← Chapters

ရန်မစသင့်ဆုံး တည်ရှိမှု

Vol. 113 Ch. 1174

ရန်မစသင့်ဆုံး တည်ရှိမှု

Vol. 113 Ch. 1174

“ဘယ်သူကို ရွေးမှာလဲ၊ ကြီးပြင်းလာတဲ့ လူတွေကိုလား... ဒါမှမဟုတ် အခုထိ အရည်အချင်း မပြရသေးတဲ့ လူတွေကိုလား” အနန္တဖျက်ဆီးရှင်သခင် ရှီထျန်က မေးလိုက်ပါတယ်။ အနန္တဖျက်ဆီးရှင်သခင်ဟာ စဉ်းစားရတာ ပင်ပန်းလွန်းလို့ တွေးတောင် မတွေးချင်တော့ပါဘူး။ အဲဒါကြောင့် အခုလို ပဋိပက္ခသိစိတ်ကို မေးလိုက်တာပါ။

ပဋိပက္ခသိစိတ် “ဘယ်သူဖြစ်ရမှာလဲ၊ ကြီးပြင်းလာတဲ့လူတွေကို ထောက်ပံ့ရမှာပေါ့၊ ငါတို့တွေမှာ ထပ်စောင့်ဖို့ အချိန် မရှိဘူး၊ ငါတို့တွေ တာအိုဖန်တီးရှင် တစ်ပါးကို စောစောပျိုးထောင်နိုင်လေလေ ငါတို့အတွက် အကျိုးများလေလေပဲ၊ ဟန်လျန်ကို ထောက်ပံ့ကြရအောင်၊ သူ့အရည်အချင်းက မရိုးရှင်းဘူး၊ ဒါပေမဲ့ သူ တိတ်ဆိတ်နေတာ နှစ်သန်းရာချီသွားပြီ၊ ဒါက ငါတို့တွေ သူ့ကို ကူညီဖို့ အကောင်းဆုံး အခွင့်အရေး ဖြစ်လောက်တယ်”

‘ဟန်လျန်လား...’ အနန္တဖျက်ဆီးရှင်သခင် ရှီထျန်ဟာ ခေါင်းအသာ ညိတ်လိုက်ပါတယ်။ တစ်ခါတုန်းက ဟန်လျန်ဟာ အဆုံးမဲ့ခေတ်ရဲ့ နံပါတ်တစ် ပါရမီရှင်လို့ ကျော်ကြားခဲ့ပြီး ဖန်တီးရှင်နဲ့အတူ ကျင့်ကြံအားထုတ်ခဲ့ဖူးပါတယ်။

တကယ်ကို မဆိုးတဲ့ ပစ်မှတ်တစ်ခုပါ။

တာအိုဖန်တီးရှင်နှစ်ပါးဟာ ဘာမှ ထပ်မပြောတော့ဘဲ ထွက်ခွာသွားကြပါတယ်။

နဝမပဋိပက္ခရဲ့ ကန့်သတ်မှုကြောင့် မဟာတာအိုပညာရှိချုပ်တွေဟာ ဟန်ကျွယ်နဲ့ အန္တိမပဋိပက္ခ မိစ္ဆာနတ်ဆိုးရဲ့ တိုက်ပွဲကို မထောက်လှမ်းနိုင်ကြပါဘူး။ ဒါပေမဲ့ အဲဒီကြောက်မက်ဖွယ်ကောင်းတဲ့ ရောင်ဝါက စွမ်းအားကြီးပုဂ္ဂိုလ်တွေကို ကြက်သီးမွေးညင်း ထစေပါတယ်။ အဲဒါကြောင့် တစ်ခုခု ဖြစ်ပျက်တော့မယ်ဆိုတာ သူတို့တွေ ခံစားမိကြပါတယ်။

အဲဒီနောက်ပိုင်း စွမ်းအားကြီးပုဂ္ဂိုလ်တွေဟာ မြန်မြန် စွမ်းအားကြီးမားလာဖို့ တံခါးပိတ်ပြီး ကျင့်ကြံအားထုတ်လာကြပါတယ်။

ရှည်လျားကြာညောင်းတဲ့ နှစ်တွေမှာ အဲဒီဖြစ်တည်ပြီးသား မဟာတာအိုကမ္ဘာတွေဟာ လျင်လျင်မြန်မြန် ဖွံ့ဖြိုးတိုးတက်လာပါတယ်။ မျိုးဆက်ဟောင်းတွေ လူမြင်ကွင်းကနေ ပျောက်ကွယ်သွားတာက မျိုးဆက်သစ်တွေကို အစွမ်းပြဖို့ အခွင့်အရေး ပေးလိုက်ပါတယ်။

တဖြည်းဖြည်းနဲ့ ဟန်ဟွမ်၊ ဧကရာဇ်၊ အန္တိမဒဏ်ခတ်နတ်မင်း၊ လောင်ဇီ၊ ပန်ကူး၊ မင်လင်းမယ်တော်၊ ဝူရှင်းရှစ်ကျဲ့နဲ့ တခြား စွမ်းအားကြီးပုဂ္ဂိုလ်တွေဟာ ရှေးဟောင်း ဒဏ္ဍာရီတွေ ဖြစ်လာပါတယ်။

ဒီလိုနဲ့ နောက်ထပ် ခေတ်သစ်တစ်ခုကို ရောက်ရှိလာပါတယ်။

သက်ရှိအားလုံးအတွက် နှစ်သန်းတစ်ရာက အတော်ကြာပေမဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တွေ အတွက်တော့ အိပ်မက်တစ်ခုစာပဲ ရှိပါတယ်။

နှစ်သန်းသုံးရာ ကြာပြီးနောက်။

ဟန်ကျွယ်ဟာ တံခါးပိတ်ကျင့်ကြံတာကို အဆုံးသတ်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ တစ်ခါတည်း နှစ်သန်းငါးရာ တံခါးပိတ် ကျင့်ကြံချင်ပေမဲ့ သူ့မြေး ဟန်လျန် ရောက်လာလို့ ကျင့်ကြံတာကို ရပ်လိုက်တာပါ။

ဟန်လျန်စောင့်နေတာ နှစ်သန်းချီသွားပါပြီ။ ဒီစောင့်နေတဲ့ အတောအတွင်းမှာ ဟန်လျန်ဟာ တာအိုစက်ကွင်းထဲက တပည့်တွေကို တာအိုဟောကြားပေးပြီး အသွင်တူလက်ရည်စမ်းပွဲထဲမှာ ပညာသင်ရောင်းရင်းတွေနဲ့ လက်ရည်စမ်းတာကြောင့် သူ့ဘဝကြီးက တော်တော်ကို သာယာနေပါတယ်။

ဟန်ကျွယ်ရဲ့ ကိုယ်ပွားအားလုံးမှာ တာဝန်ကိုယ်စီ ရှိကြပြီး သူ့ကလေးတွေ တပည့်တွေနဲ့ အဆက်အသွယ်လုပ်လေ့ မရှိပါဘူး။ ဆက်သွယ်တာက ဟန်ကျွယ်အတွက် တော်တော်လေး ရှားပါတဲ့ကိစ္စတစ်ခုပါ။

မကြာမကြာ တစ်ယောက်နဲ့ တစ်ယောက် စကားပြောတာကလည်း စိတ်ဝင်စားဖို့ကောင်းတဲ့ အရာတစ်ခုပါ။

သူ့ကိုယ်ပွားတွေက တခြားလူတွေနဲ့ စကားမပြောတဲ့အတွက် အချိန်ကြာလာတဲ့အခါ ဟန်ကျွယ် ကိုယ်တိုင်လည်း တကယ်ကို ခံစားချက်မဲ့လာပါတယ်။ သူ့ဆီ ရောက်လာတဲ့ လူတိုင်းက ရည်ရွယ်ချက်တစ်ခုခု ရှိနေတော့ စကားပြောဖို့ တော်တော် ခက်ပါတယ်။

အခု သူ့ကို လာရှာနိုင်တဲ့လူတွေကလည်း ဟန်ကျွယ် ဂရုစိုက်တဲ့ လူတွေချည်းပါပဲ။

ဟန်လျန်ဟာ ဟန်ကျွယ်ဆီက အသံလွှင့်စကားကို ကြားလိုက်ရတဲ့အတွက် ချက်ချင်း တာအိုဘုံကျောင်းထဲ ဝင်လာပါတယ်။ ဟန်လျန်ဟာ ဟန်ကျွယ်ရှေ့မှာ တရိုတသေ ဒူးထောက်လိုက်ပါတယ်။

နှစ်တွေ တော်တော် ကြာသွားပြီ ဖြစ်တဲ့အတွက် ဟန်လျန်ဟာ လုံးဝကို ကြီးပြင်းလာပါပြီ။ သူ့ကိုယ်ဟန် အနေအထားက ဟန်ဟွမ်နဲ့ ဆင်ပါတယ်။ အနည်းဆုံးတော့ ဟန်လျန်က သူ့အဖေ ဟန်ယွင်ကျင်းထက် စွမ်းအား ပိုကြီးပါတယ်။

“ဘိုးဘိုး... မတွေ့ရတာ ကြာပြီနော်၊ သားက ကျေးဇူးမသိတတ်ဘူး၊ ဘိုးဘိုးဆီ အရင်က လာမလည်ခဲ့ဘူး၊ ဒါပေမဲ့ ဘိုးဘိုးက ကျင့်ကြံအားထုတ်တာနဲ့ အလုပ်ရှုပ်နေတာဆိုတော့ သား ခဏခဏ လာလည်ဖို့လည်း အဆင်မပြေဘူးလေ”

ဟန်လျန်ဟာ မော့ကြည့်ပြီး ပြုံးလိုက်ပါတယ်။ ဟန်ကျွယ်ကို ဘိုးဘိုးလို့ ခေါ်လိုက်တာက သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကို နီးကပ်သွားစေပါတယ်။

ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “ဟုတ်တယ်၊ တစ်ခါကျင့်ကြံရင် နှစ်သန်းငါးရာပဲ၊ ဒါပေမဲ့ မင်း ထွက်သွားတာ နှစ်သန်းငါးရာ ကျော်သွားပြီလေ”

ဟန်လျန်ဟာ ရှက်သွားပါတယ် “သားက ဘိုးဘိုး မျက်နှာမပျက်ရအောင် ကြိုးစားနေတာပဲ မဟုတ်ဘူးလား၊ သားက အခု သားကိုယ်ပိုင် မဟာတာအိုကမ္ဘာကို တည်ထောင်ပြီးပြီ၊ ဘိုးဘိုးကို ပြောပြရဦးမယ်... သားရဲ့ မဟာတာအိုကမ္ဘာက အထင်ကြီးစရာကောင်းတယ်၊ ဗလာနယ်မြေရဲ့ အမျိုးအမည်မသိ နိယာမစွမ်းအားကို တကယ်ကြီး စုပ်ယူနိုင်တယ် သိလား၊ သား ဒီကိစ္စကို ဘယ်သူမှ မပြောဘူး၊ ဘိုးဘိုး တစ်ယောက်တည်းကိုပဲ ပြောပြတာ”

ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “အဲဒီလောက်တောင် စွမ်းအားကြီးတာလား”

ဟန်လျန်ဟာ တကယ်ကို မရိုးရှင်းပါဘူး။ သူက အဆုံးမဲ့ခေတ်ရဲ့ နတ်ဘီလူးအသစ်ပါ။ သူ့အရည်အချင်းက လောကဦးနတ်ဘီလူးထက် မနိမ့်ကျပါဘူး။ ဟန်လျန်ဟာ အခြေခံနိယာမရဲ့ ဓာတ်ပြုမှုကြောင့် အရာရာရာကို ဖျက်ဆီးလိုတဲ့ စိတ်ဆန္ဒရှိပါတယ်။ သူ့ရည်ရွယ်ချက်က ဗလာနယ်မြေရဲ့ အခက်အခဲ အတားအဆီး မှန်သမျှကို သုတ်သင်ရှင်းလင်းပစ်ဖို့ပါ။

ဒါပေမဲ့ ဟန်လျန်ရဲ့ စရိုက်က တော်တော်လေး သနားကြင်နာတတ်ပါတယ်။ ဒါကြောင့် ဟန်လျန်ဟာ ဖျက်ဆီးမှုထက် ဖန်တီးမှုနဲ့ ပိုတူပါတယ်။ ဒါပေမဲ့ ဖန်တီးမှုနဲ့ ဖျက်ဆီးမှုက အကြွေစေ့တစ်စေ့ရဲ့ ခေါင်းနဲ့ပန်းလိုပါပဲ။

ဟန်လျန် ပြောသလိုပါပဲ။ ဟန်လျန်ဟာ သူ့ မဟာတာအိုကမ္ဘာကို ဖန်တီးလိုက်ပေမဲ့ ဗလာနယ်မြေရဲ့ အခြေခံနိယာမကို ဖျက်ဆီးပစ်လိုက်ပါတယ်။

ဟန်လျန်ဟာ ဆက်ပြီးတော့ ကြွားဝါပါတယ်။ ဟန်ကျွယ်ဟာ တပြုံးပြုံးနဲ့ ထိုင်နားထောင်ပါတယ်။ အနည်းဆုံးတော့ ဟန်လျန်က သိတတ်ပါသေးတယ်။ ရောက်ရောက်ချင်း သူလိုချင်တာကို မတောင်းပါဘူး။

ဟန်ကျွယ်ဟာ ဟန်လျန် ဘာလို့ ရောက်လာလဲဆိုတာကို သိပါတယ်။ လောလောဆယ်မှာ ပဋိပက္ခသိစိတ်နဲ့ အနန္တဖျက်ဆီးရှင်သခင် ရှီထျန်က ဟန်လျန်ကို ကူညီပေးနေပါတယ်။ ဟန်လျန် ဘာလိုလို ဒီတာအိုဖန်တီးရှင်နှစ်ပါးက အကောင်းဆုံးကြိုးစားပြီး ရအောင် ဖြည့်ဆည်းပေးပါတယ်။ ဒါကြောင့်လည်း တခြားစွမ်းအားကြီးပုဂ္ဂိုလ်တွေက တစ်မူထူးခြားနေတဲ့ သူ့ရဲ့ မဟာတာအိုကမ္ဘာကို ကြောက်လန့်ပေမဲ့ ဘာမှမလုပ်ရဲကြတာပါ။

ဟန်လျန်မှာ တာအိုဖန်တီးရှင်နှစ်ပါးနဲ့ သူ့ဘိုးဘေး ဖန်တီးရှင်ရဲ့ ကာကွယ်မှု ရှိနေတယ် မဟုတ်ပါလား။

ဟန်လျန်က အဆုံးမဲ့ခေတ်မှာ ရန်မစသင့်ဆုံး တည်ရှိမှုလို့ပြောရင် လွန်မယ် မထင်ပါဘူး။

ဟန်လျန်ဟာ အကုန်လုံး အဆင်ပြေနေပေမဲ့ ဒီလိုအဆင်ပြေလွန်းလို့ စိုးရိမ်စိတ် ဝင်လာပါတယ်။ အကြောင်းမရှိဘဲ အချစ်ဆိုတာ မရှိသလို တာအိုဖန်တီးရှင် နှစ်ပါးကလည်း အကြောင်းမရှိဘဲ သူ့ကို ကူညီမှာ မဟုတ်ပါဘူး။ တစ်ခုခုကို ကြံစည်နေတာ သေချာပါတယ်။

အတန်ကြအောင် စကားပြောပြီးတဲ့ နောက်မှာတော့ ဟန်လျန်ဟာ သူ့စိုးရိမ်သောကကို ထုတ်ပြောပါတယ်။

ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “အရင်တုန်းက သူတို့တွေ ဘက်ရွေးမှားသွားလို့ အဲဒီအတွက် အကြွေးပြန်ဆပ်နေကြတာ၊ နောက်ပြီး မင်းရဲ့ အရည်အချင်းက ရင်းနှီးမြှုပ်နှံဖို့ တန်တယ်လေ၊ မစိုးရိမ်ပါနဲ့၊ မင်း သူတို့ကို အကြွေးတစ်ခု တင်သွားရုံပါ၊ နောက်ကျလို့ မင်း တာအိုဖန်တီးရှင် ဖြစ်လာရင် ပြန်ဆပ်လို့ရတယ်၊ အဲဒီအချိန်ကျ သူတို့တွေ မင်းဆီက တစ်ခုခုတောင်းဆိုရင် ငြင်းမှာလား”

ဟန်လျန်က လေးလေးနက်နက် ပြောလိုက်ပါတယ် “သားက ကျေးဇူး မသိတတ်တဲ့လူ မဟုတ်ဘူး”

“အဲဒါဆိုလည်း မင်းဆန္ဒအတိုင်းလုပ်”

“လမ်းညွှန်မှုအတွက် ကျေးဇူးတင်ပါတယ်... ဘိုးဘိုး... ဒါပေမဲ့ ဘိုးဘိုးခုနက ပြောတာက ဘာအဓိပ္ပာယ်လဲ၊ တာအိုဖန်တီးရှင်တွေထဲက တစ်ယောက်ယောက်က ဘိုးဘိုးကို ဆန့်ကျင်လို့ ဘိုးဘိုးက သူ့ကို ပညာပေးလိုက်တာလား” ဟန်လျန်က သိချင်စိတ်နဲ့ စပ်စုလိုက်ပါတယ်။ ဟန်လျန်ဟာ တာအိုဖန်တီးရှင်အဆင့်က ကိစ္စတွေကို တော်တော်လေး သိချင်နေပါတယ်။

ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “မင်း ထင်သလိုမျိုး မဟုတ်ဘူး၊ ဒါပေမဲ့ ငါ မင်းကို ပြောပြလို့ မရဘူး၊ မင်းလို မြေးတစ်ယောက်က ဘယ်လိုလုပ်ပြီး ကိုယ့်အဘိုးအကြောင်း ပြန်မေးရတာလဲ”

“ကျွတ်..ကျွတ်... အဲဒါဆိုလည်း ဘိုးဘိုး သားကို ပြောပြ၊ ချူရှောင်ချီက တကယ်ပဲ သားရဲ့ ဝမ်းကွဲအစ်ကိုလား”

ဟန်လျန်ဟာ စကားလမ်းကြောင်း ပြောင်းလိုက်ပါတယ်။

ဂျိရှင်းရှန်တို့ သုံးယောက်ကို အနိုင်ယူပြီးနောက် ချူရှောင်ချီဟာ အဆုံးမဲ့ခေတ်ကို ပြန်ရောက်လာပါတယ်။ ဒါပေမဲ့ သူက မ‌ကောင်းမှုအများကြီးကို ကျူးလွန်ခဲ့တဲ့အတွက် ရန်သူတွေကလည်း အမြောက်အမြားပါပဲ။

ချူရှောင်ချီ အဝိုင်းခံထားရတဲ့အချိန်မှာ ဟန်ဟွမ်တို့သုံးယောက် ပေါ်လာပြီး ချူရှောင်ချီကို ခေါ်သွားပါတယ်။ အဲဒီကနေ ယွမ်ရှီကျယ်ဝမ်က ဟန်ဟွမ်ရဲ့ သွေးစည်းဆိုတဲ့ သတင်းတွေ ပျံ့နှံ့လာပါတယ်။

အခု ချူရှောင်ချီက လောကဦးပဋိပက္ခထဲကနေ ထွက်မလာလို့ သူ့ကို မုန်းတီးတဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တွေကို တော်‌တော်လေးကိုမှ ဒေါသထွက်သွားစေပါတယ်။ သူတို့တွေဟာ ချူရှောင်ချီကို ဘယ်လိုနာမည်ဖျက်ပြီး အပြင်ထွက်လာအောင် မျှားခေါ်ရမလဲဆိုတာ စဉ်းစားကြပါတယ်။

ဟန်ကျွယ် “မင်း အဲဒီလို ပြောလို့ ရတယ်”

ဟန်လျန်ဟာ အတွေးနက်သွားပါတယ်။

“တခြားကိစ္စ ရှိသေးလား”

“ဟီးဟီး... မရှိတော့ပါဘူး၊ ဒါပေမဲ့ ဘိုးဘိုး သားကို ကျင့်ကြံမှုမှာ လမ်းညွှန်ပေးလို့ရမလား၊ ဒါမှမဟုတ် သားနဲ့ အသွင်တူ လက်ရည်စမ်းပွဲထဲမှာ လက်ရည်စမ်းပါလား”

ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “မင်း တကယ်ပြောနေတာလား”

“တကယ်ပြောနေတာပါ၊ သား ဘိုးဘိုးအဆင့်ကိုရောက်ဖို့ ဘယ်လောက် ဝေးသေးလဲဆိုတာ သိချင်တယ်၊ ဘိုးဘိုးက အစွမ်းအထက်ဆုံး တာအိုဖန်တီးရှင်ပဲ”

‘ငတုံးလေး... ငါက တာအိုဖန်တီးရှင် မဟုတ်ဘူး’ ဟန်ကျွယ်ဟာ ဟန်လျန်ကို အသွင်တူ လက်ရည်စမ်းပွဲထဲ ချက်ချင်း ဆွဲသွင်းလိုက်ပါတယ်။

အသက်ရှူကြိမ် တစ်ကြိမ် အကြာမှာတော့ ဟန်လျန်ဟာ ကြမ်းပြင်ပေါ် ကောက်ထိုင်ပြီး အသက်ဝအောင် ရှူလိုက်ပါတယ်။ တစ်ကိုယ်လုံးလည်း ချွေးတွေစိုရွှဲပြီး မျက်လုံးတွေက သွေးလို နီရဲနေပါတယ်။ ဟန်လျန်ဟာ ဟန်ကျွယ်ကို ကြောက်ကြောက်ရွံ့ရွံ့ ကြည့်လိုက်ပါတယ်။

“မင်း အခု ဘယ်လောက်ဝေးလဲဆိုတာကို သိပြီလား” ဟန်ကျွယ်က အပြုံးနဲ့ မေးလိုက်ပါတယ်။

ဟန်လျန်ဟာ ထိတ်လန့်တုန်းမလို့ ဟန်ကျွယ်ရဲ့ မေးခွန်းကို ပြန်မဖြေနိုင်ပါဘူး။ ဟန်လျန်ဟာ သူတို့နှစ်ယောက်က ဘယ်လောက် ဝေးကွာလဲဆိုတာကို တကယ် မသိပါဘူး။ သူ့မှ ဟန်ကျွယ်ကို လုံးဝ မယှဉ်နိုင်တာ။

ဟန်လျန်ဟာ ဒီလောက်ကြောက်စရာကောင်းတဲ့ ဖိအားကို တစ်ခါမှ မခံစားဖူးပါဘူး။ တိုက်ခိုက်ဖို့ မပြောနဲ့၊ ရင်ဆိုင်ရရုံနဲ့တင် နောင်တရသွားစေပါတယ်။ ဟန်လျန်ဟာ အဲဒီစွမ်းအားကို တွေးမိတိုင်း ကြက်သီးမွေးညင်း ထသွားပါတယ်။

ဟန်ကျွယ်ဟာ လက်ဝှေ့ယမ်းပြီး ထွက်သွားဖို့ အချက်ပြလိုက်ပါတယ်။

ဟန်လျန်ဟာ ချက်ချင်း ထွက်ခွာသွားပါတယ်။ ဟန်လျန်ဟာ ဟန်ကျွယ်ကို ဦးညွှတ်ဖို့တောင် မေ့သွားပါတယ်။ ဘယ်လောက်ကြောက်သွားလဲဆိုတာ ခန့်မှန်းသာကြည့်ကြပါတော့။

“ဟီးဟီး... ငါ့ကို စိန်ခေါ်ရဲတဲ့လူက သိပ်ရှိတာ မဟုတ်ဘူး၊ မြေးလိမ္မာလေး... ငါ့ကို နောက်တစ်ခါလည်း လာစိန်ခေါ်ဦး”

ဟန်ကျွယ်ဟာ သူ့စွမ်းအား အစစ်အမှန်ကို သူ့မျိုးဆက်တွေရှေ့မှာ ပြသချင်ပါတယ်။ ဒါပေမဲ့ ကံဆိုးချင်တော့ သူ့ဆီမှာ အစွမ်းပြဖို့ အခွင့်အရေးတောင် မရပါဘူး။ တခြားမျိုးဆက်တွေက သူ့ကို စိန်မခေါ်ရဲကြပါဘူး။

ဟန်လျန်ကို နှိပ်စပ်ပြီးနောက် ဟန်ကျွယ်ဟာ ပျော်ရွှင်မှုကို ခံစားလိုက်ရပါတယ်။ ဟန်ကျွယ်ရဲ့ မျက်လုံးထဲမှာ အဆုံးမဲ့ခေတ်တစ်ခုလုံး မြူးကြွပြီး ချစ်စရာကောင်းလာပါတယ်။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters