← Chapters

အန္တိမပဋိပက္ခ မိစ္ဆာနတ်ဆိုး

Vol. 113 Ch. 1172

အန္တိမပဋိပက္ခ မိစ္ဆာနတ်ဆိုး

Vol. 113 Ch. 1172

“ငါ မင်းကို အခု ဘယ်လို ခေါ်ရမလဲ” ဟန်ကျွယ်က မေးလိုက်ပါတယ်။ ဟန်ကျွယ်ရဲ့ လေသံဟာ သာမန်ကာလျှံကာရှိပြီး သူ့ရောင်ဝါကလည်း အားမကောင်းလှပါဘူး။ ဒါပေမဲ့ ချူရှောင်ချီဟာ ဖန်တီးရှင်ရဲ့ စွမ်းအားကို ခံစားမိလိုက်ပါတယ်။

အရာအားလုံးကို ထိန်းချုပ်ပြီး အရာအားလုံးကို ငုံ့ကြည့်နိုင်တဲ့ စွမ်းအားပါ။

ချူရှောင်ချီရဲ့ နှလုံးသားဟာ တောက်လောင်သွားပါတယ်။ ဒါက သူ့ရဲ့ ပန်းတိုင်ပါ။

“မင်း ငါ့ကို အန္တိမပဋိပက္ခ မိစ္ဆာနတ်ဆိုးလို့ ခေါ်လို့ရတယ်၊ ငါက ငါ့ရဲ့နတ်ဆိုးနာမည်ကို သုံးပြီး အရာအားလုံးကို ပြန်ဖွင့်လှစ်ချင်တယ်၊ မင်း ငါ့ကို ရှာတွေ့သွားပြီဆိုတော့ တိုက်ခိုက်ကြတာပေါ့”

အန္တိမပဋိပက္ခ မိစ္ဆာနတ်ဆိုးရဲ့ အသံ ထွက်ပေါ်လာပြီး နက်မှောင်နီရဲတဲ့ အလင်းရောင်ထဲမှာ ပုန်းအောင်းနေတဲ့ သူ့ရုပ်သွင်ဟာ ပေပေါင်းတစ်ဘီလီယံထိ ကျုံ့ဝင်သွားပါတယ်။ အဲဒီနောက် သူ့ရောင်ဝါဟာ ရုတ်တရက် ပေါက်ကွဲထွက်သွားပါတယ်။

ချူရှောင်ချီဟာ သူ ပြာဖြစ်တော့မယ်လို့ ခံစားလိုက်ရပါတယ်။ ကံကောင်းထောက်မစွာပဲ ဟန်ကျွယ်က တစ်ဖက်လူရဲ့ ရောင်ဝါကို အချိန်မီ ဟန့်တားလိုက်ပါတယ်။

ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “မင်း စွမ်းအား ပိုကြီးလာတယ်၊ ကြည့်ရတာ မင်းကလည်း ငါ့ကို စိန်ခေါ်ချင်နေတယ်နဲ့ တူတယ်၊ သတိလွတ်သွားတာကလည်း မင်းကိုယ်တိုင်က သတိလွတ်ချင်နေလို့နဲ့ တူတယ်”

အန္တိမပဋိပက္ခ မိစ္ဆာနတ်ဆိုးဟာ ဟန်ကျွယ်ဆီ လျှောက်လာပြီး လက်ဆန့်တန်း ထုတ်လိုက်တဲ့အခါ နဂါးလိုလို စပါးအုံးမြွေလိုလို သားရဲကြမ်း နှစ်ကောင်က သူ့လက်နှစ်ဖက်မှာ ရစ်ခွေသွားပါတယ်။ လက်ထဲမှာလည်း လှံလိုလို ပုဆိန်လိုလို နတ်လက်နက်နှစ်ပါးရဲ့ အရိပ်တွေ ထွက်ပေါ်လာပါတယ်။

ဟန်ကျွယ်ဟာ ဒီနတ်လက်နက်နှစ်ပါးကို ဖြစ်တည်စေတဲ့ နိယာမစွမ်းအားကို ရှင်းရှင်းလင်းလင်းကြီး ခံစားမိပါတယ်။ ဒီနိယာမ စွမ်းအားတွေက သာမန် မဟုတ်ပါဘူး။ ဗလာနယ်မြေရဲ့ အခြေခံ နိယာမတွေပါ။

‘ဒီကောင် လှုပ်ရှားရဲတာ အံ့ဩစရာ မရှိတော့ပါဘူး၊ အခြေခံနိယာမကို သုံးသပ်နားလည်နိုင်သွားတာကို’

ဒါပေမဲ့ ကံမကောင်းချင်တော့ အန္တိမပဋိပက္ခ မိစ္ဆာနတ်ဆိုးဟာ နိယာမရဲ့ စွမ်းအားကိုပဲ ငှားယူနိုင်ပါတယ်။ သေသေချာချာ ဂဃဏန နားမလည်သေးပါဘူး။ သူသာ အခြေခံနိယာမကို အလွယ်တကူ အသုံးပြုနိုင်မယ်ဆိုရင် ဖန်တီးရှင်သခင် ဖြစ်လာမှာပါ။

အန္တိမပဋိပက္ခ မိစ္ဆာနတ်ဆိုးဟာ ရုတ်တရက် ပျောက်ကွယ်သွားပြီး ဟန်ကျွယ်ရဲ့ ခေါင်းထက်မှာ ပေါ်လာပါတယ်။ နိယာမ နတ်လက်နက်နှစ်ပါး ဟန်ကျွယ်ဆီ မရောက်ခင်မှာပဲ ဟန်ကျွယ်ရဲ့ ပတ်လည်မှာ ဧရာမအရံအတားကြီး ပေါ်လာပြီး နိယာမတွေရဲ့ မမြင်နိုင်တဲ့ စွမ်းအားကို ဟန့်တားလိုက်ပါတယ်။

“ဝုန်း...”

ချူရှောင်ချီဟာ အရံအတား အပြင်ဘက်က အရာအားလုံး ပြိုလဲပြီး ကွဲကြေသွားတာကို တွေ့လိုက်ရပါတယ်။ ဖော်ပြလို့မရတဲ့ ဝိညာဉ်နာကျင်မှုကြောင့် ချူရှောင်ချီဟာ သေမျိုးတစ်ယောက်လို ခံစားလိုက်ရပါတယ်။

‘ဒါ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ၊ ငါက မဟာတာအို အထွတ်အထိပ် ထိပ်ဆုံးအဆင့်မှာလေ’ ချူရှောင်ချီဟာ မျက်လုံးကြီးပြူးပြီး မယုံနိုင်အောင် ဖြစ်သွားပါတယ်။

ချူရှောင်ချီဟာ တာအိုဖန်တီးရှင် တော်တော် စွမ်းအားကြီးမှန်း သိပေမဲ့ ဒီလောက်ထိ စွမ်းအားကြီးလိမ့်မယ်လို့တော့ ထင်မထားခဲ့ပါဘူး။ ချူရှောင်ချီ ရင်ထဲက ရည်မှန်းချက် မီးလျှံဟာ တစ်ခါတည်း ငြိမ်းသွားပါတယ်။

‘သူ လိမ်နေတာလား... ကျင့်ကြံမှုက ဒီအဆင့်ထိ တကယ်ရော ရောက်နိုင်ပါ့မလား...’

အန္တိမပဋိပက္ခ မိစ္ဆာနတ်ဆိုးဟာ နိယာမ နတ်လက်နက် နှစ်ပါးကို မြှောက်ပြီး ဒေါသတကြီး ခုတ်ချလိုက်ပါတယ်။ အဆုံးမဲ့စွမ်းအားဟာ ဘက်ပေါင်းစုံကနေ ထွက်ပေါ်လာပြီး ဟန်ကျွယ် ဖန်တီးထားတဲ့ အရံအတားကို နှစ်မြှုပ်ပစ်လိုက်ပါတယ်။

အချိန်-အာကာသ၊ အချိန်၊ ကံ၊ ဖန်တီးမှု၊ ပျက်သုန်းမှု၊ ကံကြမ္မာ၊ အကုသိုလ်ကံ စတဲ့ နိယာမထောင်ချီဟာ ဟာကွက်မရှိအောင် တိုက်ခိုက်ပါတယ်။ အထက်က အခြေခံနိယာမ အလွှာလည်း စပြီးတော့ စုတ်ပြဲလာပါတယ်။

ဗလာနယ်မြေရဲ့ ထောင့်တစ်နေရာမှာ ရုတ်တရက်ဆိုသလို ဧရာမတွင်းကြီးတစ်တွင်း စုတ်ပြဲသွားပါတယ်။ အခြေခံနိယာမ စွမ်းအားဟာ အတူစုစည်းပြီး အနက်ရောင် အလင်းတိုင်လိုမျိုး ထွက်ပေါ်လာကာ ဗလာနယ်မြေကို နှစ်ခြမ်း ခြမ်းလိုက်ပါတယ်။

ဒီမြင်ကွင်းက တာအိုဖန်တီးရှင်တွေရဲ့ အာရုံကို ဆွဲဆောင်လိုက်ပါတယ်။

အန္တိမပဋိပက္ခ မိစ္ဆာနတ်ဆိုးက တကယ်ကိုပဲ အခြေခံနိယာမတွေကို ချိုးဖျက်လိုက်ပါတယ်။

နဝမပဋိပက္ခ၊ သဏ္ဍာန်မဲ့နတ်မင်း၊ ပဋိပက္ခသိစိတ်၊ အနန္တဖျက်ဆီးရှင်သခင် ရှီထျန်နဲ့ ယင်ယန်ချွမ်တု နတ်မင်းတို့ဟာ အနက်ရောင် အလင်းတိုင်ရှေ့မှာ ပေါ်လာပေမဲ့ အနားကိုတော့ မချဉ်းကပ်ရဲကြပါဘူး။

“ဘယ်လောက်တောင် အားကောင်းလိုက်တဲ့ စွမ်းအားလဲ...”

အနန္တဖျက်ဆီးရှင်သခင် ရှီထျန်ဟာ တုန်တုန်ယင်ယင် ပြောလိုက်ပါတယ်။ အနန္တဖျက်ဆီးရှင်သခင် ရှီထျန်ဟာ တာအိုဖန်တီးရှင်တောင် ဒီနားကို ချဉ်းကပ်ရဲရင် တစ်စစီ စုတ်ပြဲသွားလိမ့်မယ်လို့ ခံစားလိုက်ရပါတယ်။

ဒီအချိန်မှာပဲ ဟန်ဟွမ်၊ တာအိုဘိုးဘေး၊ ဟန်လင်နဲ့ တခြား ထိပ်သီးကျင့်ကြံသူတွေလည်း ရောက်လာကြပါတယ်။ နဝမပဋိပက္ခဟာ လက်ဝှေ့ယမ်းပြီး ဒီနေရာကို ကန့်သတ်ကာ တခြားလူတွေကို ပြန်ပို့လိုက်ပါတယ်။

နက်ရှိုင်းတဲ့ အာကာသမှာ အန္တိမပဋိပက္ခ မိစ္ဆာနတ်ဆိုးဟာ အောက်ငုံ့ကြည့်ပြီး သူ့စွမ်းအားကို စွဲစွဲလမ်းလမ်း ဖြစ်သွားပါတယ် ‘ဒါက တည်ရှိမှုရဲ့ တကယ့်စွမ်းအားလား... တကယ်ကို စွမ်းအားကြီးလွန်းတယ်၊ တာအိုဖန်တီးရှင်တောင် ခုခံနိုင်မှာ မဟုတ်ဘူး၊ ငါ တာအိုဖန်တီးရှင်အဆင့်ကို ကျော်သွားပြီပဲ၊ ငါ့ကိုယ်ငါပဲ မသိသေးတာ၊ ဒီအဆင့်က တခြားအဆင့်တွေလိုမျိုး သိသိသာသာ မရှိသလိုပဲ’

အန္တိမပဋိပက္ခ မိစ္ဆာနတ်ဆိုးဟာ စိတ်ထဲမှာ တွေးလိုက်ပါတယ်။

အန္တိမပဋိပက္ခ မိစ္ဆာနတ်ဆိုးဟာ အခြေခံနိယာမစွမ်းအားကို ငှားယူထားတာမလို့ သူ့အကြည့်ဟာ ကျယ်ပြောလှတဲ့ နိယာစွမ်းအားကို ဖြတ်မမြင်နိုင်ပါဘူး။ ဒါကြောင့် အန္တိမပဋိပက္ခ မိစ္ဆာနတ်ဆိုးဟာ ဟန်ကျွယ်နဲ့ ချူရှောင်ချီ အသက်ရှင်နေသးလားကို မသိပါဘူး။ ဒါပေမဲ့ ဒီလိုစွမ်းအားရှေ့မှာ ဟန်ကျွယ် မသေရင်တောင် ခေါင်းမာမာနဲ့ ခုခံနေတာလို့ တွေးလိုက်ပါတယ်။

အန္တိမပဋိပက္ခ မိစ္ဆာနတ်ဆိုးဟာ အောက်မှာရှိတဲ့ နိယာမပင်လယ်က အနီရောင် အလင်းတွေ ထိုးဖောက်ခံရပြီး အပေါက်ပေါက် ဖြစ်သွားတာကို ရုတ်တရက် မြင်လိုက်ရတာကြောင့် ထိတ်လန့်သွားပါတယ်။

“ဝုန်း...”

ကျယ်ပြောလှတဲ့ နိယာမ စွမ်းအားဟာ ရုတ်တရက် လွင့်ပါး ပျောက်ကွယ်ပြီး မရေမတွက်နိုင်တဲ့ ကြယ်တွေအဖြစ် အသွင်ပြောင်းလဲကာ ဟာရီကိန်းမုန်တိုင်းလိုမျိုး ခရုပုံ လည်ပတ်ပါတယ်။

အဲဒီနောက် အောက်မှာ အန္တိမမူလ ကောင်းကင်တံဆိပ်တော် ပေါ်လာပြီး အခြေခံနိယာမကနေ ဖြစ်တည်လာတဲ့ ကြယ်တွေ အကုန်လုံးကို စုပ်ယူလိုက်ပါတယ်။ အန္တိမမူလ ကောင်းကင်တံဆိပ်တော်ရဲ့ အောက်မှာတော့ ဟန်ကျွယ်နဲ့ ချူရှောင်ချီ ရှိနေပါတယ်။

ချူရှောင်ချီဟာ အကြောသေပြီး ဒီအဖြစ်အပျက်တွေ အကုန်လုံးကို ပါးစပ်အဟောင်းသားနဲ့ ကြည့်နေပါတယ်။

‘ဒါ ဘယ်လို ဆန်းကြယ်စွမ်းအားမျိုးလဲ... အံ့ဩစရာ ကောင်းလိုက်တာ...’

ချူရှောင်ချီဟာ မဟာတာအိုပညာရှိချုပ် ဖြစ်ပေမဲ့ အန္တိမမူလ ကောင်းကင်တံဆိပ်တော် ဘယ်လောက် ကြီးတယ်ဆိုတာကို မခန့်မှန်းနိုင်ပါဘူး။

တာအိုဆန်းကြယ်နယ်မြေက အန္တိမမူလ ကောင်းကင်တံဆိပ်တော်ရှေ့မှာ သမုဒ္ဒရာထဲက ရေတစ်စက်လောက်ပဲ ရှိလောက်ပါတယ်။ သိထားရမှာက တာအိုဆန်းကြယ်နယ်မြေမှာ အနန္တကမ္ဘာ ပါဝင်ပါတယ်။

တာအိုဆန်းကြယ်နယ်မြေထဲမှာ ကမ္ဘာပေါင်းသောင်းချီရှိပြီး ဒီကမ္ဘာတိုင်းက ကမ္ဘာငယ်လေး ဘီလီယံချီ ပါဝင်တဲ့ စကြဝဠာတစ်ခုစီ ရှိကြပါတယ်။

“မင်း...”

အန္တိမပဋိပက္ခ မိစ္ဆာနတ်ဆိုးဟာ တုန်ယင်သွားပြီး ဘာပြောရမှန်း မသိတော့ပါဘူး။

ဟန်ကျွယ်ဟာ မော့ကြည့်ပြီး ပြုံးလိုက်ပါတယ် “မင်းစွမ်းအားက ကောင်းတယ်၊ ကံမကောင်းချင်တော့ မင်းက ဒီစွမ်းအားကို ထိန်းချုပ်နေတာ မဟုတ်ဘူး၊ တောင်းထားတာ၊ ကဲ... အခု အဲဒီစွမ်းအား အစစ်အမှန်ကို မြည်းစမ်းကြည့်ပေတော့”

“ဝုန်း...”

အဆုံးမရှိအောင် ကျယ်ပြောလှတဲ့ အန္တိမမူလ ကောင်းကင်တံဆိပ်တော်ဟာ အပေါ်ကို ပြေးတက်သွားပါတယ်။ အန္တိမပဋိပက္ခ မိစ္ဆာနတ်ဆိုးဟာ ကြောက်လန့်တကြား ချက်ချင်း ထွက်ပြေးပါတယ်။

ဒါပေမဲ့ သူ ဘယ်ကို ပြေးပြေး အန္တိမမူလ ကောင်းကင်တံဆိပ်တော်ကနေ ပြေးမလွတ်ပါဘူး။ နောက်မှာ ပြတ်ကျန်နေခဲ့အောင်လည်း လုပ်လို့ မရပါဘူး။

မဟုတ်ဘူး... ဒီအာကာသကို သူ ခဲထားတာ၊ ငါ ပြေးလို့ လွတ်မှာ မဟုတ်ဘူး’

ပတ်ဝန်းကျင်က အာကာသဟာ ဆက်တိုက် ပြောင်းလဲနေပါတယ်။ အန္တိမပဋိပက္ခ မိစ္ဆာနတ်ဆိုးဟာ သူ ဆက်တိုက် ခုန်ထွက်နေမှန်း သိပေမဲ့ အန္တိမမူလ ကောင်းကင်တံဆိပ်တော်နားမှာပဲ ရှိနေသေးတာကို ခံစားမိပါတယ်။

‘ဒီတံဆိပ်က တကယ်ကြီး အချိန်-အာကာသစွမ်းအား ပါဝင်နေတာလား’

အန္တိမပဋိပက္ခ မိစ္ဆာနတ်ဆိုးဟာ ရွေးချယ်စရာ မရှိတာကြောင့် အစွမ်းကုန်ထုတ်သုံးပြီး အန္တိမမူလ ကောင်းကင်တံဆိပ်တော်ကို တိုက်ခိုက်ပါတယ်။ အန္တိမပဋိပက္ခ မိစ္ဆာနတ်ဆိုးဟာ ရှိသမျှစွမ်းအားမှန်သမျှ ဖျစ်ညှစ်ထုတ်ပြီး တိုက်ခိုက်လိုက်ပေမဲ့ သူ့စွမ်းအားက အန္တိမမူလ ကောင်းကင်တံဆိပ်တော်နဲ့ ဝင်တိုက်မိတဲ့အခါ တစ်ခါတည်း ပြိုလဲသွားပါတယ်။

ဒါကို ကြည့်ပြီး အန္တိမပဋိပက္ခ မိစ္ဆာနတ်ဆိုးဟာ မှင်တက်သွားပါတယ်။

‘သူက ဘယ်အဆင့်မှာလဲ... ငါ တာအိုဖန်တီးရှင်အထက်ကို အဆင့်ကို ရောက်ဖို့ ဘယ်လောက်တောင် လိုသေးတာလဲ’ အန္တိမပဋိပက္ခ မိစ္ဆာနတ်ဆိုးဟာ ဝေခွဲမရ ဖြစ်သွားပါတယ်။ သူ့ပင်မခန္ဓာကိုယ် နဝမပဋိပက္ခ ဟန်ကျွယ်ကို ရင်ဆိုင်တုန်းက အတိုင်းပါပဲ။

အန္တိမမူလ ကောင်းကင်တံဆိပ်တော်ဟာ အန္တိမပဋိပက္ခ မိစ္ဆာနတ်ဆိုးကို အလွတ်မပေးပါဘူး။ ချက်ချင်း မြင့်တက်ပြီး အန္တိမပဋိပက္ခ မိစ္ဆာနတ်ဆိုးကို စုပ်ယူလိုက်ပါတယ်။

အပေါ်ကို မော့ကြည့်နေတဲ့ ချူရှောင်ချီဟာ အန္တိမမူလ ကောင်းကင်တံဆိပ်တော်ကိုပဲ မြင်ရတယ်။ အန္တိမပဋိပက္ခ မိစ္ဆာနတ်ဆိုးကို မမြင်ရတော့ပါဘူး။ ချူရှောင်ချီဟာ အပေါ်မှာ ဘာတွေ ဖြစ်နေလဲဆိုတာကို မသိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူ့ရဲ့ သာမန်မျက်စိနဲ့ နတ်အာရုံက အန္တိမမူလ ကောင်းကင်တံဆိပ်တော်ကို ဖြတ်ကျော်လို့ မရလို့ပါ။

ဒါပေမဲ့ ချူရှောင်ချီဟာ တစ်ခုကိုတော့ နားလည်လိုက်ပါတယ်။ အဲဒါကတော့ ဘယ်တည်ရှိမှုမဆို ဒီစွမ်းအားရှေ့မှောက်မှာ သေးငယ်လွန်းတယ်ဆိုတဲ့ အချက်ပါ။ သူ့ရှုထောင်ကနေ ကြည့်ရင် ကောင်းကင်ပြင်က တားဆီးမရတဲ့ အရှိန်အဟုန်နဲ့ မြင့်တက်သွားသလိုပါပဲ။

ကောင်းကင်ဘုံပျံတက်တာပါ။

“ဟားဟား... နောက်ဆုံးတော့ ငါ ဒီကောင်ကို ရှင်းလိုက်နိုင်ပြီ၊ နောက်ကျ ငါ အေးဆေးနေလို့ ရပြီ”

ဟန်ကျွယ်ရဲ့ ရယ်မောသံဟာ နားထဲကို ဝင်လာတာကြောင့် ချူရှောင်ချီဟာ သတိပြန်ဝင်လာပြီး ဂရုတစိုက် မေးလိုက်ပါတယ် “ဘိုးဘိုး... သူ့ခန္ဓာကိုယ်ရော ဝိညာဉ်ရော ပျက်စီးသွားတာလား”

ဟန်ကျွယ်က အပြုံးနဲ့ ပြန်ဖြေပါတယ် “တာအိုဖန်တီးရှင်က သတ်လို့ မရဘူး၊ ဒါပေမဲ့ ငါ သူ့ကို သတ်နိုင်တဲ့အထိ ဖမ်းချုပ်ထားမယ်”

ချူရှောင်ချီဟာ ဟန်ကျွယ်ကို တလေးတစား ကြည့်ပြီး တော်တော်လေးကိုမှ စိတ်လှုပ်ရှားသွားပါတယ်။

“ဘိုးဘိုး... ဘိုးဘိုးက စွမ်းအားကြီးလွန်းတယ်”

“ဘိုးဘိုး... အဲဒါ ဘာဆန်းကြယ်စွမ်းအားလဲ”

“ဘုရား.. ဘုရား... ဒါ ဖန်တီးရှင်ရဲ့ စွမ်းအားလား”

ချူရှောင်ချီဟာ ကလေးဘဝကို ပြန်ရောက်သွားသလိုမျိုး စကားတွေ တရစပ် ပြောပါတော့တယ်။ သူ့ကိုကြည့်ရင် မဟာတာအိုပညာရှိချုပ်လို့ ဘယ်လိုမှ ထင်စရာအကြောင်း မရှိပါဘူး။

ဟန်ကျွယ်ဟာ ပြုံးပြီး ပြန်မဖြေဘဲ ချူရှောင်ချီရဲ့ ခေါင်းကို ထိလိုက်ပါတယ် “ကြိုးစားကျင့်ကြံချည်၊ ဘိုးဘိုးက မင်းကို အမြင့်ကြီး တွေးထားတာ”

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters