← Chapters

အန္တိမမူလကမ္ဘာရဲ့ စွမ်းအား

Vol. 113 Ch. 1180

အန္တိမမူလကမ္ဘာရဲ့ စွမ်းအား

Vol. 113 Ch. 1180

ကျောက်ရွှမ်ယွမ်ဟာ တာအိုကောင်းကင် တအံ့တဩဖြစ်သွားတဲ့ မျက်နှာကို ကြည့်ပြီး စိတ်ထဲမှာ ကျေနပ်သွားပါတယ်။ ကျောက်ရွှမ်ယွမ်ဟာ ကျန်းယီရဲ့နေရာကို ဝင်ယူပြီး အရင်တုန်းက သူတို့ နာမည်ကြီးခဲ့တာတွေကို စကြွားပါတယ်။

အဲဒီခေတ်က တာအိုဖန်တီးရှင်တွေ လူရှေ့မထွက်တဲ့ ခေတ်ပါ။ ‌ကျောက်ရွှမ်ယွမ်ရဲ့ လေသံက စိတ်လှုပ်ရှားဖို့ ကောင်းလွန်းတဲ့အတွက် တာအိုကောင်းကင်ရဲ့ သွေးတွေကို ဆူပွက်သွားစေပါတယ်။

ကျန်းယီဟာ ခေါင်းညိတ်လိုက်ပါတယ်။ ကျောက်ရွှမ်ယွမ်က ဟန်ကျွယ်လိုမျိုး ပုံပြောကောင်းတယ် မဟုတ်ပါလား။

စကားပြောဆိုရင်းနဲ့ ကျန်းယီဟာ ဖန်တီးရှင်က သူ့ကို ပြောခဲ့တဲ့ ပုံပြင်အကြောင်း ပြောပြပါတယ်။ ဒီတစ်ခါတော့ တာအိုကောင်းကင်ဟာ ကျန်းယီရဲ့ စကားကို လုံးလုံး မယုံပါဘူး။ တာအိုကောင်းကင်ဟာ ကျန်တာတွေကို ယုံပေမဲ့ ဒါကိုတော့ မယုံပါဘူး။

‘ဖန်တီးရှင်က ဆရာကို ပုံပြင်ပြောပြတယ် ဟုတ်လား၊ ဆရာက ဘယ်သူမလို့လဲ၊ ဆရာက ပထမဆရာရဲ့ နောက်လိုက်ခွေး မဟုတ်ဘူးလား’

တာအိုကောင်းကင်ဟာ ကျန်းယီရဲ့ စကားကို မယုံပေမဲ့ ထုတ်မပြောရဲပါဘူး။ ဆရာမျက်နှာ ရှိသေးတယ် မဟုတ်ပါလား။

ကျောက်ရွှမ်ယွမ်နဲ ကျန်းယီဟာ ပိုပိုစိတ်လှုပ်ရှားလာပြီး တာအိုအရှင်သခင်ကိုပဲ သူတို့စကားဝိုင်းထဲ ဆွဲထည့်ပါတော့တယ်။

“ဟမ်... ဘာပြောစရာ ရှိလို့လဲ၊ အရင်တုန်းက ငါ ဆရာသခင်ဖြစ်တဲ့ ဖန်တီးရှင်ကို သူ့ရဲ့ ပဋိပက္ခရုပ်ခန္ဓာ နိုးထအောင် ကူညီပေးခဲ့တယ်၊ အဲဒါ ဘာမှမဟုတ်ဘူး၊ ငါတို့နှစ်ယောက် ဆရာတပည့်လည်း ဟုတ်တယ်၊ မိတ်ဆွေရင်းချာလည်း ဟုတ်တယ်” တာအိုအရှင်သခင်က အေးစက်စွာ ပြောလိုက်ပါတယ်။

ဒီစကားကြောင့် တာအိုကောင်းကင်ဟာ တာအိုအရှင်သခင်ကို ပိုပြီးတော့ ကြည်ညိုလေးစာသွားပါတယ် ‘ပထမဆရာက အကောင်းဆုံးပဲ၊ ရိုးရိုးသားသားနဲ့ လက်ခံအောင်‌ ပြောနိုင်တယ်’

ဒီလိုနဲ့ တာအိုကောင်းကင်ဟာ တာအိုအရှင်သခင်တို့ သုံးယောက်ဘေးမှာ နေထိုင်ပြီး တံခါးပိတ် ကျင့်ကြံဖို့ ပြင်ဆင်ပါတယ်။

ဆူညံနေတဲ့ အဆုံးမဲ့‌ခေတ်ဟာ ထပ်ပြီးတော့ တိတ်ဆိတ်သွားပါတယ်။ ဒါပေမဲ့ ဒီတိတ်ဆိတ်မှုက ကြာကြာမခံပါဘူး။

အချိန်ဟာ တရွေ့ရွေ့ ကုန်ဆုံးသွားပါတယ်။

ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်တဲ့အခါ နောက်ထပ် နှစ်ဆယ်သန်း ကုန်ဆုံးသွားပါတယ်။ ဟန်ကျွယ်ဟာ သူ့အကျင့်အတိုင်း အကြောဆန့်လိုက်ပါတယ်။ ဖန်တီးရှင်သခင်ရဲ့ ခန္ဓာကိုယ်က ညောင်းညာကိုက်ခဲတာ မရှိပေမဲ့ ဒီလှုပ်ရှားမှုက ဟန်ကျွယ်ရဲ့စိတ်ကို ပြေလျော့စေပါတယ်။

ဒီအတောအတွင်း ဟန်ကျွယ်ဟာ အန္တိမမူလကမ္ဘာရဲ့ နိယာမတွေကို မြင့်မြင့်မားမား သုံးသပ် နားလည်နိုင်ခဲ့ပါတယ်။ ဒီသုံးသပ်နားလည်နိုင်မှုက စကားလုံးနဲ့ ဖော်ပြလို့မရပေမဲ့ အန္တိမမူလကမ္ဘာရဲ့ ဖွံ့ဖြိုးတိုးတက်မှုကိုကြည့်ရင် နားလည်နိုင်ပါတယ်။

လွန်ခဲ့တဲ့ တစ်ဘီလီယံမှာ အန္တိမမူလကမ္ဘာရဲ့ ကြီးထွားနှုန်းက ပြီးခဲ့တဲ့ နှစ်တွေ အားလုံးပေါင်းထက် အများကြီး သာလွန်ပါတယ်။ ဒီလိုသဘာဝမကျလွန်းတဲ့ ကျယ်ပြန့်နှုန်းက အဆုံးမဲ့ခေတ်မှာ ကြောက်ရွံ့မှုတွေ ဖြစ်ပေါ်လာစေပါတယ်။

စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါးက ဖြစ်နိုင်ခြေတစ်ခုကို ထောက်ပြပါတယ်။ အန္တိမမူလကမ္ဘာကလည်း အရင်တုန်းက ပဋိပက္ခလိုမျိုး တခြားမဟာတာအိုကမ္ဘာတွေကို ဝါးမျိုနိုင်တဲ့ ဖြစ်နိုင်ခြေပါ။

ဒီဖြစ်နိုင်ခြေက အဆုံးမဲ့ခေတ်ကို အုတ်အုတ်ကျက်ကျက် ဖြစ်သွားစေပါတယ်။ ဒီဟာက ဖြစ်နိုင်ခြေတစ်ခုပဲ ဆိုပေမဲ့ တကယ်ဖြစ်နေရင် ဘယ်နှယ့်လုပ်ကြမလဲ။

မဟာတာအိုကမ္ဘာတွေ ဖန်တီးထားတဲ့ မဟာတာအိုပညာရှိချုပ်တွေ အကြောက်ဆုံးပါ။ ဖန်တီးရှင်ရှေ့မှာ သူတို့နိုင်နိုင်ခြေ တစ်စက်ကလေးတောင် မရှိပါဘူး။

ဟန်ကျွယ်ဟာ သက်ရှိတွေရဲ့ အတွေးကို ဂရုမစိုက်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ခန့်မှန်းချက်က မှန်နေလို့ပါ။

ဟန်ကျွယ်ဟာ သက်ရှိအားလုံး သူ့ရန်သူ ဖြစ်လာရင်တောင် စိတ်မရှိပါဘူး။ ဟန်ကျွယ် အဲဒီအချိန်ကို မျှော်လင့်နေတာပါ။ ကိုယ်လက် လှုပ်ရှားလို့ရမယ် မဟုတ်ပါလား။

ဟန်ကျွယ်ရဲ့ သက်ရှိအားလုံးအပေါ် သဘောထားကြီးမှုက အန္တိမမူလကမ္ဘာမှာ သူတို့အတွက် နေရာတစ်ခု ချန်ထားတာပါ။

အန္တိမမူလကမ္ဘာက တားဆီးမရပါဘူး။

နောက်ဆုံးတော့ ဟန်ကျွယ်ဟာ နဝမပဋိပက္ခရဲ့လမ်းစဉ်ပေါ်ကို ရောက်လာပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ဟာ သူလျှောက်နေတဲ့လမ်းကို ဘယ်တုန်းကမှ သံသယ မဝင်ပါဘူး။ ဒါကြောင့်လည်း ဟန်ကျွယ်ဟာ နဝမပဋိပက္ခကို အသက်ရှင်ခွင့် ပေးထားတာပါ။

ဟန်ကျွယ်ရဲ့ သဘောထားကြီးမှုက ရန်သူကို လမ်းတစ်လမ်း ချန်ထားပေးပါတယ်။ နဝမပဋိပက္ခက တခြားတာအိုဖန်တီးရှင်တွေကို သတ်လို့မရလို့ မသတ်တာပါ။

ဟန်ကျွယ် ကျွန်ပြုထားတဲ့လူတွေကလည်း အကုန်လုံး ကောင်းကောင်းမွန်မွန် ရှိနေကြပါတယ်။ ဟန်ကျွယ်ဟာ သူတို့ကို တမင်တကာ မဖိနှိပ်ပါဘူး။

ပြီးခဲ့တဲ့ တာအိုဖန်တီးရှင်လေးပါးက သူတို့ဘာသာ အေးဆေး မကျင့်ကြံရဘဲ ပဋိပက္ခကို ကြီးကြပ်ဖို့ နဝမပဋိပက္ခကို ကူညီရပါတယ်။ ပဋိပက္ခသိစိတ်ဆိုရင် သူ့မဟာတာအိုကမ္ဘာကို ပဋိပက္ခက ဖိနှိပ်သွားတာ ထိုင်ကြည့်နေခဲ့ရပြီး ပဋိပက္ခနတ်မင်း ဖြစ်လာရပါတယ်။ ဟန်ကျွယ်ဟာ သူ့ကိုတောင် သနားမိပါတယ်။

ဒါပေမဲ့ အခုအချိန်မှာ ဒီကိစ္စတွေက အရေးမကြီးတော့ပါဘူး။

ဟန်ကျွယ်ဟာ အမြဲတမ်း သူ့ကိုယ်သူပဲ ယုံကြည်ပါတယ်။ ဒါကလည်း စွမ်းအားကြီးပုဂ္ဂိုလ် အကုန်လုံးရဲ့ အတွေးပါ။ မတူတာက စွမ်းအားကြီးတာ မကြီးတာပဲ ရှိပါတယ်။

ဟန်ကျွယ် ထင်ထားတဲ့အတိုင်းပဲ သူ့ကလေးတွေ တပည့်တွေ လာလည်ကြပါတယ်။ အကုန်လုံးက အပြင်ဘက်မှာ ဒူးထောက်နေကြပါတယ်။

ဟန်ကျွယ်ဟာ စာစောင်တွေ စစ်ဆေးရင်း သူတို့ကို အထဲဝင်ခွင့် ပေးလိုက်ပါတယ်။

ဟန်ထော်၊ ဟန်ဟွမ်၊ ဟန်လင်၊ ဟန်ယွင်ကျင်း၊ တာအိုအရှင်သခင်၊ လီတောက်ခုံး၊ မုရုံချီစတဲ့ လူနှစ်ဆယ်နီးပါး တစ်ခါတည်း ရောက်လာတာပါ။

ဟန်ကျွယ်ဟာ တည်တည်ငြိမ်ငြိမ်ပါပဲ။

လူတိုင်းဟာ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပါတယ်။ ပြီးတဲ့အခါမှာတော့ ဟန်ဟွမ်ဟာ အသက်အရှည်ကြီး ရှူပြီး မေးလိုက်ပါတယ် “အဖေ... အန္တိမမူလကမ္ဘာက တခြား မဟာတာအိုကမ္ဘာတွေကို ဝါးမျိုမှာလား”

ဟန်ကျွယ် “အကြီးကြီးဖြစ်သွားရင် ဝါးမျိုလိမ့်မယ်”

လူတိုင်း မျက်နှာပျက်သွားကြပါတယ်။

ဟန်ယွင်ကျင်းကတော့ အပေါ့ပါးဆုံးပါ။ သူ့မှာ မဟာတာအိုကမ္ဘာမှ မရှိတာ ပေါ့ပါးတာပေါ့။ ဟန်ကျွယ်ဆီ လာလည်တာကလည်း အပျော်လိုက်လာတာပါ။

တာအိုအရှင်သခင်က မေးလိုက်ပါတယ် “အဲဒါဆို ကျွန်တော်တို့ မဟာတာအိုကမ္ဘာတွေ ဘာလုပ်သင့်လဲ”

တခြားလူတွေလည်း ဟန်ကျွယ်ကို ကြည့်လိုက်ကြပါတယ်။ သူတို့အားလုံးဟာ တာအိုဖန်တီးရှင်တွေ ဖြစ်ချင်ကြပါတယ်။ သူတို့တွေဟာ ဟန်ကျွယ်ကို လေးစားပေမဲ့ သူတို့အတွက်လည်း သူတို့တွေးဖို့ လိုပါတယ်။

“အန္တိမမူလကမ္ဘာက မင်းတို့ရဲ့ မဟာတာအိုကမ္ဘာကို ဝါးမျိုရင် မင်းတို့တွေ အသစ်ပြန်ဖွင့်လှစ်လို့ ရတယ်၊ မင်းတို့ရဲ့ သက်ရှိတွေကတော့ ဘာမှ ဖြစ်မှာ မဟုတ်ဘူး၊ သူတို့တွေ အန္တိမမူလကမ္ဘာထဲ စုပ်ယူခံလိုက်ရရုံပဲ”

ဟန်ကျွယ်ဟာ ဘာမှမဟုတ်တဲ့ ကိစ္စတစ်ခုကို ပြောနေသလိုမျိုး အပြုံးနဲ့ ပြန်ဖြေလိုက်ပါတယ်။

ဒါပေမဲ့ လူတိုင်း စိုးရိမ်တကြီး ဖြစ်သွားကြပါတယ်။ သူတို့တွေ ဒီအခြေအနေထိ ရောက်လာဖို့က လွယ်တာ မဟုတ်ပါဘူး။ အကုန်လုံးကို ဘယ်သူက အစက ပြန်စချင်မှာလဲ။

ဟန်ဟွမ်က မေးလိုက်ပါတယ် “လောကဦးပဋိပက္ခက အန္တိမမူလကမ္ဘာနဲ့ ပေါင်းစပ်သွားရင် ကျွန်တော်ရဲ့ ကျင့်ကြံမှုက လျော့ကျသွားမှာလား”

“မလျော့ကျပါဘူး၊ ဒါပေမဲ့ မင်း လောကဦးပဋိပက္ခကို ပြန်ပြီးတော့ ဖန်တီးရလိမ့်မယ်” ဟန်ကျွယ်ဟာ အမှန်အတိုင်း ပြန်ဖြေပါတယ်။ သူ့ကလေးတွေ တပည့်တွေကို လိမ်လည်း မလိမ်သလို နှစ်လည်း မနှစ်သိမ့်ပါဘူး။

ဒါက အမှန်တရားပါ။

မုရုံချီ “ကျွန်တော်ရဲ့ မဟာတာအိုကမ္ဘာကို အန္တိမမူလကမ္ဘာနဲ့ ကြိုပြီးတော့ ပေါင်းစပ်လို့ရမလား၊ အဲဒီလိုဆိုတော့ အချိန်ကုန် သက်သာတာပဲ”

ဟန်ကျွယ်ဟာ တစ်ခဏ တွေးတောပြီး ပြောလိုက်ပါတယ် “ရတယ်၊ မင်းရဲ့ မဟာတာအိုကမ္ဘာက အန္တိမမူလကမ္ဘာနဲ့ နီးတယ်၊ မင်း တာအိုဖန်တီးရှင် ဖြစ်မလာခင် သေချာပေါက် ကြုံရမှာပဲ”

နေရအခက်ဆုံးကတော့ အန္တိမမူလကမ္ဘာနဲ့ အဝေးကြီးမှာရှိတဲ့ မဟာတာအိုကမ္ဘာတွေပါ။ သူတို့တွေမှာ အန္တိမမူလကမ္ဘာ သူတို့ရဲ့ မဟာတာအိုကမ္ဘာတွေကို ဝါးမမျိုခင် တာအိုဖန်တီးရှင် ဖြစ်လာဖို့ အခွင့်အရေး ရှိနိုင်သလို မရှိတာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။

လူတိုင်းမှာ ဘီလီယံချီကြာတဲ့ ကျင့်ကြံအားထုတ်မှုကို အလောင်းအစား လုပ်ရဲတဲ့သတ္တိ ရှိတာ မဟုတ်ပါဘူး။

ဟန်ထော်က မနေနိုင်ဘဲ မေးလိုက်ပါတယ် “အဖေ... အဖေ ဘာဖြစ်လို့ ဒီလိုလုပ်ရတာလဲ၊ ဒါ အရင်တုန်းက ပဋိပက္ခလိုပဲ မဟုတ်ဘူးလား၊ ပဋိပက္ခကို အဖေ ခွဲခြေခဲ့လို့ အဆုံးမဲ့ခေတ်ကို ရောက်လာရတာ၊ အဖေ ဘာဖြစ်လို့ သူ့လမ်းကို လျှောက်ရတာလဲ”

ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “ဒါက လျှောက်ကိုလျှောက်ရမဲ့ လမ်းပဲ၊ ကွာခြားချက်က မင်းတို့တွေ ပဋိပက္ခနဲ့ ပေါင်းစပ်လိုက်ရင် တာအိုဖန်တီးရှင် ဖြစ်မလာနိုင်ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ နဝမပဋိပက္ခက တာအိုဖန်တီးရှင် ဖြစ်နေလို့ပဲ၊ သူ့မဟာတာအိုကမ္ဘာမှာ သူနဲ့အဆင့်တူ ပေါ်လာဖို့ဆိုတာ မဖြစ်နိုင်ဘူး၊ ငါက နဝမပဋိပက္ခထက် စွမ်းအားပိုကြီးတယ်၊ မင်းတို့တွေ အန္တိမမူလကမ္ဘာနဲ့ ပေါင်းစပ်ရင်တောင် တာအိုဖန်တီးရှင် ဖြစ်လာနိုင်သေးတယ်”

“ဒီထက်မြင့်မားတဲ့ အဆင့်ရော... ကျွန်တော်တို့က အဖေ နောက်တစ်ဆင့်ကို ရောက်တဲ့အထိ စောင့်ရမှာလား” ဟန်ဟွမ်က မေးလိုက်ပါတယ်။ ဟန်ဟွမ်ဟာ တာအိုဖန်တီးရှင်အဆင့်ကို ကျော်တက်ဖို့ ပြင်ဆင်ထားပြီးပါပြီ။ ဒါပေမဲ့ ဟန်ဟွမ်ဟာ အန္တိမမူလကမ္ဘာက သူ့မဟာတာအိုကမ္ဘာကို ဝါးမျိုလိမ့်မယ်လို့ ထင်မထားခဲ့ပါဘူး။

ဟန်ကျွယ်ဟာ ဟန်ဟွမ်ကို ကြည့်လိုက်ပါတယ် “ဟုတ်တယ်၊ ငါ အဆင့်ထိုးဖောက်နိုင်မှ မင်းမှာ တာအိုဖန်တီးရှင်အဆင့်ကို ကျော်လွန်ဖို့ အခွင့်အရေး ရှိလိမ့်မယ်”

ဟန်ဟွမ်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။

တခြားတပည့်တွေလည်း တိတ်ဆိတ်သွားပါတယ်။

ဟန်ယွင်ကျင်း “အများကြီး မတွေးပါနဲ့... အစ်ကိုနှစ်က တာအိုဖန်တီးရှင် ဖြစ်ရုံပဲ ရှိသေးတာ၊ တာအိုဖန်တီးရှင်အဆင့်ကို ကျော်လွန်ချင်နေပြီလား၊ တခြားလူတွေက တာအိုဖန်တီးရှင် အဆင့်ကိုတောင် မထိနိုင်သေးဘူး၊ အဲဒီတော့ အန္တိမမူလကမ္ဘာနဲ့ အရင်ပေါင်းစပ်တာ ပိုကောင်းတယ်၊ တာအိုဖန်တီးရှင်က လူတိုင်း ဖြစ်နိုင်တာမှ မဟုတ်တာ၊ ဒီနေရာမှာရှိတဲ့လူ ဘယ်လောက်များ တာအိုဖန်တီးရှင် ဖြစ်လာနိုင်မှာလဲ၊ ကျွန်တော်ကတော့ တစ်ခါမှ မျှော်လင့်မထားဘူး”

ဟန်ဟွမ်ဟာ ဟန်ယွင်ကျင်းကို စိန်းစိန်ဝါးဝါး စိုက်ကြည့်လိုက်ပါတယ်။ တခြားတပည့်တွေလည်း အတူတူပါပဲ။

ဟန်ယွင်ကျင်းဟာ ဇက်ပုသွားပြီး တခြားလူတွေကို ရန်စမိမှာစိုးတဲ့အတွက် ဘာမှ ထပ်မပြောရဲတော့ပါဘူး။

ဟန်လင်က မေးလိုက်ပါတယ် “တခြားနည်းလမ်း မရှိဘူးလား”

ဟန်ကျွယ် “မရှိဘူး၊ ငါလည်း ကျင့်ကြံအားထုတ်ချင်တယ်၊ ငါ မင်းတို့ကို ကတိပေးနိုင်တာ တစ်ခုက ငါ့ရဲ့လက်ရှိအဆင့်ကို သေချာပေါက် ထိုးဖောက်မှာ၊ ဘယ်သူမှ ငါ့ကို မတားနိုင်ဘူး”

လူတိုင်း တိတ်ဆိတ်သွားပါတယ်။

အတန်ကြာသွားတဲ့အခါမှာတော့ သူတို့တွေဟာ တတိယ တာအိုစက်ကွင်းထဲကနေ ထွက်ခွာသွားကြပါတယ်။ ဟန်ကျွယ်ဟာ သူတို့ကို ဂရုမစိုက်ပါဘူး။ သူတို့တွေ သူ့ကို ဆန့်ကျင်ဖို့ ကြိုးစားလို့ရပါတယ်။

အဲဒီလိုဆိုရင် သူ့ရဲ့ ဖန်တီးရှင်သခင် စွမ်းအားကို ပြသဖို့ အခွင့်အရေး ရပါပြီ။

သူတို့တွေ သူ့ကို ယုံကြည်ပြီး အန္တိမမူလကမ္ဘာနဲ့ ပေါင်းစပ်မယ်ဆိုရင် ဘာပြဿနာမှ ရှိလာမှာ မဟုတ်ပါဘူး။ သူတို့တွေ မယုံကြည်တာလည်း ဖြစ်နိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ ရှုထောင့်ကနေ ကြည့်ရင် ဟန်ကျွယ် လုပ်နေတာက သူတို့ရဲ့ အနာဂတ်ကို တကယ် ဖျက်ဆီးပစ်တာပါ။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters