၅.၄ ဘီလီယံ
Vol. 113 Ch. 1178
“ဟုတ်တယ်၊ ငါ မအောင်မြင်ခဲ့ဘူး၊ အဲဒီတော့ မင်းလည်း မအောင်မြင်လောက်ဘူး၊ စမ်းကြည့်ချင်ရင်တော့ စမ်းကြည့်ပေါ့၊ မင်းအောင်မြင်လားဆိုတာကို ငါ စောင့်ကြည့်မယ်” နဝမပဋိပက္ခက တည်ငြိမ်တဲ့လေသံနဲ့ ပြန်ပြောလိုက်ပါတယ်။ နဝမပဋိပက္ခဟာ တာအိုဘိုးဘေးရဲ့ စကားကြောင့် နည်းနည်းမှ ဒေါသမထွက်ပါဘူး။
တာအိုဘိုးဘေးဟာ ရုတ်တရက် လက်ဝှေ့ယမ်းပြီး ကျားစေ့တစ်စေ့ကို ချလိုက်ပါတယ်။ ဒီကျားစေ့က မုန်တိုင်းထန်စေပြီး နဝမပဋိပက္ခရဲ့ တောတောင် မြစ်ချောင်းတွေကို တုန်ခါသွားစေပါတယ်။ နဝမပဋိပက္ခလည်း ကျားစေ့တစ်စေ့ ချလိုက်ပါတယ်။ ဒီကျားစေ့က တောင်ကြီးအသွင် ပြောင်းလဲပြီး တာအိုဘိုးဘေးရဲ့ မုန်တိုင်းကို ကာဆီးကာ လွင့်ပြယ်စေပါတယ်။
တာအိုဖန်တီးရှင်နှစ်ပါးဟာ ဆက်ပြီးတော့ တိုက်ခိုက်ကြပါတယ်။ သူတို့ရှေ့က တောတောင် မြစ်ချောင်းတွေဟာ ဖန်တီးလိုက် ပျက်သုန်းလိုက်နဲ့ သံသရာလည်နေပါတယ်။ ဘယ်တော့မှ အနိုင်အရှုံး မကွဲပြားမဲ့ပုံ ရှိပါတယ်။
.....
အန္တိမမူလကမ္ဘာ၊ ငရဲပြည်။
ထူထပ်သိပ်သည်းနေတဲ့ မြူခိုးတွေကြားမှာ အလွန်ကြီးမားတဲ့ မြို့ကြီးတစ်မြို့ တည်ရှိနေပါတယ်။ ဒီမြို့ကြီးက ငရဲပြည်ရဲ့ အကြီးဆုံး သရဲနတ်ဘုရား အမှောင်ထုထဲမှာ ပုန်းအောင်းနေသလိုပါပဲ။ တစ်ချက်ကြည့်ရုံနဲ့တင် သေမျိုးတွေကို ကြောက်သေးပါသွားစေနိုင်ပါတယ်။
မြို့ဂိတ်ထက်မှာ ဆိုင်းဘုတ်တစ်ခု ချိတ်ဆွဲထားပါတယ်။ ဒီဆိုင်းဘုတ်ပေါ်မှာလည်း တောင်ထက်ကြီးတဲ့ စာလုံးတွေ ထွင်းထာပါတယ်။
ယမမင်း ခန်းမ။
ယမမင်းခန်းမရဲ့ ပထမအဆင့်မှာ ရန်ထျန်တုန်းဟာ ကုလားထိုင်ပေါ် လဲလျောင်းနေပါတယ်။ လက်ထဲမှာလည်း သားမွေးယပ်တောင် တစ်ချောင်းကိုင်ပြီး ယပ်ခတ်နေပါတယ်။ ဒီယပ်တောင်ရဲ့ သားမွေးမျှင်တွေက အပြာရောင်မီးလျှံတွေ တောက်လောင်ပြီး အေးမြတဲ့ရောင်ဝါကို ထုတ်လွှတ်ပါတယ်။
“ဟင်း... ဒီရက်တွေမှာ ဘာမှကို လုပ်စရာ မရှိဘူးပဲ”
ရန်ထျန်တုန်းဟာ ရုတ်တရက် သက်ပြင်းချလိုက်ပါတယ်။ အရင်တုန်းက ရန်ထျန်တုန်းဟာ အန္တိမမူလကမ္ဘာကို မျှော်လင့်တမ်းတခဲ့ပေမဲ့ အခုတော့ ပျင်းရိငြီးငွေ့နေပါပြီ။
ရန်ထျန်တုန်းဟာ အန္တိမမူလကမ္ဘာရဲ့ ငရဲပြည်ကို ထိန်းချုပ်ထားပါတယ်။ အန္တိမမူလကမ္ဘာထဲကို ဝင်ချင်တဲ့ အပြင်က စွမ်းအားကြီးပုဂ္ဂိုလ် ဘယ်သူမဆို သူ့ကို တောင်းပန်ရပါတယ်။ ပြောရရင် ရန်ထျန်တုန်းဟာ သူ့ဆရာကလွဲပြီး ဘယ်သူကိုမှ မကြောက်တော့ပါဘူး။
အနှိုင်းမဲ့အာဏာက အနှစ်သာရ ကင်းမဲ့တဲ့ ဘဝကို ဆောင်ယူလာပါတယ်။
ရန်ထျန်တုန်းဟာ မဟာတာအိုပညာရှိအဆင့်ပဲ ရှိသေးပေမဲ့ အနှိုင်းမဲ့ အထီးကျန်မှုကို ခံစားနေရပါတယ်။
ရန်ထျန်တုန်းဟာ ပျင်းရိလာတဲ့အခါ အရင်တုန်းက သူ စွန့်စားခဲ့တာတွေကို ပြန်ပြီးတော့ တွေးပါတယ်။ ရန်ထျန်တုန်း ပျင်းလို့ ငြီးနေတုန်းမှာပဲ လူတစ်ယောက် သူ့ရှေ့ကို ဆင်းသက်လာပါတယ်။
မူလလောကဦးပါ။
ရန်ထျန်တုန်းဟာ မူလလောကဦးကို တစ်ချက်ပဲ ကြည့်လိုက်ပါတယ်။
မူလလောကဦး “ငါက မူလလောကဦးပဲ၊ ငါ အန္တိမမူလကမ္ဘာမှာ ပြန်လည်မွေးဖွားပြီး အန္တိမမူလကမ္ဘာက ဘယ်လိုရှိလဲဆိုတာကို ကြည့်ချင်တယ်၊ ငါ့ရဲ့ ပင်မခန္ဓာကိုယ်က အန္တိမမူလကမ္ဘာထဲကို မဝင်ပါဘူး၊ ငါရဲ့ စိတ်ဆန္ဒတစ်စွန်းတစ်စပဲ ဝင်မှာပါ၊ ငါ မင်းဆီကို တကူးတကလာပြီး ပြောတာက ဖန်တီးရှင်မျက်နှာကို ထောက်လို့ပဲ”
ရန်ထျန်တုန်းဟာ မူလလောကဦးဆိုတဲ့ နာမည်က ရင်းနှီးနေတယ်လို့ ခံစားလိုက်ရပါတယ်။ အဲဒါကြောင့် သေချာ စဉ်းစားကြည့်လိုက်တဲ့အခါ မူလလောကဦးက ဟန်ဟွမ်နဲ့ ပေါင်းစည်းသွားတဲ့ တာအိုဖန်တီးရှင်အသစ် လောကဦးနတ်ဘီလူးဆိုတာကို မှတ်မိသွားပါတယ်။
ရန်ထျန်တုန်းဟာ တာအိုဖန်တီးရှင်အသစ်ကို ရင်ဆိုင်ရပေမဲ့ ထိတ်လန့် တုန်လှုပ်ခြင်း မရှိပါဘူး။ သာမန်ကာလျှံကာပဲ ပြန်မေးလိုက်ပါတယ် “မင်းက တာအိုဖန်တီးရှင်ဆိုတော့ ဖန်တီးရှင်ဆီက ခွင့်ပြုချက်ရပြီလား”
“ငါက ဘယ်လိုလုပ်ပြီး ဖန်တီးရှင်ကို တွေ့နိုင်မှာလဲ၊ မင်းကရော...”
“အဲဒါ မင်း ရေစက်မပါလို့ပဲ”
ရန်ထျန်တုန်းဟာ ယပ်ခတ်ရင်း ပြုံးလိုက်ပါတယ်။ ရန်ထျန်တုန်းဟာ သူ့ဆရာက တာအိုစက်ကွင်းထဲမှာ နေတယ်ဆိုတာကို သိပါတယ်။ ဒါပေမဲ့ တိတ်ဆိတ်ဂိုဏ်း တပည့်တွေကလွဲရင် တာအိုစက်ကွင်းထဲကို ဘယ်သူတွေ ဝင်နိုင်လို့လဲ။
“ဟန်ဟွမ်က ဖန်တီးရှင်ကို သွားမရှာဘူးလား”
“ရှာတယ်၊ ဒါပေမဲ့ ဖန်တီးရှင်က တာအိုစက်ကွင်းထဲမှာ ရှိမနေဘူး၊ ဖန်တီးရှင်ရဲ့ ကိုယ်ပွား ပြောတာတော့ သူ့ပင်မခန္ဓာကိုယ်က အန္တိမမူလကမ္ဘာထဲမှာတဲ့၊ ငါ ပြန်မွေးဖွားရင် သေချာပေါက် ဖန်တီးရှင်ဆီ သွားလည်လို့ရတယ်”
မူလလောကဦးဟာ မျက်မှောင်ကြုတ်သွားပါတယ်။ မူလလောကဦးဟာ ရန်ထျန်တုန်းကို ကြည့်ပြီး တော်တော်လေး မပျော်မရွှင် ဖြစ်သွားပါတယ်။
‘ငရဲမင်းတစ်ယောက်ကများ ငါ့ကို ခက်ခဲအောင် လုပ်ရဲတာလား’
ဒါပေမဲ့ မူလလောကဦးမှာ သည်းခံရုံကလွဲပြီး တခြားနည်း မရှိပါဘူး။ ရန်ထျန်တုန်းက ဖန်တီးရှင်ရဲ့ တပည့် မဟုတ်ပါလား။
ရန်ထျန်တုန်းဟာ တစ်ခဏတွေးပြီး ပြောလိုက်ပါတယ် “ကောင်းပြီ၊ မင်းရဲ့ ပင်မခန္ဓာကိုယ်က ဒီခန်းမထဲမှာ ရှိနေဖို့ လိုတယ်”
“အင်း...”
မူလလောကဦးဟာ ခန်းမရဲ့ ထောင့်တစ်နေရာဆီ လျှောက်သွားပြီး တရားထိုင်လိုက်ပါတယ်။ အဲဒီနောက် မူလလောကဦးဟာ ပြန်လည်မွေးဖွားဖို့ သူ့စိတ်ဆန္ဒ တစ်စွန်းတစ်စကို အန္တိမမူလကမ္ဘာထဲ ပို့လိုက်ပါတယ်။
ရန်ထျန်တုန်းဟာ မူလလောကဦးကို ဆက်ပြီးတော့ ဂရုမစိုက်တော့ဘဲ အတိတ်က အကြောင်းအရာတွေထဲ စိတ်နှစ်လိုက်ပါတယ်။
အဲဒီနောက်ပိုင်း ယမမင်းခန်းမထဲမှာ ပြန်လည်မွေးဖွားတဲ့လူတွေ ပေါ်လာပါတယ်။ ရန်ထျန်တုန်းဟာ သူတို့ကို တစ်ယောက်ပြီး တစ်ယောက် စီစဉ်ပေးပါတယ်။
နှစ်တစ်သောင်းကြာတဲ့အခါမှာတော့ ယမမင်းခန်းမထဲကို လူတစ်ယောက် ဆင်းသက်လာပါတယ်။
ဒီတစ်ခါတော့ ဟန်ကျွယ်ပါ။
ရန်ထျန်တုန်းဟာ ပထမတော့ ဂရုမစိုက်ဘဲ တစ်ချက်လှမ်းကြည့်လိုက်ပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ကို တွေ့လိုက်ရတဲ့အခါချက်ချင်း မတ်တတ်ရပ်မိလျက်သား ဖြစ်သွားပါတယ်။
“ဆ... ဆရာ...” ရန်ထျန်တုန်းရဲ့ အသံဟာ တုန်ယင်နေပါတယ်။
ဟန်ကျွယ်ဟာ ရန်ထျန်တုန်းကို ဂရုမစိုက်ပါဘူး။ ယမမင်းခန်းမရဲ့ ထောင့်မှာ ထိုင်နေတဲ့ မူလလောကဦးဟာ မတ်တတ်ရပ်လိုက်ပါတယ်။ အဲဒီနောက် ဟန်ကျွယ်နဲ့ မူလလောကဦးဟာ ယမမင်းခန်းမကနေ ကွယ်ပျောက်သွားပါတယ်။
ရန်ထျန်တုန်းဟာ သက်ပြင်းရှည်ကြီး ချလိုက်ပါတယ်။ ရန်ထျန်တုန်းဟာ သူ့ဆရာနဲ့ မတွေ့ရတာ အတော်ကြာသွားပြီမလို့ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကလည်း ဝေးကွာသွားပါပြီ။ ဘာပဲဖြစ်ဖြစ် ရန်ထျန်တုန်းဟာ ဟန်ကျွယ်ကို တွေ့တိုင်း ရင်တုန်ပန်းတုန် ဖြစ်ပါတယ်။
အဲဒါကြောင့် ဟန်ကျွယ် ထွက်သွားတဲ့အခါ ရန်ထျန်တုန်းဟာ သက်သာရာ ရသွားပါတယ်။ ဟန်ကျွယ်နဲ့ မူလလောကဦးက ဘာလုပ်ချင်တာလဲ ဆိုတာကိုတော့ ရန်ထျန်တုန်းဟာ နည်းနည်းမှ စိတ်မဝင်စားပါဘူး။
.....
အန္တိမမူလကမ္ဘာ အထက်။
ဟန်ကျွယ်ဟာ မူလလောကဦးကို ငုံ့ကြည့်လိုက်ပါတယ်။
“ဘယ်လို ခံစားရလဲ” ဟန်ကျွယ်က မေးလိုက်ပါတယ်။
မူလလောကဦးဟာ ဟန်ကျွယ်ကို စိုက်ကြည့်ပြီး သက်ပြင်းချလိုက်ပါတယ်။
“ပြီးပြည့်စုံတယ်၊ လောကဦးပဋိပက္ခနဲ့ ပဋိပက္ခထက်တောင် ပိုပြီးတော့ ပြည့်စုံတယ်”
ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ်။
မူလလောကဦးဟာ တစ်ဒင်္ဂ တုံ့ဆိုင်းသွားပြီးနောက် မေးလိုက်ပါတယ် “ဖန်တီးရှင်... လောကဦးနတ်ဘီလူး သွေးစည်းထက် ပိုမြင့်တဲ့ သွေးစည်းရှိလား၊ လောကဦးနတ်ဘီလူး သွေးစည်းက ဆက်ပြီးတော့ ဆင့်ကဲပြောင်းလဲနိုင်လား”
ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “မင်းရဲ့ ကျင့်ကြံမှုက အဆုံးမရှိပေမဲ့ မင်းရဲ့ သွေးစည်းကတော့ ဒီလို မဟုတ်ဘူး၊ မင်းက ဆက်ပြီးတော့ ဆင့်ကဲပြောင်းလဲချင်တာလား၊ ဒီလမ်းက တော်တော် ခက်ခဲတယ်နော်”
“ကျွန်တော် ကြိုးစားကြည့်ချင်တယ်”
“ဘယ်လို ကြိုးစားမှာလဲ”
“လောလောဆယ်တော့ ကျွန်တော် စဉ်းစားလို့ မရသေးဘူး” မူလလောကဦးက အမှန်အတိုင်း ပြန်ဖြေပါတယ်။ မူလလောကဦးဟာ အခုအချိန်မှာ ဘာနည်းလမ်းမှ မရှိသေးပေမဲ့ စိတ်ဓာတ်မကျတဲ့အပြင် ယုံကြည်ချက်တောင် ရှိနေပါသေးတယ်။
ဟန်ကျွယ်က အပြုံးနဲ့ ပြောလိုက်ပါတယ် “အဲဒါဆိုလည်း အန္တိမမူလကမ္ဘာမှာရှာ” အဲဒီနောက် ဟန်ကျွယ်ဟာ ပျောက်ကွယ်သွားပါတယ်။
“နောက်ကျရင် လောကဦးနတ်ဘီလူးထက် ကျော်လွန်တဲ့ တည်ရှိမှုတစ်ခု တကယ် ပေါ်လာမှာ” ဟန်ကျွယ်ရဲ့ အသံဟာ မူလလောကဦးနားထဲမှာ ပဲ့တင်ထပ်သွားပြီး ချက်ချင်းဆိုသလို သူ့စိတ်ထဲမှာ ပုံရိပ်တစ်ခု ပေါ်လာပါတယ်။
ဒီပုံက ဆံဖြူအမျိုးသားရဲ့ ပုံပါ။ မူလလောကဦးဟာ မျက်လုံးကျဉ်းပြီး ဆံဖြူအမျိုးသားကို မှတ်ထားလိုက်ပါတယ် ‘ဒီလူက လောကဦး နတ်ဘီလူးထက် အရည်အချင်း ပိုရှိတာလား၊ ဖန်တီးရှင်က ငါ့ကို ဘာလို့ ဒီအကြောင်း ပြောပြတာလဲ... ဟန်ဟွမ်ကြောင့်လား...’
မူလလောကဦးဟာ နားမလည်နိုင်တာကြောင့် ဆံဖြူအမျိုးသားကို အရင်ဆုံး ရှာဖွေဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အဲဒီနောက် မူလလောကဦးဟာ ကိုယ်ပွား အမြောက်အမြား ခွဲထုတ်ပြီး ကောင်းကင်ဘုံတွေမှာ ခရီးနှင်ပါတယ်။
တတိယ တာအိုစက်ကွင်း။
ဟန်ကျွယ်ဟာ သူ့တာအိုဘုံကျောင်းဆီ ပြန်ရောက်သွားပါတယ်။ သူ့တာအိုလက်တွဲဖော်တွေလည်း ပြန်ရောက်လာကြပါတယ်။ ဒီခရီးစဉ်က သူတို့ကို တော်တော်လေး ပျော်ရွှင်ကြည်နူးသွားစေပါတယ်။ ခရီးထွက်ရလို့ လျှောက်သွားရလို့ ကစားရလို့ ပျော်စရာကောင်းတာ မဟုတ်ပါဘူး။ ဟန်ကျွယ်က သူတို့ကို အဖော်ပြုပေးလို့ပါ။
ဟန်ကျွယ်ဟာ ကြာပလ္လင်မှာထိုင်ပြီး လောကဦးပဋိပက္ခကို ကြည့်လိုက်ပါတယ်။
ဟန်ကျွယ်ရဲ့ သတိပေးချက်ကြောင့် အနာဂတ်ဟာ စပြီးတော့ ပြောင်းလဲသွားပါတယ်။
မူလလောကဦးဟာ ဆင့်ကဲပြောင်းလဲဖို့ တမ်းတမ်းစွဲ ဖြစ်သွားပါတယ်။ မူလလောကဦးဟာ ဆင့်ကဲပြောင်းလဲဖို့ နည်းလမ်းပေါင်းမျိုးစုံကို နှစ်တွေအကြာကြီး ကြိုးစားကြည့်ပေမဲ့ မအောင်မြင်တာကြောင့် ဟန်ကျွယ့်စကားကို မယုံသင်္ကာဖြစ်လာပါတယ်။ ဒါပေမဲ့ ဟန်ကျွယ် ပြောခဲ့တဲ့ ဆံဖြူအမျိုးသားက မူလလောကဦးရဲ့ စိတ်ထဲမှာ စွဲနေပါတယ်။
ဒီလိုနဲ့ နောက်ဆုံးမှာ ဆံဖြူအမျိုးသားက မူလလောကဦးရဲ့ အတွင်းနတ်ဆိုး ဖြစ်သွားပါတယ်။ ဒီအတွင်းနတ်ဆိုးကြောင့်ပဲ မူလလောကဦးဟာ အဆုံးမဲ့ခေတ်ရဲ့ တာအိုဖန်တီးရှင် တိုက်ပွဲကို စတင်လိုက်ပါတယ်။
ဆံဖြူအမျိုးသားကတော့ တစ်ခါမှ ပေါ်မလာခဲ့ပါဘူး။
ဟန်ကျွယ် မူလလောကဦးကို ဆံဖြူအမျိုးသားအကြောင်း ပြောပြလိုက်တာက ဆံဖြူအမျိုးသားရဲ့ အကြောင်းကို နောက်လူတစ်ယောက် တွေးနေစေချင်လို့ပါ။ ဒါမှ ဆံဖြူအမျိုးသားက ဟန်ကျွယ် အာရုံမစိုက်နိုင်တဲ့ အတောအတွင်းမှာ ရုတ်တရက်ကြီး စွမ်းအားကြီးမလာမှာပါ။
ဟန်ကျွယ်ဟာ ဆံဖြူအမျိုးသားက ဘယ်သူလဲဆိုတာကို အထူးတလည် မရှာဖွေချင်ပါဘူး။ ဆံဖြူအမျိုးသားကို ရှာဖွေမဲ့အစား ပိုပြီးတော့ စွမ်းအားကြီးအောင်ပဲ ကျင့်ကြံအားထုတ်ချင်ပါတယ်။
မူလလောကဦးရဲ့ စွဲလမ်းမှုက နက်ရှိုင်းလွန်းပါတယ်။ ဟန်ကျွယ်ကြောင့် မဟုတ်ရင်တောင် သူက အန္တိမမူလကမ္ဘာရဲ့ စွမ်းအားကြီး သွေးစည်းတွေကို မျက်စိကျလာပြီး နောက်ကျ သူ့ကိုတောင် ပစ်မှတ်ထားလာနိုင်ပါတယ်။
ဝိုးတိုးဝါးတား မျှော်လင့်ချက်လေး ရှိနေရင် မူလလောကဦးဟာ မျှော်လင့်ချက်မဲ့မှာ မဟုတ်ပါဘူး။
“ငါ အန္တိမမူလ နတ်ဘီလူး သွေးစည်းကို ဆင့်ကဲပြောင်းလဲနိုင်ရင် ငါ့နေရာ မင်းတို့ကို ပေးမယ်၊ ဒါပေမဲ့ မင်းတို့တွေ ဘယ်လောက်ကြာကြာ ခံနိုင်မှာလဲ၊ ငါ့ကို စိတ်မပျက်စေနဲ့” ဟန်ကျွယ်ဟာ တစ်ကိုယ်တည်း ရေရွတ်လိုက်ပါတယ်။
ဟန်ကျွယ် မူလလောကဦးကို သည်းခံတာက ဟန်ဟွမ်ကြောင့်ပါ။ လောကဦးနတ်ဘီလူးသုံးပါးက အသက်တစ်ခုတည်းမှာ ရှင်သန်နေကြတာပါ။ ဟန်ကျွယ်မှာ သူတို့ကို ပြန်ခွဲဖို့ နည်းလမ်းရှိရင်တောင် ဟန်ဟွမ်ကို အများကြီး ထိခိုက်စေနိုင်ပါတယ်။ ဘယ်လောက်တောင် ထိခိုက်စေနိုင်လဲဆိုရင် ဟန်ဟွမ်ရဲ့ စွမ်းအားက အနာဂတ်မှာ ထပ်တိုးလာတော့မှာ မဟုတ်ပါဘူး။
ဟန်ကျွယ်ဟာ တခြား ဖန်တီးရှင်တွေ ပေါ်လာတာကို ခွင့်ပြုနိုင်ပါတယ်။ ဒါပေမဲ့ ဒီတာအိုဖန်တီးရှင်တွေက သူ့ကလေးတွေဆို ပိုကောင်းပါတယ်။ အဲဒီမတိုင်ခင်တော့ သူ ဖန်တီးရှင်သခင်အဆင့်ကို ကျော်လွန်နိုင်ရပါမယ်။
အဲဒီနောက် ဟန်ကျွယ်ဟာ မျက်လုံးမှိတ်ပြီး ဆက်ကျင့်ကြံပါတယ်။
အချိန်ဟာ လျင်မြန်စွာ ကုန်ဆုံးသွားပါတယ်။ တစ်ဘီလီယံက မျက်တောင်တစ်ခတ်လိုပါပဲ။
ဟန်ကျွယ်ဟာ အသက် ၅.၄ ဘီလီယံ ရှိသွားပါတယ်။
ဟန်ကျွယ်ဟာ မျက်လုံးဖွင့်ပြီး ဗလာနယ်မြေကို ကြည့်လိုက်ပါတယ်။ ဒီအတောအတွင်း သက်ရှိအားလုံးရဲ့ အာရုံကို ဆွဲဆောင်နိုင်တဲ့ ကိစ္စတစ်ခု အဆုံးမဲ့ခေတ်မှာ ဖြစ်ပျက်သွားပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။