← Chapters

အုတ်မြစ်

Vol. 114 Ch. 1181

အုတ်မြစ်

Vol. 114 Ch. 1181

ဟန်ကျွယ် သူ့ကလေးတွေနဲ့ တပည့်တွေကို အမှန်အတိုင်း ပြောလိုက်ပေမဲ့ အဆုံးမဲ့ခေတ်ကိုတော့ ဘာမှ မသက်ရောက်စေပါဘူး။ သူတို့တွေဟာ ဟန်ကျွယ်ဆီကို ဘယ်တုန်းကမှ မလာခဲ့သလိုမျိုး အရင်တုန်းကအတိုင်း ပြန်ဖြစ်သွားကြပါတယ်။

နှစ်တစ်ထောင် ကြာတဲ့အခါမှာတော့...။

မုရုံချီဟာ သူ့မဟာတာအိုကမ္ဘာကို အန္တိမမူလကမ္ဘာနားဆီရွှေ့ပြီး ဝါးမျိုခံပါတယ်။ သူကိုယ်တိုင်လည်း မဟာတာအိုကမ္ဘာထဲမှာ စောင့်ပါတယ်။

သူ့မဟာတာအိုကမ္ဘာ ဝါးမျိုခံရတာနဲ့ မုရုံချီဟာ အန္တိမမူလ ကံတရား အထောက်အပံ့ကို အလိုအလျောက် ရရှိမှာပါ။ ဒါပေမဲ့ သူ့မဟာတာအိုကမ္ဘာကိုတော့ ပြန်ဖန်တီးရပါလိမ့်မယ်။

တာအိုအရှင်သခင်၊ ကျန်းယီနဲ့ ကျောက်ရွှမ်ယွမ်တို့လည်း နောက်ကနေ လိုက်လုပ်ပါတယ်။ သူတို့သုံးယောက်ဟာ သူတို့ရဲ့ မဟာတာအိုကမ္ဘာတွေကို အန္တိမမူလကမ္ဘာနား ရွှေ့ပြီး အန္တိမမူလကမ္ဘာကို ဝါးမျိုစေပါတယ်။

သူတို့ ဒီလိုလုပ်တာက အဆုံးမဲ့ခေတ်ရဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တွေကြားမှာ အုတ်အော်သောင်းနင်း ဖြစ်သွားစေပါတယ်။

ဒါက လုံးဝကို ရူးသွပ်တဲ့ကိစ္စပါ။

‘တိတ်ဆိတ်ဂိုဏ်းတပည့်တွေက ဖန်တီးရှင်ကို ဒီလောက်တောင် ရူးရူးမိုက်မိုက် သစ္စာရှိတာလား’

တစ်ချိန်တည်းမှာပဲ စွမ်းအားကြီးပုဂ္ဂိုလ်တွေဟာ အန္တိမမူလကမ္ဘာက မဟာတာအိုကမ္ဘာတွေကို ဝါးမျိုနိုင်လားဆိုတာ ကြည့်ချင်ပါတယ်။

နှစ်တစ်သိန်း မပြည့်ခင်မှာပဲ မုရုံချီရဲ့ မဟာတာအိုကမ္ဘာဟာ ကျယ်ပြန့်လာတဲ့ အန္တိမမူလကမ္ဘာ ဝါးမျိုတာကို ပထမဆုံး ခံလိုက်ရပါတယ်။ ဒီတစ်ကြိမ်မှာတော့ ကိုယ်ပိုင် မဟာတာအိုကမ္ဘာ ဖန်တီးထားတဲ့ စွမ်းအားကြီးပုဂ္ဂိုလ် အကုန်လုံး အထိတ်တလန့် ဖြစ်ကုန်ကြပါတယ်။

‘ငါတို့တွေ ဘာလုပ်ကြမလဲ၊ ငါတို့ ရင်ဆိုင်ရမှာက ဖန်တီးရှင်’

.....

လောကဦး ပဋိပက္ခ။

လောကဦးနတ်ဘီလူး သုံးပါးဟာ ခန်းမထဲမှာ စုဝေးနေပါတယ်။ ချူရှောင်ချီလည်း ရှိနေပါတယ်။ ခန်းမတစ်ခုလုံး တိတ်ဆိတ်နေပါတယ်။

ချူ‌ရှောင်ချီဟာ သူတို့သုံးယောက်ကို ကြည့်ပြီး တစ်ခုခုပြောချင်ပေမဲ့ ဘာပြောရမှန်း မသိပါဘူး။ အန္တိမမူလကမ္ဘာက တခြား မဟာတာအိုကမ္ဘာတွေကို ဝါးမျိုနိုင်တယ်လို့ ချူရှောင်ချီ သိလိုက်ရတဲ့အချိန်မှာ ပထမဆုံး တုံ့ပြန်မှုက မယုံကြည်တာပါ။ ဒါပေမဲ့ မုရုံချီရဲ့ မဟာတာအိုကမ္ဘာ ဝါးမျိုခံလိုက်ရတာကို ကြည့်ပြီး ချူရှောင်ချီရဲ့ ခံစားချက်တွေဟာ တော်တော်လေးကိုမှ ရှုပ်ထွေးသွားပါတယ်။

သူ့ဘိုးဘိုးကြောင့်သာ မဟုတ်ရင် ချူရှောင်ချီဟာ ဒီနေ့ ဒီနေရာကို ရောက်လာနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ချူရှောင်ချီဟာ သူ့မဟာတာအိုကမ္ဘာကို စွန့်လွှတ်ပြီး တစ်ကနေ ပြန်မစချင်ပါဘူး။ ချူရှောင်ချီဟာ နောက်ဆုံးမှာ တာအိုဖန်တီးရှင်ဆီ လျှောက်တဲ့လမ်းပေါ် တက်လှမ်းနိုင်ခဲ့ပါပြီ။ အစကနေ ပြန်စရမယ်ဆိုရင် မီဦးပါ့မလားဆိုတာကို ချူရှောင်ချီ မသိပါဘူး။

တာအိုဖန်တီးရှင် အရေအတွက်က အကန့်အသတ်မဲ့ မဟုတ်ဘူးလို့ ပြောကြတယ် မဟုတ်ပါလား။

ချူရှောင်ချီဟာ ဒီကိစ္စကို သိပြီးနောက်ပိုင်း ရင်ထဲမှာ ရုန်းကန်နေရပါတယ်။

ဟွမ်ဇွမ်တျန်က ပထမဆုံး ပြောလိုက်ပါတယ် “ထားလိုက်ပါတော့... ဖန်တီးရှင်နောက်ကို လိုက်တာ ပိုကောင်းတယ်၊ သာမန် တာအိုဖန်တီးရှင်တွေ အဆင့်ထိုးဖောက်ဖို့ဆိုတာ လွယ်တာ မဟုတ်ဘူး၊ ဖန်တီးရှင်ကို သံသယမဖြစ်ကြနဲ့၊ တခြား တာအိုဖန်တီးရှင်တွေကို ကြည့်လိုက်၊ အဲဒီ ဝိုးတိုးဝါးတား စွမ်းအားကြီးချင်မှုအတွက် ဖန်တီးရှင်ကို ဆန့်ကျင်တာ အမြော်အမြင်ရှိတာ မဟုတ်ဘူး”

ဟန်ဟွမ်ဟာ သက်ပြင်းချလိုက်ပါတယ်။

မူလလောကဦးဟာ သက်ပြင်းချလိုက်ပါတယ် “ဟုတ်တယ်၊ ငါ အခုထက်ထိ လောကဦးနတ်ဘီလူးထက် အရည်အချင်းပိုရှိတာကို ရှာမတွေ့သေးဘူး၊ ငါ့အထင် ဗလာနယ်မြေတစ်ခုလုံးမှာ လောကဦးနတ်ဘီလူးကို ဖိနှိပ်နိုင်တဲ့ အရည်အချင်းက ဖန်တီးရှင်ဆီမှာပဲ ရှိလိမ့်မယ်၊ ငါတို့တွေ ဖန်တီးရှင်ရဲ့ သွေးစည်းကို မီနိုင်မှာလား”

ဟန်ဟွမ်က မေးလိုက်ပါတယ် “အဲဒါဆိုရင် ငါတို့တွေ လောကဦးပဋိပက္ခကို ဝါးမျိုခံခိုင်းရမှာလား”

ဟွမ်ဇွမ်တျန် “တကယ်တော့ ငါတို့တွေ လောဖို့ မလိုပါဘူး၊ မင်းတို့တွေ မှတ်မိသေးလား၊ အစတုန်းက အန္တိမမူလကမ္ဘာက ပဋိပက္ခလောက် ကြီးတာ မဟုတ်ဘူး၊ ဒါပေမဲ့ ဖန်တီးရှင်က နဝမပဋိပက္ခကို ပြန်တိုက်နိုင်တယ်၊ ဒါကို ကြည့်ခြင်းအားဖြင့် ဖန်တီးရှင်သခင်အဆင့်က မဟာတာအိုကမ္ဘာနဲ့ မပတ်သက်ဘူးဆိုတာ သိသာတယ်၊ မဟာတာအိုကမ္ဘာက တာအိုဖန်တီးရှင်ကိုပဲ ကူညီနိုင်တာ၊ တာအိုဖန်တီးရှင်အဆင့်ကို ကျော်လွန်အောင် ကူညီနိုင်တာ မဟုတ်ဘူး”

မူလလောကဦးဟာ ခေါင်းညိတ်လိုက်ပါတယ်။

ဟန်ဟွမ်လည်း မျက်မှောင်တွေ ပြေလျော့သွားပါတယ်။

သူတို့တွေက သူ့ဘိုးဘိုးကို မဆန့်ကျင်တော့တာ တွေ့ရတဲ့အတွက် ချူရှောင်ချီဟာ စိတ်ထဲမှာ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပါတယ်။

“အကြံကောင်းပဲ၊ မဟာတာအိုကမ္ဘာတွေကို အဲဒီနေရာဆီ ချက်ချင်း ရွှေ့ရအောင်”

ဟန်ဟွမ်ဟာ ခေါင်းညိတ်လိုက်ပါတယ်။

ဒီလိုလုပ်တာ လောကဦးပဋိပက္ခ တစ်ခုတည်း မဟုတ်ပါဘူး။ တခြား မဟာတာအိုကမ္ဘာတွေလည်း စိတ်ကူးယဉ်ကြပါတယ်။ အဓိက အကြောင်းရင်းကတော့ သူတို့ရဲ့ မဟာတာအိုကမ္ဘာတွေက အန္တိမမူလကမ္ဘာနဲ့ အရမ်းဝေးတဲ့နေရာမှာ ရှိနေလို့ပါ။

.....

အန္တိမမူလကမ္ဘာထဲမှာ။

တာအိုအရှင်သခင်၊ ကျန်းယီ၊ ကျောက်ရွှမ်ယွမ်နဲ့ တာအိုကောင်းကင်တို့ဟာ သူတို့ရဲ့ မဟာတာအိုကမ္ဘာတွေကို ပြန်ဖန်တီးနေကြပါတယ်။ သူတို့တွေဟာ နောက်ကျရင် တစ်ယောက်ကို တစ်ယောက် ဂရုစိုက်လို့ရအောင် သူတို့ရဲ့ မဟာတာအိုကမ္ဘာတွေကို နီးနီးကပ်ကပ် ဖန်တီးကြပါတယ်။

တာအိုကောင်းကင်ဟာ မန္တန်သုံးရင်း မေးလိုက်ပါတယ် “ဆရာ... နောင်တရလား၊ ဆရာက အခု တာအိုဖန်တီးရှင်ဖြစ်ဖို့ ကြိုးစားနေတဲ့ ပထမအသုတ်ထဲမှာ မပါတော့ဘူး၊ ကျွန်တော်တို့တွေ အန္တိမမူလကမ္ဘာနဲ့ ဝေးဝေးနေရင် ဆရာက တာအိုဖန်တီးရှင် ဖြစ်လာကောင်း ဖြစ်လာနိုင်တယ်”

ကျောက်ရွှမ်ယွမ်ဟာ မျက်လုံးဖွင့်ပြီး ပြုံးလိုက်ပါတယ်။

“ဘယ်လိုလုပ်ပြီး အဲဒီလောက် လွယ်မှာလဲ၊ အန္တိမမူလကမ္ဘာထဲ ဝင်တာက ပိုမြန်တယ်လို့ ခံစားရတယ်၊ ဒီနေရာက တော်တော်လေး ခြားနားတာကို မခံစားမိဘူးလား”

တာအိုကောင်းကင်ဟာ ခေါင်းညိတ်ပြီး သက်ပြင်းချလိုက်ပါတယ် “ဒီနေရာရဲ့ စိတ်ဝိညာဉ်ချီက ပေါကြွယ်ဝလွန်းတယ်၊ မကျင့်ကြံဘဲနဲ့တောင် ဆက်တိုက် စွမ်းအားကြီးလာနိုင်တယ်လို့ ခံစားရတယ်”

ကျန်းယီဟာ မျက်လုံးမဖွင့်ဘဲ ပြောလိုက်ပါတယ် “ဟွန်း... အန္တိမမူလကမ္ဘာနဲ့ ပထမဆုံး ပေါင်းစပ်တာက အမြော်အမြင်ရှိတဲ့လုပ်ရပ်ပဲ၊ နောက်မှ ရောက်လာတဲ့လူတွေက သေချာပေါက် ဖိနှိပ်ခံရမှာ၊ ဘယ်လောက်တောင် ရယ်ဖို့ကောင်းလိုကလဲ၊ ငါ သူတို့တွေ ဘာတွေးနေလဲဆိုတာကို စဉ်းစားလို့ကို မရဘူး”

တာအိုအရှင်သခင်က အပြုံးနဲ့ ပြောလိုက်ပါတယ် “သူတို့တွေ မမြင်တာ မဟုတ်ဘူး၊ သူတို့တွေက ရည်မှန်းချက် ကြီးလွန်းတာ”

သူတို့ရှေ့က ခဲနေတဲ့ ကမ္ဘာသုံးခုက ပိုပိုကြီးလာပါတယ်။

ဒီအချိန်မှာပဲ သူတို့နောက်မှာ လူတစ်ယောက် ပေါ်လာပါတယ်။ ရှကျဲ့မျိုးနွယ်စုခေါင်းဆောင် ဟန်ယိုပါ။ ဟန်ယိုဟာ တာအိုအရှင်သခင်တို့ဆီ လျှောက်သွားရင်း အပြုံးနဲ့ ပြောလိုက်ပါတယ် “မတွေ့ရတာ ကြာပြီနော်၊ အန္တိမမူလကမ္ဘာကနေ ကြိုဆိုပါတယ်၊ နောက်ကျလို့ လိုအပ်တာရှိရင် အချိန်မရွေး လာရှာလို့ရတယ်”

တာအိုအရှင်သခင်တို့ သုံးယောက်ဟာ လှည့်ကြည့်လိုက်တဲ့အခါ ဟန်ယိုကို တွေ့လိုက်ရတဲ့အတွက် ပြုံးလိုက်ပါတယ်။

“ငါက မင်း ဘယ်ရောက်သွားလဲလို့ တွေးနေတာ၊ မင်းက ဒီကို ရောက်နေတာကိုး” ကျောက်ရွှမ်ယွမ်က တအံ့တဩ ပြောလိုက်ပါတယ်။

တာအိုအရှင်သခင်တို့ သုံးယောက်ဟာ အန္တိမမူလကမ္ဘာထဲမှာ မိတ်ဆွေဟောင်းကို တွေ့လိုက်ရတဲ့အတွက် ဝမ်းသာပျော်ရွှင်သွားပါတယ်။

တာအိုကောင်းကင်ကတော့ တော်တော် ရင်ထိတ်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဟန်ယိုရဲ့ ရောင်ဝါက သိမ်မွေ့နက်နဲပြီး မဟာတာအိုပညာရှိချုပ်ဖြစ်တဲ့ သူ့ကို စိတ်လေးစေလို့ပါ။

‘အန္တိမမူလကမ္ဘာက တကယ်ကို အရည်အချင်းရှိတဲ့လူတွေနဲ့ ပြည့်နေတာပဲ၊ ငါတို့ရောက်ရုံ ရှိသေးတယ်၊ ငါ့ဆရာတွေထက် မနိမ့်ကျတဲ့ တည်ရှိမှုကို တန်းတွေ့တာပဲ’

ဟန်ယိုဟာ တာအိုအရှင်သခင်တို့နဲ့ တစ်ခဏ တရင်းတနှီး စကားပြောပြီးနောက် နှုတ်ဆက်ကာ ထွက်ခွာသွားပါတယ်။

တခြားတစ်ဖက်မှာတော့ မုရုံချီဟာ သူ ပြန်ဖန်တီးထားတဲ့ မဟာတာအိုကမ္ဘာမှာနေပြီး အသက်ဓာတ် နတ်ဘီလူးနဲ့ တာအိုဆွေးနွေးပါတယ်။ နှစ်ယောက်စလုံးက နတ်ဘီလူးတွေဆိုတော့ ပြောစရာအကြောင်းတွေ အများကြီးပါ။

အန္တိမမူလကမ္ဘာထဲ ဝင်လိုက်တဲ့ တပည့်လေးယောက်လုံးက အဆင်ပြေနေကြပါတယ်။ သူတို့လေးယောက်ဟာ သူတို့ရဲ့ ဆုံးဖြတ်ချက် မှန်ကန်တာကို ဝမ်းသာနေကြပါတယ်။

တတိယ တာအိုစက်ကွင်း။

ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ အသက် ၇.၄ ဘီလီယံ ရှိသွားပါပြီ။ အခုအချိန်မှာ ဟန်ကျွယ် တံခါးပိတ်ကျင့်ကြံတိုင်း တစ်ဘီလီယံ ကြာပါတယ်။ ဟန်ကျွယ်ဟာ အချိန်ကုန်တာ မြန်လွန်းတယ်လို့ ခံစားလိုက်ရပါတယ်။

ဒါပေမဲ့ မြန်တာလည်း ကောင်းပါတယ်။ ဟန်ကျွယ်က အချိန်က အဓိပ္ပာယ်မရှိတော့ပါဘူး။

ဟန်ကျွယ်ဟာ ပထမဆုံး အန္တိမမူလကမ္ဘာကို ကြည့်လိုက်ပါတယ်။ တာအိုအရှင်သခင်တို့ သုံးယောက်နဲ့ မုရုံချီဟာ အဆင်ပြေနေကြပါတယ်။ သူတို့တွေ ပြန်ဖန်တီးထားတဲ့ မဟာတာအိုကမ္ဘာတွေကလည်း သူတို့ရဲ့ ပြီးခဲ့တဲ့ အခြေအနေကို ခပ်မြန်မြန်ပဲ လိုက်မီလာပါတယ်။

အန္တိမမူလကမ္ဘာထဲမှာ အထွတ်အထိပ် နိယာမ ၃၀ ကျော် ရှိပါတယ်။ နိယာမ ပေါကြွယ်ဝမှုက မဟာတာအိုကမ္ဘာ ခဲတဲ့နေရာမှာ ကူညီပေးနိုင်ပါတယ်။ ဒီနှုန်းအတိုင်းဆက်သွားရင် သူတို့လေးယောက်က ကျန်တဲ့လူတွေကို ကျော်တက်သွားမှာပါ။

သူတို့တွေက အနာဂတ် တာအိုဖန်တီးရှင်တွေပါ။ တာအိုအရှင်သခင်တို့ သုံးယောက်ကလည်း ကောင်းကင်တာအိုရဲ့ ပဋိပက္ခရုပ်ခန္ဓာ ရှိပါတယ်။ သူတို့ရခဲ့တဲ့ အခွင့်အရေးမျိုးစုံကိုပါ ပေါင်းလိုက်ရင် သူတို့ရဲ့ အရည်အချင်းက သက်ရှိအားလုံး မော့ကြည့်ရမဲ့ အရာတစ်ခုပါ။ မုရုံချီကလည်း ပဋိပက္ခနတ်ဘီလူးပါ။

သူတို့အရည်အချင်းက လောကဦးနတ်ဘီလူးကို မမီပေမဲ့ တခြား တာအိုဖန်တီးရှင်တွေရဲ့ အရည်အချင်းကလည်း သူတို့ကို မမီပါဘူး။

ဟန်ကျွယ်ရဲ့ အကြည့်ဟာ တုကူးဝူဆီ ရောက်သွားပါတယ်။ တုကူးဝူဟာ အန္တိမမူလကမ္ဘာထဲမှာ ပထမဆုံး တာအိုဖန်တီးရှင် ဖြစ်လာမဲ့သူပါ။ ဟန်ကျွယ်ရဲ့ မဟာတာအိုကနေ ဖြစ်တည်လာတဲ့ အသက်ဓာတ် နတ်ဘီလူးက အန္တိမမူလကမ္ဘာရဲ့ ဖြစ်တည်မှု မဟုတ်ပါဘူး။ အဲဒါကြောင့် အန္တိမမူလကမ္ဘာထဲမှာ တုကူးဝူရဲ့ အရည်အချင်းက အထက်မြက်ဆုံးပါ။ သူက လောကဦးနတ်ဘီလူးထက်တောင် ပိုပြီးတော့ အရည်အချင်း ရှိပါတယ်။

အသက်ဓာတ် နတ်ဘီလူးကတော့ ပဥ္စမ အထွတ်အထိပ် နိယာမမှာ တစ်နေပြီး တုကူးဝူ ကျော်တက်တာကို ခံလိုက်ရပါတယ်။

အသက်ဓာတ် နတ်ဘီလူးထက်စာရင် ဟန်ကျွယ်ဟာ တုကူးဝူကို ပိုပြီးတော့ မျှော်လင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တုကူးဝူရဲ့ နောက်ဆုံးနေရာက အန္တိမမူလကမ္ဘာရဲ့ အုတ်မြစ်က ဘယ်လောက်နက်လဲဆိုတာကို ကိုယ်စားပြုနေလို့ပါ။

အခုအချိန်မှာ ဟန်ကျွယ်ဟာ တုကူးဝူအတွက် စိုးရိမ်စရာ မလိုတော့ပါဘူး။ တုကူးဝူဟာ တာအိုဖန်တီးရှင် ဖြစ်လာဖို့ ကြိုးစားတဲ့လမ်းမှာ ဘာအပိတ်အဆို့မှ မတွေ့ရပါဘူး။ အကုန်လုံး အဆင်ပြေ ချောမွေ့နေပါတယ်။

ဟန်ကျွယ်ဟာ စာစောင်တွေကို စပြီးတော့ စစ်ဆေးပါတယ်။ ဒီစာစောင်တွေက လွန်ခဲ့တဲ့ နှစ်တစ်ဘီလီယံမှာ ဘာတွေ ဖြစ်ပျက်ခဲ့လဲဆိုတာကို မှတ်တမ်းတင်ထားပါတယ်။ ဟန်ကျွယ်ဟာ တစ်ခုခု ဖြစ်ပါစေဆိုတဲ့ မျှော်လင့်ချက်နဲ့ စာစောင်တွေကို စိတ်ဝင်တစား ဖတ်ရှုပါတယ်။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters