အဆုံးမဲ့ခေတ် နတ်ဘီလူး
Vol. 114 Ch. 1186
“မင်း ငါ့ကို စိန်ခေါ်တာ နောင်တရလိမ့်မယ်”
ဟန်ဟွမ်ဟာ ဧကရာဇ်ချန်နီကို မျက်နှာသေနဲ့ ငုံ့ကြည့်လိုက်ပါတယ်။ ဟန်ဟွမ်ရဲ့ လေသံဟာ ဂရုမစိုက်ဟန်ရှိပြီး ခံစားချက် ကင်းမဲ့နေပါတယ်။ အကြွင်းမဲ့ စိုးမိုးမှုကို ဖော်ပြနေပြီး တစ်ဖက်လူကို လုံးဝ ဂရုမစိုက်ဘူးဆိုတာ သိစေပါတယ်။
ဧကရာဇ်ချန်နီဟာ ပြုံးလိုက်ပါတယ် “ငါ မင်းကို မယှဉ်နိုင်တာ အမှန်ပဲ၊ ဒါပေမဲ့ ငါ ဘယ်လောက်ထိ လုပ်နိုင်လဲဆိုတာကို သိချင်တယ်၊ ဘာပဲဖြစ်ဖြစ် မင်းတို့ တာအိုဖန်တီးရှင်တွေမှ ငါ့ကို မသတ်နိုင်တာ”
စကားဆုံးတာနဲ့ ဧကရာဇ်ချန်နီဟာ သူ့ဓားကို ရုတ်တရက်မြှောက်ပြီး ခုတ်ပိုင်းလိုက်တဲ့အခါ အရိုးဓားကနေ အေးစက်တဲ့ အလင်းရောင် ဖြာထွက်လာပါတယ်။ ရုတ်ခြည်းဆိုသလို ဟန်ဟွမ် ပတ်လည်က ဟင်းလင်းပြင်ဟာ ခဲသွားပြီး အာကာသ ဆုတ်ဖြဲခံရသလိုမျိုး အက်ကြောင်း အမြောက်အမြား ဖြစ်ပေါ်လာပါတယ်။
ဟန်ဟွမ် မျက်လုံးကျဉ်းလိုက်တဲ့အခါ ဘေးနားဝန်းကျင်က အာကာသဟာ ရုတ်တရက် ကွဲကြေပြီး သူ့ဘေးပတ်လည်မှာ ခရမ်းရောင် နတ်အလင်းဓားတွေ ပေါ်လာပါတယ်။
အန္တိမမူလ ဝိညာဉ်ချွေဓား။
တိတိကျကျ ပြောရရင် လောကဦး ဝိညာဉ်ချွေဓားပါ။
ဟန်ဟွမ်ရဲ့ နတ်အလင်းရောင်ဓား ခုနစ်စင်းဟာ အချိန်ကို တုန်လှုပ်စေတဲ့ ကြောက်မက်ဖွယ်ရောင်ဝါကို ထုတ်လွှတ်နေပါတယ်။ ဒါကိုကြည့်ပြီး ဧကရာဇ်ချန်နီဟာ နှလုံးလှုပ်သွားပါတယ်။
“တာအိုဖန်တီးရှင်တွေက မင်းကို တကယ် မသတ်နိုင်ဘူးလို့ ထင်နေတာလား၊ မင်းကို ဗလာနယ်မြေရဲ့ နိယာမတွေကပဲ ကာကွယ်ထားတာ၊ တာအိုဖန်တီးရှင်က အဲဒီနိယာမကို သုံးသပ်နားလည်နိုင်တာနဲ့ မင်းနဲ့ အဲဒီနိယာမတွေနဲ့ ဆက်သွယ်မှုကို ဖြတ်တောက်လို့ရတယ်၊ အဲဒီအချိန်ကျရင် မင်းကို သတ်ပစ်ဖို့က ထမင်းစား ရေသောက်လောက်တောင် မခက်ဘူး” ဟန်ဟွမ်က အေးစက်စွာ ပြောလိုက်ပါတယ်။
လောကဦး ဝိညာဉ်ချွေဓား ခုနစ်စင်းဟာ ဟန်ဟွမ်ရဲ့ စကားဆုံးတာနဲ့ ဧကရာဇ်ချန်နီဆီ ထိုးဆင်းသွားပါတယ်။ သူတို့ရဲ့ သွားနှုန်းက အလျင်ဆိုတဲ့ အယူအဆကို ကျော်လွန်သွားပါတယ်။
ခရမ်းရောင် အလင်းရောင်တွေ ယှက်ဖြာလာတဲ့အခါ ဧကရာဇ်ချန်နီဟာ ဓားမြှောက်မလို့ လုပ်တုန်း ရှိပါသေးတယ်။ လောကဦး ဝိညာဉ်ချွေဓား ခုနစ်စင်းရဲ့ တိုက်ခိုက်မှုကြောင့် ဧကရာဇ်ချန်နီရဲ့ ခန္ဓာကိုယ်ဟာ အပိုင်းပိုင်းပြတ်ပြီး ဝိညာဉ်တောင် အမျှင်ပေါင်းသိန်းသန်းချီ ကွဲထွက်သွားပါတယ်။
တစ်ချက်တည်း အသေသတ်။
ဟန်ဟွမ်ရှေ့မှာ ဧကရာဇ်ချန်နီက အားနည်းလွန်းပါတယ်။ ဧကရာဇ်ချန်နီက မဟာတာအို အထွတ်အထိပ်အဆင့်ပဲ ရှိသေးတာ မဟုတ်ပါလား။
တာအိုဖန်တီးရှင်အဆင့်နဲ့ မဟာတာအို အထွတ်အထိပ်အဆင့်ရဲ့ ကွာခြားမှုဟာ သဘာဝတရားက ကာဆီးထားတဲ့ အသူရာချောက်တစ်ခုလိုပါပဲ။
တတိယ တာအိုစက်ကွင်း။
ဟန်ယွင်ကျင်းဟာ ဟန်ဟွမ် ဧကရာဇ်ချန်နီကို တစ်ချက်တည်း သတ်တာ တွေ့လိုက်ရတဲ့အခါ ဝမ်းသာအားရ ဖြစ်သွားပါတယ်။
လီယောင်ကတော့ မျက်မှောင်ကြုတ်သွားပါတယ်။
ရှင်းဟုန်ရွှမ်ကတော့ တည်တည်ငြိမ်ငြိမ်ပါပဲ။
ဝူတောက်ကျန့်ကတော့ ဆွံ့အသွားပါတယ် “သူက အဲဒီလိုမျိုး သေသွားတာလား၊ အဲဒီတာအိုဖန်တီးရှင်တွေက သူ့ကို ဘာမှလုပ်နိုင်တာ မဟုတ်ဘူးဆို”
လီယောင် “ဟွမ်အာက တော်တော် စွမ်းအားကြီးတယ်၊ သူက သာမန်တာအိုဖန်တီးရှင်တွေ ယှဉ်လို့ရတဲ့လူ မဟုတ်တော့ဘူး”
ဟန်ယွင်ကျင်းဟာ သက်ပြင်းချလိုက်ပါတယ်။ သူ့အစ်ကိုတွေထဲမှာ အစ်ကိုနှစ်က စွမ်းအားအကြီးဆုံး ဖြစ်နေတုန်းပါ။ နောက်ကျရင် ဒီအစ်ကိုနှစ်က ဖန်တီးရှင်အောက်မှာ နံပါတ်တစ်ပုဂ္ဂိုလ် ဖြစ်လာနိုင်ပါတယ်။
တိုက်ပွဲ အခြေအနေက ရုတ်တရက် ပြောင်းလဲသွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဧကရာဇ်ချန်နီက တကယ်ကြီး အသက်ပြန်ရှင်လာလို့ပါ။
ဧကရာဇ်ချန်နီရဲ့ ခန္ဓာကိုယ်က အကောင်းပကတိ ပြန်ဖြစ်သွားပေမဲ့ လောကဦး ဝိညာဉ်ချွေဓားတွေက ဝိုင်းထားတုန်းပါ။ ဧကရာဇ်ချန်နီဟာ ဟန်ဟွမ်ကို မော့ကြည့်ပြီး အံကြိတ်ကာ မေးလိုက်ပါတယ် “မင်းစကားက ဘာကိုဆိုလိုတာလဲ”
ဟန်ဟွမ်ရဲ့ ပါးစပ်ထောင့်ဟာ တွန့်တက်သွားပါတယ် “အခုအချိန်မှာ မင်းကို သတ်ပစ်ဖို့က နှမြောစရာကောင်းတယ်၊ တာအိုဖန်တီးရှင်တွေကို ဆန့်ကျင်တာက တန်ရဲ့လားဆိုတာ အခုလက်ရှိ မဟာတာအိုပညာရှိချုပ်တွေကို ပြပေးရမယ်၊ ငါ မင်းကို သတ်ပစ်ဖို့က အတွေးတစ်ချက်ပဲ လိုတယ်”
အဲဒီနောက် ဟန်ဟွမ်ဟာ တဖြည်းဖြည်း ပျောက်ကွယ်သွားပါတယ်။ ဧကရာဇ်ချန်နီကို ဝိုင်းထားတဲ့ လောကဦး ဝိညာဉ်ချွေဓားတွေလည်း ကွယ်ပျောက်သွားပါတယ်။
ဧကရာဇ်ချန်နီဟာ ဟန်ဟွမ် ထွက်သွားလို့ သက်ပြင်းမချနိုင်ဘဲ မျက်နှာတစ်ခုလုံး ရုပ်ပျက်ဆင်းပျက် ဖြစ်သွားပါတယ်။ ဧကရာဇ်ချန်နီဟာ သူ့ကို စိုက်ကြည့်နေတဲ့ အကြည့်တွေကို ခံစားမိပါတယ်။ ဒီအချိန်မှာ ရန်သူအများကြီးက သူ့ကို ဝိုင်းလှောင်နေနိုင်ပါတယ်။
‘ဒါ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ... ပဋိပက္ခသိစိတ်တောင် ငါ့ကို မသတ်နိုင်ဘူး၊ သူက ဘာဖြစ်လို့ လုပ်နိုင်ရတာလဲ၊ ပဋိပက္ခသိစိတ်က သူ့ထက် ရင့်တယ်၊ ဘာဖြစ်လို့ သူ့ကို မမီရမှာလဲ’ ဧကရာဇ်ချန်နီဟာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပါတယ်။
ဧကရာဇ်ချန်နီဟာ ဒီပွဲမှာ ဆန်းကြယ်စွမ်းအားတောင် သုံးချိန်မရလိုက်ဘဲ ရှုံးနိမ့်သွားခဲ့ရပါတယ်။ ဧကရာဇ်ချန်နီဟာ သူ့ကိုယ်သူ အကောင်းဆုံး ထိန်းချုပ်ပြီး ထွက်ခွာသွားပါတယ်။
ဒီလိုနဲ့ တိုက်ပွဲကြီးတစ်ပွဲဟာ လျင်လျင်မြန်မြန် အဆုံးသတ်သွားပါတယ်။ သက်ရှိအားလုံးရဲ့ မြင်ကွင်းကနေ ပျောက်ကွယ်နေတဲ့ ဟန်ဟွမ်ဟာ သူ့စွမ်းအားကို တစ်ဖန် ထုတ်ပြလိုက်ပါတယ်။
စွမ်းအားကြီးပုဂ္ဂိုလ်တွေဟာ သူတို့ရဲ့တပည့်တွေကို အရင်တုန်းက ဟန်ဟွမ်အကြောင်း ပြောပြကြပါတယ်။ အရင်တုန်းက ဟန်ဟွမ်ဟာ အခုဧကရာဇ်ချန်နီထက် ပိုပြီးတော့ မောက်မာပါတယ်။ တာအိုဖန်တီးရှင် ဖြစ်မလာခင်တုန်းက ဟန်ဟွမ်ဟာ လောကဦး နတ်ဘီလူးပါ။
.....
ဟန်ယွင်ကျင်းဟာ ရယ်မောလိုက်ပါတယ် “ဟားဟား... အမေတို့... အဲဒီကောင်မျက်နှာကို တွေ့လား၊ သူ ကောင်းကင်တာအိုဆီ ရောက်လာတုန်းက ကျွန်တော်တို့ကို အထင်သေးတဲ့ အကြည့်နဲ့ ကြည့်သွားတာ၊ အခု အစ်ကိုနှစ်က သူ့ကို အဲဒီလိုမျိုး ဆက်ဆံလိုက်တော့ ဒီကောင် တော်တော်လေး ခံရခက်နေမှာ သေချာတယ်”
ချင်းလွမ်အာဟာ ပါးစပ်ကိုကာပြီး ရယ်မောလိုက်ပါတယ် “ခစ်ခစ်... နင် ငါတို့ဆီ မလာရင်တောင် အဲဒီကောင်လေး အဆုံးမဲ့ခေတ်မှာ လျှောက်သောင်းကျန်းဖို့က မဖြစ်နိုင်ဘူး၊ ဟွမ်အာနဲ့ လင်အာက ကြီးပြင်းလာပြီ၊ အန္တိမမူလကမ္ဘာမှာတောင် တာအိုဖန်တီးရှင်တစ်ပါး မွေးဖွားလာတော့မယ်၊ ဒီကိစ္စတွေကို နင် ဂရုစိုက်စရာ မလိုပါဘူး”
ချင်းလွမ်အာရဲ့ စကားက အဓိပ္ပာယ်ရှိတာကြောင့် လူတိုင်း ခေါင်းညိတ်လိုက်ကြပါတယ်။
ရှင်းဟုန်ရွှမ်ဟာ မတ်တတ်ရပ်ပြီး ပြုံးလိုက်ပါတယ် “ငါ ယောက်ျားကို သွားရှာဦးမယ်၊ ယောက်ျား တံခါးပိတ်ကျင့်ကြံတာ ကြာလှပြီ၊ အခုက လူရှေ့ထွက်ရမဲ့အချိန်ပဲ”
မိန်းမအကုန်လုံးဟာ ရှင်းဟုန်ရွှမ်ကို မျှော်လင့်ချက်နဲ့ ကြည့်လိုက်ပါတယ်။ သူတို့တွေလည်း ဟန်ကျွယ်ကို တွေ့ချင်ကြပေမဲ့ တွေးစရာတွေ အများကြီး ရှိနေပါတယ်။ ရှင်းဟုန်ရွှမ်ပဲ စိတ်ထဲရှိတဲ့အတိုင်း လျှောက်လုပ်နိုင်ပါတယ်။
ပြန်တော့မဲ့ ဟန်ယွင်ကျင်းလည်း စိတ်ပြောင်းသွားပါတယ်။ သူလည်း သူ့အဖေကို တွေ့ချင်နေပါတယ်။
ရှင်းဟုန်ရွှမ်ဟာ ဟန်ကျွယ်ရဲ့ တာအိုဘုံကျောင်းဆီသွားပြီး တံခါးကို အသာဖွင့်လိုက်ပါတယ်။ ရှင်းဟုန်ရွှမ်ဟာ တာအိုဘုံကျောင်းထဲကို ဝင်လိုက်တဲ့အခါ ဇက်ကျိုးနေတဲ့ ဟန်ကျွယ်ကို တွေ့လိုက်ရပါတယ်။
ဒီအပြုအမူတွေက တော်တော် ရိုးရှင်းပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်လုပ်တဲ့အခါမှာတော့ လျှို့ဝှက်ဆန်းကြယ်သွားပါတယ်။
“ယောက်ျားက တကယ်ကို နိုးနေတာပဲ၊ မိန်းမ ခံစားမိတယ်” ရှင်းဟုန်ရွှမ်ဟာ ဟန်ကျွယ်ဆီကို အပြုံးနဲ့ လျှောက်သွားပါတယ်။
ဟန်ကျွယ်ဟာ ရှင်းဟုန်ရွှမ်ကို တစ်ချက်ကြည့်ပြီး ပြုံးလိုက်ပါတယ် “ကြည့်ရတာ မင်း ငါပေးတဲ့ စွမ်းအားကို နားလည်လာပုံပဲ”
ရှင်းဟုန်ရွှမ်က ဝင့်ကြွားစွာ ပြောလိုက်ပါတယ် “ဟုတ်တယ်လေ၊ အဆုံးမဲ့ခေတ်မှာ ဘယ်သူက အယုံကြည်ရဆုံး နတ်မင်းလဲဆိုတာ တစ်ချက်လောက် ကြည့််လိုက်ပါလား၊ သက်ရှိအားလုံးရဲ့ စိတ်ထဲမှာ မိန်းမရဲ့ အဆင့်အတန်းက ယောက်ျားထက် ပိုမြင့်တယ်”
ဟန်ကျွယ်ဟာ ရှင်းဟုန်ရွှမ်ကို တစ်ချက်အကဲခတ်ပြီး ကျေနပ်အားရစွာ ခေါင်းညိတ်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ ရှင်းဟုန်ရွှမ်က တခြားကျင့်ကြံသူတွေနဲ့ လုံးဝမတူညီတဲ့လမ်းကို လျှောက်လှမ်းလိမ့်မယ်လို့ ထင်မထားခဲ့ပါဘူး။
သက်ဝင်ယုံကြည်မှု လမ်းပါ။
သက်ရှိတချို့က သက်ဝင်ယုံကြည်မှုကို အသုံးပြုပြီး ကမ္ဘာငယ်လေးတွေမှာ နတ်ဘုရား ဖြစ်လာကြပါတယ်။ ဒါပေမဲ့ သူတို့ တိုးတက်မှုရဲ့ အထက်စည်းက နိမ့်လွန်းပါတယ်။ အင်မော်တယ်ဧကရာဇ်အဆင့်ကို ကျော်လွန်ဖို့တောင် တော်တော်ခက်ပါတယ်။
ရှင်းဟုန်ရွှမ်က တာအိုဖန်တီးရှင် မဟုတ်ပေမဲ့ သူမရဲ့ ဓမ္မစွမ်းအားက မဟာတာအိုပညာရှိချုပ်တွေထက် ကျော်လွန်သွားပါပြီ။ ဟန်ကျွယ် ပေးထားတဲ့ စွမ်းအားကိုပါ ပေါင်းလိုက်ရင် တာအိုဖန်တီးရှင်ကို ရင်ဆိုင်ရရင်တောင် ရှုံးနိမ့်မှာ မဟုတ်ပါဘူး။
“ဒါနဲ့ ဧကရာဇ်ချန်နီကို ယောက်ျား ဘယ်လိုထင်လဲ၊ သူက မဟာတာအိုပညာရှိချုပ်ပဲ ရှိသေးတာတောင် ဒီလောက်ကြမ်းနေပြီ၊ နောက်ကျလို့ တာအိုဖန်တီးရှင် ဖြစ်လာရင် သေချာပေါက် ကပ်ဘေးဖြစ်စေမှာ”
ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “မင်း ဘယ်လိုထင်လဲ”
ဧကရာဇ်ချန်နီရဲ့ အဖြူရောင်ဆံပင်က ဟန်ကျွယ်ကို လန့်နိုးသွားစေပါတယ်။ ဒါပေမဲ့ ဧကရာဇ်ချန်နီက ဟန်ကျွယ် အရင်တုန်းက တွက်ချက်ထားတဲ့ ဆံဖြူအမျိုးသား မဟုတ်ပါဘူး။ သူတို့ရောင်ဝါက လုံးဝ မတူပါဘူး။
ဒါပေမဲ့ ဧကရာဇ်ချန်နီဟာ မွေးဖွားလာကတည်းက ဗလာနယ်မြေရဲ့ နိယာမကို အာရုံခံနိုင်စွမ်း ရှိပါတယ်။ ဆိုလိုချင်တာကတော့ ဗလာနယ်မြေမှာ ကြောက်စရာကောင်းတဲ့ မျိုးနွယ်စုတစ်စု ပေါ်လာတော့မဲ့ အဓိပ္ပာယ်ပါ။
လောကဦးပဋိပက္ခမှာ လောကဦးနတ်ဘီလူးတွေ ပေါ်လာသလို ပဋိပက္ခမှာလည်း ပဋိပက္ခ နတ်ဘီလူးတွေ ပေါ်လာခဲ့ပါတယ်။ ဒီတော့ အဆုံးမဲ့ခေတ်မှာလည်း ဒီခေတ်က ပိုင်ဆိုင်တဲ့ အဆုံးမဲ့နတ်ဘီလူးတွေ ပေါ်လာမှာပါ။
ဟန်ကျွယ်ဟာ ဧကရာဇ်ချန်နီက အဆုံးမဲ့နတ်ဘီလူးတစ်ပါး ဖြစ်လိမ့်မယ်လို့ ခံစားမိပါတယ်။
ရှင်းဟုန်ရွှမ်က ခပ်တိုးတိုး ပြောလိုက်ပါတယ် “တကယ်တော့ သူက သနားဖို့ကောင်းတယ်၊ သူ့ရဲ့ တစ်မူထူးခြားတဲ့ အရည်အချင်းကြောင့် မွေးကတည်းက လွတ်လပ်တာအိုပညာရှိ လက်ထဲမှာ အိမ်မွေးတိရစ္ဆာန်လိုမျိုး နေခဲ့ရတာ၊ အဲဒီက လွတ်တော့လည်း မဟာတာအိုပညာရှိ ဖိနှိပ်တာကို ခံရပြန်ရော၊ သူ့အရည်အချင်းက ထက်မြက်လွန်းတော့ လူမုန်းခံရတဲ့အထိပဲ၊ အဲဒီအတွေ့အကြုံတွေကြောင့် သူ ဒီနေ့ ဒီလိုမျိုး ဖြစ်လာတာ”
ဟန်ကျွယ် “အဲဒီတော့ သူ့ကို သတ်သင့်တယ်လို့ ထင်လား၊ မသတ်သင့်ဘူးလို့ ထင်လား”
“မိန်းမတို့တွေ သူ့ကို အစကနေ ပြန်စခိုင်းလို့ မရဘူးလား”
ရှင်းဟုန်ရွှမ် ဆိုလိုတာက ယွမ်ရှီကျယ်ဝမ် ချူရှောင်ချီလိုမျိုး ပြန်လည်မွေးဖွားခြင်း စက်ဝန်းကနေ ပြန်စခိုင်းတာပါ။
ဟန်ကျွယ်ဟာ လက်ဆန့်ပြီး ရှင်းဟုန်ရွှမ်ရဲ့ ပါးကို ဆွဲဖြဲကာ အပြုံးနဲ့ ပြောလိုက်ပါတယ် “ငါ မင်းပြောတဲ့အတိုင်း လုပ်ပါ့မယ်”
တစ်ခြားတစ်ဖက်မှာတော့ ဖျော့တော့တဲ့ ဟင်းလင်းပြင်မှာ ခရီးနှင်နေတဲ့ ဧကရာဇ်ချန်နီဟာ ရုတ်တရက် ရပ်သွားပြီး သူ့လက်ကို ကြောက်လန့်တကြား ကြည့်လိုက်တဲ့အခါ သူ့လက်က သာမန်မျက်စိနဲ့ မြင်နိုင်လောက်တဲ့အထိ ခပ်မြန်မြန် အမှု့န်ဖြစ်သွားတာကို တွေ့လိုက်ရပါတယ်။ သူ့ရဲ့ ဓမ္မစွမ်းအားနဲ့ အသက်ဓာတ်လည်း လျင်လျင်မြန်မြန် လျော့ကျသွားပါတယ်။
‘ဘာတွေ ဖြစ်နေတာလဲ၊ သူ ငါ့ကို လွှတ်ပေးလိုက်တာ မဟုတ်ဘူးလား၊ တမင် ဟန်ဆောင်တာလား’
ဧကရာဇ်ချန်နီဟာ ကြောက်ရွံ့သွားပြီး ဓမ္မစွမ်းအားကို စုစည်းကာ ဝိညာဉ်ကို ကာကွယ်ပါတယ်။ ဒါပေမဲ့ အသုံးမဝင်ပါဘူး။ ဧကရာဇ်ချန်နီဟာ နည်းနည်းကလေးတောင် မလှုပ်ရှားနိုင်တဲ့အတွက် တော်တော်လေးကိုမှ ကြောက်လန့်သွားပါတယ်။
‘ဘယ်လိုအင်အားက ငါ့ကို ကန့်သတ်ထားတာလဲ’
မြန်မာပြည် ငြိမ်းချမ်းပါစေ။