အနာဂတ် အခြေအနေ
Vol. 113 Ch. 1175
ဟန်လျန်ဟာ သူ့ရဲ့ မဟာတာအိုကမ္ဘာဆီ ပြန်သွားပါတယ်။ ဟန်လျန်ဟာ သူ့ရဲ့ အဘွားတွေကို နှုတ်ဆက်ဖို့တောင် သတိမရတော့ပါဘူး။ ဝိညာဉ်မရှိတောတဲ့ လူလိုပါပဲ။
သူ့နန်းတော်ဆီ ပြန်ရောက်တဲ့အခါ ဟန်လျန်ဟာ စိတ်ဝိညာဉ်ရေအိုင်မှာ ထိုင်ပြီး သူ့လက်ကို သူ ပြန်ကြည့်လိုက်ပါတယ်။
ဟန်လျန်ဟာ ဝေခွဲမရ ဖြစ်နေပါတယ်။
ဟန်လျန်ဟာ သူ့ကိုယ်သူ တော်တော် စွမ်းအားကြီးတယ်လို့ အမြဲတမ်း ခံယူထားခဲ့ပါတယ်။ တာအိုဖန်တီးရှင်ကို မမီရင်တောင် အဲဒီလောက်မဆိုးဘူးပေါ့။ မဟာတာအိုပညာရှိချုပ် ဖြစ်လာကတည်းက ဟန်လျန်ဟာ တစ်ခါမှ မရှုံးနိမ့်ဖူးသေးပါဘူး။ ဒါပေမဲ့ ဒီနေ့ သူ့ဘိုးဘေးရှေ့မှာတော့...။
ကွာခြားမှုက ကြီးမားလွန်းတဲ့အတွက် ဟန်လျန်ဟာ စိတ်ဓာတ်ကျလုနီး ဖြစ်သွားပါတယ်။
ဒီအချိန်မှာပဲ ဟန်ဟွမ်ရဲ့ဘေးမှာ အရိပ်တစ်ရိပ် ပေါ်လာပါတယ်။
“မင်းရဲ့ နှလုံးသားက ဖရိုဖရဲဖြစ်နေတယ်၊ ဘာဖြစ်ခဲ့လို့လဲ”
ဒီအသံပိုင်ရှင်ကတော့ အနန္တဖျက်ဆီးရှင်သခင် ရှီထျန်ပါ။
ဟန်လျန်ဟာ ငေးကြောင်ကြောင်နဲ့ ပြန်ဖြေပါတယ် “မဟာဖျက်ဆီးရှင်သခင်... တာအိုဖန်တီးရှင်တွေရဲ့ မျက်လုံးထဲမှာ မဟာတာအိုပညာရှိချုပ်က သေမျိုးနဲ့ တူတူပဲလား”
“ဟုတ်တယ်၊ တာအိုဖန်တီးရှင်တစ်ပါးက သက်ရှိအားလုံးကို ဖျက်ဆီးနိုင်သလို ပြန်ပြီးတော့လည်း ဖန်တီးနိုင်တယ်၊ အဆင့်တစ်ခုပဲ ကွာတာဆိုပေမဲ့ တကယ်တော့ ကမ္ဘာခြားနေတာ၊ နားလည်လွယ်အောင် ပြောရရင် အဆင့်ဒါဇင်ကျော် ဝေးကွာနေသလိုပဲ”
အနန္တဖျက်ဆီးရှင်သခင်ဟာ ပြုံးလိုက်ပါတယ်။ သူ့လေသံက မောက်မာမှု နည်းနည်း ပါဝင်နေပါတယ်။
မဟာတာအို အနန္တကပ်ဘေးမှာ သူ မအောင်မြင်ခဲ့ပေမဲ့ သူက တာအိုဖန်တီးရှင် ဖြစ်နေတုန်းပါ။ သူ့ကို ဘယ်သူမှ မသတ်နိုင်ပါဘူး။ သူက ထာဝရတည်တံ့တဲ့ တည်ရှိမှုတစ်ခု ဖြစ်နေတုန်းပါ။
ဟန်လျန်က ထပ်မေးပါတယ် “တာအိုဖန်တီးရှင်တွေမှာလည်း စွမ်းအားကြီးတဲ့လူနဲ့ စွမ်းအားနည်းတဲ့လူ ရှိတာပဲလား”
“ရှိတာပေါ့၊ မင်းက ဘာမေးချင်တာလား”
“ကျွန်တော် ဘိုးဘိုးဆီသွားလည်ပြီး ဘိုးဘိုးနဲ့ လက်ရည်စမ်းခဲ့တယ်”
“မင်း...”
အနန္တဖျက်ဆီးရှင်သခင် ရှီထျန်ဟာ လန့်သွားပါတယ်။
‘မင်းကများ ရာရာစစ...’
‘မင်းဘိုးဘိုးက စွမ်းအားကြီးမှန်း သိတာတောင် လက်ရည်သွားစမ်းသေးတယ်... မင်းတို့ သွေးစည်းတူနေတာ ကံကောင်းသွားတယ်၊ ငါသာဆိုရင် ငါကို လာစိန်ခေါ်တဲ့လူက ဘာမှမဟုတ်တဲ့ သက်ရှိတွေဆိုရင် တစ်ခါတည်း သတ်ပစ်မှာ’
အနန္တဖျက်ဆီးရှင်သခင် ရှီထျန်ဟာ မတက်နိုင်တဲ့လေသံနဲ့ ပြောလိုက်ပါတယ် “ရည်မှန်းချက် အကြီးကြီး မထားနဲ့၊ မင်းရဲ့ ဘိုးဘိုးက ငါအပါအဝင် တခြားတာအိုဖန်တီးရှင်တွေထက် စွမ်းအား ပိုကြီးတယ်”
‘နည်းနည်းပဲ စွမ်းအားကြီးတာလား... ဒါဆို ငါတာအိုဖန်တီးရှင် မဖြစ်သေးလို့ အခုလို အကြီးအကျယ် ရှုံးနိမ့်သွားရတာ ဖြစ်မယ်’
ဟန်လျန်ရဲ့ စိတ်ဟာ နည်းနည်း ပြန်ကောင်းသွားပါတယ်။ ဟန်လျန်ဟာ သူ့ကိုယ်သူ အားပေးလိုက်ပြီး တာအိုဖန်တီးရှင်ဖြစ်ဖို့ စိတ်အား ထက်သန်လာပါတယ်။
“အဲဒါဆို ကျွန်တော် အရင်ဆုံး တာအိုဖန်တီးရှင် ဖြစ်လာအောင် လုပ်မယ်၊ ဖျက်ဆီးရှင်သခင်... ကျွန်တော်ရဲ့ မဟာတာအိုကမ္ဘာက ဘာလိုပြီး အထွတ်အထိပ် နိယာမကို ဘယ်လိုခဲယူရမလဲဆိုတာ မြန်မြန် ပြောပြပါ” ဟန်လျန်က ဆော်ဩလိုက်ပါတယ်။
အနန္တဖျက်ဆီးရှင်သခင် ရှီထျန်ဟာ ဟန်လျန်ကို ကြည့်ပြီး ကျေနပ်သွားပါတယ်။ အရင်တုန်းက ဟန်လျန်ဟာ ပျင်းရိလေးတွဲနေတဲ့အတွက် သူ့ကို တော်တော်လေး ခေါင်းကိုက်စေခဲ့ပါတယ်။
‘ဖန်တီးရှင်က ဒီကောင်လေး ပျင်းနေမှန်းသိလို တမင် သင်ခန်းစာပေးလိုက်တာပဲ ဖြစ်ရမယ်’
အနန္တဖျက်ဆီးရှင်သခင် ရှီထျန်ဟာ တာအိုစဟောပါတယ်။ မဟာတာအိုကမ္ဘာ ဖန်တီးဖို့ တာအိုဖန်တီးရှင် ကိုယ်တိုင် ပျိုးထောင်ပေးတဲ့လူက အဆုံးမဲ့ခေတ်တစ်ခုလုံးမှာ ဟန်လျန်ပဲ ရှိပါလိမ့်မယ်။ သဏ္ဍာန်မဲ့နတ်မင်းတောင် ဝူရှင်းရှစ်ကျဲ့ကို ဒီလိုမျိုး ပျိုးထောင်မပေးပါဘူး။
ဝူရှင်းရှစ်ကျဲ့ရဲ့ တာအိုဆန်းကြယ်နယ်မြေက ဖွံ့ဖြိုးတိုးတက်နေတာ မှန်ပေမဲ့ သူက တာအိုဖန်တီးရှင်အဆင့်နဲ့ အလှမ်းဝေးနေပါသေးတယ်။ အနည်းဆုံး ဝူရှင်းရှစ်ကျဲ့က အဆုံးမဲ့ခေတ်ရဲ့ ပထမဆုံး တာအိုဖန်တီးရှင်သုံးပါးထဲက တစ်ပါး ဖြစ်လာလိမ့်မယ်လို့ ဘယ်စွမ်းအားကြီးပုဂ္ဂိုလ်ကမှ မတွေးကြပါဘူး။
နှစ်သန်းငါးရာဟာ လျင်လျင်မြန်မြန် ကုန်ဆုံးသွားပါတယ်။
ဟန်ကျွယ် အသက် ၃ ဘီလီယံ ပြည့်တဲ့အခါ စနစ်ပေးတဲ့ ရွေးချယ်မှု ဆုလာဘ်ကို ထပ်ရပါတယ်။ ဒါပေမဲ့ ဒီတစ်ခါမှာတော့ စနစ်ရဲ့ လုပ်ဆောင်ချက်ကို အဆင့်မြှင့်တင်တာ မပါပါဘူး။
ဟန်ကျွယ်ဟာ ဒါကို စိတ်မရှိပါဘူး။
လက်ရှိစနစ်ရဲ့ လုပ်ဆောင်ချက်တွေက ပျော်စရာသက်သက်ပါ။ တွက်ချက်မှု လုပ်ဆောင်ချက်ပဲ နည်းနည်း အသုံးဝင်နေပါသေးတယ်။ အန္တိမမူလ အပိုင်းအစကတော့ နှစ်အများကြီး စောင့်ရဦးမှာပါ။
စနစ်က သူ့ကို ခက်ခဲအောင် တမင်လုပ်တာ မဟုတ်ပါဘူး။ သူလည်း စွမ်းအားကြီးလာဖို့ အချိန်လိုပါတယ်။
ဟန်ကျွယ်ဟာ အန္တိမမူလ နတ်ဘီလူးထက် ကျော်လွန်တဲ့ အရည်အချင်းကို ရသွားရင် ဗလာနယ်မြေကို အသာလေး ထိန်းချုပ်နိုင်သွားမှာပါ။ ဒီလိုမျိုး ဗလာနယ်မြေတွေ အများကြီးကိုလည်း ဖန်တီးနိုင်ကောင်း ဖန်တီးနိုင်မှာပါ။
လောလောဆယ်မှာတော့ ဖန်တီးရှင်သခင်ဖြစ်တဲ့ ဟန်ကျွယ်ဟာ ဒီဟာတွေကို မတွေးနိုင်သေးပါဘူး။
ဟန်ကျွယ်ရဲ့ မိုးကောင်းကင် ပါရမီရှင် ဖန်တီးမှု အခွင့်အရေးက ၂၇၉ ကြိမ် စုမိသွားပါပြီ။ ဟန်ကျွယ်ဟာ ဒါတွေကို သုံးဖို့ အစီအစဉ် မရှိသေးပါဘူး။ တစ်ထောင်ပြည့်အောင် စုပြီးမှ တစ်ခါတည်း သုံးပစ်မှာပါ။
မိုးကောင်းကင် ပါရမီရှင် ဖန်တီးမှု အခွင့်အရေးက နှစ်ဆယ်သန်းတိုင်း တစ်ကြိမ် ရပါတယ်။ အကြိမ်တစ်ထောင် ပြည့်ဖို့ဆိုရင် ဆယ်ဘီလီယံ စောင့်ရမှာပါ။ အခုအချိန် ဟန်ကျွယ် မျက်လုံးထဲမှာ အချိန်က ပိုပိုမြန်လာပါတယ်။ ဆယ်ဘီလီယံက သိပ်ဝေးတော့တာ မဟုတ်ပါဘူး။
ဟန်ကျွယ်ဟာ ဗလာနယ်မြေကို ကြည့်လိုက်ပါတယ်။ လောကဦးပဋိပက္ခက အထွတ်အထိပ် နိယာမ ငါးပါး ရှိသွားပါပြီ။ တာအိုဘိုးဘေးကလည်း အထွတ်အထိပ် နိယာမ ငါးပါး ရှိပါတယ်။ ဒါပေမဲ့ ဒီအခြေအနေမှာ လောကဦးပဋိပက္ခက ပဋိပက္ခကို ကျော်တက်သွားပုံ ရှိပါတယ်။
အဆုံးမဲ့ခေတ်ရဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တွေကလည်း ဒီကိစ္စကို အာရုံစိုက်လာကြပါတယ်။ အထွတ်အထိပ် နိယာမ အရေအတွက်ကနေ ဘယ်သူ တာအိုဖန်တီးရှင် အရင်ဆုံးဖြစ်မလဲဆိုတာကို ခန့်မှန်းနိုင်ပါတယ်။ လောလောဆယ်မှာ သူတို့နှစ်ယောက်ကလွဲရင် ဘယ်သူမှ အဆုံးမဲ့ခေတ်ရဲ့ ပထမဆုံး တာအိုဖန်တီးရှင် ဖြစ်မလာနိုင်သေးပါဘူး။
ဟန်လင်က အခုအချိန်ထိ အထွတ်အထိပ် နိယာမ နှစ်ပါးကိုပဲ ဖန်တီးရပါသေးတယ်။ သူတို့နောက်မှာတော့ လောကဦး ဘိုးဘေးနတ်ဘုရား၊ အန္တိမဒဏ်ခတ်နတ်မင်း၊ မင်လင်းမယ်တော်၊ ကျောက်ရွှမ်ယွမ်နဲ့ အဆုံးမဲ့ခေတ် မတိုင်ခင်က တခြားစွမ်းအားကြီးပုဂ္ဂိုလ်တွေ ရှိနေပါတယ်။
ဟန်ကျွယ်ရဲ့ အကြည့်ဟာ ဂျိရှင်းရှန်တို့ သုံးယောက်ဆီ ရောက်သွားပါတယ်။ သူတို့သုံးယောက်ဟာ လုံးဝကို ရပ်တန့်သွားပြီး လောလောဆယ် မူလ ကာလဒေသထဲမှာ ကျင့်ကြံအားထုတ်နေကြပါတယ်။ ဟန်ကျွယ်ရဲ့ ဝင်ပါမှုက သူတို့သုံးယောက်ကို သေခြင်းတရားကနေ လွတ်မြောက်သွားစေပါတယ်။
ဘာပဲဖြစ်ဖြစ် သူတို့သုံးယောက်က ဟန်ကျွယ်ရဲ့ တပည့်၊ မြေးတပည့်နဲ့ မြေးတွေပါ။ ဟန်ကျွယ်ဟာ သူတို့သုံးယောက်ကို ကရုဏာသက်မိပါတယ်။
ချူရှောင်ချီကတော့ လောလောဆယ် လောကဦးပဋိက္ခမှာ ရှိနေပြီး သူ့ကိုယ်ပိုင် မဟာတာအိုကမ္ဘာကို တည်ထောင်ပြီးပါပြီ။ သူ့မဟာတာအိုကမ္ဘာက လောကဦးပဋိပက္ခနဲ့ သိပ်မဝေးပါဘူး။
ဒီနေရာမှာ ပြောစရာရှိတာက ချူရှောင်ချီနဲ့ ထန်ဝမ် ပြန်တွေ့သွားတာပါ။ ဒါပေမဲ့ သူတို့နှစ်ယောက်က လက်မထပ်ဖြစ်သေးပါဘူး။ သူတို့နှစ်ယောက်ဟာ တာအိုရသွားပြီမလို့ အချစ်က အရင်လို အရေးမကြီးတော့ပါဘူး။ ဒါပေမဲ့ သူတို့နှစ်ယောက်ဟာ မဟာတာအိုကို အတူတူလိုက်စားတဲ့ မိတ်ဆွေရင်းချာတွေ ဖြစ်နေတုန်းပါ။
အချိန်ဟာ အကြင်နာတရား မရှိပါဘူး။ အကုန်လုံးကို ချေမွဖျက်ဆီးပစ်ပါတယ်။
ဟန်ကျွယ်ဟာ ချူရှောင်ချီရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး တော်တော်လေး ကျေနပ်အားရပါတယ်။ ချူရှောင်ချီဟာ ယွမ်ရှီကျယ်ဝမ်နဲ့ ပေါင်းစပ်ပြီးနောက် ဟန်ဟွမ်ကို အပြစ်မတင်ပါဘူး။ သားအဖနှစ်ယောက်ဟာ တစ်ယောက်ကို တစ်ယောက် အသိအမှတ်ပြုကြပါတယ်။
ချူရှောင်ချီရဲ့ သဘောထားကြီးမှုက ဟန်ဟွမ်ကို ပိုပြီးတော့ ရှက်သွားစေပါတယ်။ အဲဒါကြောင့်ပဲ ဟန်ဟွမ်ဟာ ချူရှောင်ချီကို ပိုပြီးတော့ ဂရုစိုက်ပါတယ်။
ချူရှောင်ချီရဲ့ အရည်အချင်းက လုံးဝနိုးထလာပါပြီ။ မိုးကောင်းကင် ပါရမီရှင် ဖန်တီးမှုကိုပါ ပေါင်းလိုက်ရင် ချူရှောင်ချီက ပထမ တာအိုဖန်တီးရှင် အသုတ်ကို မမီရင်တောင် ဒုတိယ တာအိုဖန်တီးရှင်အသုတ်ကိုတော့ မီမှာပါ။
ဟန်ကျွယ် ဝင်မနှောင့်ယှက်ရင် နောက်ကျ တာအိုဖန်တီးရှင်တွေ ပိုပို ပေါ်ထွန်းလာမှာပါ။ ဒါပေမဲ့ ကန့်သတ်ချက်တော့ ရှိပါသေးတယ်။ ဟန်ကျွယ်ရဲ့ ခန်းမှန်းချက်အရ ဗလာနယ်မြေဟာ အများဆုံး တာအိုဖန်တီးရှင် ၄၉ ပါးကိုပဲ ထမ်းဆောင်နိုင်ပါတယ်။
ဒါက သူ့ရဲ့ အကန့်အသတ်ပါ။
လက်ရှိ ဗလာနယ်မြေက ဆက်ပြီးတော့ မတိုးတက်နိုင်တော့ပါဘူး။ ဗလာနယ်မြေက အဆုံးမရှိပေမဲ့ အခြေခံနိယာမရဲ့ တောင့်ခံနိုင်မှုကတော့ အကန့်အသတ် ရှိနေပါတယ်။ တာအိုဖန်တီးရှင်ရဲ့ အနှိုင်းမဲ့အသက်ကို အခြေခံ နိယာမက ထိန်းသိမ်းထားတာပါ။
ဖန်တီးရှင်သခင်ဖြစ်တဲ့ ဟန်ကျွယ်သာ မရှိရင် တာအိုဖန်တီးရှင်တွေ ပိုပေါ်လာနိုင်ပါတယ်။
‘ကြည့်ရတာ တိုးတက်မှုရပ်သွားတဲ့ ဗလာနယ်မြေကို ငါပဲ ထိုးဖောက်ထွက်နိုင်မယ် ထင်တယ်’ ဟန်ကျွယ်ဟာ ပြုံးပြီး သူ့ရဲ့ အန္တိမမူလကမ္ဘာကို ကြည့်လိုက်ပါတယ်။
အန္တိမမူလကမ္ဘာ ကျယ်ပြန့်နှုန်းက လုံးဝကို ယုတ္တိ မရှိပါဘူး။ လောကဦးပဋိပက္ခရဲ့ အဆတစ်သန်းလောက် ဖြစ်နေပါပြီ။ ဒီကွာခြားမှုက တိုးနေတုန်းပါ။ တစ်ခုသိထားရမှာက လက်ရှိ လောကဦးပဋိပက္ခဟာ အရင်ပဋိပက္ခနဲ့ ဘာမှခြားနားမှု သိပ်မရှိပါဘူး။
ဒါပေမဲ့ ဟန်ကျွယ်ဟာ အန္တိမမူလကမ္ဘာက ဗလာနယ်မြေ တစ်ခုလုံးကို ဖုံးလွှမ်းဖို့ အချိန် ဘယ်လောက် ယူရမလဲ ဆိုတာကိုတော့ မတွက်ချက်နိုင်သေးပါဘူး။
သေချာတာ တစ်ခုတော့ ရှိပါတယ်။ နောက်ကျရင် ဟန်ကျွယ်ဟာ သက်ရှိအားလုံးနဲ့ တိုက်ခိုက်ရမှာပါ။ နောက်ကျရင် အန္တိမမူလကမ္ဘာက တခြား မဟာတာအိုကမ္ဘာတွေကို သေချာပေါက် ဝါးမျိုပစ်မှာပါ။ သူတို့တွေ အညံခံရင်တော့ ကိစ္စမရှိပါဘူး။ အဲဒီလိုမဟုတ်ဘဲ လက်မခံနိုင်ဘူး၊ မကျေနပ်ဘူးဆိုရင်တော့ ဟန်ကျွယ်ကို စိန်ခေါ်တိုက်ခိုက်ရုံပဲ ရှိပါတယ်။
ဟန်ကျွယ်ဟာ သက်ရှိတွေ အဲဒီလိုမျိုး လုပ်လာမဲ့အချိန်ကို မျှော်ကြည့်မိလိုက်ပါတယ်။
[နဝမပဋိပက္ခသည် သင့်အား အိပ်မက်ပေးလို၏။ လက်ခံမည်လော။]
ဟန်ကျွယ်ရှေ့မှာ အသိပေးချက် တစ်ချက် ပေါ်လာပါတယ်။ ဟန်ကျွယ်ဟာ လက်ခံဖို့ တိတ်တဆိတ် ရွေးချယ်လိုက်ပါတယ်။
အိပ်မက်နယ်မြေက နဝမပဋိပက္ခရဲ့ တာအိုစက်ကွင်း အဆုံးမဲ့ နတ်သစ်ပင်အောက်မှာပါ။
နဝမပဋိပက္ခဟာ ပထမဆုံး ဟန်ကျွယ်ကို ဦးညွှတ်လိုက်ပါတယ် “သခင်... မကြာသေးခင်က ကျွန်တော် ကျင့်ကြံနေတုန်း အဲဒီဆံဖြူအမျိုးသားကို ထပ်ပြီးတော့ အိပ်မက်မက်တယ်၊ ဒီတစ်ခါတော့ ကျွန်တော် သဲလွန်စ တချိူ့ ရလိုက်တယ်”
ဟန်ကျွယ်ဟာ မျက်ခုံးပင့်တက်သွားပါတယ် “ဘာသဲလွန်စလဲ”
နဝမပဋိပက္ခက ပြန်ဖြေပါတယ် “သူက ဗလာနယ်မြေရဲ့ အရှင်သခင်အဖြစ် မွေးဖွားလာတယ်လို့ ပြောတယ်၊ သခင်က သူ့နေရာကို သိမ်းထားတယ်တဲ့၊ သူ့စကားကို နားထောင်ရတာ သူက အခုထိ မွေးဖွားမလာသေးတဲ့ပုံပဲ၊ ကြည့်ရတာ ဗလာနယ်မြေရဲ့ စိတ်ဆန္ဒနဲ့ ပတ်သက်နေမယ်ထင်တယ်၊ ပဋိပက္ခက စိတ်ဆန္ဒ မွေးဖွားနိုင်ရင် ဗလာနယ်မြေလည်း မွေးဖွားနိုင်မှာပဲ”
မြန်မာပြည် ငြိမ်းချမ်းပါစေ။