← Chapters

နတ်အခွင့်အာဏာ ပေးအပ်ခြင်း

Vol. 114 Ch. 1182

နတ်အခွင့်အာဏာ ပေးအပ်ခြင်း

Vol. 114 Ch. 1182

[သင့်တပည့် ဂျိရှင်းရှန်သည် မူလ ကာလဒေသကို သုံးသပ်နားလည်ပြီး အချိန်-အာကာသ အသွင်ကို ဖန်တီးလိုက်၏။]

[သင့်သမီး ဟန်လင်သည် သာလွန်တည်ရှိမှုတစ်ခု၏ လမ်းညွှန်မှုကြောင့် ကျင့်ကြံမှု တိုးတက်သွာ၏။]

[သင့်မြေး ဟန်လျန်သည် သာလွန်တည်ရှိမှုတစ်ခု၏ လမ်းညွှန်မှုဖြင့် တတိယ အထွတ်အထိပ် နိယာမကို ဖန်တီးပြီး ကျင့်ကြံမှုများစွာ တိုးတက်သွား၏။]

[သင့်မိတ်ဆွေ အန္တိမဒဏ်ခတ်နတ်မင်းသည် သင့်ရန်သူ လောကဦး ဘိုးဘေးနတ်ဘုရား တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။]

[သင့်မိတ်ဆွေ လီတောက်ခုံးသည် သူ့ဝိညာဉ်ကို ဓားတာအိုထဲသို့ သန့်စင်ပြီး အနှိုင်းမဲ့နတ်မင်း ဖြစ်လာရန်အတွက် မဟာတာအိုကမ္ဘာနှင့် ပေါင်းစပ်လိုက်သည်။]

[သင့်မျိုးဆက် ဟန်ယဲ့သည် သတ်ဖြတ်ခြင်း အကျဉ်းထောင်ကို တည်ထောင်လိုက်သဖြင့် ကံတရား အထောက်အပံ့ လျော့ကျသွား၏။]

[သင့်မိတ်ဆွေ မင်လင်းမယ်တော်သည် အနှိုင်းမဲ့ကမ္ဘာသို့ ဝင်ရောက်ပြီး ကံပြောင်းလဲသွား၏။]

[သင့်မိတ်ဆွေ နဝမပဋိပက္ခသည် ဗလာနယ်မြေနှင့် အခြေခံ နိယာမ တစ်စွန်းတစ်စကို သုံးသပ်နားလည်သွားသည်။]

.....

ဒီနှစ်တွေမှာ ဟန်ကျွယ် ရထားတဲ့ စာစောင်တွေက တိုက်ခိုက်မှု သိပ်မပါပါဘူး။ အထူးသဖြင့် တာအိုအရှင်သခင်တို့ သုံးယောက် အန္တိမမူလကမ္ဘာထဲ ဝင်လာပြီးနောက် ဆက်တိုက် တိုက်ခိုက်တာက မရှိသလောက် ရှားသွားပါတယ်။

ဟန်ကျွယ်ဟာ ဥပဒေသတ်မှတ်တဲ့ ဧကရာဇ်လိုပါပဲ။ စာစောင်တွေကို တစ်စောင်ချင်း ဖတ်ပြီး သူ့မိတ်ဆွေတွေကို စိတ်ထဲကနေ မှတ်ချက်ပေးပါတယ်။ ဒီမှတ်ချက်တွေကိုတော့ ဟန်ကျွယ်ဟာ သူ့စိတ်ထဲမှာ ဝှက်ထားပါတယ်။

စာစောင်တွေကို ဖတ်ပြီးနောက် ဟန်ကျွယ်ဟာ ရုတ်တရက်ဆိုသလို အကြံတစ်ခု ရသွားပါတယ်။

‘ငါ နဝမပဋိပက္ခရဲ့ ပဋိပက္ခနတ်မင်းတွေလိုမျိုး နတ်ဘုရားတချို့ကို ထောက်ပံ့ရင် ကောင်းမလား... ကောင်းတယ်၊ ပျော်စရာ ကောင်းတာပေါ့’

ဟန်ကျွယ်ဟာ ချက်ချင်းပဲ ဟန်လင်နဲ့ လီတောက်ခုံးဆီ အသံလွှင့်စကား ပို့လိုက်ပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ ဟန်လင်နဲ့ လီတောက်ခုံးကို တာအိုဘုံကျောင်းထဲ ရွှေ့လိုက်ပါတယ်။

ဟန်လင်နဲ့ လီတောက်ခုံးဟာ ဟန်ကျွယ်ကို တွေ့တာနဲ့ ချက်ချင်း ဒူးထောက်လိုက်ပါတယ်။

“ဖေဖေ့ကို ဂါရဝပြုပါတယ်”

“ဖန်တီးရှင်ကို ဂါရဝပြုပါတယ်”

ဟန်လင်က ဘာမှမဖြစ်ပေမဲ့ လီတောက်ခုံးကတေ့ နည်းနည်း စိတ်လှုပ်ရှားနေပါတယ်။ လီတောက်ခုံးဟာ ဟန်ကျွယ်ရဲ့ ပင်မခန္ဓာကိုယ်ကို မတွေ့ရတာ နှစ်ဘီလီယံချီ ကြာသွားပြီမလို့ ဟန်ကျွယ်နဲ့ တွေ့ဆုံဖို့ အမြဲတမ်း မျှော်လင့်နေခဲ့တာပါ။

နောက်ပြီး ဟန်ကျွယ်က အကြောင်းမရှိဘဲ သူ့ကို မခေါ်ဘူးဆိုတာ လီတောက်ခုံး သိနေပါတယ်။

ဟန်ကျွယ်ဟာ ဟန်လင်နဲ့ လီ‌တောက်ခုံးကို တစ်ခဏ အကဲခတ်ပြီးနောက် အပြုံးနဲ့ ပြောလိုက်ပါတယ် “ငါ မင်းတို့ကို နတ်အခွင့်အာဏာ ပေးအပ်ပြီး အဆုံးမဲ့ခေတ်ရဲ့ နတ်ဘုရားလုပ်ခိုင်းဖို့ စီစဉ်ထားတယ်၊ လင်အာ... သမီးက ဖွဲ့စည်းပုံကို ကြီးကြပ်ရမယ်၊ လီတောက်ခုံး... မင်းကတော့ သတ်ဖြတ်တာကို အာရုံစိုက်ရလိမ့်မယ်၊ မင်းတို့နှစ်ယောက်က နောက်ကျရင် အဆုံးမဲ့ခေတ်ရဲ့ နတ်ဘုရားတွေပဲ”

ဟန်ကျွယ်ရဲ့ စကားအဆုံးမှာ ဟန်လင်နဲ့ လီတောက်ခုံးရဲ့ ခန္ဓာကိုယ်ကနေ နတ်အလင်းရောင်တွေ ဖြာထွက်လာပါတယ်။ ဟန်လင်နဲ့ လီတောက်ခုံးဟာ သူတို့ခန္ဓာကိုယ်ထဲက စွမ်းအားကို အာရုံခံမိတဲ့အတွက် ကျေနပ်အံ့အားသင့်သွားကြပါတယ်။

ဒီစွမ်းအားက စကားလုံးနဲ့ ဖော်ပြလို့ မရပေမဲ့ လွန်လွန်ကဲကဲကို စွမ်းအားကြီးလွန်းပါတယ်။ အရာအားလုံးကို လုပ်နိုင်တယ်လို့တောင် ဟန်လင်နဲ့ လီတောက်ခုံးကို ခံစားသွားရစေပါတယ်။

အအံ့ဩဆုံးကတော့ ဟန်လင်ပါ။ ဟန်လင်ဟာ တာအိုဖန်တီးရှင်ဖြစ်တဲ့ လမ်းပေါ်ကို ရောက်နေပြီမလို့ သူ့အဖေနဲ့ သိပ်မဝေးတော့ဘူးလို့ ထင်ထားခဲ့တာပါ။ ဒါပေမဲ့ သူ့အဖေ သာမန်ကာလျှံကာ ပေးလိုက်တဲ့ နတ်အခွင့်အာဏာက ထင်မှတ်ထားမရလောက်အောင်ကို စွမ်းအားကြီးလွန်းနေပါတယ်။

ဟန်လင်နဲ့ လီတောက်ခုံးဟာ ဟန်ကျွယ်ကို စိတ်လှုပ်တရှား ကြည့်လိုက်ကြပါတယ်။ ဟန်ကျွယ်ဟာ လက်ဝှေ့ယမ်းပြီး သူတို့နှစ်ယောက်ကို ပြန်ပို့လိုက်ပါတယ်။

ဟန်ကျွယ်ဟာ ဒီအကြောင်းကို သက်ရှိတွေသိအောင် မကြော်ငြာပါဘူး။ ဟန်လင်နဲ့ လီတောက်ခုံးကို သူတို့ဘာသာသူတို့ သက်သေပြခိုင်းပါတယ်။

ဟန်ကျွယ်ရဲ့ စွမ်းအားကို ရသွားတာမလို့ တာအိုဖန်တီးရှင်တွေတောင် ဟန်လင်နဲ့ လီတောက်ခုံးကို ဘာမှလုပ်နိုင်မှာ မဟုတ်ပါဘူး။ ဟန်လင်နဲ့ လီတောက်ခုံးက တာအိုဖန်တီးရှင်တွေ မဟုတ်ပေမဲ့ တာအိုဖန်တီးရှင်နဲ့ ယှဉ်နိုင်တဲ့ တည်ရှိမှုတွေပါ။

ဒါက ဖန်တီးရှင်သခင်ရဲ့ အစွမ်းအထက်ဆုံး စွမ်းအားပါ။ ဖန်တီးရှင်သခင်ဟာ တာအိုဖန်တီးရှင်ထက် စွမ်းအားကြီးရုံသာမက နတ်အခွင့်အာဏာကို ထိန်းချုပ်ပြီး နိယာမတွေ သတ်မှတ်နိုင်ပါတယ်။

ဖန်တီးရှင်သခင်ရဲ့ ရှေ့မှောက်မှာ အရာအားလုံးကို အဓိပ္ပာယ်ဖွင့်ဆိုနိုင်သလို ပယ်ဖျက်ပစ်လို့လည်း ရပါတယ်။

ဟန်ကျွယ်ဟာ သူ့ရဲ့ ရုတ်တရက် ထွက်လာတဲ့ အကြံကို တော်တော် ကျေနပ်ပါတယ်။ အဆုံးမဲ့ခေတ်က ပိုပြီးတော့ စိတ်ဝင်စားဖို့ ကောင်းလာတော့မယ် မဟုတ်ပါလား။

လက်ရှိ အဆုံးမဲ့ခေတ်က တည်ငြိမ်လွန်းပါတယ်။ မဟာတာအိုပညာရှိတွေတောင် ဘယ်သူက တာအိုဖန်တီးရှင် ဖြစ်လာနိုင်လဲဆိုတာ ပြောနိုင်ပါတယ်။ ထိပ်ဆုံးမှာ ရှိနေတဲ့လူတွေလည်း သေဖို့ ခက်ပါတယ်။

လူတန်းစားတစ်ရပ် ပေါ်နေပြီး သူတို့က အရာအားလုံးကို ချုပ်ကိုင်ထားပါတယ်။ တစ်ယောက်ယောက်ကသာ ဒီချုပ်ကိုင်မှုကို ချိုးဖျက်နိုင်ရင် အဆုံးမဲ့ခေတ်က ပိုပြီးတော့ သက်ဝင် လှုပ်ရှားလာမှာပါ။

ဟန်ကျွယ်ဟာ ဘာမှမလုပ်ဘဲလည်း နေလို့ရပါတယ်။ အကုန်လုံးက သူ့စိတ်ပေါ် မူတည်ပါတယ်။ ပြိုင်ဘက်ကင်းပုဂ္ဂိုလ်ရဲ့ ရှင်သန်မှုက သူ့အပေါ်မှာပဲ မူတည်ပါတယ်။

ဟန်ကျွယ် လိုချင်တာက တည်ရှိမှုအားလုံးရဲ့ မသိကိန်း ဖြစ်ချင်တာပါ။ ဘယ်သူမှ ဖန်တီးရှင်ရဲ့ အတွေးကို မခန့်မှန်းနိုင်မှ ဖန်တီးရှင်ရဲ့ စွမ်းအားကို မသိမှ အရာအားလုံးက တန်ဖိုးရှိမှာပါ။

သေမျိုးတွေရဲ့ ဘဝလို မသိကိန်းတွေ ပြည့်နေမှ ဘဝက မတူခြားနားပြီး တန်ဖိုးရှိတာပါ။ ဒီလို မတူညီတဲ့ဘဝတွေ ကမ္ဘာတစ်ခုမှာ စုစည်းတဲ့အခါ လူအဖွဲ့အစည်း ဖြစ်လာပါတယ်။

ဟန်ကျွယ်ဟာ အရာရာတိုင်းကို မသိကိန်းတွေနဲ့ ဖြည့်နိုင်တဲ့ အစွမ်းအစ ရှိပါတယ်။ သူ့ရဲ့ စွန့်ပစ်မှုကို ခံရမဲ့ ဖြစ်နိုင်ခြေက ရက်စက်တယ်ဆိုပေမဲ့ အခက်အခဲတွေရှိမှ အောင်မြင်မှုဆိုတာ ရှိလာမှာပါ။

ဟန်ကျွယ်ဟာ သူ သေမျိုးကမ္ဘာဆီ လွှင့်ပစ်ထားတဲ့ နတ်အခွင့်အာဏာ စနစ်ကို ကြည့်လိုက်ပါတယ်။ နတ်အခွင့်အာဏာ စနစ်ပိုင်ရှင်က နှစ်ပေါင်းဘီလီယံချီမှာ လူတစ်သိန်းကျော် ပြောင်းလဲသွားပါပြီ။ အခုလက်ရှိ နတ်အခွင့်အာဏာ စနစ်ပိုင်ရှင်က နောက်ဆုံးမှာ မဟာတာအိုပညာရှိ ဖြစ်သွားပါပြီ။

သူ့နာမည်က ရွှီချိုတောက်ပါ။ ရွှီချိုတောက်က တာအိုကို ရှာဖွေဖို့ မွေးဖွားလာတဲ့ နောက်ထပ် ဟန်ကျွယ်တစ်ယောက်လို့ ပြောလို့ရပါတယ်။ ရွှီချိုတောက်ဟာ ရေစက်နည်းနည်းလေးပဲ ရှိပြီး ပြဿနာတက်တိုင်း ပုန်းအောင်းပါတယ်။ ရွှီချိုတောက်ဟာ သူ့ကိုယ်သူပဲ အာရုံစိုက်ပါတယ်။ တာအိုလက်တွဲဖော်တောင် မထားပါဘူး။

ရွှီချိုတောက်က လောလောဆယ် လောကဦးပဋိပက္ခထဲမှာပါ။ လောကဦး နတ်ဘီလူးသုံးပါးဟာ တစ်ခါက သူတို့တွေ ရှာဖွေခဲ့တဲ့ အခွင့်အရေးက သူတို့ရဲ့ မဟာတာအိုကမ္ဘာထဲမှာ ရောက်နေလိမ့်မယ်လို့ ဘယ်တုန်းကမှ မျှော်လင့်ထားခဲ့မှာ မဟုတ်ပါဘူး။

လောကဦး နတ်ဘီလူးသုံးပါးဟာ တာအိုဖန်တီးရှင် ဖြစ်လာပြီးနောက်ပိုင်း လူရှေ့ သိပ်မထွက်တော့ပါဘူး။ အဲဒါကြောင့်လည်း သူတို့တွေ ရွှီချိုတောက်ကို ရှာမတွေ့တာပါ။

နောက်ကျရင် လောကဦးပဋိပက္ခထဲက လူအများကြီး မဟာတာအိုပညာရှိချုပ်တွေ ဖြစ်လာမှာပါ။ ဒီတော့ သူတို့တွေ မဟာတာအိုပညာရှိချုပ်တိုင်းကို အာရုံစိုက်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ အနာဂတ် တာအိုဖန်တီးရှင်ကိုတော့ သူတို့တွေ မတွက်ချက်နိုင်ပါဘူး။

သူတို့တွက်ချက်နိုင်တာက ဘယ်သူတွေ မဟာတာအိုပညာရှိချုပ် ဖြစ်လာမလဲဆိုတာပါ။ ဘယ်သူတွေ တာအိုဖန်တီးရှင် ဖြစ်လာမလဲဆိုတာတော့ သူတို့တွေ မတွက်ချက်နိုင်ပါဘူး။

“ရွှီချိုတောက်... ရွှီချိုတောက်... ငါ မင်းကို ဓားတစ်ချောင်း ဖြစ်ခိုင်းမယ်၊ ဘယ်လိုဓားလဲဆိုတော့ တည်မြဲနေတဲ့ အရာအားလုံးကို ထက်ခြမ်းခွဲပြီး အဆုံးမဲ့ခေတ်ဆီ မသိကိန်းတွေ ဆောင်ယူလာမဲ့ဓားပဲ” ဟန်ကျွယ်ဟာ တစ်ဦးတည်း ရေရွတ်ပြီး ဖန်တီးရှင်စုတ်တံကို ထုတ်ယူကာ ညင်သာစွာ ဝှေ့ယမ်းလိုက်ပါတယ်။

တစ်ချိန်တည်းမှာပဲ လောကဦးပဋိပက္ခ၊ မဟာကမ္ဘာ၊ အင်မော်တယ်ကမ္ဘာ။

တာအိုဘုံကျောင်းထဲမှာ တံခါးပိတ်ကျင့်ကြံနေတဲ့ ရွှီချိုတောက်ဟာ တစ်စုံတစ်ခုကို ရုတ်တရက် အာရုံခံမိလိုက်တာကြောင့် မျက်လုံး ဖွင့်ကြည့်လိုက်ပါတယ်။ ရွှီချိုတောက်ဟာ သူ့လက်တွေကို ကြည့်ပြီး စိတ်လှုပ်တရှား ပြောလိုက်ပါတယ် “ငါ နားလည်ပြီ... ငါ နားလည်ပြီ”

ရွှီချိုတောက်ဟာ ခပ်တိုးတိုး မေးလိုက်ပါတယ် “စနစ်... ငါ မဟာတာအို အထွတ်အထိပ် အဆင့်ဆီ ရောက်နိုင်တဲ့ ကျင့်စဉ်ကို ဖန်တီးလိုက်တာလား”

[သက်တမ်း တစ်သန်း ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]

ဆက်တွက်မယ်။

ရွှီချိုတောက်ဟာ သူ့ရှေ့က စာကြောင်းကို ကြည့်ရင်း ဆက်တွက်ဖို့ ရွေးချယ်လိုက်ပါတယ်။

[မှန်ပါသည်။]

ရွှီချိုတောက်ဟ ပိုပြီးတော့ စိတ်လှုပ်ရှားသွားပါတယ် ‘ငါ့ခန့်မှန်းချက်က တကယ်ကို မမှားဘူးပဲ၊ ငါက နတ်အခွင့်အာဏာ စနစ်ရဲ့ ကူညီမှု မရှိရင်တောင် ပါရမီရှင် ဖြစ်နေတုန်းပဲ၊ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် ရှိတာက မရှိတာထက် ပိုကောင်းပါတယ်လေ’

ရွှီချိုတောက်ဟာ စိတ်ငြိမ်အောင် ထိန်းပြီး ကျင့်စဉ်အသစ်အတိုင်း စကျင့်ကြံပါတယ်။

“ဝုန်း...”

ကြောက်စရာကောင်းတဲ့ ရောင်ဝါ ပေါက်ကွဲထွက်လာပြီး တာအိုဘုံကျောင်းရဲ့ ခေါင်မိုးကို တစ်စစီ ဖြစ်သွားစေပါတယ်။ ဒီရောင်ဝါက ဒီမှာတင် မရပ်ဘဲ အပေါ်ကို ဆက်တက်တဲ့အခါ အင်မော်တယ်ကမ္ဘာရဲ့ ကောင်းကင်ပြင်ကို ကွဲကြေသွားစေပါတယ်။

ကောင်းကင်မှာ ဟင်းလင်းပြင် ပေါ်လာပါတယ်။ ဒီဟင်းလင်းပြင်က ကမ္ဘာတစ်ခုလုံးကို တစ်ကျိုက်တည်း မျိုချချင်တဲ့ လောကဦးသားရဲရဲ့ ပါးစပ်ကြီးလိုပါပဲ။ ရွှီချိုတောက်ဟာ နှလုံးလှုပ်သွားပြီး တစ်ခုခု မှားသွားပြီဆိုတာကို သိလိုက်ပါတယ်။

‘ဒီကျင့်စဉ်က ကြမ်းလှချည်လား... ဒီလောက်ကြမ်းနေရင် သေချာပေါက် တခြား စွမ်းအားကြီးပုဂ္ဂိုလ်တွေ လိုချင်လိမ့်မယ်’

ရွှီချိုတောက်ဟာ တစ်စက္ကန့်တောင် မတုံ့ဆိုင်းဘဲ ချက်ချင်း ထွက်ပြေးပါတယ်။

ရွှီချိုတောက် ထွက်ပြေးသွားတယ်ဆိုရင်ပဲ လေထဲမှာ လူတချို့ ပေါ်လာပါတယ်။ ဒီလူတွေထဲမှာ ချူရှောင်ချီလည်း ပါပါတယ်။

ချူရှောင်ချီဟာ တစ်နေရာကို လှမ်းကြည့်လိုက်ပါတယ်။ ချူရှောင်ချီဟာ ရွှီချိုတောက် အချိန်-အာကာသကို ဖြတ်ပြီး ခရီးသွားနေတာကို မြင်နိုင်ပါတယ်။ ဒါပေမဲ့ ချူရှောင်ချီဟာ ရွှီချိုတောက်နောက်ကို မလိုက်ပါဘူး။

‘ကြောက်လှချည်လား... ဒီကောင်လေးက စိတ်ဝင်စားဖို့တော့ ကောင်းသား’

ချူရှောင်ချီဟာ လက်ချောင်းတွေနဲ့ တွက်ချက်ကြည့်လိုက်တဲ့အခါ ရွှီချိုတောက်က ကံအားလျော်စွာ အခွင့်အရေးတစ်ခု ရထားမှန်း သိလိုက်ပါတယ်။ ချူရှောင်ချီဟာ ဒီလိုအခြေအနေမျိုးကို ကြုံဖူးပါတယ်။ ဒါပေမဲ့ ချူရှောင်ချီကို ရယ်ရခက် ငိုရခက် ဖြစ်စေတာက ရွှီချိုတောက်ဟာ သူများတွေ ရှာတွေ့သွားမှာကို ကြောက်နေတဲ့ အချက်ပါ။

‘လောကဦးပဋိပက္ခက ပါရမီရှင်တွေကို ကောင်းကောင်းမွန်မွန် ဆက်ဆံတယ်ဆိုတာ သူမသိဘူးလား’

ချူရှောင်ချီဟာ ရွှီချိုတောက်ကို သတိမပေးပါဘူး။ ရွှီချိုတောက်က ကြောက်ရွံ့မှုတွေကြားထဲမှာ ဘယ်လောက်ကြာအောင် နေနိုင်မလဲဆိုတာ ကြည့်ချင်လို့ပါ။

.....

တာအိုဘုံကျောင်းထဲက ဟန်ကျွယ်ဟာ ရွှီချိုတောက်ကို ကြည့်ရင်း ပြုံးမိလိုက်ပါတယ်။

‘မဆိုးဘူး... ဒီကောင်လေးက ငါ ငယ်ငယ်တုန်းက အတိုင်းပဲ၊ ကံမကောင်းချင်တော့ ဒီကောင်လေးဆီမှာ တာအိုစက်ကွင်း မရှိဘူး၊ မဟုတ်ရင် သူ ပိုပြီးတော့ တည်ငြိမ်မှာ’

ဟန်ကျွယ်ဟာ ရွှီချိုတောက်ရဲ့ စွမ်းဆောင်ရည်ကို ပိုပြီးတော့ ကြည့်ချင်လာပါတယ်။ ဟန်ကျွယ်ဟာ ရွှီချိုတောက်က သူ့ကို ခြိမ်းခြောက်မှာ မစိုးရိမ်ပါဘူး။ နတ်အခွင့်အာဏာ စနစ်က ဟန်ကျွယ်ရဲ့ စနစ်ကနေ ဖြစ်တည်လာတာ မဟုတ်ပါဘူး။ ဟန်ကျွယ်ရဲ့ အန္တိမမူလကမ္ဘာထဲက မဟာတာအို ကံတရား အထောက်အပံ့ နတ်အခွင့်အာဏာကနေ ဖြစ်တည်လာတာပါ။

မဟာတာအိုကမ္ဘာကနေ ဖြစ်တည်လာတဲ့ မဟာတာအို ကံတရား အထောက်အပံ့က မဟာတာအိုကမ္ဘာရဲ့ အရှင်သခင်ကို ဘယ်လိုလုပ်ပြီး ဝါးမျိုနိုင်မှာလဲ။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters