဟွာမှာ မှင်သက်သွားပြီး သူမကို ပွေ့ဖက်လိုက်သည်။ “ကိုယ့်ဘဝမှာ ကံအကောင်းဆုံး‌နေ့က ဂိုဏ်းသခင်ချင်နဲ့ တွေ့တဲ့နေ့ မဟုတ်ဘူး... မိန်းမနဲ့ တွေ့တဲ့ နေ့ပဲ”

ဇာမဏီနတ်မင်း၏ ယာယီတော်ဝင်စံအိမ်

ချီကျုံရီက သူ၏ယာယီစံအိမ်ထဲရှိ တောင်ကောင်းကင်နတ်ဘုရားများကို ထွက်သွားစေသည်။ “ဒုတိယအစ်ကိုက ပြောတယ်... ဂိုဏ်းသခင်ချင်က ကောင်းကင်နတ်ဘုံဆီ သွားချင်လို့ င့ါဆီက လမ်းငှားမလို့ လုပ်နေတာဆို... ငါ မင်းနဲ့ ကောင်းကင်နတ်ဘုံဆီ လိုက်ခဲ့မယ်”

ချင်မူ မျက်ခုံးတစ်ချက် ပင့်သွားပြီး စကားပြောတော့မည့်အချိန် ချီကျုံရီသည် အေးစက်စက် ရယ်၏။ “မင်းကို စိတ်ပူလို့မဟုတ်ဘူး... ငါ့ဒုတိယအစ်ကိုအတွက် စိတ်ပူလို့... ငါတို့က မြေ‌အောက်ဘုံအရှင်သခင် ပဋိညာဉ်နဲ့ သွေးသောက်ညီအစ်ကို လုပ်ထားတာလေ... သူ သေရင် ငါလည်း သေရလိမ့်မယ်”

သူ့မှာ တော်ဝင်မုခ်ဝနတ်ဓားမထဲတွင် အရက်မူးပြီး နဂါးချီလင်နှင့် ညီအစ်ကို လုပ်ခဲ့မိသည်ကို နောင်တရနေသည်။

ချင်မူက နဂါးချီလင်ကို တစ်ချက်ကြည့်၍ တွေးလိုက်မိသည်။ ‘ထူးဆန်းတယ်... ဖက်တီးနဂါး ဘယ်တုန်းက ဉာဏ်ကောင်းပြီး သိတတ်သွားတာလဲ.. အရင်တုန်းက အတော်လေး ဉာဏ်ကောင်းပေမယ့် လူတွေကို ခြောက်ဖို့တောင် အပျင်းတက်နေတာ... အခုတော့ ငါ့ဒုက္ခတွေကို အတူဝေမျှခံပေးတဲ့အပြင် ငါ့ပြဿနာကိုတွေကိုတောင် အရင်ဖြေရှင်းပေးဖို့ သိနေတယ်.... မဟုတ်မှ’

ချင်မူ ယန်အာဆီသို့ ကြည့်လိုက်သည့်အခါ ယန်အာသည် နဂါးချီလင်ကို အလေးအနက် အစာကျွေးနေ၏။

ချင်မူက ပြုံးလျက် ပြောလိုက်သည်။ “နောင်တော်ချီ၊ ကောင်းကင်နတ်ဘုံဆီ ဘယ်လိုသွားဖို့ လုပ်ထားလဲ”

ချီကျုံရီသည် ဖြေ၏။ “ငါတို့လို ကောင်းကင်နတ်သိုင်းပညာရှင်တွေအနေနဲ့ နတ်ဘုရားတွေကို ကမ္ဘာလောကစည်း ဖြိုခွင်းပေးဖို့ ‌တောင်းဆိုလိုက်လို့ ရတယ်.... ဒါပေမဲ့ ဒီယန်အာက...”

နဂါးချီလင်ဆီမှ ချောင်းဟန့်သံ ထွက်လာသည်။ “တတိယညီလေး၊ သူ့ကို မမကြီးလို့ ခေါ်”

ချီကျုံရီ၏ မျက်ဝန်းထောင့်စွန်းများ တွန့်သွားပြီး သူက စိတ်ရှည်လက်ရှည် ပြောသည်။ “ဒါပေမဲ့ ဒီမမကြီးယန်အာက နတ်ကောင်းကင်ခန်းမအဆင့် နတ်ဘုရားတစ်ပိုင်းဖြစ်နေတယ်... သူ ကောင်းကင်နတ်ဘုံဆီ လိုက်ချင်ရင် နည်းလမ်းနှစ်ခု ရှိတယ်... ဧကရာဇ်တွေကို ကမ္ဘာလောကစည်း ဖျက်စီးခိုင်းမလား... ဇာမဏီနတ်မင်းဆီက လှေတစ်စင်း ငှားမလား.. ငါတို့က ဧကရာဇ်ပလ္လင်အဆင့် အဆင့်မြင့်သိုင်းပညာရှင်တွေမဟုတ်တော့ ငါ့ဆရာမဆီကပဲ လှေငှားရလိမ့်မယ်”

All Chapters