← Chapters

ကံကြမ္မာပြောင်းလဲခြင်း

Vol. 113 Ch. 1173

ကံကြမ္မာပြောင်းလဲခြင်း

Vol. 113 Ch. 1173

ဗလာနယ်မြေ။

တာအိုဖန်တီးရှင် ငါးပါးဟာ ရှေ့မှာရှိတဲ့ အနက်ရောင် အလင်းတိုင်ကို ကြည့်ပြီး သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပါတယ်။

သူတို့တွေဟာ ဘာဖြစ်နေမှန်း မသိပေမဲ့ ဒီအနက်ရောင် အလင်းတိုင်ထဲမှာ ပါဝင်တဲ့ စွမ်းအားက တကယ် ကြောက်ဖို့ ကောင်းတယ်ဆိုတာ‌တော့ သိပါတယ်။ ဒီစွမ်းအားက အဆုံးမဲ့ခေတ်ထဲမှာရှိတဲ့ သက်ရှိအားလုံးကို ဖျက်ဆီးပစ်ဖို့ လုံလောက်ပါတယ်။

အနက်ရောင် အလင်းတိုင် ‌ပျောက်ကွယ်သွားတဲ့အခါ ဗလာနယ်မြေထဲက အက်ကြောင်းဟာ တဖြည်းဖြည်း ကျုံ့ဝင်သွားပါတယ်။

တာအိုဖန်တီးရှင် ငါးပါးဟာ အခြေအနေကို ထောက်လှမ်းကြည့်ဖို့ ကြိုးစားပေမဲ့ အခြေခံနိယာမရဲ့ တန်ပြန်တိုက်ခိုက်မှုကြောင့် သူတို့ရဲ့ နတ်အာရုံတွေ ထိခိုက်သွားပါတယ်။

“ဗလာနယ်မြေထဲမှာ တာအိုဖန်တီးရှင် ထိတွေ့လို့မရတဲ့ နက်နဲတဲ့ စွမ်းအားတစ်မျိုး ရှိနေသေးတာပဲ၊ ဒါက တာအိုဖန်တီးရှင်အဆင့်ကို ကျော်လွန်ဖို့ အခွင့်အရေး ဖြစ်နိုင်တယ်၊ စောစောက အဖြစ်အပျက်ကို ဖြစ်ပျက်စေနိုင်တဲ့လူက...”

နဝမပဋိပက္ခဟာ တစ်ကိုယ်တည်း ရေရွတ်လိုက်ပါတယ်။ နဝမပဋိပက္ခက စကားကို ဆုံးအောင် မပြောပေမဲ့ ဘာကိုဆိုလိုလဲဆိုတာ တခြား တာအိုဖန်တီးရှင်တွေ အကုန်လုံး နားလည်ကြပါတယ်။

ဗလာနယ်မြေမှာ ဒီလိုဖြစ်စေနိုင်တဲ့လူက ဖန်တီးရှင်ကလွဲပြီး ဘယ်သူရှိနိုင်ဦးမှာလဲ။

တခြားတစ်ဖက်မှာတော့ ဟန်ကျွယ်ဟာ တတိယ တာအိုစက်ကွင်းဆီ ပြန်ပါတယ်။ ဟန်ကျွယ်ဟာ ချူရှောင်ချီကို ပြန်မပို့ပါဘူး။ သူ့ခန္ဓာကိုယ်ကို ပြန်ထိန်းချုပ်နိုင်အောင် ကူညီပြီး ဂျိရှင်းရှန်တို့ သုံးယောက်နဲ့ ရင်ဆိုင်စေပါတယ်။

ဟန်ကျွယ်ဟာ နဝမပဋိပက္ခကို သူ့ရှေ့ခေါ်ပြီး မေးမြန်းပါတယ် “မင်းသာ မင်းရဲ့ အတွင်းနတ်ဆိုးဆိုရင် ငါနဲ့ ရန်သူလုပ်ဖို့ ဘယ်တည်ရှိမှုတွေကို ဆက်သွယ်မလဲ”

“ပြီးခဲ့တဲ့ တိုက်ပွဲက...”

“ဟုတ်တယ်၊ ငါ သူ့ကို သတ်လိုက်ပြီ” ဟန်ကျွယ်က တည်တည်ငြိမ်ငြိမ်ပဲ ပြန်ဖြေလိုက်ပါတယ်။ ဟန်ကျွယ်ဟာ အသစ်ဖြစ်ခါစ ဖန်တီးရှင်သခင် မဟုတ်တော့တဲ့အတွက် တာအိုဖန်တီးရှင် တစ်ပါးကို သတ်ပစ်ဖို့က မခက်ခဲပါဘူး။ ဒါပေမဲ့ ဟန်ကျွယ်ဟာ အန္တိမပဋိပက္ခ မိစ္ဆာနတ်ဆိုးဆီမှာ အရန်အစီအစဉ် ရှိနေမှာကို စိုးရိမ်နေပါတယ်။

တစ်ခါတည်း အမြစ်ပြတ် သုတ်သင်ရှင်းလင်းတာက အကောင်းဆုံး မဟုတ်ပါလား။

ဟန်ကျွယ်ဟာ သူ တာအိုဖန်တီးရှင်ကို မသတ်နိုင်ဘူးလို့ ချူရှောင်ချီကို ပြောခဲ့တာက တာအိုဖန်တီးရှင်တွေရဲ့ တန်ခိုးစွမ်းအားကြီးမားတဲ့ ပုံရိပ်ကို ဆက်ပြီးတော့ ထိန်းသိမ်းထားချင်တာကြောင့်ပါ။ မဟုတ်ရင် ချူရှောင်ချီက တာအိုဖန်တီးရှင်ဖြစ်ဖို့ စိတ်ကူးတောင် ရှိတော့မှာ မဟုတ်ပါဘူး။

ကွာခြားမှုက ကြီးမားလွန်းရင် နောက်က လိုက်ကြိုးစားချင်စိတ်တောင် ပျောက်ကွယ်သွားတတ်ပါတယ်။

နဝမပဋိပက္ခဟာ ဟန်ကျွယ်ရဲ့ စကားကြောင့် လန့်သွားပါတယ်။ တာအိုဖန်တီးရှင်တွေကို သတ်လို့ မရဘူးဆိုတဲ့ သံမဏိစည်းမျဉ်းက ကျိုးပျက်သွားခဲ့ပြီ မဟုတ်ပါလား။

“အခုလက်ရှိ တာအိုဖန်တီးရှင်တွေကလွဲရင် သူ့ကို ကူညီနိုင်မဲ့လူ မရှိလောက်ဘူး၊ ရှိခဲ့ရင်လည်း သခင် သူတို့ကို သေချာပေါက် တွက်ချက်နိုင်မှာပါ”

ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “သူက တော်တော် စွမ်းအားကြီးတယ်၊ တာအိုဖန်တီးရှင် ထိပ်ဆုံးအဆင့်ကိုတောင် ကျော်လွန်သွားပြီ၊ အဲဒါကို မင်း ခံစားမိတယ်မလား”

“သခင်ဆိုလိုချင်တာက အမျိုးအမည်မသိရတဲ့ အင်အားတစ်ခုက အမှောင်ထုထဲမှာ ချောင်းမြောင်းနေတယ်လို့ ပြောချင်တာလား”

“ဟုတ်တယ်၊ ငါတို့တွေ အရင်တစ်ခေါက်က ပြောခဲ့တဲ့ ဆံဖြူအမျိုးသားလိုမျိုး‌ပေါ့၊ အခုအချိန်ကစပြီး မင်းရဲ့ အတွင်းနတ်ဆိုး အကြောင်းကို အထူးစုံစမ်းစစ်ဆေးချည်၊ သူ ဘယ်လိုလုပ်ပြီး တာအိုဖန်တီးရှင်အဆင့်ကို ကျော်လွန်တဲ့ စွမ်းအားတွေ ရသွားလဲဆိုတာ စုံစမ်းရမယ်” ဟန်ကျွယ်က ညွှန်ကြားလိုက်ပါတယ်။

နဝမပဋိပက္ခဟာ ချက်ချင်းပဲ အမိန့်နာခံပါတယ်။

အဲဒီနောက် ဟန်ကျွယ်ဟာ နဝမပဋိပက္ခကို ပြန်ပို့လိုက်ပါတယ်။

“အန္တိမပဋိပက္ခ မိစ္ဆာနတ်ဆိုးဆီမှာ ငါ့ကို ခြိမ်းခြောက်နိုင်တဲ့ အရန်အစီအစဉ် ရှိလား”

[သင့်မူလက်သတမ်း ၁ ကွာဒလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]

ဆက်တွက်မယ်။

[မရှိပါ။]

ဟန်ကျွယ်ဟာ စိတ်သက်သာရာ ရသွားပါတယ်။ ဖန်တီးရှင်အနေနဲ့ ဟန်ကျွယ်ဟာ အဆုံးမဲ့ခေတ်တစ်ခုလုံးကို ဒိုးယိုပေါက် မြင်နိုင်ပေမဲ့ အန္တိမပဋိပက္ခ မိစ္ဆာနတ်ဆိုးဟာ အဆုံးမဲ့ခေတ် အပြင်ဘက်နဲ့ အခြေခံ နိယာမအောက်မှာ ပုန်းအောင်းနေခဲ့ပါတယ်။

အဲဒီနေရာမှာ အမျိုးအမည်မသိနိုင်တဲ့ စွမ်းအားတစ်ခု ပုန်းအောင်းနေတာလည်း ဖြစ်နိုင်ပါတယ်။ ဟန်ကျွယ်ဟာ ဗလာနယ်မြေတစ်ခုလုံးကို ဒိုးယိုပေါက် မမြင်နိုင်သေးပါဘူး။

ဟန်ကျွယ်ဟာ မူလ ကာလဒေသကို ကြည့်လိုက်တဲ့အခါ အနာဂတ် ပြောင်းလဲသွားတာကို တွေ့လိုက်ရပါတယ်။

အန္တိမပဋိပက္ခ မိစ္ဆာနတ်ဆိုး ပျက်စီးပြီး ဂျိရှင်းရှန်တို့ သုံးယောက်ဟာ ချူ‌ရှောင်ချီဆီကနေ တန်ပြန်ဒဏ် ကြိုခံလိုက်ရတာကြောင့် သူတို့ရဲ့ တာအိုဖန်တီးရှင် ဖြစ်နိုင်တဲ့ လမ်းဟာ ပြတ်တောက်သွားပါတယ်။ သူတို့ရဲ့ လောကဦးနတ်ဘီလူသုံးပါးနဲ့ ရေစက်လည်း အဆုံးသတ်သွားပါတယ်။

ဒီကိစ္စမှာပါဝင်တဲ့ စွမ်းအားက ကြီးမားလွန်းတဲ့အတွက် အနာဂတ် ဟန်ဟွမ်ရော အနာဂတ် ကောင်းကင်အရှင်ရွှင်ရော ကံကြမ္မာပြောင်းလဲသွားတာကို အာရုံမခံမိကြပါဘူး။

‘အန္တိမပဋိပက္ခ မိစ္ဆာနတ်ဆိုး မဟုတ်ရင် ဆံဖြူအမျိုးသားက ဘယ်သူလဲ’ ဟန်ကျွယ်ဟာ သိချင်စိတ်နဲ့ တစ်ခဏ တွေးတောလိုက်ပါတယ်။ အဲဒီနောက် ခေါင်းထဲက အတွေးတွေကို ရှင်းထုတ်ပြီး မျက်လုံးမှိတ်ကာ ဆက်ကျင့်ကြံပါတယ်။

မူလ ကာလဒေသ။

ကောင်းကင်အရှင်ရွှင်ရဲ့ ခန္ဓာကိုယ်ဟာ ပြန့်ကျဲသွားပြီး သူ့ဝိညာဉ်ဟာ ပြန်ခဲလာပါတယ်။ ကောင်းကင်အရှင်ရွှင်ဟာ ချူရှောင်ချီကို တအံ့တဩ ကြည့်လိုက်ပါတယ်။

ဟန်ကျွယ်ရဲ့ လမ်းညွှန်မှုအောက်မှာ ချူရှောင်ချီဟာ ယွမ်ရှီကျယ်ဝမ်ရဲ့ စွမ်းအားကို လုံးဝ ထိန်းချုပ်နိုင်သွားပါတယ်။ ပြီးခဲ့တဲ့ဘဝက စွမ်းအားနဲ့ ဒီဘဝက ကျင့်ကြံမှု ပေါင်းစည်းပြီး ချူရှောင်ချီဟာ တော်တော်လေးကိုမှ စွမ်းအားကြီးမားသွားပါတယ်။

မဟာတာအို အထွတ်အထိပ် ထိပ်ဆုံးအဆင့်ရှိတဲ့ လူသုံးယောက်ကို ရင်ဆိုင်ရတာတောင် အသာရနေပါသေးတယ်။

“ဟားဟား... မင်းတို့ စွမ်းအားက ဒါအကုန်ပဲလား၊ နောက်ခံမရှိဘဲ မင်းတို့တွေ ဘာမှ မလုပ်နိုင်ဘူးလား”

ယွမ်ရှီကျယ်ဝမ်ဟာ အားပါတရ ရယ်မောလိုက်ပါတယ်။ ကြောက်စရာကောင်းလှတဲ့ ယွမ်ရှီကျယ်ဝမ်ရဲ့ အရိပ်ဟာ ချူရှောင်ချီရဲ့ ခန္ဓာကိုယ်ထက်မှာ ဓမ္မရုပ်တုလိုမျိုး တည်ပြီး ချူရှောင်ချီရဲ့ ရောင်ဝါကို တော်တော်လေးကိုမှ ကြောက်စရာကောင်းတဲ့ အဆင့်အထိ ရောက်သွားစေပါတယ်။

ဂျိရှင်းရှန်၊ ဖန်းလျန်နဲ့ ကောင်းကင်အရှင်ရွှင်တို့ဟာ တိတ်ဆိတ်သွားပါတယ်။ သူတို့သုံးယောက်ဟာ ချူရှောင်ချီရဲ့ စကားကြောင့် တုန်လှုပ်ချောက်ချားသွားပါတယ်။

‘ငါတို့ရဲ့ နောက်ခံက မရှိတော့ဘူးလား... အဲဒီလျှို့ဝှက်ဆန်းကြယ် တည်ရှိမှုက ပျက်စီးသွားပြီးလား’

“မင်းက ငါတို့နောက်ခံကို သိတာလား” ဂျိရှင်းရှန်ဟာ အသံနှိမ့်ပြီး မေးလိုက်ပါတယ်။

ချူရှောင်ချီဟာ ဗျစ်ခနဲမြည်အောင် ဇက်ချိုးပြီး ပြုံးလိုက်ပါတယ် “သိတာပေါ့၊ အဲဒီကောင်က အကောင်အကြီးကြီးလေ၊ ပြီးတော့ စွမ်းအားကလည်း ကြီးသေးတယ်၊ သူ့ရှေ့မှာ ငါ သေလောက်အောင် ကြောက်သွားတယ်၊ ဒါပေမဲ့ အဲဒီကောင် ငါ့ဘိုးဘိုးကို မယှဉ်နိုင်ဘူး၊ ငါ့ဘိုးဘိုးက သူ့ကို အသာလေး ဖိနှိပ်လိုက်တယ်”

ဖန်းလျန်ဟာ မနေနိုင်ဘဲ မေးလိုက်ပါတယ် “မင်းရဲ့ဘိုးဘိုးက ဘယ်သူလဲ”

တကယ်တော့ ဖန်းလျန်ဟာ စိတ်ထဲမှာ အဖြေရှိနေပါပြီ။ ချူရှောင်ချီကို ဟန်ဟွမ်က ဖန်တီးခဲ့တာဆိုတော့ သူ့ဘိုးဘိုးက ဖန်တီးရှင်ကလွဲပြီး ဘယ်သူဖြစ်နိုင်ဦးမှာလဲ။

ချူရှောင်ချီဟာ ဂုဏ်ယူစွာ ပြောလိုက်ပါတယ် “ဘယ်သူရမှာလဲ၊ ဖန်တီးရှင်ပေါ့”

ဂျိရှင်းရှန်တို့ သုံးယောက်ဟာ လန့်သွားပါတယ် ‘ဒီကိစ္စမှာ ဖန်တီးရှင်တောင် ပါလာတာလား’ သူတို့သုံးယောက်ဟာ ချက်ချင်း ကြောက်လန့်သွားကြပါတယ်။

သူတို့တွေဟာ ဟန်ကျွယ်က ယွမ်ရှီကျယ်ဝမ်နဲ့ ချူရှောင်ချီကို ဘယ်လို သဘောထားလဲဆိုတာ မသိကြပါဘူး။ သူတို့တွေဟာ ချူရှောင်ချီကို ဟန်မိသားစုရဲ့ သာမန်မျိုးဆက်တစ်ယောက်လိုပဲ သဘောထားခဲ့ကြတာပါ။

ချူရှောင်ချီက ဟန်ကျွယ်ရဲ့ မြေးအရင်းဆိုပေမဲ့ ဟန်ယွင်ကျင်းက ဟန်ကျွယ်အတွက် မြေးတွေ အများကြီး မွေးပေးပြီးပါပြီ။ အဲဒီမြေးအများစုက ဟန်ကျွယ်ကို တစ်ခါမှတောင် မမြင်ဖူးပါဘူး။ ဒါပေမဲ့ အခုတော့ ချူရှောင်ချီအတွက် ဟန်ကျွယ်ကိုယ်တိုင် လှုပ်ရှားလာတယ် မဟုတ်ပါလား။

‘ဖန်တီးရှင်က ငါတို့ကို ဘာဖြစ်လို့ သတိမပေးတာလဲ’ ဂျိရှင်းရှန်နဲ့ ဖန်းလျန်ဟာ အထိတ်တလန့် ဖြစ်သွားပါတယ်။ ကောင်းကင်အရှင်ရွှင်ကတော့ ခံစားချက်တွေ ရောထွေးသွားပါတယ်။

ပြီးခဲ့တဲ့ဘဝမှာ ကောင်းကင်အရှင်ရွှင်ဟာ ဟန်ကျွယ် ဘယ်လောက် စွမ်းအားကြီးတယ် ဆိုတာကို မြင်တွေ့ခဲ့ရပါတယ်။ ဒီဘဝမှာတော့ ကောင်းကင်အရှင်ရွှင်ဟာ ဟန်ကျွယ်ကို ကြည်ညိုလေးစားပါတယ်။

ဟန်ကျွယ်ရဲ့ မကျေနပ်မှုကို ရင်ဆိုင်ရတာက သူ့ကို ဖိအားအများကြီး ခံစားရစေပါတယ်။

ချူရှောင်ချီဟာ သူတို့တွေ ဘာတွေးနေလဲဆိုတာကို မသိပါဘူး။ ဒါပေမဲ့ ရင်ထဲမှာရှိတဲ့ ဒေါသကိုတော့ ပုံချပစ်မှာပါ။ ချူရှောင်ချီဟာ ညာလက်ကို မြှောက်ပြီး အရူးအမူး ပြုံးရယ်လိုက်ပါတယ် “ဟီးဟီး... သေဖို့သာပြင်... ငါ မင်းတို့ကို သတ်ပြီးရင် မင်းတို့ ခြေထောက်အောက်က အာကာသမြစ်ကို အပိုင်သိမ်းမယ်”

ချူရှောင်ချီရဲ့ လက်ဖဝါးကနေ ကြောက်မက်ဖွယ် ဓမ္မစွမ်းအား ပေါက်ကွဲထွက်လာပြီး သူ့ခေါင်းထက်မှာ ဧရာမ တံဆိပ်တော်ကြီးတစ်ခု ဖြစ်တည်လာပါတယ်။ ဒီတံဆိပ်တော်က ခရမ်းရောင်ရှိပြီး အန္တိမမူလ ကောင်းကင်တံဆိပ်တော်နဲ့ ဆင်တူပါတယ်။

“သွားကြမယ်” ဂျိရှင်းရှန်က ခပ်တိုးတိုး ပြောလိုက်ပါတယ်။

အချိန် နတ်အလင်းရောင်ဟာ သူ့ခန္ဓာကိုယ်ကနေ ဖြာထွက်လာပြီး ဖန်းလျန်နဲ့ ကောင်းကင်အရှင်ရွှင်ကို ရစ်ပတ်လိုက်ပါတယ်။ အဲဒီနောက် သူတိုသုံးယောက်ဟာ အလင်းတန်းအဖြစ် အသွင်ပြောင်းလဲပြီး အာကာသမြစ်ထဲကို ဝင်သွားပါတယ်။

ချူရှောင်ချီဟာ ပထမဆုံးအကြိမ် ဟန်ကျွယ်ရဲ့ ဆန်းကြယ်စွမ်းအားကို အတုခိုးပြီး အသုံးပြုတာမလို့ တော်တော် စိတ်လှုပ်ရှားနေပါတယ်။ ချူရှောင်ချီဟာ သူ့ရဲ့ အန္တိမမူလ ကောင်းကင်တံဆိပ်တော်ကို ထိန်းချုပ်ပြီး အချိန်-အာကာသမြစ်ကို ဝင်တိုက်ပါတယ်။

အချိန်-အာကာသ မြစ်ဟာ ရုတ်ခြည်း လွင့်ပါးပျောက်ကွယ်ပြီး ဘေးနားဝန်းကျင်က အာကာသတွေပါ ပြိုလဲ ကွဲကြေသွားပါတယ်။

.....

လျှို့ဝှက်ဆန်းကြယ်နယ်မြေ။

ပဋိပက္ခသိစိတ်နဲ့ အနန္တဖျက်ဆီးရှင်သခင် ရှီထျန်ဟာ တစ်ယောက်ကို တစ်ယောက် တိတ်တဆိတ် ကြည့်နေပါတယ်။ အတန်ကြာတဲ့အခါမှာတော့ ပဋိပက္ခသိစိတ်ဟာ သက်ပြင်းချလိုက်ပါတယ်။

အနန္တဖျက်ဆီးရှင်သခင် ရှီထျန် “ဘာမှမဖြစ်ခဲ့သလို နေကြရအောင်၊ ဖန်တီးရှင် ဒါကို အာရုံမခံမိဘူးဆိုတာ မဖြစ်နိုင်ဘူး၊ ဖန်တီးရှင် ငါတို့ကို ဘာမှ မပြောမှတော့ ငါတို့ကို အခွင့်အရေးပေးတယ်လို့ ဆိုလိုတာပဲ”

ပဋိပက္ခသိစိတ် “ငါလည်း အဲဒီလိုပဲ တွေးထားတယ်”

သူတို့တွေ ဘာမှမပြောပေမဲ့ အန္တိမပဋိပက္ခ မိစ္ဆာနတ်ဆိုး ရှုံးနိမ့်သွားတာကို ခံစားမိပါတယ်။ အနက်ရောင် အလင်းတိုင်က အန္တိမပဋိပက္ခ မိစ္ဆာနတ်ဆိုးနဲ့ ဖန်တီးရှင်ရဲ့ တိုက်ပွဲသက်ရောက်မှုဆိုတာ သေချာပါတယ်။ အန္တိမပဋိပက္ခ မိစ္ဆာနတ်ဆိုးသာ အနိုင်ရခဲ့ရင် သေချာပေါက် သူတို့ဆီကို လာမှာပါ။

ဒါပေမဲ့ အခုတော့ သူ ရောက်မလာခဲ့ပါဘူး။ သူတို့ကလည်း သူ့ကို ထပ်ပြီးတော့ ဆက်သွယ်လို့ မရတော့ပါဘူး။ ဒီလိုအခြေအနေမှာ ဘယ်သူနိုင်တယ် ဘယ်သူရှုံးတယ်ဆိုတာ အသိသာကြီးပါ။

ပဋိပက္ခသိစိတ် “ငါတို့ခေတ် ကုန်တော့မယ်၊ နောက်ကျရင် တာအိုဖန်တီးရှင်တွေ ပိုပို ပေါ်လာတော့မှာ၊ ဒီအရှိန်အဟုန်က တားဆီးလို့ရမှာ မဟုတ်ဘူး၊ ငါတို့တွေ အတူပူးပေါင်းပြီး တစ်ယောက်ကိုတစ်ယောက် ဂရုစိုက်ကြရအောင်”

အနန္တဖျက်ဆီးရှင်သခင် ရှီထျန် “ကောင်းပြီလေ၊ လောကဦးနတ်ဘီလူး သုံးပါးနဲ့ တာအိုဘိုးဘေးက ငါတို့လက်အောက်မှာ မဟုတ်ဘူး၊ ငါတို့တွေ တခြား တာအိုဖန်တီးရှင်ဖြစ်ဖို့ အလားအလာရှိတဲ့လူကို ရွေးရမယ်”

ပဋိပက္ခသိစိတ် “ဟန်မိသားစုမျိုးဆက်ကို ရွေးပြီး ထောက်ပံ့ရင်ရော...”

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters